News @ M-Media

Author: M-Media

  • ကိုယ်စားလှယ်လောင်း အဖြစ် လက်ရှိ လွှတ်တော်အမတ် ပယ်ချခံရ

    ကိုယ်စားလှယ်လောင်း အဖြစ် လက်ရှိ လွှတ်တော်အမတ် ပယ်ချခံရ

    သြဂုတ် ၂၄ ၊ ၂၀၁၅
    BBC(မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    .U Shwe Maung
    ရခိုင်ပြည်နယ် မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင် က လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ကို အခု လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ထပ်မံ ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အရည်ချင်းနဲ့ ကိုက်ညီမှု မရှိဘူး ဆိုပြီး ပယ်ချ လိုက်ပါတယ်။
    လျှောက်ထားသူ မွေးဖွားစဉ် မိဘ ၂ ပါးစလုံး နိုင်ငံသား ဖြစ်ရမယ် ဆိုတဲ့ စည်းမျဉ်း နဲ့ မကိုက်ညီ တဲ့ အတွက် ပယ်ချရတာ ဖြစ်ကြောင်း ခရိုင် ကော်မရှင် က အကြောင်းပြချက် ပေးခဲ့တယ် လို့ ဘူးသီးတောင် ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင် က ဘီဘီစီ ကို ပြောပါတယ်။
    .
    ဦးရွှေမောင်က တော့ ခရိုင် ကော်မရှင် ရဲ့ အကြောင်းပြချက် ကို ငြင်းပယ် လိုက် ပြီး သူ့ရဲ့ မိဘ ၂ ပါးစလုံးဟာ သူမွေးဖွားစဉ် မှာ နိုင်ငံသား တွေ ဖြစ်ကြတယ် ဆိုတဲ့ သက်သေ အထောက်အထား တွေ ခိုင်ခိုင် လုံလုံ တင်ပြ လျှောက်ထား ခဲ့ တာ ဖြစ်တယ် လို့ ဆိုပါတယ်။
    ဒါ့ကြောင့်လည်း အလားတူ စည်းမျဉ်း သတ်မှတ် ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်း ကလည်း အခုတခေါက် တင်ပြ ခဲ့တဲ့ သက်သေ အထောက်အထား တွေ ကို ပဲ အဆင့်ဆင့် သော ရွေးကောက်ပွဲ ကော်မရှင် တွေ က လက်ခံခဲ့လို့ ရွေးကောက်ပွဲ ဝင်နိုင် ခဲ့တာ ဖြစ်တယ် လို့ ဦးရွှေမောင် က ဆိုပါတယ်။
    .
    ၂၀၁၀ တုန်း က လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ ကိုယ်စားလှယ် အနေ နဲ့ ရွေးကောက်ပွဲ မှာ အနိုင် ရခဲ့တဲ့ ဦး ရွှေမောင်ဟာ အခု ၂၀၁၅ မှာ တော့ တသီးပုဂ္ဂလ အမတ် အဖြစ် ဝင်ရောက် ဖို့ လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။
    .
    မောင်တော ခရိုင် ကော်မရှင် ရဲ့ အခု အဆုံးအဖြတ် ဟာ နိုင်ငံသား တစ်ယောက် ရဲ့ ရရှိပြီး အခွင့်အရေး ကို ပြန်လည် ရုတ်သိမ်း တာ မျိုး ဖြစ်နေတဲ့ အတွက် ဥပဒေ နဲ့ မညီညွတ်ဘူး လို့ ဦးရွှေမောင် က ဝေဖန် လိုက် ပြီး အယူခံ အဆင့်ဆင့် ဝင် သွားမယ် လို့လည်း ဆိုပါတယ်။
    .

    ဓါတ်ပုံ- ဦးရွှေမောင် FB
    http://www.bbc.com/burmese/burma/2015/08/150823_mp_candidate_refusal_election_commission
    .
    ဆက်စပ်သတင်းများဖတ်ရန်။
    —————————
    အဖေ၊ အမေ၊ ကျနော် ၃ ယောက်စလုံး အမျိုးသား မှတ်ပုံတင်ကိုင်ဆောင်ခဲ့တာ- ဦးရွှေမောင်
    http://www.m-mediagroup.com/news/44661

  • ဦးသိန်းစိန်မှ ဦးရွှေမန်းကို ရာထူးမှ ဖယ်ရှားရန် နောက်ဆုံးဖြစ်ရပ် မတိုင်ခင် ၂ ကြိမ်ထက်မနည်း ကြိုးစားခဲ့ဟုဆို

    ဦးသိန်းစိန်မှ ဦးရွှေမန်းကို ရာထူးမှ ဖယ်ရှားရန် နောက်ဆုံးဖြစ်ရပ် မတိုင်ခင် ၂ ကြိမ်ထက်မနည်း ကြိုးစားခဲ့ဟုဆို

