News @ M-Media

Author: M-Media

  • ၆ ကြိမ်ဆက်တိုက် ပင်နယ်တီ ကာကွယ်နိုင်ခဲ့တဲ့ အင်တာမီလန် ဂိုးသမား

    ၆ ကြိမ်ဆက်တိုက် ပင်နယ်တီ ကာကွယ်နိုင်ခဲ့တဲ့ အင်တာမီလန် ဂိုးသမား

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    602421_heroa
    – အင်တာမီလန်အသင်း၏ ဂိုးသမား ဟန်ဒါနိုဗစ်မှာ ယမန်နေ့က ကစားခဲ့သည့် ယူရိုပါလိဂ် ပြိုင်ပွဲတွင် ပွဲကစားစဉ် ပေးခဲ့ရသည့် ပယ်နယ်တီအား ၆ ကြိမ်မြောက်အဖြစ် ကာကွယ်နိုင်ခဲ့သည်ဟု သိရသည်။

    အင်တာက ဒီနီပရိုအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သော အဆိုပါပွဲတွင် ဦးဆောင် ဂိုးသွင်းထားသော ဒီနီပရို၏ ပထမပိုင်းတွင် ထပ်မံရရှိသည့် ပင်နယ်တီအား ဟန်ဒါနိုဗစ်က ကာကွယ်နိုင်ခဲ့ပြီး ဟန်ဒါနိုဗစ်၏ မတူညီသော ပွဲစဉ်များတွင်း ပွဲကစားစဉ်ပေးရသော ပင်နယ်တီ ၆ လုံးဆက်တိုက်ကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

    ထိုပွဲတွင် အင်တာမှာ ဦးဆောင်ဂိုးပေးလိုက်ရပြီး ဒုတိယပိုင်း အစတွင် ကစားသမားတစ်ဦးလည်း အထုတ်ခံခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးများသွင်းကာ လိုအပ်သော အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့သည်။

    `ဂိုးမ၀င်အောင် ကာကွယ်ဖို့က ကျွန်တော့်အလုပ်ပါ။ ပြီးတော့ ကျွန်တော်အကောင်းဆုံး ကြိုးစားခဲ့တာပါ။ ဒီအနိုင်အတွက် ကျွန်တော်တို့ဟာ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ပွဲအစမှာ ကျွန်တော်တို့ အနှစ်သာရ သိပ်မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မှန်ကန်တဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့ပါတယ်´ ဟု အသက် ၃၀ အရွယ် ဟန်ဒါနိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဟန်ဒါနိုဗစ်မှာ ဗီရိုနာ၊ ကာဂလီယာရီ၊ တိုရီနို၊ ပါးမားနှင့် ဆမ်ဒိုးရီးယားတို့နှင့် ကစားခဲ့သော ပွဲစဉ်များ၌လည်း ပွဲအတွင်းပေးရသော ပင်နယ်တီများကို ကာကွယ်နိုင်ခဲ့သည်။

  • မက္ကဆီတွင် ဒေသခံ ရဲတပ်ဖွဲ့များအား ဖျက်သိမ်းတော့မည်

    မက္ကဆီတွင် ဒေသခံ ရဲတပ်ဖွဲ့များအား ဖျက်သိမ်းတော့မည်

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    mexican-president-enrique
    – စက်တင်ဘာလ အတွင်း ပညာရေးကောလိပ်မှ ကျောင်သား ၄၃ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့သည့် အထောက်အထားများကို တွေ့ရှိခဲ့ရပြီးနောက် လာဘ်စားမှုများ ရှိသော နိုင်ငံ၏ ဒေသခံ ရဲတပ်ဖွဲ့များအား ဖျက်သိမ်းကာ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားမည်ဟု မက္ကဆီကို သမ္မတ အန်းရစ်က် ပီးနာ နီယက်တိုက ကြေညာလိုက်သည်။

    နိုင်ငံတောင်ပိုင်း ဂွာရဲရိုးပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် မူးယစ်ဂိုဏ်းများအား ဆန့်ကျင်သော အဆိုပါကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ဖမ်းဆီးကာ မူးယစ်ဂိုဏ်းသားများလက်ထဲသို့ အပ်ခဲ့ခြင်းဖြစ်သည်။ ထို့အဖြစ်အပျက်ကို မကျေနပ်သည့်အတွက် နိုင်ငံတစ်ဝှမ်း ပြင်းထန်သော ဆန္ဒပြမှုများလည်းဖြစ်ပွားခဲ့သည်။

    `အဲလောက်ဆိုတော်ပါပြီ။ မက္ကဆီကိုက ပြောင်းကို ပြောင်းလဲရတော့မှာပါ´ ဟု ယမန်နေ့က သမ္မတနန်းတော်တွင် ပြုလုပ်ခဲ့သော မိန့်ခွန်း၌  နီယက်တိုက ပြောကြားခဲ့ပြီး ပြည်သူများ၏ ဆန္ဒပြမှုက ခြစားသောရဲတပ်ဖွဲ့နှင့် ပတ်သက်၍ နိုင်ငံ၏ ရုန်းကန်နေရမှုကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။

    ထို့ပြင် ဖက်ဒရယ်အစိုးရ တာဝန်ရှိသူများ အနေဖြင့် မူးယစ်ရာဇာများ စိမ့်ဝင်နေသည့် ဒေသတွင်း ကိစ္စရပ်များအား တာဝန်ယူ ခွင့်ပြုမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ လာမည့် တနင်္လာနေ့၌ ကွန်ဂရက်သို့ တင်သွင်းသွားမည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ ပြုပြင်ပြောင်းလဲမှုများတွင် ရာဇ၀တ်ဂိုဏ်းများက အလွယ်တကူ လာဘ်ထိုးနိုင်သည့် အင်အား ၁၈၀၀ ရှိသော ဒေသန္တရ ရဲတပ်ဖွဲ့အား ဖျက်သိမ်းရေးနှင့် ပြည်နယ် ၃၁ ပြည်နယ်စလုံးနှင့် ဖက်ဒရယ် ခရိုင်များအတွင်း နိုင်ငံတော် လုံခြုံရေးအဖွဲ့များမှ တာဝန်ယူရေးတို့ ပါဝင်သည်။

