News @ M-Media

Author: M-Media

  • မြန်မာမှ ရွှေပြောင်းနေထိုင်သူများကို ဆော်ဒီအစိုးရမှ ပညာရေးနှင့် ကျန်းမာရေး အထောက်အပံ့တိုးချဲ့ပေး

    မြန်မာမှ ရွှေပြောင်းနေထိုင်သူများကို ဆော်ဒီအစိုးရမှ ပညာရေးနှင့် ကျန်းမာရေး အထောက်အပံ့တိုးချဲ့ပေး

    သြဂုတ် ၉ ၊ ၂၀၁၅
    M-Media

    Prince Khaled Al-Faisal
    (ဓာတ်ပုံ) ဆော်ဒီမင်းသား ခါလစ်ဒ် အလ်ဖိုင်ဆဲလ်

    လာရောက် အခြေချမှုအပေါ် အတည်ပြုခံရပြီးသော မြန်မာနိုင်ငံမှ ရွှေပြောင်းနေထိုင်သူများ၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များကို အပြည့်အ၀ ပေးကမ်းသွားရန် မင်းသား ခါလစ်ဒ် အလ်ဖိုင်ဆဲလ်မှ ညွှန်ကြားလိုက်သည်။

    ဤကိစ္စနှင့်စပ်လျဉ်း၍ –  မြို့တော်ဝန်သည်လည်း မြန်မာ လူ့အသိုင်းအ၀ိုင်းကို ဆော်ဒီနိုင်ငံသားများလိုပဲ ခံစားခွင့်ရအောင် ဆောင်ရွက်ပေးရန် အမိန့်ပေးခဲ့ကြောင်း၊ ၎င်းပြင် မြန်မာပြည်သား အသိုင်းအ၀ိုင်း၏ အခြေအနေကို ဂဃနဏ လေ့လာရန်ရန် စီစဉ်ခဲ့ကြောင်း၊ ၎င်းတို့၏ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်အကိုင်ပြဿနာများအပေါ် သက်ဆိုင်ရာ အစိုးရဋ္ဌာနအရာရှိများနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း မက္ကဟ်မြို့တော်ဝန်ရုံး၏ လူထုဆက်ဆံရေးနှင့် မီဒီယာကဏ္ဍ ဒါရိုက်တာချုပ်ဖြစ်သူ စုလ်တန် ဘင်န် အရာ့ရ် အလ် ဒိုစာရီက ဆိုသည်။ ပမာအားဖြင့် အသည်း၊ ပိုလီယိုနှင့် အခြား အခြေခံရောဂါကာကွယ်ဆေး လိုအပ်နေသူများအပါအ၀င် အရေးပေါ်လူနာများကို အစိုးရပိုင် ပင်မဆေးရုံကြီးများထံ လွှဲပို့ပေးရန် စသည်တို့ဖြစ်သည်။

    ထိုသူတို့အား မက္ကဟ်နှင့် ဂျစ်ဒဟ်ရှိ အရဗီကျောင်း၌ ပညာသင်ကြားနိုင်ရေး အပါအ၀င် အမျိုးမျိုးသော ခံစားခွင့်များကို မက္ကဟ်မြို့တော်ဝန်မှ တိုးချဲ့ပေးလိုက်ပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကလည်း မြန်မာပြည်သားတို့အပေါ် အလျဉ်မပြတ် ကူညီအားပေးနေသော ဆော်ဒီအာရေဗျကို ဂုဏ်ပြုချီးကျူးသည့်အပြင် ဒေသတွင်းသာမက ကမ္ဘာနှင့်ချီ၍ စံနမူနာကောင်း လုပ်ရပ်တစ်ခုအဖြစ် ဖော်ပြရန်ထိုက်တန်သည်ဟု ပြောဆိုလိုက်ကြောင်း၊ မိမိတို့၏ အခြေချနေထိုင်ရေးကို သုံးသပ်ပေးရန် အဆိုပြုတင်သွင်းသူ မြန်မာနိုင်ငံသားများမှာ ဆော်ဒီဒေသ ၉ ခုတွင် နှစ်သိန်းလေးသောင်းခန့်ရှိနေကြောင်း အခြေချ မြန်မာပြည်သားတို့၏ အနေအထား တည့်မတ်ပေးရေးကော်မတီဥက္ကဋ္ဌ အဗ်ဒုလ္လာဟ် ကရ်ရာရှီက ဖြည့်စွက်ပြောကြားသည်။