    သြဂုတ် ၂၄ ၊ ၂၀၁၅
    M-Media
    20150817T030900Z_1_LYNXNPEB7G034_RTROPTP_4_MYANMARPOLITICS
    မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် သူ၏ ထိပ်သီးပြိုင်ဖက်ဖြစ်သူ ဦးရွှေမန်းအား ဖြုတ်ချရန် နှစ်ကြိမ်ထက်မနည်း ကြိုးစားရာ မအောင်မြင်သဖြင့် သြဂုတ်လ ၁၂ ရက်တွင် အာဏာရပါတီဋ္ဌာနချုပ်အား ရဲအင်အားသုံးဝင်ရောက် စီးနင်းစေခဲ့ပြီးနောက် အောင်မြင်မှု ရရှိသွားသည်။

    ဋ္ဌာနချုပ် ရုံးတွင်းရှိသူများထံမှ မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများကို စုပြုံသိမ်းယူလိုက်ကြပြီး ရဲတပ်ဖွဲ့ဝင်များက သမ္မတအမိန့်ဖြင့် ဦးရွှေမန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌနေရာမှ ဖယ်ရှားရန်နှင့် အစားထိုးရန် အရံသင့်စောင့်ဆိုင်းနေခဲ့ကြသည်။

    နိုဝင်ဘာရွေးကောက်ပွဲပြီးနောက် အလျဉ်မီပြုပြင်ပြောင်းလဲရေး အပေါ် ပြည်တွင်းပြည်ပနေသူများမှ မျှော်လင့်ချက် မှေးမှိန်နေချိန်မှာပင် ဦးသိန်းစိန်သည် မိမိ၏သမ္မတနေရာ ဆက်လက် တည်မြဲရေးအတွက် ပါတီအား ဆုပ်ကိုင်နိုင်သေးကြောင်း ပြန်လည်ပြသလိုက်ခြင်းဖြစ်သည်။

    “လူတွေ အတွင်းထဲ ၀င်ရောက်လာသံကို ကြားလို့ ကွန်ပျူတာပေါ်ကနေ ကျော်ကြည့်လိုက်တဲ့ အခါ လက်နက် ကိုင်ထားသူ ဒါဇင်ဝက်လောက် ကျွန်တော့်ကို ၀ိုင်းရံထားတာ တွေ့လိုက် ရပါတယ်။ လက်နက်တွေကို လက်ပေါ်က မချပါဘူး။ ဒါကိုကြည့်ခြင်းဖြင့် ဘယ်သူ့ကိုမှ အပြင်လူနဲ့ အဆက်အသွယ်ပေး မလုပ်တော့ဘူးဆိုတာ ထင်ရှားပါတယ်” ဟု အဆောက်အဦးအတွင်းမှ (မိမိ၏ လုံခြုံရေးကြောင့်) အမည်မဖော်လိုသူတစ်ဦးမှ ပြောကြားသည်။

    ဦးရွှေမန်းသည် ထိုနေရာတွင် ရှိမနေခဲ့။ သမ္မတ ဘက်တော်သားများက ပါတီကို ထိန်းချုပ်နေသည့် ထိုအရေးပေါ်နာရီပိုင်းတွင် ဦးရွှေမန်းသော် လည်းကောင်း၊ သူ၏ ဘက်တော်သားများသော်လည်းကောင်း မည်သည့် တန်ပြန်လှုပ်ရှားမှု ပြုမရအောင် စံနစ်တကျ ပိတ်ဆိုးထားခဲ့သည်။

    ၎င်းမှာ မြန်မာစစ်အစိုးရဟောင်း၏ ဖြုတ်ထုတ် သန့်စင်ရေးကို ထင်ဟပ်စေသည့် ညစ်လုံး တစ်ခုဖြစ်သည်။ သုံးလမျှပင် မကျန်တော့သော အထွေထွေရွေးကောက်ပွဲ၌ ဦးရွှေမန်းမှ သမ္မတနေရာ ၀င်ပြိုင်ခြင်း မပြုနိုင်အောင် ထိထိရောက်ရောက် ဖယ်ထုတ်လိုက်မှု ဖြစ်ပေသည်။

    ပြည့်ဝသော ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေး အပါအ၀င် ဟန်ချက်ကိုထိန်းထားသော ပါတီဥက္ကဋ္ဌကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေခြင်းမှာ အစီအစဉ်လမ်းချော်မှု တစ်ရပ်ဖြစ်ကြောင်း အကြံပေး ပုဂ္ဂိုလ်များက ဆိုသည်။

    တစ်ဆက်တည်းမှာပင် ဦးသိန်းစိန်သည် မဲပေးကာလ အလွန် မိမိ၏ပါတီသည် အဓိကညွှန့်ပေါင်း အဖွဲ့ဖွဲ့နိုင်ခဲ့ပါက မိမိကိုယ်တိုင် သမ္မတနေရာတွင် ဆက်လည် တည်ရှိနေနိုင်သော သို့တည်းမဟုတ် မိမိစိတ်ကြိုက်လူကို တင်မြှောက်နိုင်သော လမ်းကြောင်းအတွက် ရှင်းလင်းရေးလုပ်လိုက်ပြီဖြစ်သည်။