    စက်တင်ဘာလက ကျောင်းသားများ ပျောက်ဆုံးသွားသော အဆိုပါပြည်နယ်တွင် နိုဝင်ဘာ ၂၆ ရက်နေ့က ခေါင်းဖြတ်ထားသော အလောင်း ၁၁ လောင်းကို တွေ့ရှိခဲ့ရပြီး မူးယစ်ရာဇာများ သတ်ဖြတ်သည်ဟု ယူဆရသည်။

    – AFP

  • ဒဏ်ရာရကောင်းကင်

    ဒဏ်ရာရကောင်းကင်

    နိုဝင်ဘာ ၂၈၊ ၂၀၁၄
    M-Media
    ကိုအင်းဝ (မြောင်းမြ) ရေးသည်။
    global-warming

    တစ်ချိန်ကငြိမ်သက်ခဲ့တဲ့ မိုးကောင်ကင်
    အခုတော့ တောရိုင်း ဆင်တစ်ကောင် မုန်ယိုနေသလိုပ
    စင်္ကြာဝဋာကြီးလည်း မျက်နှာမဲ့လို့
    ဘန္ဒမြေကမ္ဘာဆီလှမ်းအော်ပြောသတဲ့...

        ကျွန်တော်တို့နေထိုင်ခဲ့သော ကမ္ဘာကြီးအိန္ဒေကြီးမားတည်ငြိမ်စွာနေခဲ့သော ကမ္ဘာကြီး ပြီးတော့ အုပ်မိုးထားတဲ့ မိုးကောင်ကင် ယခုတော့ ခြေလှမ်းတွေ ယိမ်းယိုင်စပြုနေပါပြီ။ ယနေ့အချိန်မှာတော့ လူ့ပယောဂကြောင့် ကစဉ့်ကလျားဖြစ်စပြုနေပါပြီ။ လူတွေထုတ်လွှင့်ခဲ့တဲ့ အတ္တများ၊ နည်းပညာများ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ကာဗွန်များက ကမ္ဘာကိုအဆိပ်ခတ်စပြုနေပါပြီ။ လူတို့၏ အတ္တလက်တံများက လူမူဘဝများကို မြှင့်တင်ရင်းကနေ ကမ္ဘာမြေကို ဖျိုဖျက်ပြီးသားဖြစ်နေတော့ သလို၊ လိုအပ်တာထက်ပိုတပ်မက်ခဲ့တဲ့အလင်းရောင်တွေဟာလည်း သဘာဝတရားရဲ့ညဖြစ်စဉ် အလင်းမဲ့ တည်ငြိမ်မှုတွေကို ထိခိုက်လိမ့်မယ် ထင်တာပဲ။ အသိတရားကို ဦးမဆောင်သော အသိညဏ်များက ကမ္ဘာမြေကို နာကျင်စေခဲ့တာပါ။ တစ်နည်းအားဖြင့် လူမှုဘဝများ တိုးတက်လာလေ ကမ္ဘာမြေဟာ ဒဏ်ရာဒဏ်ချက်များလေပါပဲ။

    တကယ်တော့ မြေကမ္ဘာဟာ သက်ရှိ သတ္တဝါတွေကို ရှင်သန်ခွင့်ပြုထားတဲ့ အချုပ်အခြာ အာဏာပိုင်ပါ၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူဝေစည်လာတဲ့ စက်ရုံများ အိမ်သုံးပစ္စည်းများဖြစ်တဲ့ ရေခံသေတ္တာ အဲယားကွန်းများမှ ထုတ်လွှင့်နေတဲ့ ကာဗွန်များမှာ အခုအဝေးကြီးအဖြစ်ကောင်းကင်ပေါ်မှာ အခိုင်အမာတည်ရှိနေပါပြီ။ အဲဒီအခုအဝေးကြီးကိုပဲ (Greenhouse Effect) လို့ခေါ်တဲ့ ဖန်လုံအိမ် အာနိသင်ဆိုတဲ့ ခေါင်မိုးကြီး တစ်ခုအောက်မှာ အရာရာဟာ ညင်သာစွာလောင်ကျွမ်းစပြူနေပါပြီ။ ကမ္ဘာကြီး ပူနွေးလာမှုကို သေးငယ်သော ရေမှော်ပင်လေးတွေကအစရေခဲတောင်ကြီးတွေ အဆုံးကြုံတွေ့စပြုနေပါပြီ။ ခုတော့ မိုးကောင်ကင်လည်း ဒဏ်ရာနဲ့ ကမ္ဘာမြေလည်း ဒဏ်ရာဝေဒနာတွေနဲ့ ပြည့်နေပါပြီ။ မုန်ယိုနေတဲ့ ဆင်တစ်ကောင်လို ကြမ်းတမ်း လူးလွန့်စပြုလာပါပြီ။ ဝေဒနာတွေကိုခါးစည်းခံရင်း ကမ္ဘာသူ ကမ္ဘာသားတွေကို တကြော်ကြော်အော်ခေါ်ရင်း သတိပေးနေပါပြီ။

    global-warming2

    ဟေ့ မြေဝသုန်ရေ…
    မင်းကိုရာသီတစ်ဆုပ်မျိုးစေ့တစ်ထုပ်
    အညီအမျှကမ်းခဲ့ပြီပဲ
    အာဂလူတွေ
    ကြည်ပြာရောင်ငါ့ကို
    ခဲပုပ်ရောင်ဆေးဆိုးခဲ့…

