News @ M-Media
Author: M-Media
  • မန်ယူနည်းပြသစ် အဖြစ် ဗန်ဂါလ်အား တရားဝင်ခန့်အပ်
    မေ ၁၉ ၊ ၂၀၁၄
    M-Media
    2014519141259326734_20
    – မန်ယူအသင်းနည်း၏ နည်းပြအဖြစ် ဟော်လန်နည်းပြ လူးဝစ်ဗန်ဂါလ်အား အသင်းက တရားဝင် ခန့်အပ်လိုက်ပြီဟု သိရသည်။
    အသက် ၆၂ နှစ်အရွယ်ရှိ ဗန်ဂါလ်အား သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် စတင်ကိုင်တွယ်ရမည်ဖြစ်ကာ မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်က လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
    “ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းဖြစ်တဲ့ မန်ယူမှာ နည်းပြ လုပ်ရမှာဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒီအသင်းဟာ ရည်မှန်းချက်ကြီးမားပြီး၊ ကျွန်တော်ကလည်း ရည်မှန်းချက်ကြီးပါတယ်။ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ပြီး သမိုင်းသစ်ရေးထိုးနိုင်မယ်လို့ ထင်ပါတယ်” ဟု ဗန်ဂေါလ်က မန်ယူမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
    ဗန်ဂါလ်မှာ အေဂျက်၊ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်ကဲ့သို့ အသင်းကြီးများအား ကိုင်တွယ်ခဲ့ဖူးပြီး ဆုဖလားများလည်း ဆွတ်ခူးရရှိခဲ့ဖူးကာ လက်ရှိတွင် ဟော်လန်အသင်းအား ကိုင်တွယ်နေသည်။
    Goal
  • ” တပ်မတော်သည် တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်ရန်ဖြစ်ပြီး ပြည်သူကို အုပ်ချုပ်ရန် မဟုတ်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်ပြော
    မေ ၁၉ ၊၂၀၁၄
    M-Media
    ချို
    Daw Su Mdy
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ လူထုနှင့် တွေ့ဆုံဟောပြောပွဲ တစ်ရပ်အား မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ရက်နေ့က ပြုလုပ်ခဲ့ရာ လူဦးရေတစ်သိန်းကျော် တက်ရောက်ခဲ့ပါသည်။
    အဆိုပါပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို အလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင် တို့မှ ပြည်သူလုအား ဟောပြောခဲ့သည်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာရာတွင် ပြုသာပြင်သာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တိကျခက်ခဲတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟူ၍ နှစ်မျိုးရှိကြောင်း၊ ပြုသာပြင်သာရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုသည်မှာ ဥပဒေပြုရေးမှာ ခြွင်းချက်မရှိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ထင်ရှားစေကြောင်း၊ အချိန်နှင့် တစ်ပြေးညီ ပြုသာပြင်သာရှိမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းနိုင်မည်ဖြစ်ကြောင်း၊ တိကျခက်ခဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် မလိုလားအပ်သော ပြဿနာများပေါ်ပေါက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပုဒ်မ ၄၃၆ပြင်ဆင်ခြင်းသည် တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကဖြစ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် လူနေမှုဘ၀အဆင့်အတန်းမြင့်မားရေးနှင့် မိမိတို့၏ မိသားစုဘ၀၊ ပစ္စည်းဥစ္စာ၊ အသက်အန္တရာယ်လုံခြုံရေးကို အထောက်အပံ့ဖြစ်စေကြောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရေးများနှင့်လည်း သက်ဆိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုလိုက်နာဖို့ အစိုးရက တစ်ဖက်သက်ရေးဆွဲခဲ့ပြီးပါပြီ၊ ဒီတစ်ခါတော့ အစိုးရ လိုက်နာဖို့ ပြည်သူလူထုကြီးက တစ်ခဲနက်ရေးဆွဲကြပါ” ဟုလည်း ပြောကြားခဲ့သည်။
    လူ့အဖွဲ့အစည်းဆိုတာ ပြည်သူ့ဆန္ဒသာလျှင် အက္ခရာကျပါတယ်ျ။ ပြည်သူလိုလားရင် ဆက်လုပ်ပြီး ပြည်သူ မလိုလားလို့ကတော့ ဘယ်စာအုပ်မဆို ဆွဲဆုတ်ပစ်လို့ရပါတယ်။
    ကိုမင်းကိုနိုင်
    ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်မှလည်း ယခုဟောပြောပွဲနှင့် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ရခြင်းမှာ ပြည်သူလူထုမှ ခြိမ်းခြောက်ခြင်းမျိုး မဟုတ်သည့် အရည်အသွေးကို ဖော်ပြပြီး တရားမှုနှင့် မတရားမှုအား ကောင်းစွာခွဲခြားနိုင်ခြင်းကို ပြသဖို့ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရန်ပြောကြားခြင်းမှာ တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့အား တိုက်ခိုက်ရန် မဟုတ်ကြောင်း၊ မတရားသောအရာအား အိနြေ္ဒ သိက္ခာရှိရှိ ပြန်ပေးရန် လိုကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ယင်းမှ “ ကျွန်တော်တို့ အရိပ်လိုချင်ရင် နေပူကစောင့်ရပါတယ်။ ပြည်သူလူထုကြီး ခုလိုနေပူလှန်းခံပြီးနေခြင်းက မတရားသဖြင့် အနိုင်ကျင့်ရေးဆွဲထားတဲ့ အခြေခံဥပဒေလို့ခေါ်တဲ့ စာအုပ် အစိမ်းကြီးက လူကို လူချင်း ကျွန်ပြုတဲ့ အဓိပ္ပါယ်များစွာ ပါဝင်နေတယ်ဆိုတာကို တစ်ခဲနက် ပြသလိုက်ခြင်းဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ရည်ရွယ်ချက်က ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုဆီကို သွားကြဖို့ပါပဲ။ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ယူရမယ်။ ကျပ်မပြည့်တဲ့ ဒီမိုကရေစီကို ကျပ်ပြည့်စေဖို့ စာအုပ်အစိမ်းကြီးကို  ပြောင်းလဲပစ်ဖို့လိုပါတယ်။ ဖွဲ့စည်းပုံဆိုတာ လူမှု ပဋိဥာဉ် စာချုပ်တစ်ခုပါပဲ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတာ ပြည်သူ့ဆန္ဒသာလျှင် အက္ခရာကျပါတယ်ျ။ ပြည်သူလိုလားရင် ဆက်လုပ်ပြီး ပြည်သူ မလိုလားလို့ကတော့ ဘယ်စာအုပ်မဆို ဆွဲဆုတ်ပစ်လို့ရပါတယ်။ အာဏာရှင်ဘ၀မှ ရိုးသားစွာပြောင်းလဲချင်တယ်ဆိုရင်တော့ ကျွန်တော်တို့က လက်ကမ်းထားပြီးသားပါ။ ဒီမိုကရတ်လက်အစစ်ဖြစ်ဖို့တော့လိုပါတယ်။ ဒီမိုကရေစီလက်အိတ်စွပ်ထားရုံနဲ့တော့ မရပါဘူး။ ကျွန်တော်တို့ ပြည်သူတွေကို ပြည်သူက ကူညီစောင့်ရှောက်ပြီး လက်ချင်းချိတ်လိုက်ရင် မျှတမှုက အောင်ပွဲခံမှာပါ။ ခုဆိုရင် နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတဲ့ တောင်တန်းကြီးတွေနဲ့ မိခင်ဧရာဝတီကို ကာကွယ်ဖို့လည်း ဒီအခြေခံဥပဒေကို ပြင်ဆင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတစ်နိုင်ငံတွင် လူတိုင်းတန်းတူညီမျှ  အခွင့်အရေး ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသော အရာမှ အာမခံပေးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ နေရာအမှန်မှာ အချုပ်အခြာအာဏာအား ကိုင်ထားရမည့်နေရာဖြစ်ကြောင်း၊ ပြည်သူလူထုအား ကတိပေးပြီး ကတိမတည်သော ပုဂ္ဂိုလ်များအား ခေါင်းဆောင်နေရာတွင် မထားသင့်ကြောင်း၊ တပ်မတော်ဆိုသည်မှာ လွတ်လပ်ရေးအတွက် ပေါ်ပေါက်လာပြီး ဖိနှိပ်ရန် မဟုတ်ကြောင်း၊ နိုင်ငံသည် တပ်မတော်၏ အစေခံမဖြစ်ဘဲ တပ်မတော်သည် နိုင်ငံ၏ အခြေခံဖြစ်သင့်ကြောင်း၊ တပ်မတော်သည် နိုင်ငံ့ကာကွယ်ရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံ၏ သမ္မတ ရွေးချယ်ရေးအတွက် ဖွဲ့စည်းထားခြင်းမဟုတ်ကြောင်း၊ တပ်မတော်သည် တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်ရန်ဖြစ်ပြီး ပြည်သူကို အုပ်ချုပ်ရန် မဟုတ်ကြောင်း၊ တပ်မတော်သားများမှ သတ္တိရှိရှိဖြင့် အမှန်တရားအား ရင်ဆိုင်စေလိုကြောင်း၊ ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်စေရန် တပ်မတော်မှလည်း ပါဝင်စေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား အေးအေးချမ်းချမ်းဖြင့် တရားဥပဒေဘောင် အတွင်းမှ ပြုပြင် လိုကြောင်းများ ပြောကြားခဲ့သည်။
    ကျွန်မက ပြည်သူ့ အားမကိုးလို့ ဘယ်သူ့သွားအားကိုးရမှာလဲ။ ကျွန်မမှာ အားကိုးစရာ လက်နက်လည်းမရှိဘူး။ ပိုက်ဆံလည်းမရှိဘူး။ အားကိုးစရာ မှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မရှိပါဘူး။ ဒါကြောင့် ကျွန်မပြည်သူကိုပဲ အားကိုးပါတယ်”
