News @ M-Media

Author: M-Media

  • ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အင်္ဂလန်အသင်း ၇ ဆင့်တက်လာ

    ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အင်္ဂလန်အသင်း ၇ ဆင့်တက်လာ

    နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    657021_heroa
    – ဖီဖာမှာ နောက်ဆုံးထုတ်ပြန်လိုက်သော ကမ္ဘာ့အဆင့် သတ်မှတ်မှုများတွင် အင်္ဂလန်အသင်းမှာ ၇ ဆင့်တက်လာပြီး အဆင့် ၁၃ နေရာတွင် ရှိနေသည်ဟု သိရသည်။

    ရွိုင်ဟဒ်ဆန်၏ အင်္ဂလန်အသင်းမှာ ယူရို ၂၀၁၆ တွင် ရှုံးပွဲမရှိသေးဘဲ ယခုလအတွင်း ကစားခဲ့သည့် ဆလိုဗေးနီးယားနှင့် ခြေစမ်းပွဲတွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ခါးသီသောပြိုင်ဘက် စကော့တလန်အသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲတွင်လည်း အနိုင်ရခဲ့သည်။

    ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် အင်္ဂလန်မှာ ကမ္ဘာ့အဆင့် ၂၀ အထိ ကျဆင်းသွားခဲ့ပြီး ယခုအခါတွင် ၇ ဆင့် ပြန်တက်လာနိုင်ခဲ့ကာ ထိပ်ဆုံးအသင်း ၂၀ တွင် အဆင့်များဆုံး မြင့်တက်ခဲ့သည့် အသင်းလည်း ဖြစ်သည်။

    အဆင့် ၁ နေရာကို ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းက ရရှိထားပြီး အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဘရာဇီးတို့က အစဉ်အတိုင်း ရပ်တည်နေသည်။

    စပိန်အသင်းကမူ အဆင့် ၁၀ မှ အဆင့် ၉ သို့ ရောက်လာခဲ့ပြီး ပြင်သစ်နှင့် ပေါ်တူဂီတို့မှာ အဆင့် ၈ နှစ်အဆင့် ၇ တွင်ရှိနေသည်။

    ကမ္ဘာ့အဆင့် သတ်မှတ်မှုတွင် အဆင့်အများဆုံး တက်လာသည်အသင်းမှာ ဖားရိုးကျွန်းစုဖြစ်ပြီး အဆင့် ၁၀၅ မှ ၈၂ သို့တက်လာခဲ့သည်။

  • ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအား ဂျာမန်နီအသင်းမှ တစ်ဦးဦး ရသင့်ဟု ပလာတီနီဆို

    ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအား ဂျာမန်နီအသင်းမှ တစ်ဦးဦး ရသင့်ဟု ပလာတီနီဆို

    နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    297155-michel-platini-pc-700
    – ဇန်န၀ါရီလအတွင်း ကြေညာမည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုအား ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် ဂျာမနီအသင်းမှ ကစားသမားတစ်ဦးဦးက ရရှိသင့်သည်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောကြားလိုက်သည်။

    လက်ရှိ ထုတ်ပြန်ထားသော ဇကာတင်စာရင်းတွင် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို၊ ဘာကာတိုက်စစ်မှူး မက်ဆီတို့အပါအ၀င် ကမ္ဘာ့ဖလားဆုရ ဂျာမနီအသင်းမှ ကစားသမား ၆ ဦး ပါဝင်နေသည်။

    ကမ္ဘာ့ဖလားတွင် ရော်နယ်ဒိုမှာ ပေါ်တူဂီအသင်းနှင့်အတူ ခြေစွမ်းမပြနိုင်သော်လည်း ရီးယဲလ်တွင် ပြသနေသည့် ခြေစွမ်းကောင်းများကြောင့် ယခုနှစ်လည်း ထပ်မံရရှိရန် ရေပန်းစားနေသည်။

    သို့သော်လည်း ပလာတီနီက ဂျာမနီအသင်းမှာ ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် အကောင်းဆုံး ဘောလုံးသမားဆုအား ဂျာမနီအသင်းမှ ကစားသမား တစ်ဦးကသာ ရရှိသင့်သည်ဟု အကြံပြုထားသည်။

    ရော်နယ်ဒို၏ ရီးယဲလ်အသင်းဖော် နောက်ခံလူ အာဘီလိုအာကမူ ပလာတီနီ၏ အကြံပြုချက်အား နားမလည်နိုင်ကြောင်း၊ ထိုဆုမျိုးအတွက် ၎င်း၏ ကိုယ်ပိုင်အမြင်ကို မပြောသင့်ကြောင်း ပြောကြားခဲ့သည်။