        တကယ်တော့ ဟိုးကမ္ဘာဦးကထဲက မြေကမ္ဘာဟာ သက်ရှိများနေထိုင်ရာ လောကကြီးကို လှပသင်းပျံ့တဲ့ လက်ဆောင် ပက္ကာတွေနဲ့ စတင်ခဲ့ပါတယ်။ ညီညာလှပ ပုံစံကျတဲ့ ဥတုရာသီတွေရယ် ကောင်းမွန်တဲ့မြေဆီမြေဌက်တွေရယ် အာဟာရပြည့်ဝစေမယ့် စားဖွယ်သောက်ဖွယ် မျိုးစေ့မျိုးစုံနဲ့ ပဒေသာပင်ခေတ်ကြီးစတင်ခဲ့ပါတယ်။ အသင့်ခူးစားရုံ လောကကြီးကနေ တဖြည်းဖြည်းပွားများ ဝေစဉ်လာတဲ့သူတွေကြောင့် မျိုးစေ့ကြဲဖက် စိုက်ပျိုး စားသောက်ရတဲ့ လောကဆီတဖြေးဖြေးရွေ့လာပါတယ်။ အဲဒီလိုနဲ့ ကိုယ်တိုင်စိုက်ပျိုးမှ ကိုယ်တိုင် ခူးဆွတ်ရလေတော့ အတ္တဆိုတာပေါ်လာပါတယ်။မြေယာချဲ့ထွင်မှုနဲ့ အထွက်တိုးမှုဆိုတဲ့ နည်းပညာနောက်ကို ဆိုက်ရောက်လာပါတော့တယ်။ အဲဒီနည်းပညာတွေကပဲ လူသားဘဝတွေကို မြှင့်တင်ပေးရင်း မြေကမ္ဘာကို မသိသောဝေဒနာတွေဖြစ်စေခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ နည်းပညာတွေကြောင့် အတ္တတွေကြောင့် သစ်တောတွေလည်း ပြုန်းတီးခဲ့ရဂေဟစနစ်တွေလည်း ပျက်ခဲ့ရတယ်။ ခုတော့ကြည်ပြာရောင်ကောင်းကင်ကြီးဟာ ခဲပုပ်ရောင်အဆိပ်သင့်ခဲ့ရပါပြီ။

    မျက်နှာဖုံး ကိုယ်စီနဲ့
    မျိုးစုံအောင်တီထွင်
    ဓါတုလက်နက်၊ ဇီဝလက်နက်
    ပိုးမွှားလက်နက်
    အက်ဆစ်မိုးကြီး ငါမရွာချင်ဘူး…

        မြေယာတွေချဲ့ထွင်ရုံနဲ့ အတ္တတွေ အာဏာတွေ မလုံလောက်လာတဲ့အခါ သြဇာကြီးမားလိုမူ အာဏာတည်တံ့လိုမှုအတွက် အခြားနိုင်ငံတွေကို သိမ်းပိုက်ကိုလိုနီပြု လိုမှုတွေပေါ်လာပါတယ်။ အဲဒီလိုအခြားနိုင်ငံတွေကို သိမ်းပိုက်နိုင်ဖို့အတွက် စစ်ရေးအသာရလိုမှုအတွက် အင်အားပြင်းတဲ့လက်နက်တွေကို မိုက်မဲစွာ တီထွင်လာကြပါတယ်။ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ လက်ဟာကမ္ဘာဖျက်ဖို့ အစွမ်းထက်လာကြပါတယ်။ ဆန်းသစ်သောအစွမ်းထက်လက်နက်မျိုးစုံနဲ့ လူအချင်းချင်းစစ်ခင်းရာကနေ ကမ္ဘာမြေကိုမီးပုံရှို့သလို ခံစားနေရပါတယ်။ ရူပဗေဒပညာရှင် စတီဗင်ဟာ့ကင်းကပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နူးကလီးယားစစ်ပွဲတွေနဲ့ ကမ္ဘာကြီးပူနွေးလာမှုလို ကပ်ဘေးတွေ များလာသောကြောင့် လူသားမျိုးပြန်းမှုများမှ ရှောင်လွဲရန်ရနိုင်ဖွယ်မရှိတော့လို့ စကြာဝဌာထဲက အခြားဂြိုလ်တစ်ခုခုပေါ်ကို ကိုလိုနီပြုဖို့ လိုအပ်လာပါပြီလို့ပြောလာရတဲ့အဆင့်ဂတိဖြစ်ခဲ့ပါပြီ။ ယခုတော့ သစ်ပင်တွေကိုပျက်စီးစေတဲ့ အက်ဆစ်မိုးတွေရွာစပြုလာပါပြီ။

    မင်းတို့သိမှာပေါ့
    ဖန်လုံအိမ်အာနိသင်
    အိုဇုန်းလွှာပါးလှပ်လှပ်
    ငါ့ရင်ထဲမဆန့်တော့…