    ဒေါ်အောင်ဆန်းစုကြည်
    ဆက်လက်ပြီး “ ကျွန်မတို့နိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုကို ပေးထားတဲ့ ကတိတွေကို ချိုးဖောက်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်။ အဲ့ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်ဆိုတာ တကယ်တော့ ပြည်သူကို မုသားစကားပြောတာပါ။ ကျွန်မတို့နိုင်ငံမှာ ရာစုနှစ်ဝက် နှစ် ၅၀ ကျော်အတွင်း ပြည်သူတွေကို ဒီမိုကရေစီနဲ့ ထိုက်တန်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ဒီအလုပ်နဲ့ မတန်ပါဘူး။ တစ်ခြားသူတွေပဲလုပ်ပါစေလို့ ပြောချင်ပါတယ်။ တစ်ချို့က ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ရေးကိုပဲ အဓိကထားနေကြပါတယ်။ ရွေးကောက်ပွဲ အောင်မြင်ရေးထက် ဒီမိုကရေစီ အောင်မြင်ရေးက ပိုအရေးကြီးပါတယ်။ စစ်မှန်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်တဲ့နေရာမှာ လူကြီးလူငယ်မရွေး အားလုံးပါဝင်ဖို့လိုပါတယ်။ ၁၈နှစ်အောက် ကလေးတွေ မပါဝင်နိုင်တဲ့အတွက် အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ အဲ့ဒီကလေးတွေက ကျွန်တော်ကျွန်မတို့ ဒီအခြေခံဥပဒေကို ပြင်ဆင်ချင်ပါတယ်။ ကျွန်တော်ကျွန်မတို့ရဲ့ အနာဂတ်ကို ငဲ့သောအားဖြင့် ကူညီပါဆိုပြီး စာရေးတင်ကြပါ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒဖော်ထုတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မ အခုလို လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်မကို ပြည်သူ့အားကိုးနဲ့ လုပ်နေတယ်လို့ စွတ်စွဲတယ်။ ကျွန်မက ပြည်သူ့ အားမကိုးလို့ ဘယ်သူ့သွားအားကိုးရမှာလဲ။ ကျွန်မမှာ အားကိုးစရာ လက်နက်လည်းမရှိဘူး။ ပိုက်ဆံလည်းမရှိဘူး။ အားကိုးစရာ မှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မရှိပါဘူး။ ဒါကြောင့် ကျွန်မပြည်သူကိုပဲ အားကိုးပါတယ်” လို့ ပြေကြားခဲ့ပါသည်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒဖော်ထုတ် လက်မှတ်ရေးထိုး လှုပ်ရှားမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အောင်ပင်လယ် ကြေညာစာတမ်းတစ်ဖြစ်လဲ လက်မှတ်ရေးထိုးခြင်းကို မေလ ၂၇ ရက်ကစပြီး ဇူလိုင်လ ၁၉ရက်နေ့မှာ အဆုံးသတ်မည်ဖြစ်ကြောင်း၊  အဖွဲ့ချုပ် ရုံးစိုက်ရာများမှာ ဗဟိုကပေးပို့ထားမယ့် စာအုပ်များတွင် သွားရောက် လက်မှတ်ရေးထိုးနိုင်ကြောင်း၊ လက်မှတ်ရေးထိုးရာတွင် ကိုယ်တိုင်ကိုယ်ကျသာ ရေးထိုးရမည်ဖြစ်ကြောင်း၊ လက်ကမ်းစာစောင်များအား