    Ballon d’Or ဆု၏ ဇကာတင် ၃ ဦးကို လာမည့် တနင်္လာနေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး ဆုရရှိသူနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

  • ဂျပန်နိုင်ငံမှာ ခိုင်မာ တိုးတက်လာတဲ့ အစ္စလာမ်သာသနာ

    ဂျပန်နိုင်ငံမှာ ခိုင်မာ တိုးတက်လာတဲ့ အစ္စလာမ်သာသနာ

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media

    516px-Tokyo_Camii_2009
    တိုကျိုမြို့မှ ဗလီဝတ်ကျောင်းတော်

    – ကမ္ဘာ့အရှေ့ဖျားရှိ ဂျပန်နိုင်ငံသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က ရောက်ရှိလာခဲ့သည့် အီဂျစ်ရှေ့ဆောင် ဆရာတော်တစ်ပါးက စစ်မှန်သည့် အစ္စလာမ့်ပုံရိပ်များ၏ အကျိုးကျေးဇူးကြောင့် အစ္စလာမ်သာသနာမှာ ဂျပန်နိုင်ငံတွင် အမြစ်တွယ်လာခဲ့သည်ဟု ပြေကြားလိုက်သည်။

    `ကျွန်တော့်ဆီမှာပဲ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်လာသူ ၆၀၀ လောက်ရှိပါတယ်´ ဟု ဂျပန်နိုင်ငံ ကိုဘေးမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှ ရှေ့ဆောင်ဆရာတော် မိုဟ်ဆန် ဘာယူမီက ပြောကြားခဲ့သည်။

    ဘာယူမီမှာ ၁၉၆၄ ခုနှစ်တွင် ကိုင်ရိုမြို့ဆင်ခြေဖုံး၌ မွေးဖွားခဲ့ပြီး ဖခင်၏ သွန်သင်မှုအောက်တွင် အသက် ၉ နှစ်အရွယ်၌ ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကို အာဂုံဆောင်နိုင်သူ တစ်ဦး ဖြစ်လာခဲ့သည်။

    nn20101114f1a
    တိုကျိုမြို့မှ ဗလီဝတ်ကျောင်းတော်အတွင်း ဝတ်ပြုနေသည့်ဂျပန် မွတ်စလင်များ

    ၂၀၀၀ ခုနှစ်တွင် ဘာယူမီမှာ အစ္စလာမ့်ဓမ္မပညာဆိုင်ရာ အကြီးဆုံးကျောင်းတော်များမှ တစ်ခုဖြစ်သည့် အီဂျစ်ရှိ အလ်-အဇ်ဟရ်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ကိုဘေးရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင် ရှေ့ဆောင်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    ထိုကဲ့သို့ ရောက်ရှိလာစဉ်အချိန်က ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်ပြီးနောက် စီးပွားရေး လျှင်မြန်စွာ ဖွံ့ဖြိုးလာသည့် နိုင်ငံအဖြစ် သိရှိသည်မှလွဲ၍ ဂျပန်နိုင်ငံနှင့်ပတ်သက်သမျှ အနည်းငယ်သာ ဘာယူမီက သိရှိထားသည်။

    ကမ္ဘာစစ်ပြီးနောက်တိုင်း ဂျပန်နိုင်ငံတွင် ဗလီဝတ်ကျောင်းတော် အနည်းငယ်သာရှိပြီး ထိုဗလီဝတ်ကျောင်းများတွင် ၁၉၃၅ ခုနှစ် ကိုဘေးမြို့၌ တည်ဆောက်ခဲ့သော ဗလီဝတ်ကျောင်းတော်မှာ သက်တမ်းအရင့်ဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်သည်။

    ဘာယူမီရောက်ရှိလာသောအချိန်တွင် အစ္စလာမ်ဘာသာဝင် အနည်ငယ်သာရှိသော်လည်း ၁၀ စုနှစ်တစ်ခုအတွင်း အစ္စလာမ်ဘာသာသို့ သက်ဝင်ယုံကြည်သူဦးရေမှာ တိုးတက်လာခဲ့ပြီး ဂျပန်နိုင်ငံတွင် အစ္စလာမ်သာသနာမှာ အမြစ်တွယ်လာကာ ယခုလက်ရှိတွင် စုစုပေါင်း အစ္စလာမ်ဘာသာဝင်ဦးရေ ၁ သိန်းကျော် ရှိလာခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော်များမှာလည်း နိုင်ငံတစ်ဝှမ်း ၆၀ ခန့်ရှိခဲ့သည်။