    စစ်ပွဲတွေ စက်ရုံတွေ အိမ်သုံးစက်ကရိယာတွေကနေ နေ့စဉ်ထုတ်လွှင့်နေတဲ့ ကာဗွန်တွေဟာ ကမ္ဘာကြီးကို စင်္ကြာဝဌာနဲ့ စည်းခြားပေးမယ့် အဆိပ်သင့်ခြုံလွှာ တစ်ထည်ဖြစ်မှန်း မသိဖြစ်လာပါပြီ။ ပြီးတော့ အန္တရယ်ဖြစ်စေမယ့် ခရမ်းလွန်ရောင်ခြည်လိုမျိုးတွေကို အကာအကွယ်ပေးမယ့် အိုဇုန်းလွှာများလည်း ပေါက်ပြဲလို့ ယိုစိမ့်လာပါပြီ။ ဒီလိုအချိန်မှာရောဂါ ကန္တရကပ်ဆိုးကြီးဖြစ်တဲ့ ရာသီဥတုဖောက်ပြန်၍ အစာရေစာ မသန့်ရှင်း၍ အသက် အန္တရာယ်ဖြစ်စေနိုင်သော ဘေးဆိုးများလည်းကြုံ လာနိုင်ဖွယ်ရှိလာပါတယ်။ အဲဒီအကျိုးဆက်ကြောင့်ပဲ သတ္တတရကပ်ခေါ်လူသားအချင်းချင်း စစ်မက်တွေများလာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ ဒုဗ္ဘက္ခ န္တရကပ်ခေါ် အစာရေစာမရ၍ ငတ်မွတ်ခေါင်းပါး၍ လူသားများနှင့် သက်ရှိမျိုးနွယ်များ ပျက်သုန်းပျောက်ကွယ်သွားခြင်းများ ဆင့်ကဲဆင့်ကဲဖြစ်လာနိုင်ပါတယ်။

    စစ်ပွဲတစ်ပွဲရဲ့လောင်စာဟာ လူတွေရဲ့အသက်နဲ့ အိုးအိမ်စည်းစိမ်တင် မဟုတ်ပါဘူး။ ကမ္ဘာကြီးရဲ့ အသက်ရူသံများလည်းပါတယ်ဆိုတာ သိဖို့လိုပါတယ်။ အဲဒီလိုနဲ့ ကမ္ဘာကြီးမှာ နှစ်စဉ် ကာဗွန်ခုနစ်ဘီလီယံခန့်ထုတ်နေပါတယ်။ သစ်ပင်သစ်တောတွေနဲ့ ပင်လယ်တွေက တစ်နှစ်ကို ကာဗွန်သုံးဘီလီယံတန်လောက်ပဲ စုတ်ယူနိုင်တော့ ကမ္ဘာအနာဂတ် အရေးဟာ ရင်လေးဖွယ်ရာပါပဲ။ လူတွေအသက်ရူဖို့ အောက်စီဂျင်စက်ရုံတွေဖြစ်တဲ့ သစ်ပင်တွေလည်း ပြုန်းတီးနေတာ အားလုံးအသိပါပဲ။ ကမ္ဘာကြီးကတော့ လူသားတွေရဲ့အတ္တဒဏ်ကို ရင်နဲ့မဆန့်အောင် ခံစားနေရပါပြီ။

    ဟေ့… ဂရင်းမီး (ခ) ရေ
    ငြိမ်းချမ်းရေးလူသားအချို့ရေ
    ကြိုးစားကြ၊ လုံးပမ်းကြ၊ တားမြစ်ကြ
    ငါလည်းထိန်းထားတယ်
    ဒါပေမယ့်
    ငါ့လက်တွေညောင်းလှပြီကွယ်
    ငါဟာပန်းတစ်ဆုပ်သာကြဲချင်တယ်
    အက်ဆစ်ပုလင်းမခွဲခြင်ဘူး။

        ဒဏ်ရာအပြည့်နဲ့ကမ္ဘာကြီးဟာ ငြီးတွားရင်းနဲ့ သူ့ရင်လွှာထဲနေထိုင်သူလူသားတွေကို အားကိုးတကြီး သတိပေးတောင်းဆိုနေပါတယ်။ ရင်ထဲနာကျင် အက်ကွဲသံကြီးနဲ့ပေါ့။ အတန်တန်သတိပေးနေလေရဲ့။ သူ့ကိုနားလည်ပေးနိုင်သူတွေကို တမ်းတနေလေရဲ့။ ဂရင်းမီ(စ) အဖွဲ့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ စစ်မက်ကို ဆန့်ကျင်တဲ့ငြိမ်းချမ်းရေး အဖွဲ့တွေကို သတိပေးနေလေရဲ့။ ကမ္ဘာမြောက်ဖျားမှာရှိတဲ့ ရေခဲပြင်တွေအရည်ပျော်စပြုနေပါပြီ။ အနိမ့်ပိုင်းဒေသတွေ ရေဖုံးလွှမ်းစပြုနေပါပြီ။ ဒါကြောင့်ဖို့ ကမ္ဘာ့မြေကို ကြိုးစားထိန်းသိမ်းဖို့အရေးဆိုနေပါပြီ။ ပန်းတစ်ဆုပ်သာကြဲလိုသူဟာ အက်ဆစ်ပုလင်းခွဲရတော့မလိုဖြစ်နေလေရဲ့။ ရင်နာစွာနဲ့သတိပေးနေလေရဲ့။ နားလည်ကြစမ်းပါ။ လူဟာလူပီသခဲ့ကြောင်း ကမ္ဘာမြေရဲ့ပုရပိုက်မှာ သစ်ပင်တစ်ပင်စိုက်ခဲ့ဖို့လိုလိမ့်မယ်လို့ထင်ပါလေရဲ့။