အိမ်တိုင်ရာရောက် ဝေပေးသွားမည်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးပြီး တစ်ပတ်အတွင်း အဖွဲ့ချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်ရုံးမှ လွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။  “ ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုချင်တယ်၊ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီလိုချင်တယ်။ ဒါကြောင့် ဒီတာဝန်ကိုထမ်းဆောင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူ့အခွင့်အရေး အပြည့်အ၀မရဘူး။ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်ဝတဲ့ လူ့အခွင့်အရေးလိုချင်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ လူသားတွေရဲ့ တာဝန်ဆိုတာ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
    Photo-The 88 Generation Peace and Open Society
  • မွတ်စလင်က တိုင်းပြည်ကို မချစ်ဘူးလို့ ထင်နေလားဗျ။ (သူအမြင်)
    မေ ၁၉ ၊ ၂၀၁၄
    M-Media
    ရေးသူ- ကျော်စွာ
    1390533_603706403005167_741088365_n
    မနှစ်ကတင်ခဲ့ဘူးတဲ့ ကျနော့်ကိုယ်တွေ့ အဖြစ်အပျက် ပို့စ်လေးကို ပြန်သတိရမိလို့ ပြန်လည်မျှဝေလိုက်ပါတယ်၊
    ကျနော်တို့မိသားစု ထိုင်းသွားလည်တဲ့ အချိန်က ဘန်ကောက် MBK ကုန်တိုက်မှာ ဓါတ်ပုံလေးတွေကို ဖန်တုံးလေးတွေထဲ ထည့်ပေးတဲ့ဆိုင်မှာ အလုပ်လုပ်နေတဲ့ ရုပ်ရည်သန့်သန့် နဲ့ အင်္ဂလိပ် စကားကောင်းကောင်းပြောတတ်တဲ့ မြန်မာမလေး တစ်ယောက်ကို တွေ့ပါတယ်၊
    ကျနော်တို့ကိုတွေ့တာနဲ့ ဟလိုဆိုပြီး စနှုတ်ဆက်ပါတယ် ကျနော်က ထိုင်းလိုပြောတော့ သူကောင်းကောင်း မပြောတတ်ပါ၊ ကျနော်က သူ့ကို ဘယ်နိုင်ငံကလဲ လို့မေးတော့ ဖိလစ်ပိုင် ကလို့ ပြောပါတယ်၊ သူစကားပြောတဲ့ လေယူလေသိမ်းအရ မြန်မာ တစ်ယောက်ဆိုတာ ကျနော်သိနေပါတယ်၊
    ကျနော်က သူ့အလုပ်ရှင်ထံမှာ ငွေသွားချေတော့ ဆိုင်ရှင်က မိနစ်နှစ်ဆယ်နေရင် ပြန်လာယူပါလို့ ပြောပါတယ်၊ ဒါနဲ့ကျနော်က အထဲပြန်ဝင်ပြီး သူ့ကို ဘယ်လောက်ကြာမလဲလို့ အင်္ဂလိပ် လိုမေးတော့ သူက နာရီဝက်နေရင် ပြန်လာပါလို့ အင်္ဂလိပ်လို ပြန်ဖြေပါတယ်၊ ကျနော်က ရုတ်တရက် သူ့ကို မိနစ်နှစ်ဆယ် မဟုတ်ဘူးလားလို့ မြန်မာလိုမေးလိုက်တော့ သူကကျနော့်ကို No… No… Not Twenty minutes ဆိုပြီး အင်္ဂလိပ်လို ချက်ချင်းပြန်ပြောတော့ ကျနော်က မိပြီမိပြီလို့ မြန်မာလိုပြော လိုက်ပါတယ်၊
    အဲတော့မှ သူက “ဆောရီးပါ မြန်မာလို့ပြောရင် ဝယ်သူတွေက အထင်သေးမှာစိုးလို့ပါ ပြီးတော့ အစ်ကိုတို့ကိုလည်း မြန်မာမှန်း မသိလို့ပါ” တဲ့၊