    352px-Kobe-mosque3
    ကိုဘေးမြို့မှ ဗလီဝတ်ကျောင်းတော်

    စိန်ခေါ်မှုများ

    လွန်ခဲ့သည့်နှစ်များ အထူးသဖြင့် ၉/၁၁ အဖြစ်အပျက်ပြီးနောက်ပိုင်း အခြေအနေများမှာ လွယ်ကူမှုမရှိဟု ဘာယူမီကဆိုသည်။

    ထိုအချိန်တွင် အိုဆာကာ၌ ရှိနေသည့် ဘာယူမီမှာ အစ္စလာမ်သာသနာအား ရှုတ်ချသော ဖုန်းခေါ်ဆိုမှုများကို ရရှိခဲ့ပြီး မိမိတုန့်ပြန်သည့် စကားမှာ `ကျွန်တော်တို့မှာ ဘာမှဖုန်းကွယ်စရာ မရှိပါဘူး။ ဒီကိုလာပြီး ကျွန်တော်တို့နဲ့ စကားပြောကြည့်ပါ´ ဟူ၍သာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    ထိုကဲ့သို့ တည်ငြိမ်စွာ တုန့်ပြန်မှုက မိသားစုများ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းများကို ၎င်းတို့၏ အယူဝါဒများကို မကြည့်ဘဲ လေးစားရမည်ဟူသော အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများကို လိုက်နာခြင်းလည်းဖြစ်သည်။

    ထို့နောက် ဂျပန်မိသားစုများက ၎င်းတို့၏ မိသားစု အောက်မေ့ဖွယ်အခမ်းအနားများ တက်ရောက်ရန် ဘာယူမီအား ဖိတ်ကြားခဲ့ပြီး ဘာယူမီကလည်း မိမိအနေဖြင့် ဗုဒ္ဓဘာသာ၏ ဆုတောင်းရွတ်ဖတ်မှုများတွင် ပါဝင်မည်မဟုတ်ဟူသော ချွင်းချက်ဖြင့် အဆိုပါ အခမ်းအနားသို့ သွားရောက်ခဲ့သည်။

    `မိသားစုတွေ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိဖို့ အလ္လာဟ်အရှင်မြတ်က အမိန့်ပေးထားပါတယ်´ ဟု ဘာယူမီက ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်ရှိ ၀တ်ပြုဆုတောင်းမှုများကို ဦးဆောင်သည့်အပြင် ဘာယူမီမှာ ဂျပန်ဟာလာအသိအမှတ်ပြုအဖွဲ့၏ အကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်ပြီး စားသောက်ကုန်များအား အစ္စလာမ်၏ အစားအသောက်ဆိုင်ရာ ဥပဒေများဖြင့် ညီညွတ်ခြင်း ရှိ၊ မရှိ စစ်ဆေးသော အလုပ်ကိုလည်း တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးသည်။

    ဘာယူမီက ဂျပန်နှင့် အစ္စလာမ်သာသနာအကြား ပေါင်းကူးတံတားတစ်ခု ထိုးပေးရန် အမြဲတမ်းဆန္ဒထားသည်ဟုလည်း ဆိုသည်။

    `ညှာတာထောက်ထားမှုဟာ အပြန်အလှန်နားလည်ဖို့အတွက် အရေးကြီးတဲ့ အရာပါပဲ။ မိတ်ဆွေတွေလို လေးစားမှုမျိုးဟာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးပေးပါတယ်´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ဂျပန်နိုင်ငံသို့ ရုရှားရှိ တာ့က်လူမျိုးများမှတစ်ဆင့် ၁၉၂၀ ပြည့်နှစ်များတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၁၂၇ သန်းရှိပြီး ကမ္ဘာ့ ဒဿမမြောက် လူဦးရေအများဆုံးဖြစ်သော ဂျပန်နိုင်ငံတွင် ယနေ့အချိန်၌ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၁၂၀၀၀၀ ခန့်ရှိနေသည်။

    ဆက်စပ် သတင်းနှင့် ဆောင်ပါးများ ဖတ်ရန်
    —————————————–
    ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူတွင် မွတ်စလင်မ် များအား ထိန်းချုပ် ကွပ်မျက်ပုံ
    http://www.m-mediagroup.com/news/16312