    ပါတီကိုကြီးစိုးမင်းမူထားကြသည့် စစ်ထွက်ဗိုလ်ချုပ်ဟောင်းများကဲ့သို့ ဦးရွှေမန်းသည် အမြစ်လှန်ပြုပြင်ပြောင်းလဲလိုသူ မဟုတ်ခဲ့။ သို့သော် သူသည် ပါတီတွင်း ပြုပြင်ပြောင်းလဲရေး အတွက် အသံ အထွက်ဆုံးသူဖြစ်လာပြီး ထိုအမြင်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် မူဝါဒချမှတ်ရေးတွင် အားထုတ်လာခဲ့သည်။

    နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းမွန်လာသည်နှင့်အမျှ သမ္မတနှင့်အပေါင်းအပါများသည် သူ့အပေါ် သံသယကြီးထွားလာခဲ့ကြသည်။

    “ပါတီထဲမှာ အတွင်းရေးရှုပ်ထွေးမှု ရှိခဲ့တယ်။ ခေါင်းဆောင်တစ်ဦးရဲ့ ဒီလိုအပြောင်းအလဲမျိုးဟာ USDP ဖြစ်စေ၊ အခြားပါတီတစ်ခုခု အတွက်ဖြစ်စေ ကောင်းခြင်း တစ်ရပ် မဟုတ်ပါဘူး။ သူတို့က ဒါကို နောက်ဆုံးလက်နက် အဖြစ် အသုံးပြုခဲ့ကြတာပါ” ဟု ပြန်ကြားရေးဝန်ကြီးနှင့် ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ရိုက်တာ သတင်းဋ္ဌာနသို့ ပြောကြားသည်။

    ဖြုတ်ပယ်ခံရပြီးကတည်းက ရိုက်တာနှင့်အင်တာဗျူးရန် ဦးရွှေမန်းတို့ဖက်မှ လက်ရှောင်လျက်ရှိသည်။

    ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေးဖြင့် အပယ်ခံဖြစ်ခဲ့ပြီးနောက် သဘာဝ သယံဇာတပေါကြွယ်လှသော မြန်မာနိုင်ငံအား ဒီမိုကရေစီယိမ်းအဖြစ် ၂၀၁၁ ခုနှစ်မှစ၍ ဦးသိန်းစိန်က ပြန်လည်ပြုပြင်ရေးကဏ္ဍကို ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် ဝေ့လည်ကြောင်ပတ် လုပ်ကာ အချိန်ဆွဲနေသည်ဟု အများစုက မြင်နေကြသည်။

    ဦးရွှေမန်းသည် သမ္မတဖြစ်လိုကြောင်း မိမိ၏ရည်ရွယ်ချက်ကို ပွင့်လင်းစွာဖော်ထုတ်လိုက်မှုက ထိုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နိုင်ငံတကာနှင့်ပြည်တွင်း၏ ယုံကြည်မှုကို ရိုက်ခတ်သွားစေသည်။

    အာဏာရပါတီအဖွဲ့ဝင်များ၊ USDP ၏ အကြံပေးတို့နှင့် အင်တာဗျူးချက်များအရ သမ္မတသည်  ဦးရွှေမန်းအား ပါတီဥက္ကဋ္ဌနေရာမှ ဖြုတ်ချရန် နှစ်ကြိမ်ထက်မနည်း ကြိုးစားကြံစည်ခဲ့ကြောင်း သိရှိရသည်။ ယခင် ခေါင်းဆောင်ပိုင်း အစည်းအဝေးများတွင် နှစ်ကြိမ် တိုင်တိုင် ဖြုတ်ချရေးကြိုးပမ်းမှုကို ဦးရွှေမန်းနှင့် မဟာမိတ်တို့မှ တားဆီးနိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ယခုနှစ် မေလတွင် တစ်ကြိမ်ဖြစ်ခဲ့ကြောင်း ပါတီအကြံပေးနှင့် အနောက်တိုင်း သံတမန်တို့မှ ရိုက်တာသို့ ပြောပြသည်။

    အစည်းအဝေးနှစ်ခုစလုံးတွင် နှစ်ဖက် အုပ်စုမှ မည်သူသည် သမ္မတနေရာ၊ မည်သူသည် ဥက္ကဋ္ဌနေရာ ဖြစ်ထိုက်သည်၊ ပါတီ၏ အမတ်လောင်း စာရင်းများ ဟူသော ကိစ္စများအပေါ် အချေအတင်ဖြစ်ရင်း လိပ်ခဲတည်းလည်း အခြေအနေဖြင့် ပြီးဆုံးသွားခဲ့သည်ဟု အတွင်းပိုင်းသတင်းများအရ သိရသည်။

    အသေးစိပ်ကို မသိရသော်လည်း ယမန်နှစ်ကတည်းက ယင်းသို့ဖြစ်ပျက်နေခဲ့ကြောင်း ဥက္ကဋ္ဌနေရာဖြုတ်ချရေး အားပေးထောက်ခံခဲ့သူ USDP လွှတ်တော်အမတ် ဦးဝင်းဦးက ဆိုသည်။