    Ref : Arab News

  • စိတ်ခံစားမှုများ လွန်မြောက်အောင်

    စိတ်ခံစားမှုများ လွန်မြောက်အောင်

    သြဂုတ် ၈ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    depression
    လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေကမယ်မထင်ပါဘူးနော်။ စီးပွားရေး၊ လူမှုရေး၊ သားရေးသမီးရေးကအစ ပညာရေးအဆုံးပူမယ်ဆိုရင် ပူစရာချည်းပေါ့။ လူဆိုတာကလည်း ဒုက္ခနှင့်ယှဉ်မွေးလာတာတဲ့။ လူတွေကပြောကြတယ်။ မိုးလင်းလို့ မျက်စိနှစ်လုံး ပွင့်လာတယ် ဆိုကတည်းက တစ်နေ့တာ ကုန်ဆုံးရမဲ့ အရေးက ခေါင်းထဲတိုးဝင်လာရော။ ဆောင်ရွက်ရမဲ့ တာဝန်တွေ ဝတ္တရားတွေကခေါင်းထဲမှာ တန်းစီနေတာမို့ ဇယ်စက်သလိုလုပ်ကြရတာ လူအများစုရဲ့သဘာဝလို့ ဆိုရမှာပါ။

    တစ်ခုရှိတာက ကိုယ်ဆောင်ရွက်ရမဲ့ အရာခပ်သိမ်းဟာ အဆင်ပြေချောမွေ့နေတယ်ဆိုလို့ကတော့ ဘာအရေးလဲ။ တစ်ခုပြီးတစ်ခု အစဉ်အတိုင်းလုပ်လိုက်ရုံရှိတာပေါ့။ ဒါပေမယ့် လက်တွေ့လောကက ထင်သလောက်မလွယ်ဘူးလေ။ အခက်အခဲတွေ စိန်ခေါ်မှုတွေက အခါသမယကြုံနေရတာမျိုး မဟုတ်လား။ ဒီတော့ နဂိုကမှစိတ်ဓာတ်ပျော့ညံ့သူဆိုရင်တော့ သောကစိတ်ကြောင့် လူရောစိတ်ပါ ပင်ပန်းမှာတော့ သေချာနေပြီ။ ခေါင်းအေးအေး ထားတတ်ပြီး ချင့်ချင့်ချိန်ချိန်ရှိသူဆိုရင်တော့ တော်ရဲ့။ အရာရာကို အသေအချာ ကိုင်တွယ်ဖြေရှင်းနိုင်တာကိုတော့ စိတ်ခံစားမှု မပြင်းထန်လှဘူးပေါ့။

    တကယ်တမ်းပြောရရင် အသက်အရွယ်၊ အတွေ့အကြုံနှင့် အခြေအနေကို လိုက်ပြီးစိတ်ခံစားမှုတွေ ကွဲပြားလေ့ရှိပါတယ်။ စိတ်လှုပ်ရှား လွယ်သူတွေကတော့ အသက်အရွယ်မရွေး ပြင်းပြင်းထန်ထန် ခံစားတတ်စမြဲပါ။ ကောင်းပြီ ဒါဆိုရင်စိတ်ခံစားမှုကြောင့် ရုပ်ပိုင်းဆိုင်ရာပါ အထိအခိုက်ခံရတော့မှာလား။ လောကဓံဆိုတာကလည်း ဘဝရှိနေသရွေ့ရှောင်လို့မှ မလွတ်တာပဲ။ ဒီတော့ ဘာလုပ်မလဲ။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းရုံကလွဲလို့ တခြားနည်းလမ်းမှမရှိတာ၊ ထွက်ပေါက်ရနိုင်မဲ့နည်းလမ်းတွေကိုပဲ ရှာယူရမှာပဲပေါ့။