    အစ္စလာမ့်ပြပွဲ တစ်ခုကို ဂျပန်နိုင်ငံတွင် ပထမဆုံး အကြိမ် ပြုလုပ်
    http://www.m-mediagroup.com/news/28684

    ဟလာလ် စားသောက်ဆိုင် ရှာဖွေရန် နှင့် အစားအသောက် ဝယ်ယူနိုင်သည့် Mobile App ဂျပန်တွင်ဖြန့်ချီ
    http://www.m-mediagroup.com/news/28087

    ဂျပန်တွင် မွတ်စလင် ကျောင်းသားများအတွက် ဟာလာလ် အစားအသောက် စီစဉ်ပေးသည့် တက္ကသိုလ် ၁၉ ခုရှိလာ
    http://www.m-mediagroup.com/news/23572

    မွတ်စ်လင် ခရီးသွားတို့အား နွေးထွေးမှုဖြင့် ကြိုဆိုနေသည့် ဂျပန်လေဆိပ်များ
    http://www.m-mediagroup.com/news/22259

    ” ဂျပန်နိုင်ငံခြားရေးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြသော အစ္စလာမ်သာသနာ အပေါ်အမြင် ဆောင်းပါး”
    http://www.m-mediagroup.com/news/16022

    ဂျပန်နိုင်ငံ နှင့် အစ္စလာမ် သာသနာ
    http://www.m-mediagroup.com/news/11818
    http://www.m-mediagroup.com/news/4167

  • ကလေးတွေကိုတော့ ချမ်းသာပေးကြပါဗျာ

    ကလေးတွေကိုတော့ ချမ်းသာပေးကြပါဗျာ

    မောင်ယဿ ရေးသည်။

    47
    သရုပ်ဖော်ပုံ- လဂွန်းအိမ်

    ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေက တပည့်တစ်ယောက် မင်္ဂလာဆောင်ကိုသွားခဲ့တယ်။ စာရေးသူရဲ့ထုံးစံအတိုင်း တတိယတန်း တက်နေတဲ့ သမီးရင်နွေငြိမ်းရယ်၊ သူငယ်တန်း တက်နေတဲ့ သား ဆောင်းအေးချမ်းရယ် ၃ ယောက်သား ဆိုင်ကယ်စီးပြီး မင်္ဂလာဆောင်ကို သွားခဲ့တယ်။ ဟိုရောက်တော့ မနက် (၁၁:၀၀ )နာရီဆိုတော့ ရန်ကုန် မင်္ဂလာဆောင်ထုံးစံ အတိုင်း ဒန်ပေါက်နှင့်ရေခဲမုန့် ကျွေးပါတယ်။ ဗိုက်ဆာနေလို့ စာရေးသူက ဒန်ပေါက်ကို အားရပါးရစားနေချိန်မှာ သားနှင့်သမီးက ဒန်ပေါက်ကိုထိတောင်မထိပဲ ရေခဲမုန့်ချည်းပဲ စားနေကြတယ်။ စာရေးသူက ပန်းကန် တစ်ဝက်လောက်ကျိုးတော့ ခေါင်းမော့ကြည့်လိုက်တဲ့အခါ သားနှင့်သမီးဒန်ပေါက် မစားတာကို တွေ့သွားတယ်။ အံ့အားသင့်သွားတယ်။ သူတို့နှစ်ယောက်လုံး ဒန်ပေါက်ကြိုက်တာကိုသိတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် စာမူခ ကောင်းကောင်းရလို့ သူတို့နဲ့ဆိုင်မှာ တစ်ခါဝယ်စားဖူးတယ်။ အငယ်ကောင်ကပြင်ပွဲတင် မဝလို့ လိုက်ပွဲ ၂ ပွဲမှာစားခဲ့တယ်။ အခုတော့ လက်နဲ့တောင် မတို့လို့ စားရေးသူမေးရပြီပေါ့။

    “သားနှင့်သမီး ဒန်ပေါက်စားလေ၊ ပြီးမှ ရေခဲမုန့်စားရတယ်”

    “ဟင့်အင်း” ဆိုပြီး ၂ ယောက်စလုံး ခေါင်းခါငြင်းတယ်။

    ဘာဖြစ်လို့လဲစာရေးသူအမေးကို စကားသွက်တဲ့ အငယ်ကောင် သူငယ်တန်းကျောင်းသားကဖြေတယ်။ “ဒံပေါက်က ကုလားခြေဆေးရေနဲ့ ချက်ထားတယ် ဖေဖေရဲ့။ သားတို့ကရွံလို့မစားတာ” ဟု ပြောသည်။