    ကျနော့် ရင်ထဲမှာတော့ ခိုးလို့ခုလု…
    နောက်အဖြစ်အပျက်တစ်ခုက ကျနော်ဆော်ဒီရောက်တုန်းကပါ၊
    ပစ္စည်းသွားဝယ်တဲ့ ဆိုင်က ကောင်လေးက ကျနော်က ကချင်လွယ်အိတ် လွယ်ထားတာတွေ့တော့ ဈေးလျှော့ပေးတယ်၊ ပြီးတော့ သူတို့လည်း မြန်မာပြည်က ဖြစ်ကြောင်း သူ့အဖေက မြန်မာ စကားတတ်ကြောင်း ပြောပြီး သူတို့အိမ်ကို လာလည်ဘို့ပြောပါတယ်၊ ကျနော်လည်း သွားကြည့်ချင်တာနဲ့ နောက်နေ့ လာခေါ်ဘို့ ပြောလိုက်ပါတယ်၊
    နောက်နေ့ သူတို့နေတဲ့ နာကာစာလို့ခေါ်တဲ့ ရပ်ကွက်ကြီးရောက်တော့ မြန်မာပြည်က မွတ်စလင်တွေ သိန်းနဲ့ချီပြီး နေတာ သိရပါတယ်၊ ဖေါ်ရွေလှတဲ့ မြန်မာ့ ဓလေ့ကိုလည်း တွေ့ရပါတယ်၊ ကောင်လေးအဖေက ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်ပါတယ်၊ အခြေအနေအရ ဘင်္ဂလားဒေ့ရှ်မှ တဆင့် ဆော်ဒီရောက် လာကြောင်း အလာပ သလာပ ပြောရင်း အိမ်ရှေ့ဘက်က ဆူဆူညံညံသံကြားလို့ ထွက်ကြည့်မိတော့ ပါကစ္စတန်နိုင်ငံသား တက္ကစီမောင်းတဲ့လူကို မြန်မာနွယ်ဖွား မုတ်ဆိတ်နဲ့ လူတစ်ယောက်က ဒေါသနဲ့ ပြောနေတာ အဓိပ္ပါယ်က “ဟေ့ကောင် ငါ့အကြောင်းသိချင်ရင် စမ်းကြည့်လိုက်၊ သတ္တိမကြောင်ဘူး မြန်မာပြည်သားကွ မယုံရင်သွေးဖေါက်ကြည့်လိုက် လို့ ပြောတာကို ကြားလိုက်မိတဲ့ ကျနော်က ဘန်ကောက်က မြန်မာလို့ ပြောဘို့ ရှက်နေတဲ့ မြန်မာအမျိုးသမီးလေးကို ချက်ချင်း သတိရလိုက်မိပါတယ်။
    မိမိနိုင်ငံအပေါ် ဂုဏ်ယူနိုင်ကြပါစေ။
    (ကျော်စွာ)
    ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် ဟဂ်ျခရီးစဉ်တွင် ဆော်ဒီနိုင်ငံ၌ တွေ့ရသော မြန်မာမွတ်စလင်တို့၏ ပုံရိပ်များ
    Images via Soe Thu Moe
  • ဘာသာပြန် ၀တ္ထုဆရာ အမူကြင်
    ဘာသာပြန် ၀တ္ထုဆရာ အမူကြင်
    .မေ ၁၉၊ ၂၀၁၄
    .ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
    အမည်ရင်း ဦးကြင်ဖြစ်သည်။ မန္တလေးမြို့ ကုန်းရိုးရပ်တွင် နေထိုင်ခဲ့သည်။ ဘကြီးတော် စစ်ကိုင်းမင်း လက်ထက် ပုဂံမြို့ဝန် ဦးပေတလူ၏ မြေးတော်စပ်သည်။ မိဘများမှာ မြတ်ဆုရလင်္ကာကျမ်းပြု ဂန္တ၀င်စာဆို ကျော်ဟာဂျီမှန်နှင့် ဒေါ်ဆင့်တို့ဖြစ်သည်။ ဖခင်ဟာဂျီမှန်သည် စစ်ကိုင်းမင်း လက်ထက် အင်းဝမြို့တွင် ဖွားမြင် သူဖြစ်သည်။ ဟာဂျီမှန်သည် မြန်မာ၊ အူရဒူ၊ အရဗီ၊ ဖာရစီ ဘာသာရပ်တို့ဩ နှံ့စပ်သည်။ လေးနက်သော သဘောတရား များကို မြန်မာကဗျာဖြင့် ဖြန့်ချိခဲ့သည့် ဂန္တ၀င်စာဆိုကြီးဖြစ်သည်။