    တစ်ချိန်ကငြိမ်သက်ခဲ့တဲ့ မိုးကောင်ကင်
    အခုတော့ တောရိုင်းဆင်တစ်ကောင် မုန်ယိုနေသလိုပ
    စင်္ကြာဝဋာကြီးလည်း မျက်နှာမဲ့လို့
    ဘန္ဒမြေကမ္ဘာဆီလှမ်းအော်ပြောသတဲ့…
    ဟေ့ မြေဝသုန်ရေ…
    မင်းကိုရာသီတစ်ဆုပ်မျိုးစေ့တစ်ထုပ်
    အညီအမျှကမ်းခဲ့ပြီပဲ
    အာဂလူတွေ
    ကြည်ပြာရောင်ငါ့ကို
    ခဲပုပ်ရောင်ဆေးဆိုးခဲ့…
    မျက်နှာဖုံး ကိုယ်စီနဲ့
    မျိုးစုံအောင်တီထွင်
    ဓါတုလက်နက်၊ ဇီဝလက်နက်
    ပိုးမွှားလက်နက်
    အက်ဆစ်မိုးကြီး ငါမရွာချင်ဘူး…
    မင်းတို့သိမှာပေါ့
    ဖန်လုံအိမ်အာနိသင်
    အိုဇုန်းလွှာပါးလှပ်လှပ်
    ငါ့ရင်ထဲမဆန့်တော့…
    ဟေ့… ဂရင်းမီး (ခ) ရေ
    ငြိမ်းချမ်းရေးလူသားအချို့ရေ
    ကြိုးစားကြ၊ လုံးပမ်းကြ၊ တားမြစ်ကြ
    ငါလည်းထိန်းထားတယ်
    ဒါပေမယ့်
    ငါ့လက်တွေညောင်းလှပြီကွယ်
    ငါဟာပန်းတစ်ဆုပ်သာကြဲချင်တယ်
    အက်ဆစ်ပုလင်းမခွဲခြင်ဘူး။

     ကိုအင်းဝ (မြောင်းမြ)

  • စည်သူအောင်မြင့် – ရိုဟင်ဂျာလား၊ ဘင်္ဂါလီလား

    စည်သူအောင်မြင့် – ရိုဟင်ဂျာလား၊ ဘင်္ဂါလီလား

    (စည်သူအောင်မြင့် ရေးသည်။)

    အခုရက်ပိုင်း လပိုင်းဟာ မြန်မာနိုင်ငံသားတွေအတွက် အရေးပါတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကာလဖြစ်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား နှစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ အလည်အပတ် လာပါတယ်။ နေပြည်တော်မှာ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပတော့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးတွေ နေပြည်တော်လာကြပါတယ်။ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးကိစ္စ အပြင်းအထန် ဆွေးနွေးနေကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဦးဆုံးသော အင်တာဗျူးအဖြစ် ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ တွေ့ဆုံပါတယ်။

    ဒီလို သတင်းတွေကြားထဲ ထိုးထွက်လာတာ က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နေပြည်တော်ကို ရောက်လာချိန် ရိုဟင်ဂျာဆိုပြီး သုံးနှုန်းခေါ်ဝေါ်လိုက်တဲ့ ကိစ္စပါ။ ဒါနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက တရားဝင်ကန့်ကွက်ပါတယ်။ လွှတ်တော်ထဲ မှာလည်း အဆိုတင်ပြီး ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးနှုန်းတာကို အချုပ်အခြာအာဏာကိုထိပါးတယ် ဆိုပြီး ကန့်ကွက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အရေး ဆွေးနွေး ဆုံးဖြတ်စဉ် ရိုဟင်ဂျာလို့ ထည့်သွင်းသုံးနှုန်းတာကိုလည်း မြန်မာကိုယ်စားလှယ် က ကန့်ကွက်ပါတယ်။ တစ်ဆက်တည်း ရခိုင်ပြည်နယ် မြို့တချို့မှာလည်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ရိုဟင်ဂျာလို့ သုံးတာကို ကန့်ကွက်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ထဲက လူဦးရေ တစ်သန်းကျော်ရှိတဲ့ အဲဒီလူအုပ်စုကြီးကို ရိုဟင်ဂျာလို့ ခေါ်မလား၊ ဘင်္ဂါလီလို့ ခေါ်မလား ဒီကိစ္စ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

    ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုး ဖောက်ခံနေရတယ်လို့ အစဉ်တစ်စိုက် စွပ်စွဲထားပါတယ်။ အဲဒီအဖွဲ့အစည်းတွေ၊ နိုင်ငံတွေက စွပ်စွဲပြစ်တင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ အာဏာပိုင်တွေက လုံလောက်အောင် ဖြေရှင်းခြင်း မရှိသေးပါဘူး။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက် အဲဒီ ဘင်္ဂါလီရိုဟင်ဂျာ တစ်သိန်းကျော်ဟာ အိုးအိမ်နေရပ်စွန့်ပစ်ပြီး ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။ ဒီကနေ့အချိန်ထိ သူတို့ နေထိုင်ရာ ရပ်ရွာတွေမှာ ပြန်အခြေချခွင့် မရသေးပါဘူး။

    ဘင်္ဂါလီရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၊ သက်ဆိုင်ရာ နိုင်ငံတွေမှာ သူ့အခွင့်အရေးနဲ့ သူ၊ သူ့စည်းကမ်းသတ်မှတ်ချက်နဲ့သူ ကိုယ်စီ ရှိကြပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတန်းမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဘာလူမျိုးဆိုပြီး ထုတ်ဖော် ကြေငြာပြောဆို ပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထား ပါတယ်။ ဒါဟာ အခြေခံ လူ့အခွင့်အရေး၊ လူသားမှန်သမျှ ရရမယ့် ရပိုင်ခွင့်ပါပဲ။ ဒီအတွက် ရခိုင်ပြည်နယ် က ဘင်္ဂါလီရိုဟင်ဂျာ တစ်ယောက်ယောက်ဟာ သူတို့ကိုယ် သူတို့ ဘင်္ဂါလီဖြစ်တယ် ဒါမှမဟုတ် ရိုဟင်ဂျာဖြစ်တယ် ထုတ်ဖော်ပြောဆို ပိုင်ခွင့် ရှိပါတယ်။ ဒါဟာ သူတို့ အခွင့်အရေးပါ။ သူတို့ အခွင့်အရေးကို ပိတ်ပင်တားမြစ်ရင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ပါလိမ့်မယ်။

    နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း သူ့ကိုယ်ပိုင် လက္ခဏာတွေအရ စည်းကမ်းသတ်မှတ်ချက် ထားပိုင်ခွင့် ရှိပါတယ်။ ဒီနေရာမှာ သမ္မတ ဦးသိန်းစိန် ပြောစကားကို ကိုးကားလို့ရပါတယ်။ သူက မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ လူမျိုး မပါဘူး၊ ရိုဟင်ဂျာ ဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးလို့ ပြောဆို ထားပြီးဖြစ်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ရိုဟင်ဂျာလူမျိုးဆိုတာ လုံးဝမရှိဘူးလို့ သူ ပြောမထားပါဘူး။ အဓိပ္ပာယ်က ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာတွေ သူတို့ကိုယ် သူတို့ ဘယ်လို သတ်မှတ်သတ်မှတ် ကန့်ကွက်ဖို့ အကြောင်းမရှိသလို၊ တိုင်းရင်းသားလို့ သတ်မှတ် မထားတဲ့အတွက် တိုင်းရင်းသား ဖြစ်လာမှာ မဟုတ်သလို တိုင်းရင်းသားအခွင့်အရေးလည်း ရမှာမဟုတ်ပါဘူး။ နိုင်ငံသား ဖြစ်မဖြစ်ကတော့ ၁၉၈၂ ဥပဒေ ပြဋ္ဌာန်းချက်ပါအတိုင်းဖြစ်မှာပါပဲ။

    ပြဿနာက ပြီးခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပိုကြီးလာပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေက ဘင်္ဂါလီရိုဟင်ဂျာတွေ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ထုတ်ပြောပြီး၊ သန်းခေါင်စာရင်း ကောက်သူတွေက ရိုဟင်ဂျာလို့ ဖြည့်စွက် ထည့်သွင်းပေးမယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေ အားလုံး သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်မယ်ဆိုပြီး ဆန္ဒပြခဲ့ပါတယ်။ ဒီအခါ အာဏာပိုင်တွေ အကျပ်ရိုက်ခဲ့ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်း စီစဉ်ခဲ့စဉ် အချိန်တုန်းက မြန်မာ အာဏာပိုင်တွေဟာ နိုင်ငံတကာ မိသားစုတွေဆီမှာ ကတိက၀တ် တချို့ ပြုခဲ့ရပါတယ်။ အဲဒီထဲမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဘာလူမျိုးဆိုပြီး ထုတ်ဖော်ပြောဆိုတာကိုပဲ သန်းခေါင်စာရင်းထဲ ရေးဖြည့်ရမယ်ဆိုတဲ့ တစ်ချက်လည်း ပါဝင်ပါတယ်။ ဒါဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်နေလို့ပါ။ အဲဒီအတွက် အာဏာပိုင်တွေဟာ နိုင်ငံတကာ မိသားစုနဲ့ ကတိက၀တ်ဖျက်လိုက်မလား၊ လူ့အခွင့်အရေး လိုက်နာစောင့်ထိန်းပြီး ရခိုင်တိုင်းရင်းသားတွေကို သပိတ်မမှောက်အောင် ဖျောင်းဖျနိုင်မလား နည်းလမ်းအမျိုးမျိုး ရွေးချယ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ နိုင်ငံတကာ မိသားစုနဲ့ မျက်နှာအပျက်ခံပြီး
    ရခိုင်တိုင်းရင်းသားတွေ ဆန္ဒလိုက်လျောခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာ တစ်သန်းလောက် သန်းခေါင်စာရင်း ကောက်ခံရာမှာ မပါဝင် ဖြစ်ခဲ့ရပါတယ်။

    တကယ်တော့ ဒီသန်းနဲ့ချီတဲ့ လူတွေကို အစိုးရအနေနဲ့ ရိုဟင်ဂျာတွေလို့ အသိအမှတ် မပြုဘူး ဆိုလည်း မပြုပဲ ထားပိုင်ခွင့်ရှိပါတယ်။ ဥပမာအားဖြင့် အရေအတွက် ရှစ်သိန်းခွဲလောက်ရှိတဲ့ White Card ကိုင်ထားသူတွေကို စိစစ်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စိစစ်ပေးတဲ့ လုပ်ငန်းစဉ်လိုမျိုးမှာ ဖြစ်ပါတယ်။ ဒီလို White Card စိစစ်တဲ့ လုပ်ငန်းစဉ်ထဲမှာ ရိုဟင်ဂျာဆိုတာ ထည့်သွင်းမပေးဘဲ အဆင့်တစ်ခုခု သတ်မှတ်ပေးတယ် ဆိုရင်၊ ဒီလုပ်ငန်းကို မြန်မြန်ဆန်ဆန် လုပ်ပေးတယ်ဆိုရင် ရိုဟင်ဂျာ ဆိုတာ အစိုးရမှတ်တမ်းတွေထဲ ရှိနေမှာ မဟုတ်ပါဘူး။ လက်ရှိ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီရိုဟင်ဂျာတွေ လိုအပ်နေတာဟာ လူ့အခွင့်အရေး၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံသား အဆင့်တစ်ခုခု ဥပဒေနဲ့အညီ စိစစ်ပေးရေး၊ စိစစ်ပြီးနောက် ရရှိတဲ့ အဆင့်အတန်းနဲ့ လျော်ညီစွာ နေထိုင်၊ လုပ်ကိုင်၊ သွားလာခွင့်ရရေးတွေပဲ ဖြစ်ပါတယ်။ ဒီအတွက် ၁၉၉၃ ကတည်းက စခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အထိ မပြီးမပြတ် လုပ်ထားတဲ့ ဒီ White Card ဇာတ်လမ်းပြီးဆုံးအောင် အစိုးရအနေနဲ့ လုပ်ကိုင်ဖို့ လိုနေပါတယ်။ ကြာရှည်ကြာမျော ဆက်အချိန်ဆွဲ၊ ပြဿနာကို ဆက်မွေးထားဖို့တော့ မသင့်ပါဘူး။