    “သားကိုဘယ်သူပြောတာတုန်း”

    “မမ”

    “ဟုတ်လား သမီး”

    “အင်း”

    “သမီးကိုရော ဘယ်သူကပြောတာလဲ”

    “ကျောင်းကသူငယ်ချင်းတွေပြောတာ”

    “သွားပြီ” ဆိုတာကို စာရေးသူ ဘာသာသိလိုက်သည်။ စာသင်ကျောင်းက ဒီစကားတွေ ကလေးတွေကြားထဲကို ပျံ့နှံ့လာပြီး ဒီအတိုင်းဆိုရင် မဟုတ်တော့ချေ။ မိဘပြည်သူတွေ သိအောင် ချပြဖို့လိုလာပြီလို့ သုံးသပ်လို့ ဒီစာကိုရေးလိုက်ရတာပါ။

    တိုင်းပြည်မှာ နိုင်ငံရေးလက်နက်ကို မူလတန်းအထိ သွေးထိုးနေတဲ့ ပုံစံဖြစ်လာပြီ။ သမီးနဲ့သားကတော့ ကလေးတွေမို့ ထားလိုက်ပါတော့။ သမီးနဲ့သားရဲ့ သူငယ်ချင်းတွေကလည်း ကလေးတွေပါပဲ။ ဒီလိုဝါဒဖြန့်မှုတွေက ဥပမယ်လူသားမမြောက်သေးတဲ့ ကလေးတွေရဲ့အတွေးထဲကို ဝင်ရောက်စေတာ နိုင်ငံရဲ့အနာဂတ်ကို စိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်။ ကုလားတွေခြေဆေးတဲ့ရေနဲ့ ချက်ထားတဲ့ ဒံပေါက်ဆိုတဲ့ စကားလုံးက တော်တော်ကို လူသား မဆန်တဲ့ ဝါဒဖြန့်မှုအသွင်တစ်ခုပဲ။ ဒီစကားလုံးတွေနဲ့ကြီးပြင်းလာမဲ့ကလေးတွေက လာမယ့် ၁၀ နှစ်ဆိုရင် လူမျိုးရေးအထိကရုဏ်းကိုဖန်တီးမယ့် သူတွေ ဖြစ်လာနိုင်ပါတော့မယ်။ တိုင်းပြည် မငြိမ်းချမ်းအောင်လို့ စကားလုံးတွေနဲ့ ဆေး မထိုးကြပါနဲ့။ အထူးသဖြင့် ကလေးတွေရဲ့ဖြူစင်တဲ့နှလုံးသားထဲကို မဟားတရား အယူအဆတွေ မသွတ်သွင်းမိပါစေနဲ့။ မျိုးချစ်တာကိုကောင်းကောင်း နားလည်ပါတယ်။

    သူများလိုပါးစပ်ကနေ အမျိုးစောင့်တာ မဟုတ်ပါဘူး။ အခွင့်အရေးရပေမယ့် အဆင်းရဲခံပြီး မြန်မာအမျိုးသမီး စစ်စစ်နှင့် အိမ်ထောင်ပြုခဲ့တာပါ။ အခုတော့ မျိုးချစ်စိတ်ကို ဟန်ပြပြီး အကြမ်းဖက်ဝါဒဆီကို ဦးတည်စေတတ်တဲ့ အသိအမြင်တွေ ကလေးတွေကြားထဲ အထိ ဖြန့်ဖြူးနေတာကိုတွေ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျန်တဲ့နည်းနဲ့ တားလို့ရပါတယ်။ ဝံသာနုရက္ခိ စိတ်ဓာတ်မွေးမြူတတ်အောင် သင်ရမှာပါ။ အမျိုးကိုစောင့်တတ်ဖို့ အမျိုးကို ချစ်တတ်အောင်သင်ကြားပေးတာ ကောင်းပေမယ့် တစ်ဖက်ကို ဘယ်လို အကြောင်းပြချက်နဲ့မှ မနှိမ်သင့်ပါဘူး။