    ဦးရွှေမန်း၏ ပြည်သူ့လွှတ်တော်နာယက ဟူသည့်ရာထူးက သမ္မတနေရာ သို့ရောက်နိုင်ချေရှိအောင် တွန်းပို့လျက်ရှိသည်။  ရွေးချယ်တင်မြှောက်ခံ အုပ်စုမှ မဟုတ်သော စစ်တပ်မှ အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားခြင်းဆိုင်ရာ ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ကမ်ပိန်းပေါ် ရပ်တည်၍ ဦးရွှေမန်းသည် စစ်တပ်နှင့် အတိုက်အခံဖြစ်ခဲ့ရသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ် မဲအနိုင် ရရှိနိုင်သည့် အလားအလာကိုလည်း ခြသေ့င်္အမာခံများက ရင်ဆိုင်နေကြရသည်။

    “ခြေဥပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သူ့သဘောထားနဲ့လုပ်ဆောင်ချက်တွေအပေါ် စစ်တပ်အမာခံတွေနဲ့ သမ္မတဦးသိန်းစိန်တို့က အလွန်အမင်း မုန်းတီးခဲ့ကြတယ်။ ဦးရွှေမန်းက ပါတီကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတာကို ရပ်တန်းကရပ်လိုက်ဖို့ စစ်တပ်က သူ့ကို အမိန့်ပေးခဲ့တယ်” ဟု ပါတီဋ္ဌာနချုပ်ကို လုံခြုံရေးတပ်ဖွဲ့မှ ၀င်ရောက်စီးနင်းစဉ် ပိတ်မိနေခဲ့သော အမည်မဖော်လိုသူ USDP အမတ် တစ်ဦးက ပြောပြသည်။

    ရည်မှန်းချက်ကြီးမားသူ ဦးရွှေမန်း၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ယူဆနေကြသော ဗိုလ်မှူးကြီးဟောင်းနှင့် USDP ၏ နည်းဗျူဟာရှင် ဦးအောင်သောင်း ဇူလိုင်လက သေဆုံးသည့်နောက်ပိုင်း အုပ်စုကွဲမှု ပိုမိုဆိုးဝါးလာခဲ့သည်။ ဦးအောင်သောင်းသည် ဦးရွှေမန်းနှင့် မဟာမိတ်ဖြစ်သော်လည်း သမ္မတနှင့်စစ်တပ်အား ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ထားသူဖြစ်သည်။ သူ မရှိတော့သည့်အခါ ကြားခံပြိုလဲသွားတော့သည်။

    လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်က USDP ဗဟိုကော်မတီ အဖွဲ့ဝင်အချို့သည် ဦးရွှေမန်း၏ မူဝါဒများ၊ ပါတီ၏ ဆုံးဖြတ်ချက် နည်းစဉ်များနှင့်စပ်လျဉ်း၍ ဦးသိန်းစိန်ထံ စာရေးပေးပို့ခဲ့ကြသည်။ ဦးရွှေမန်း ထုတ်ပယ်မခံရမီ တစ်ရက်အလို ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း စာရင်း ထုတ်ပြန်ရာတွင် အများစုမှာ စစ်တပ်ထွက် အငြိမ်းစားအရာရှိ ၁၅၀ ဦးဖြစ်နေသဖြင့် တင်းမာမှုများ ထပ်မံ မြင့်တက်လာခဲ့သည်။

    ဦးရွှေမန်း၏ကျဆုံးခန်းတွင် စစ်တပ်သည် မည်သည့်ကဏ္ဍမှပါဝင်သည်ကို မရှင်းလင်း လှသော်လည်း သူတို့သည် အင်အားသုံးရမည့်ကိစ္စများအတွက် မဖြစ်မနေ သဘောတူလိုက်လျောရကြောင်း နိုင်ငံရေးသုတေသီများက ဆိုသည်။

    ရဲတပ်ဖွဲ့ဝင်များစေလွှတ်ခြင်းအမိန့်အတွက် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချူပ်ကြီး ကိုကိုထံမှ ခွင့်ပြုချက်ကို ရယူရ၏။ ပြည်ထဲရေးဝန်ကြီးဋ္ဌာနသည် စစ်တပ်ရေးဆွဲသော ဖွဲ့စည်းပုံ စည်းမျဉ်းအောက်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား အမိန့်ပေးနိုင်သည့် အုပ်စုသုံးစုအနက် တစ်ခု အပါအ၀င်ဖြစ်သည်။

    “သူတို့လုပ်သမျှကတော့ အာဏာပါဝါပြမှုပါပဲ။ ငါတို့ ဒီလိုလုပ်နိုင်တယ်ဆိုတာ ကြည့်ထားကြ ဆိုပြီး ပြသလိုက်ခြင်းဖြစ်ပါတယ်” ဟု USDP အမတ် ဦးဝင်းဦးမှာ ပြောကြားခဲ့သည်။

    Ref : Reuters ; “After failed attempts to remove rival, Myanmar’s president used force”
    ဘာသာပြန်-မြင့်မိုရ်မောင်မောင်

  • ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် ချင်းပြည်နယ်မှ ခရစ်ယာန် ဘုရားကျောင်းများ ပျက်စီးမှုရှိ

    ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် ချင်းပြည်နယ်မှ ခရစ်ယာန် ဘုရားကျောင်းများ ပျက်စီးမှုရှိ