    တချို့ရှိတယ်။ စိတ်ခံစားမှုတွေနှင့် ဘဝတစ်ခုလုံးပိတ်လှောင်နေတယ်၊ ထွက်ပေါက်မရှိအောင် ပိတ်မိနေတဲ့သဘော။ လူတိုင်းနီးပါးဟာ အတွေးထဲမှာ ကိုယ်ပိုင်စိတ်ကူးနှင့်ရည်မှန်းချက်တွေ ရှိနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မသိစိတ်မှာရှိနေတဲ့ဆန္ဒနှင့် စိတ်ကူးတွေက အိမ်မက်အဖြစ်ပေါ်လာတတ်တယ်။ အထူးသဖြင့်တော့ အလိုမပြည့်သူဟာ စိတ်အားငယ်မှုနှင့် စိတ်ပျောက် လက်ပျောက်ဖြစ်နေမှာ အမှန်ပါပဲ။ ဒါကို နားလည်စာနာပေးသူ တစ်ဦး ဒါမှမဟုတ် တစ်ဦးထက် ပိုသူတွေရှိမယ်ဆိုရင်တော့ စိတ်ခံစားမှုနှင့် ချောင်ပိတ်မိနေသူအတွက် လျော့ပါးသက်သာသွားနိုင်ပါတယ်။ ဒါ့အပြင် သူ့ကိုမေတ္တာထားသူ ကြင်နာသူရှိမယ်ဆိုရင်တော့ စိတ်ပေါ့ပါး သက်သာပြီး ပျော်ရွှင်လာမှာ သေချာတယ်။

    စိတ်ခံစားလွယ်သူ တစ်ဦးဟာ သူ့ရဲ့လုပ်ငန်းခွင်မှာ ပညာရေးဆိုင်ရာ သင်တန်းစတာတွေမှာ အခက်အခဲကြုံရတတ်တယ်။ ဆိုပါစို့ ကိုယ့်ရဲ့အထက်အရာရှိ၊ အလုပ်ရှင်၊ ဆရာသမားစသူတွေနှင့် ရင်မဆိုင်ရဲဘူး။ ရဲရဲဝံ့ဝံ့စကားမပြောရဲဘူး။ အစည်းအဝေးတက်ရတဲ့အခါမှာ ဒါမှမဟုတ် လူစုလူဝေး အခမ်းအနားတစ်ခုခုကို တက်ရတဲ့အခါ လူတော မတိုးရဲသလို ဖြစ်တတ်တယ်။ ဦးဆောင် ဆွေးနွေးဖို့ဆိုတာ ဝေးလာဝေး။ သူများတကာပြောဆိုတာတွေကိုတောင် စိတ်ပါလက်ပါ အလေးထားပြီး နားထောင်ဖို့ မလွယ်လှဘူး။ တစ်စုံတစ်ခုပြောလိုက်ရင် မှားသွားမလား။ သူများတကာက ဘာတွေပြောကြမလဲ ကိုယ့်ကိုဘယ်လိုများ ထင်သွားမလဲစတဲ့ အတွေးတွေက စိတ်ခံစာမှုတွေကို တဝဲလည်လည်ဖြစ်နေတာကြောင့်ပါပဲ။ ဒီတော့ ကိုယ်ကျင်လည်ရတဲ့ ဝန်းကျင်မှာ သဟဇာတမဖြစ်ဘဲ အဆင်မပြေဖြစ်နေတဲ့ အပြင် စိုးရိမ်စိတ် သောကစိတ်တွေ ဖိစီးနှိပ်စက်မှုကို ခံနေရတတ်ပါတယ်။

    ကောင်းပြီ အဲဒီလိုခံစားမှုတွေကြောင့် သောကပိုနေသူတွေအတွက် သုတေသန ပညာရှင်တွေ အကြံပြုထားတာကို လေ့လာကြည့်နိုင်ပါတယ်။ ဦးဆုံးအနေနှင့်ကတော့ ကိုယ့်ကိုကိုယ် အမှန်အတိုင်းသိမြင်အောင် နားလည်အောင်ကြိုးစားရမှာပါ။ စိတ်ဓာတ်နုနယ်ပြီး ကလေးဆန်တဲ့ အတွေးတွေကို အမှန်တကယ်ဆင်ခြင်မိရင် ဖျောက်ဖျက်ပစ်အောင် ကိုယ်တိုင်ပြုပြင်ယူရမှာဖြစ်တယ်။ အတိတ်မှာကြုံခဲ့ရတဲ့ အခက်အခဲတွေနှင့် ဆုံးရှုံးမှုတွေကို တစိမ့်စိမ့်တွေးနေတတ်သူဟာလည်း စိတ်ခံစားမှုပိုတတ်ပါတယ်။ ဒါကြောင့်ထူးလာမှာ မဟုတ်တဲ့အတိတ်ကို တူးဆွနေခြင်းမျိုးတွေကို ကိုယ်ကိုတိုင် ပယ်ဖျောက်ပစ်ဖို့ အရေးကြီးတယ်။