    အခုစာရေးသူသိလိုက်ရတဲ့ ပုံစံမျိုးလိုပေါ့။ လူမျိုးခြားကို မုန်းတတ်အောင်သင်တဲ့ အယူအဆကရေရှည်မှာကြည့်ရင် တကယ်မကောင်းတာပါ။
    စာရေးသူတို့ရဲ့အသက်အရွယ်က မကြာခင် ကုန်လွန်သွားတော့မှာပါ။ စာရေးသူတို့ရဲ့ သားတွေ သမီးတွေ မြေးတွေကို လူမျိုးရေး ပဋိပက္ခတွေမထားခဲ့ချင်ရင် သူ့ကိုကိုယ်သတ်၊ ကိုယ့်ကိုသူသတ်နဲ့ တကယ့်ကြမ်းတမ်းတဲ့ လူ့အသိုက်အဝန်းမှာ ရင်သွေးငယ်တွေကို မထားခဲ့ချင်ရင် ကိုယ့်ရင်သွေးတွေကိုကိုယ်ချစ်တယ်ဆိုရင် ဒီအယူအဆတွေကို ကလေးတွေရဲ့ စိတ်သဏ္ဍန်ပုံမဖော်ခဲ့ကြပါနဲ့လို့ ဆိုလိုက်ပါရစေခင်ဗျား။

    The Hot News
    Vol.5No.217 ပါဆောင်းပါးကို ကူးယူဖော်ပြပါသည်။

  • ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရမှု အတွင်း ဟောင်ကောင် ကျောင်းသားခေါင်းဆောင် နှိပ်စက်ခံရ

    ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရမှု အတွင်း ဟောင်ကောင် ကျောင်းသားခေါင်းဆောင် နှိပ်စက်ခံရ

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    141128135742-joshua-wong-court-story-top
    – ဟောင်ကောင် ဒီမိုကရေစီအရေး ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် ဂျိုရှူအာ ၀ွန် က ၎င်းဖမ်ဆီးခံရစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များမှာ ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားလိုက်သည်။

    မွန်ကော့ခရိုင်ရှိ ဆန္ဒပြသည့်နေရာများအား ရှင်းလင်းသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဟန့်တားသည်ဆိုသော အမှုဖြင့် ယမန်နေ့က ရုံးထုတ်လာချိန်တွင် ၀ွန်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ၎င်း၏ရှေ့နေ မိုက်ကယ် ဗစ်ဒလာကမူ ၎င်း၏ အမှုသည်မှာ ရဲတပ်ဖွဲ့၏ ပြတ်ပြတ်သားသား ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    `အင်အားအများကြီးသုံးခဲ့ပြီး ဆန္ဒပြတဲ့နေရာမှာလည်း သူဟာ နှိပ်စက်ခံရပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို ထိုးကြိတ်ကန်ကြောက်တာတွေကိုလည်း လုပ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိုလည်း လုပ်ခဲ့ပါတယ်။ သူ့ရဲ့လိင်အင်္ဂါကို အကြိမ်အကြိမ်အခါခါ နာကျင်အောင် ညှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ထပ်ခြေလှမ်းတွေကို စဉ်းစားနေပြီး ဘယ်လိုရှေ့ဆက်မလဲဆိုတာကို နောက်ထပ်ရက်အနည်းငယ်မှာ ဆုံးဖြတ်သွားပါမယ်´ ဟု ဗစ်ဒလာက ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်းတို့မှ ထိုကဲ့သို့ ပြောကြားပြီးနောက် ရဲတပ်ဖွဲ့ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် ရဲတပ်ဖွဲနေဖြင့် မမျှမတ ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ပါက ရဲတပ်ဖွဲ့ တိုင်ကြားရေးဌာနသို့ လာရောက်တိုင်ကြားနိုင်သည်ဟု ဖော်ပြခဲ့သည်။

    ဗစ်ဒလာကမူ ရဲတပ်ဖွဲ့ဝင်များမှာ အဆန္ဒပြသူများအား ရက်စက်စွာဆက်ဆံခဲ့သည်ဟု ပြောကြားခဲ့သည်။

    အောက်တိုဘာလက ဆန္ဒပြမှုတစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များက လမ်းဘေးရှိ ဆန္ဒပြသူမျာအား ထိုးကြိတ်ကန်ကျောက်သည့် ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုမှတ်တမ်းတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ယခုသီတင်းပတ်အတွင်း ဖမ်းဆီးထားသည်။

    ၂၀၁၇ နှစ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ဟောင်ကောင်ပြည်သူများကိုယ်တိုင် ရွေးချယ်ခွင့် ရှိရမည်ဟူသော အချက်ကို တရုတ်အစိုးရက လိုက်လျောမှုမရှိသောကြောင့် ဟောင်ကောင်ပြည်သူများ ဆန္ဒပြနေသည်မှာ ၃ လခန့် ရှိပြီဖြစ်သည်။

    CNN