    သြဂုတ် ၂၂ ၊ ၂၀၁၅
    M-Media

    Apartments are destroyed following a landslide due to heavy rain in Harkhar, Chin State of Myanmar on July 30, 2015.  Floods triggered by torrential monsoon rains have killed at least 10 people in Myanmar in the last 48 hours, state media and officials reported on July 25, 2015. AFP PHOTO / Bik Lian
    ရေကြီးမြေပြိုမှု ဟားခါးမြို့မှာ အပျက်အဆီးတချို့ ဇူလိုင် ၃၀ ရက်နေ့က တွေ့ရစဉ် Photo by Bik Lian/AFP

    ရေကြီးမှုကြောင့် ချင်းပြည်နယ်၌ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကြောင့် ခရစ်ယာန်ဘုရားကျောင်း အနည်းဆုံး ၆ ကျောင်း၊ အိမ်ခြေရာဂဏန်း ပျက်စီးပြီး ထောင်နှင့်ချီသောလူတို့ နေရာရွှေ့ပြောင်းခဲ့ကြရသည်။

    ဟားခါးမြို့ရှိ မိမိ၏ရပ်ကွက်မှ ဘုရားကျောင်းများမှာ ရေကြီးခြင်းကြောင့် ပျက်စီးသွားကြောင်း၊ လူပေါင်း ၂၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ရကြောင်း၊ မတ်နှင့်ဧပြီလအတွင်း ဖွင့်လှစ်တော့မည့် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းသစ်နှစ်ခုမှာလည်း ဆိုးရွားစွာ ပျက်စီးသွားပြီး မြေသားမခိုင်မာသဖြင့် အသစ်ပြန်လည်ဆောက်လုပ်ရန် မဖြစ်နိုင်ဘဲ နေရာရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ဟားခါးမြို့ ခေါင်လူးလ် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း သင်းအုပ်ဆရာတော် Lai Cung မှ ပြောကြားသည်။

    “စုဝေးရာဘုရားကျောင်း သစ်သားကျောင်းဆောင်ငယ်လေးကတော့ မြေပြိုလို့ လုံးလုံးလျားလျား ပျက်စီးသွားပါတယ်။ ဟားခါးမြို့နဲ့ အနီးအနားရွာ ၂ ရွာက အိမ်ခြေ ၈၀၀ အထက် ပျက်စီးဆုံးရှုံးခဲ့တယ်။ အိမ်ပြန်စရာမရှိတော့တဲ့ လူပေါင်း ၄၀၀၀ ကျော်အတွက် ယာယီနေထိုင်ဖို့ စခန်းတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် Tluang Ceu မှ UCA သတင်းဋ္ဌာနသို့ သြဂုတ်လ ၁၉ ရက် တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ကက်သလစ်အသင်းတော်မှ မိမိတို့၏ဘုရားကျောင်းများ ပျက်စီးမှု အလျဉ်းမရှိကြောင်း ဆိုသလို၊ သတ္တမမြောက်နေ့အသင်းတော်ကမူ မိမိတို့၏ဘုရားကျောင်း ၃၂ ခုအထိ ပျက်စီးသွားကြောင်း ဆိုသည်။

    ချင်းပြည်နယ်သည် ခရစ်ယာန်ဘာသာဝင်များ အများစုနေထိုင်သော တောင်တန်းဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနှင့် ဆင်းရဲမှုအမြင့်မားဆုံး နယ်ပယ်တစ်ခုလည်းဖြစ်သည်။

    ref: UNC News

  • မျိုးစောင့် ဥပဒေပြဌာန်းမှု မြန်မာအစိုးရကို အလှူရှင်နိုင်ငံများ ရှုတ်ချဖို့ HRW တိုက်တွန်း

    မျိုးစောင့် ဥပဒေပြဌာန်းမှု မြန်မာအစိုးရကို အလှူရှင်နိုင်ငံများ ရှုတ်ချဖို့ HRW တိုက်တွန်း

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    weyathu
    မျိုးစောင့်ဥပဒေပြဌာန်းပေးဖို့ ၉၆၉ အဖွဲ့မှ နိုင်ငံတဝှမ်း လှုံဆော်၍ လက်မှတ်များ ကောက်ခံခဲ့သည့် ကမ်ပိန်းတခုတွင် တွေ့ရသည့် ဦးဝီရသူ (ဓါတ်ပုံ ဧရာဝတီ)

    – ဘာသာအယူ ပြောင်းလဲသက်ဝင်မှုနှင့် မယားပြိုင်ထားခြင်းကို ကန့်သတ်သော၊ နိုင်ငံအတွင်း လူမျိုးရေး တင်းမာမှုများကို မီးထိုးပေးမည့် အန္တရာယ်ရှိနေသော ဥပဒေနှစ်ခုအား မြန်မာနိုင်ငံက အတည်ပြုခြင်းကို အဓိက အလှူရှင်နိုင်ငံများက လူသိရှင်ကြား ရှုတ်ချသင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ထိုဥပဒေ ၂ နှစ်ခုကို အတည်ပြုခဲ့ခြင်းကြောင့် မွတ်စလင် ဆန့်ကျင်ရေး သဘောထားများကို အားမနာပ ပြောဆိုကြသည့် သဘောထားတင်းမာသော ဘုန်းကြီးများအုပ်စုမှ တွန်းအားပေးသော မျိုးစောင့် ဥပဒေအောက်မှ ဥပဒေကြမ်း လေးခုစလုံး အတည်ပြုပြီးဖြစ်သည်။