    ကိုယ့်ကိုယ်ကိုအထီးကျန်သလို ပတ်ဝန်းကျင်နှင့် ကင်းကွာသလို မနေဘဲ လိုက်လျော ညီထွေနေတတ်အောင်ပြုပြင် ယူမယ်ဆိုရင်ပေါ့။ ရင်ထဲကခံစားမှုတွေ လျော့ပါး သက်သာလာမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေမှာလည်း သူ့သောက၊ သူ့အခက်အခဲနှင့် သူရှိနေပါလားဆိုတဲ့ အတွေးအမြင် ရလာတာကိုး။ ကိုယ်နှင့်ဆက်ဆံနေသူတွေ ကိုယ့်အပေါ် သနားစိတ်ဝင်နေအောင် ကိုယ့်ဒုက္ခတွေကိုချည်း ဖွင့်ချပြနေတာထက် မှန်ကန်တဲ့ကြံဆနည်းတွေနှင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီကြတာကပိုပြီး လက်တွေ့ဆန်ပါတယ်။

    လူဆိုတာက သောကကင်းတယ်လို့မှ မရှိတာ၊ သောကနည်းတာနှင့် များတာပဲကွာတယ်လေ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်အသနားပိုပြီး စိတ်ခံစားမှုဝဲဂယက်ထဲ မျောနေတာထက် ဘဝကိုရင်ဆိုင်ရုန်းကန်နိုင်အောင် ကိုယ့်ရဲ့စိတ်ဓာတ်ကိုပြုပြင်ယူဖို့ အရေးကြီးပါတယ်။ လူ့တောထဲမှာ လူတွေနှင့် အလိုက်သင့်ပေါင်းသင်း ဆက်ဆံတာ၊ လူသားအကျိုးပြု  ကိစ္စရပ်လေးတွေမှာ ပါဝင်ဆောင်ရွက်တာဟာ စိတ်ခံစားမှုပြင်းထန်ခြင်း အတွက် ထွက်ပေါက် တစ်ခုပါဆိုတဲ့အကြောင်း…….။

    နှင်းဆီခင်

  • ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ၏ ရခိုင်ခရီးစဉ် မြန်မာ အစိုးရပိတ်ပင်

    ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ၏ ရခိုင်ခရီးစဉ် မြန်မာ အစိုးရပိတ်ပင်