    အခုဆို ရခိုင်တိုင်းရင်းသား တချို့နဲ့ အာဏာပိုင်တချို့ဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မိသားစုနဲ့ အငြင်းပွား၊ အချင်းများနေကြပါပြီ။ ရိုဟင်ဂျာလို့ မသုံးနှုန်းနဲ့၊ ဒါဟာ တိုင်းပြည်ရဲ့ ပြည်တွင်းရေးကို စွက်ဖက်တာ ဖြစ်တယ်၊ အချုပ်အခြာ အာဏာကို ချိုးဖောက်တာဖြစ်တယ် စသဖြင့် အချင်းများနေရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းရဲ့ ရိုဟင်ဂျာလို့ နာမည်တပ်ပြီး ပေးတဲ့ ဘယ်အကူအညီကိုမှလည်း လက်မခံဘူးဆိုတာမျိုးဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုအဖြစ် နိုင်ငံတကာက ပိုပြီး လက်ညှိုး ထိုးလာနိုင်ပါတယ်။

    တကယ်တော့ ရခိုင်ပြည်နယ်ထဲက ဒီဘင်္ဂါလီ ရိုဟင်ဂျာတွေ လက်ထဲမှာ ဘာအာဏာမှ မရှိပါဘူး။ ဘာအုပ်ချုပ်ရေး ယန္တရားမှ မရှိပါဘူး။ ဘယ်လိုကြီးမားတဲ့ စီးပွားရေးမှလည်း မရှိပါဘူး။ ဆင်းရဲစုတ်ပြတ်နေတဲ့၊ ပညာကောင်းကောင်း မသင်ရတဲ့၊ ဘယ်ကိုမှ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိတဲ့ ပိတ်လှောင် ခံထားရသူတွေပါ။ အင်အား အလွန်နည်းပါတယ်။

    ဒါနဲ့ခြားနားပြီး အစိုးရဆီမှာ ကြီးမားတဲ့ တပ်မတော်ကြီးရှိသလို အုပ်ချုပ်ရေး ယန္တရား၊ စီးပွားရေး အရင်းအမြစ် အားလုံးရှိနေပါတယ်။ ဒီလိုအင်အားကြီးသူတွေက အားနည်းတဲ့ လူအုပ်စုကြီးကို ကိုယ့်ကိုယ်ကိုယ် ဘာလူမျိုးဆိုတာ မပြောနဲ့၊ ငါတို့ သတ်မှတ်သလိုပဲ ခံယူ၊ နိုင်ငံတကာကလည်း အဲဒီနာမည် မသုံးနဲ့ ဆိုတာမျိုးဟာ နိုင်ငံ့ပုံရိပ်ကို ကောင်းလာစေမှာ မဟုတ်သလို ရခိုင်ပြည်နယ်က လူမျိုးစု နှစ်စုအကြား ပိုပြီး ပဋိပက္ခ ပွားစရာ ဖြစ်လာနိုင်ပါတယ်။ တစ်ဆက်တည်း ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးအတွက်လည်း အထောက်အကူပြုမှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

    မြန်မာတိုင်း(မ်) မှ ကူးယူဖော်ပြသည်။

    http://myanmar.mmtimes.com/index.php/features/12690-2014-11-27-05-29-45.html

  • Cold Lake မှ အိမ်နီးချင်းကောင်း ပီသသူများကို ကျေးဇူးတင် အခမ်းအနား ကနေဒါ မွတ်စလင်များ ပြုလုပ်

    Cold Lake မှ အိမ်နီးချင်းကောင်း ပီသသူများကို ကျေးဇူးတင် အခမ်းအနား ကနေဒါ မွတ်စလင်များ ပြုလုပ်

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    25-10-14_Canadians-Scrub-Hate-Messages-off-Mosque
    – ဗလီဝတ်ကျောင်းအား လူရမ်းကားများက ဖျက်ဆီးခဲ့သော်လည်း အိမ်နီးချင်းကောင်းပီသစွာ ပြန်လည်ပြုပြင်ကာ ရပ်တည်ပေးခဲ့သည့် Cold Lake ပြည်သူများ၏ အပြုအမူအတွက် ကျေးဇူးတုံ့ပြန်သည့် အခမ်းအနားတစ်ခုကို ကနေဒါ မွတ်စလင်များက ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါအခမ်းအနားကို Cold Lake ဗလီဝတ်ကျောင်းတော်မှ ဦးဆောင်ကာ အဆိုပါမြို့ရှိ Enery ခန်းမတွင် နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့သူမြို့သားများ၊ တော်ဝင်ကနေဒါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ Cold Lake မြို့တော်ဝန်နှင့် ခရစ်ယာန် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

    `Clod Lake ဟာ အကောင်းဆုံး ကနေဒါနိုင်ငံသားတွေရဲ့ အမှတ်အသားပါပဲ။ ကျေးဇူး အထူးတင်ရှိပါတယ်။ ခင်ဗျားတို့ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း အစစ်ပါပဲ´ ဟု ကနေဒါ အစ္စလာမ့်မစ် ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာ ဂျမားလ် ဘာဒါဝီက ပြောကြားခဲ့သည်။

    25-10-14_Canadians-Scrub-Hate-Messages-off-Mosque

    MAC Islamic Cnetre ဟု အမည်ပေးထာသည့် Cold Lake ဗလီဝတ်ကျောင်းတော်ကို အောက်တိုလအတွင်းတွင် လူရမ်းကားများက ၀င်ရောက်ကာ မှန်များ၊ တံခါးများကို ရိုက်ချိုးဖျက်ဆီး၍ နံရံများတွင်လည်း အမုန်းစကား ဂရက်ဖစ်တီများကို ရေးသားခဲ့ကြသည်။