    “လွှတ်တော်ဟာ အခြေခံလူ့အခွင့်အရေးတွေကို လစ်လျူရှုတာသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့  တင်းမာနေတဲ့ လူမျိုးစုအချင်းချင်း ဆက်ဆံရေးတွေအပေါ်မှာ မီးထိုးပေးလိုက်တာဖြစ်ပြီး၊ အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ အသွင်းကူးပြောင်းရေးကိုလည်း အန္တရာယ်ဆီ တွန်းပို့လိုက်တာလည်း ဖြစ်ပါတယ်” ဟု Human Rights Watch အဖွဲ့၏ အာရှရေးရာ လက်ထောက်ဒါရိုက်တာဖြစ်သူ ဖီးလ် ရော်ဘတ်ဆန်က ပြောကြားခဲ့သည်။

    မြန်မာစစ်အာဏာရှင်များမှာ ၂၀၁၁ ခုနှစ်က ဆင်းပေးခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းသော ပြုပြင်ပြောင်းလဲရေး အစိုးရအတွက် လမ်းဖွင့်ပေးခဲ့သည်။ သို့သော်လည်း တိုင်းပြည်မှာ လစ်ဘရယ်ဖြစ်လာသည့်အချိန်တွင် မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားများ ပေါ်ထွက်လာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်လာခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် လူရာချီသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    “မြန်မာနိုင်ငံရဲ့ အဓိကအလှူရှင်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ဥရောပသမဂ္ဂ၊ ယူကေနဲ့ အမေရိကန်တို့က ဒီဥပဒေတွေကို လူသိရှင်ကြား ရှုတ်ချသင့်ပြီး၊ ဒီဥပဒေတွေကို ချက်ခြင်းရုပ်သိမ်းဖို့ တိုက်တွန်းသင့်ပါတယ်” ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။

    ဥရောပသမဂ္ဂကမူ ထိုဥပဒေများမှာ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပွင့်လင်းသော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းအား အခြေပျက်စေသည်ဟု ပြီးခဲ့သည့် ဇူလိုင်လတွင် ပြောကြားခဲ့သည်။

    အမျိုးသားရေး ဗုဒ္ဓ၀ါဒမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များကပင် မြန်မာနိုင်ငံတွင် အမြစ်တွယ်ခဲ့သော်လည်း ထင်ရှားသည့် ဘုန်းကြီများက ဗုဒ္ဓဘာသာမှာ ခြိမ်းခြောက်မှုအောက်ရောက်နေသည်ဟု ဟောပြောမှုနှင့်အတူ မကြာသေးမီနှစ်များအတွင်း ထိုဝါဒမှာ နိုင်ငံရေးလွှမ်းမိုးမှု ပိုမိုရရှိခဲ့သည်။

    “ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ဆို့တဲ့ သူတို့ရဲ့ ဒီဥပဒေတွေကို ဖန်တီးတဲ့သူတွေဟာ ခရစ်ယာန်အပါအ၀င် အခြားသော ဘာသာရေးလူနည်းစုတွေကိုလည်း ခြိမ်းခြောက်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ညှင်းပန်းနှိပ်စက်ခံ မွတ်စလင်လူနည်းစုတွေကိုပေါ့။ လူတစ်ဦးချင်းဆီရဲ့ အယူဝါဒနဲ့ ပတ်သက်ပြီး တော်တော်လေး နီးနီးကပ်ကပ် ကန့်သတ်ဖို့ ဒေသခံ အာဏာပိုင်တွေကို ခွင့်ပြုလိုက်တာဟာ ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ် ချုပ်ခြယ်မှုဆီ လမ်းခင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။ ” ဟု ရော်ဘတ်ဆန်က ထပ်လောင်းပြောကြားခဲ့သည်။

  • ကိုယ့်ကိုကိုယ် သနားနေတာတဲ့လား

    ကိုယ့်ကိုကိုယ် သနားနေတာတဲ့လား

    သြဂုတ် ၂၁ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    dont-rely-on-someone-you-cant-talk-to
    တချို့ရှိတယ်။ အချင်းချင်းတွေ့လိုက်ရင်စကားလက်ဆုံကျလို့ ပြောတဲ့အခါ ရာခိုင်နှုန်းတော်တော်များများက ကိုယ့်အကြောင်း၊ ပြီးတော့ မကောင်းမြင် အတွေးတွေ အပြည့်နှင့်ပေါ့။ ဆိုပါစို့ တစ်ယောက်နှင့် တစ်ယောက်တွေ့လို့ မေးရိုးမေးစဉ်မေးနေကျအတိုင်း “နေကောင်းလား” ဆိုတာနှင့် ဖြေပြပါလိမ့်မယ် တသီကြီး။ ခေါင်းကိုက်၊ ဗိုက်နာ၊ မတ်တပ်နာက အစ ကြီးကြီးမားမား ဝေဒနာအဆုံး ရိုက်မစစ်ရဘဲ အသေးစိတ်ပြောပြပါလိမ့်မယ်။