    သြဂုတ် ၈ ၊ ၂၀၁၅
    M-Media
    Yanghee Lee
    လူနည်းစုဝင် ရိုဟင်ဂျာတို့၏ အခြေစိုက် ဒေသသို့ မိမိသွားရောက်မည့်ခရီးစဉ်ကို မြန်မာအစိုးရမှ ငြင်းပယ်ခဲ့ကြောင်း၊ ထို့ပြင် ယခင်ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သူများကို လုံခြုံရေးအရာရှိများက ဓာတ်ပုံရိုက်ထားခဲ့ကြောင်း မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသံတမန် ယန်ဟီးလီမှ သောကြာနေ့တွင် ပြောကြားလိုက်သည်။
    .
    ရခိုင်ပြည်နယ်သို့သွားရောက်ရန် မေတ္တာရပ်ခံချက်ကိုသာမက မြန်မာနိုင်ငံအတွင်း ၁၀ ရက်အထိ နေထိုင် သွားလာခွင့်အား မြန်မာအစိုးရမှ ငြင်းပယ်ပြီး ၅ ရက်သာ ခွင့်ပြုခဲ့သည်ဟု သူမက ဆိုသည်။
    .
    “ပြီးခဲ့တဲ့ခရီးစဉ်တုန်းက ကျွန်မ တွေ့ဆုံဆွေးနွေးခဲ့သူတိုင်းဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံရိုက်ခြင်း၊ မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၊ နောက်ပိုင်းမှာ ခေါ်ယူမေးမြန်းခြင်း ခံခဲ့ရတယ်လို့ အခိုင်အမာ ကြားသိသတင်းရရှိခဲ့ပါတယ်။ ယခုနောက်ဆုံးခရီးစဉ်မှာလည်း ကျွန်မ တောင်းဆိုထားတဲ့ အစည်းအဝေးတွေကို ကြိုတင်အကြောင်းမကြားဘဲ ငြင်းပယ်တာ၊ ပြောင်းလဲဖျက်သိမ်းတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်ရင်ဆိုင်နေရတာကို ကျွန်မ နားလည်ပေးနိုင်ပေမယ့် ဒီလိုရင့်သီးတဲ့ဆက်ဆံမှုမျိုး ကြုံရလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ပါဘူး”။
    .
    ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး လှုပ်ရှားမှုအပေါ် တင်းကြပ်ထားခြင်းနှင့် ရိုဟင်ဂျာ မွတ်စ်လင်မ်တို့အတွက် နိုင်ငံသား အခွင့်အရေး ကိစ္စများအပေါ် ဝေဖန်ခဲ့ခြင်းတို့ကြောင့် မြန်မာအစိုးရ၏ ငြိုငြင်မှုကိုလည်းကောင်း၊ ထို့ပြင် သူမအား “ပြည့်တန်ဆာမ” ဟု သိက္ခာချခဲ့သည့် အရှင်ဝီရသူ ဦးဆောင်သော ဗုဒ္ဓဘာသာဝင် သံဃာများ၏ မုန်းတီးမှုကိုလည်းကောင်း ခံနေရသူဖြစ်သည်။ သို့သော် “ကျွန်မကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြုသဘောဆောင်မှတ်ချက်တွေနဲ့ ဆက်လက်မီးမောင်းထိုးပြသသွားဖို့ နောက်တွန့်မှာ မဟုတ်ပါဘူး” ဟု ယန်ဟီးလီမှ ပြောဆိုလိုက်သည်။
    .
    ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအများအပြားကို လာမယ့် နိုဝင် ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုမှာ မဟုတ်ဖူးလို့ ကြားသိရကြောင်း ဒါဟာ မွတ်စလင်မ် တွေအပေါ် ခွဲခြားဆက်ဆံ မှု ဖြစ်ကြောင်း၊ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့လိုကြောင်း စသဖြင့် ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ က ပြောကြားခဲ့သည်။

    Ref : Reuters

  • ဖမ်းဆီးခံ သင့်မြတ်လိုသူများအဖွဲ့ဝင် ၃ ဦး အာမခံလျှောက်ထား

    ဖမ်းဆီးခံ သင့်မြတ်လိုသူများအဖွဲ့ဝင် ၃ ဦး အာမခံလျှောက်ထား

    သြဂုတ် ၈ ၊ ၂၀၁၅
    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    .ZZL
    မတရားအသင်းဆက်သွယ်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးမြို့က သင့်မြတ်လိုသူများအဖွဲ့ဝင် ၃ ဦး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ အာမခံပေးဖို့ သူတို့ရဲ့ရှေ့နေက တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
    .
    ဒီနေ့ တရားရုံးချိန်းမှာ မတရားသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) အမှုကို စတင်စစ်ဆေးတယ်လို့ တရားစွဲခံထားရတဲ့ သင့်မြတ်လိုသူမျာအဖွဲ့ဝင် ကိုဇော်ဇော်လတ်က ပြောပါတယ်။
    .
    “ကျနော်တို့ ၁၇(၁)ကို ကျနော်တို့ စစစ်တယ်၊ စစစ်တာက ကျနော်တို့ အာမခံတင်ကြည့်တယ်၊ အာမခံတော့ မပေးသေးဘူး”
    .
    ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့ဝင် ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်နဲ့ ကိုဇော်ဝင်းဗိုလ်တို့ ၃ ဦးဟာ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇွန်လက ကေအိုင်အေ ထိန်းချုပ်နယ်မြေကို သွားရောက်ပြီး စစ်ဘေးဒုက္ခသည်တွေကို ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။
    .
    ဒါ့အပြင် ဘာသာပေါင်းစုံချစ်ကြည်ရေး ခရီးစဉ်အဖြစ် ချင်းပြည်နယ် တီးတိန်မြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
    .
    အဲ့ဒီခရီးစဉ်တွေကြောင့် သူတို့ ၃ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ တရားမဝင် နယ်ခြား ဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁)တို့နဲ့ ဖမ်းဆီးပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ ဒါ့အပြင် အဲ့ဒီခရီးစဉ်မှာပါတဲ့ နောက်ထပ်အဖွဲ့ဝင် ၃ ဦးနဲ့ သံဃာ ၁ ပါးကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။
    .