    သို့သော်လည်း ထိုအဖြစ်အပျက် ဖြစ်ပွားပြီး နောက်တစ်နေ့တွင် Cold Lake မြို့သူမြို့သားများက လာရောက်ကာ အဆိုပါ ဗလီဝတ်ကျောင်း၏ ပျက်စီးမှုများကို ပြင်ဆင်ပေးခဲ့ပြီး၊ ဂရက်ဖစ်တီများကိုလည်း ဖျက်ပေးခဲ့ကြသည်။

    `မကြာသေးမီက ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်အတွက် ကျွန်တော်တို့မြို့က လူ့အဖွဲ့အစည်းရဲ့ တုံ့ပြန်မှုကို ကျေးဇူးတင်တဲ့အနေ့နဲ့ ကျွန်တော်တို့ဟာ ဒီလိုအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး Cold Lake က ချီးကျူးဂုဏ်ပြုထိုက်တဲ့ ပြည်သူအားလုံးကို ကြိုဆိုခဲ့ပါတယ်´ ဟု အဆိုပါ အခမ်းအနားကို ကျင်းပခဲ့သည့် Cold Lake ဗလီဝတ်ကျောင်းတော်မှ အခမ်းအနားစီစဉ်သူတစ်ဦးက ပြောကြားခဲ့သည်။

    ဘာဒါဝီကမူ ယဉ်ကျေးမှုစုံလင်သော မိမိတို့ လူ့အသိုင်းအ၀ိုင်း အန္တရာယ်ကင်းရေးအတွက် ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများ၌ စုပေါင်းတာဝန်ရှိမှုကိုလည်း ထောက်ပြ ပြောဆိုသွားခဲ့သည်။

    `ဘယ်သူမဆို သူ့ရဲ့ အသိုင်းအ၀ိုင်းကို နာကျင်အောင် မလုပ်ရပါဘူး။ ဒီအမြင်ဟာ ကမ္ဘာတစ်ခုလုံးကို တိုးချဲ့ရောက်ရှိသွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြီးတော့ အားလုံးဟာ အတူတူပဲဖြစ်တာမို့ လူသားအားလုံးကို စောင့်ရှောက်ဖို့လည်း ပါဝင်ပါတယ်။ ဒါဟာ အယူအဆ တစ်ခုမဟုတ်ပါဘူး။ ကုရ်န်အာန်က ရှင်းရှင်းလင်းလင်းပြောထားတဲ့ အရာပါပဲ။ တကယ်လို့ လူတစ်ယောက်က အခြားသူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်မယ်ဆိုရင် လူသားအားလုံးရဲ့ အသက်ကို ကယ်တင်တာနဲ့ အတူတူပဲလို့ သွန်သင်ထားပါတယ်´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    25-1-14_Jamal-badawi-Muslims-Thank-Alberta-City-for-Support

    မျှဝေခြင်း

    ထို့ပြင် ဘာဒါဝီမှာ အစ္စလာမ်နှင့်ပတ်သက်၍ မိမိတို့ နိုင်ငံသားများအား မျှဝေအသိပေးရန်နှင့် မိမိတို့အပေါ် ထားရှိခဲ့သည့် ကြင်နာမှုများကို ပြန်လည်တုံ့ပြန်ရန်အတွက်လည်း မွတ်စလင်များကို တိုက်တွန်းခဲ့သည်။

    `အစ္စလာမ်အပေါ် မှားယွင်းတဲ့အမြင်တွေနဲ့ ပတ်သက်ပြီး မှန်ကန်အောင်လုပ်ပေးဖို့၊ ပညာပေးဖို့နဲ့ လူတွေကိုအသိပေးဖို့ ကျွန်တော်တို့ မဖြစ်မနေ လုပ်ဆောင်ရပါမယ်´ ဟု ၎င်းက ဆိုသည်။

    Colde Lake မွတ်စလင်များကလည်း မိမိတို့အနေဖြင့် ထိုတိုက်တွန်းမှုကို အကောင်အထည် ဖော်သွားမည်ဟု ကတိပေးခဲ့သည်။

    `ကျွန်တော်တို့ သာသနာရဲ့ တန်ဖိုးတွေကို မျှဝေခြင်းနဲ့အတူ ကျွန်တော်တို့ဆီက လူ့အဖွဲ့အစည်းနဲ့ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု တံတားတွေကို ခိုင်မြဲအောင်တည်ဆောက်ဖို့က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲ´ ဟု Cold Lake ဗလီဝတ်ကျောင်းတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်အား ဖျက်ဆီးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ယခုအချိန် သံသယရှိသူများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

    ကနေဒါ၏ ၃၂.၈ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၂.၈ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်သာသနာပြီးနောက် အစ္စလာမ်မှာ နိုင်ငံ၏ ဒုတိယ ယုံကြည်ကိုးကွယ်မှုအများဆုံး အယူဝါဒလည်းဖြစ်သည်။

    ဆက်စပ် ဆောင်းပါးနှင့် သတင်းများဖတ်ရန်
    ———————————————
    အမုန်းတရားများ မပြန့်ပွားစေရန် ကနေဒါရှိ မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများ အပြန်အလှန် ဆောင်ရွက်နေ

    အမုန်းတရားများ မပြန့်ပွားစေရန် ကနေဒါရှိ မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများ အပြန်အလှန် ဆောင်ရွက်နေ

    ကနေဒါ လွှတ်တော်အတွင်း ပစ်ခတ်မှုအပေါ် ကနေဒါပြည်သူတို့  ရင့်ကျက်တဲ့ တုန့် ပြန်ချက်များ

    ကနေဒါ လွှတ်တော်အတွင်း ပစ်ခတ်မှုအပေါ် ကနေဒါပြည်သူတို့  ရင့်ကျက်တဲ့ တုန့် ပြန်ချက်များ