    “ကောင်းတယ်လို့ မပြောနိုင်ပါဘူး” အစချီပြီး အသက်အရွယ် ရလာတာနဲ့ အမျှ ဘာမှမကောင်းချင်တော့ဘူး။ နှလုံးသွေးတိုး၊ ဆီးချိုအပြင် ကိုယ်တွင်းကလီစာတွေ ဘာတစ်ခုမှ မကောင်းတော့တဲ့ အကြောင်း ဖွဲ့နွဲ့ပြောတတ်ကြတယ်။

    ပြီးတော့ရှိသေးတယ်။ ဘယ်ရောဂါ အတွက် ဘယ်အထူးကု ဆရာဝန်ကြီး ဆရာဝန်မကြီးတွေနှင့် ပြနေရတယ်ဆိုတာရယ် ဘယ်ပုဂ္ဂလိက အထူးကုဆေးရုံတွေမှာ ဘယ်လိုသွားလာ ကုသနေရသလဲဆိုတာကိ အားပါးတရပြောပြတာမျိုးလည်း ရှိတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ မလွှဲမရှောင်သာ ကုသနေရသူတွေရှိပါတယ်။ ဒါပေမယ့် တချို့ကတော့ အကဲပိုလို့ ဇာချဲ့နေတတ်တဲ့သဘော။ ဒါကသက်ကြီးပိုင်းတွေပြောလေ့ရှိတဲ့ နှုတ်ဆက် စကားဆိုပါစို့။ ဒါကလည်းအိုလာလို့ နာရတဲ့အကြောင်းတွေလို့ သဘောထားချင်သား။ ဒါပေမယ့် တချို့ လူငယ် လူလတ် လူရွယ်တွေကျပြန်တော့လည်း သူတို့ရဲ အခက်အခဲ၊ ဒုက္ခတွေကို (တစ်ခါတစ်ရံမှာဝေဒနာ) အကြောင်း ခိုညည်း ညည်းသလိုပြောတတ် ဆိုတတ်ကြသေးတယ်။ ကိုယ့်ကို လက်ခံစကားပြောနေသူ နားထောင်ချင်မှန်း၊ စိတ်ဝင်စားမှန်းမသိ စိတ်ထဲရှိသမျှ အိတ်သွန်လို့ ဖာမှောက်ပြီး ပြောချကြရော။

    ကောင်းပြီ။ ကိုယ့်ရဲ့အခက်အခဲနှင့် မပြေလည်မှုတွေကို ဖွင့်ပြောသင့်ပြောထိုက်တဲ့သူ။ ကူညီဖြေရှင်းပေးနိုင်မဲ့သူ ဆိုရင်တော့ အဟုတ်သားပေါ့။ အဲဒီင်္လို မဟုတ်ခဲ့ရင်တော့ စဉ်းစားဆင်ခြင်ဖို့ လိုနေပြီလေ။

    ကိုယ်ပြောသမျှ နားထောင်ပေးတဲ့လူတိုင်းလိုလိုက ကိုယ့်ကိုကိုယ် သနားစိတ်ဝင်နေသလို တစ်ထပ်တည်း ခံစားနေကြမှာပဲလို့တော့ လုံးဝမထင်နှင့်နော်။ အားနာပါးနာနှင့် နားထောင်ပေးပြီး ဝမ်းနည်းသယောင် စိတ်မကောင်းသယောင် ခဏတဖြုတ်ဖြစ်ပြီးရင်တော့ ထွက်သွားကြမှာ။ ကျန်တဲ့အပိုင်းကတော့ ကိုယ့်ဘာသာဆက်ပြီး ခံစားနေပေတော့။

    ကိုယ့်ခံစားရတဲ့ အခက်အခဲ၊ သောကနှင့် ဝေဒနာစတာတွေဟာ ဘယ်သူ့မှာမှ မခံစားရဘဲ ကိုယ်ချည်း ခံစားနေရပါလားဆိုတဲ့ အတွေးမျိုးတော့မရှိသင့်ဘူး။ ဒါ့အပြင် ကိုယ့်သောတွေက သူများတကာတွေထက် ပိုဆိုးနေတယ်ဆိုတဲ့အမြင်မျိုးကို ဖယ်ရှားရမှာပါ။ တကယ်တမ်းပြောရရင် လောကကြီး တစ်ခုလုံးမှာရှိတဲ့လူတွေဟာ မိနစ်တိုင်း စက္ကန့်တိုင်းမှာ ကိုယ့်အခက်အခဲနှင့် ကိုယ်ရှိနေကြစစမြဲပါ။ ကိုယ်တစ်ယောက်တည်း ခံစားရလေခြင်းလို့တော့ မထင်ပါနှင့်။ ဝမ်းနည်းမှု၊ ဆုံးရှုံးမှုနှင့် အခက်အခဲတွေ အဆင်မပြေမှုတွေဆိုတာ လူသားတွေနှင့် ချိတ်ဆက်ထားတဲ့ အရာတွေပါလားဆိုတယကို သဘောပေါက်ထားဖို့ လိုပါတယ်။