    ဓါတ်ပုံအညွှန်း- သင့်မြတ်လိုသူများအဖွဲ့ဝင် မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ် တို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၃ဝ ရက်နေ့က ရုံးထုတ်စဉ်
    Photo: Hset Paing Toe/RFA
    http://www.rfa.org/burmese/news/zawzawlatt-mandalay-court-08072015123339.html

  • ရိုဟင်ဂျာကလေးငယ် တစ်သိန်းလေးသောင်း ရေဘေးဒဏ်ခံနေရဟု ကုလမှပြောကြား

    ရိုဟင်ဂျာကလေးငယ် တစ်သိန်းလေးသောင်း ရေဘေးဒဏ်ခံနေရဟု ကုလမှပြောကြား

    သြဂုတ် ၈ ၊ ၂၀၁၅
    M-Media

    11058617_808508119262792_7027191650471652077_n
    လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆိုင်ကလုံးမုန်တိုင်းရိုက်ခတ်မှုဖြင့်  မိုးများခြင်းနှင့်ရေလျှံ ၀င်လာခြင်းကြောင့် မြန်မာနိုင်ငံရှိ အိုးအိမ်မဲ့ ရိုဟင်ဂျာမိသားစုဝင် ကလေးငယ် တစ်သိန်းလေးသောင်းခန့်မှာ ရေဘေးဒဏ်ခံနေရကြောင်း ကုလသမဂ္ဂအေဂျင်စီများက ဆိုသည်။

    “ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းထဲကလူတွေ အပါအ၀င် ကယ်ကူရာမဲ့ဖြစ်နေတဲ့ မိသားစုနဲ့ ကလေးငယ်များဟာ ရေလွှမ်းမိုးမှုဒဏ်ကို ကြုံနေရပါတယ်။ ဒီမိသားစုတွေရဲ့လူနေမှုဘ၀အပေါ်  ဒီဂယက်ရိုက်ခတ်မှုက ရှည်ကြာနိုင်ဦးမှာဖြစ်ပါတယ်” ဟု ကလေးငယ်များဆိုင်ရာ ကုလသမဂ္ဂအရေးပေါ်ရံပုံငွေအဖွဲ့ – Unicef မှ တာဝန်ရှိသူတစ်ဦးဖြစ်သော Shalini Bahuguna က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    “အိုးအိမ်မဲ့လူပေါင်း တစ်သိန်းလောက်နေထိုင်နေကြတဲ့ စစ်တွေတစ်ဝိုက်ဒုက္ခသည်စခန်းများက အခြေခံ အဆောက်အဦတွေနဲ့ နေရာထိုင်ခင်းတွေ အပျက်အစီးကြီးမားခဲ့ကြောင်း ကနဦးပိုင်းသတင်းများက ဆိုပါတယ်” ဟု လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကုလရုံး – UNOCHA မှ ဆိုသည်။

    ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်တွေကို လူမျိုးဘာသာမခွဲခြားဘဲ လူသားအချင်းချင်း ကူညီရမယ်ဆိုတဲ့ စိတ်ထားနဲ့ ဝိုင်းဝန်းကူညီကြဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ်လ  ၆ ရက်နေ့ က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံ စဉ်မှာ ပြောကြားခဲ့သည်။

    ref:.Dawn

    ဓါတ်ပုံ- ရခိုင်ပြည်နယ် မြောက်ဥိးမြိုမြင်ကွင်း
    Photo Credit – ဦးရဲထွဋ် FB