    ကိုယ်က အားတက်သရောပြောပြတာတွေကို တဖက်သားက အရေးမစိုက်သလိုလို အရေးမကြီးသလိုလို လုပ်တိုင်း အပြစ်မမြင်ပါနှင့်။ သူတို့အားလုံးမှာလည်း ကိုယ့်ကိစ္စနှင့် ကိုယ်ချည်းရှိနေကြတာမို့ စာနာစိတ်မရှိဘူးလို့ မစွပ်စွဲသင့်ပါဘူး။ အကြင်နာ၊ ဂရုဏထားတာက တစ်ပိုင်း သူတို့ရဲ့ကိုယ်ရေးကိုယ်တာ ခံစားနေရတာတွေက တစ်ပိုင်းဆိုတာ မမေ့သင့်ဘူး။

    ကိုယ့်ကိုကိုယ် သနားစိတ်ပိုလွန်းသူဟာ တစ်ဦးဦးကို အားကိုးအားထားပြုချင်လာတယ်။ ဘဝမှာ ကိုယ့်ကိုဖေးမမဲ့သူ မရှိရင် မဖြစ်ဘူးလို့တွေးလာမိတဲ့ အထိ ကိုယ့်အခက်အခဲတွေချည်း ဖွင့်ပြောနေပြီး သူများတကာကို အမှီသဟဲပြုနေတာထက် သူ့အခက်အခဲတွေကို အလေးထား နားထောင်ပြီး ကူညီပေးနိုင်အောင် စဉ်းစားတာက ကိုယ့်သောကကိုပါ လျော့ပါးစေတတ်ပါတယ်။ အသေးအဖွဲ့က အစ ခပ်ကြီးကြီးအထိ သူများချည်းအားကိုးနေတာ စိတ်ပင်ပန်းလှပါတယ်။

    အခက်အခဲဆိုတာ လူတစ်ယောက်ရဲ့အရည်အသွေးကို စမ်းသပ်ပြီးအမြင့်ကိုတွန်းတင်ပေးနိုင်တဲ့ တွန်းအားလို့ အမြင်ပြောင်းကြည့်လိုက်မယ်ဆိုရင်ပေါ့။ ကိုယ့်ရဲ့အခက်အခဲနှင့်ပြသာနာ စတာတွေကို ငိုင်မှိုင်တွေဝေပြီး စိတ်ညစ်နေမဲ့အစား ထွက်ပေါက်ရှာကြိုးပမ်းတာဟာ လကတွေ့ဆန်တယ်။ ကိုယ်ရောသူများ အတွက်ပါ အချိန်ပေးပြီး ထည့်စဉ်းစယးသူအတွက် သောကဖွေနေစရာ အချိန်ပိုမရှိတာကို သိလာရင်တော့ သိပ်ကိုပျော်မိမှာသေချာတယ်။

    “ငါ့နှယ် ပညာတွေသင်ရတာ အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာ နေထွက်ကနေဝင်အားချိန်ကို မရှိပါဘူး။” ဆိုတဲ့အတွေးနှင့် ကိုယ့်ကိုကိုယ် သနားစိတ်ဝင်နေသူတွေဟာ မနည်းမနောပါ။ အဲဒီလိုအချိန်ပြည့် လှုပ်ရှားသွားလာ ရုန်းကန်ခွင့်ရတာ၊ ကိုယ့်အတွက်ရော သူများအတွက်ပါ ကောင်းကျိုး တစ်ခုခုပြုနိုင်တာဟာ သဘာဝကပေးတဲ့ ကံကောင်းခြင်းလက်ဆောင်တွေလေ။ အခြေအနေ တစ်ခုခုကြောင့် အိပ်ရာထဲလဲပြီး ဘာတစ်ခုမှ လှုပ်ရှားမရနိုင်တဲ့ ဘဝကိုစာနာမိရင်ပေါ့။

    ဒါကြောင့် နေလာသမျှအခက်အခဲတွေ၊ အဆင်မပြေမှုတွေကို တွေးတွေးပြီး ကိုယ့်ကိုကိုယ် သနားစိတ်ဝင်တတ်တဲ့ အကျင့်လေးရှိရင် ဖျောက်ပစ်နိုင်အောင်ကြိုးစားသင့်တယ်။ ဘဝရဲ့စိန်ခေါ်မှုတွေဟာ ကိုယ့်အတွက် လှပတဲ့အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်တဲ့ အရာတွေလို့ အမြင်ပြောင်းကြည့်ရအောင်။ ကဲ ဒါဆိုရင် ဘယ်တော့များမှ ပြောင်းလဲကြည့်မယ်လို့ စိတ်ကူးသံလဲ မနက်ဖြန်ဆိုတာဝေးပါသေးတယ်။ “အခု” လို့ဆိုရင် စာဖတ်သူ ဘယ်လိုသဘောရသလဲ။

    နှင်းဆီခင်