    ဘမျိုးဘိုးတူ ဆိုသကဲ့သို့ အမူကြင်သည် ကစ်စွာစွလ် အံဗျေယာ နဗီ ၁၂၄၀၀၀ ကျော်တို့၏၀တ္ထုအမည်ဖြင့် မဟာဝင်ကောက်နုတ်ချက် ကျမ်းကို ပြုစုခဲ့သည်။ တမန်တော်မြတ် နူရီတော်အကြောင်းမှ တမန်တော် နူဟိုသခင်အထိ ဖြစ်စဉ်တော်များကို ဖော်ပြထားသည်။ ရစူလွလ်လာ ကိုယ်တော်မြတ်၏ နူရီတော် အကြောင်းနှင့် အေဇာဇေလ်၏ ကစ်စွာ၊ အာဒမ် ပိုင်ဂံဗရ်၏ကစ်စွာ၊ ရှစ်သ်ပိုင်ဂံဗရ်၏ကစ်စွာ၊ အစ်ဒရစဩပိုင် ဂံဗရ်အကြောင်း နူဟွန်ပိုင်ဂံဗရ် အကြောင်းဟူ၍ ကစ်စွာငါးခုကို မူရင်း အူရဒူ ဘာသာမှ တစ်ဆင့်ပြန်ဆိုပြုစုထားခြင်းဖြစ်သည်။
        “တောင်စဉ်ခုနစ်ထပ်၏ ကြီးကျယ်ထူးဆန်း၊ မခန်းအံ့ဖွယ်၊ အသွယ်သွယ် အကြောင်းများကို ကွဲပြားခြားနားစွာ သိကြစေရန်၊ မိုဟမမဒ် သခင် ဘကြီးတော် အမြီရ်ဟမမဇဟ် သခင့်ရာဇ၀င် ၀တ္ထုတော်နှစ်တွဲကို မန္တလေးမြို့ ၈၃ လမ်း၊ တိုက်တန်းရပ်၊ တိုက်နံပါတ် ၄၀ နေစာအုပ်သည် မောင်ကာစင် ထံဩ ၀ယ်ယူ ကြည့်ရှုကြပါ”
    ဟု ၎င်းမွှန်းထားသည်။
    အမြီရ်ဟမ္မ်ဇာဟ် ရာဇ၀င်ဝတ္ထုတော်ကို ၁၉၀၂ ခုနှစ် မတိုင်မီက ရေးသားခြင်းဖြစ်သည်။ သို့ဖြစ်၍ ဆရာကြင်၏ ဘာသာပြန်ဝတ္ထုသည် အမြီရ်ဟမ်မဇာဟ် ၀တ္ထုတော်ကြီး ထွက်ပေါ်ပြီးမှ ထုတ်ဝေသော ၀တ္ထု ဖြစ်သည်ဟု သိနိုင်ပါသည်။ ကျမ်းပြုသူ အမူကြင်ကိုယ်တိုင်ကလည်း မိမိဝတ္ထုကို ၁၂၆၅ ခု နတ်တော်လတွင် ပုံနှိပ်ထုတ်ဝေသည်။ ၀ယ်ယူ အားပေးကြသူများသဖြင့် ဒုတိယအကြိမ်အဖြစ် ၁၂၇၀ ပြည့်နှစ် တပေါင်းလတွင် ထပ်မံပုံနှိပ် ကြောင်း-
    “မြန်မာသက္ကရာဇ် ၁၂၆၅ ခု၊ နတ်တော်လအတွင်း၊ ဟာဂျီ မှန်၏သား မောင်ကြင်က၊ ဤကစ်စွာစုကို မြန်မာလို ထုတ်နုတ်ပြန်ဆို ရေးသားစီစဉ် သည့်အတိုင်း စက်တင်ပုံနှိပ် ရောင်းချရာ ၁၂၇၀ ပြည့်နှစ်အတွင်းတွင် ရိုက်နှိပ်ထားရှိသမျှ စာအုပ် အရေအတွက်များစွာ ကုန်ရောင်းချရသဖြင့် နောက်ထပ် မှာထားသူ မိတ်အများတို့ ကောင်းမွန်ရှင်းလင်းစွာ ၀ယ်ယူကြည့်ရှုကြရန် နီယပ်ဆွာလေဟာ စေတနာကောင်းရှေ့ထား၍ အထက်မှားယွင်းသော စာနေ စာသားတို့ကို ဆိုင်းတန်းမောင်လှတင် ကိုယ်တိုင်ကိုယ်ကြပ် တည်းဖြတ် သုတ်သင်စေပြီးလျှင် ၁၂၇၀ ပြည့် တပေါင်းလအတွင်းတွင် စက်တင်ပုံနှိပ်အောင်မြင် ပြီးစီးပါကြောင်း”
    ဟု ဖော်ပြထားသည်။ ကိုလိုနီခေတ်ဦးပိုင်း ဘာသာပြန် လက်ရာအဖြစ် မှတ်တမ်းပြုနိုင်ပါသည်။ မူရင်းအကြောင်းအရာက ပြည်သူတို့အထူး နှစ်လိုသော၊ လိုအပ်သော အကြောင်းအရာဖြစ်သဖြင့်-
    ခလီဖွာဘဒရွတ်ဒင် ဦးမြစ်က ၁၂၉၃ခု (၁၉၃၁)တွင် လည်းကောင်း၊ ဆရာဦးထွန်းကြွယ်က အစ္စလာမ်ပေါင်းချုပ်ကျမ်း အမည်ဖြင့် ၁၉၄၀ ပြည့် နှစ်တွင် လည်းကောင်း၊ မောင်မောင်ခင်(မန်း)က မဟာဝင်ကျမ်းအမည်ဖြင့် ၁၉၉၀ခုနှစ်တွင် လည်းကောင်း ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ထပ်မံဖန်တီး ရေးသား တင်ပြကြသည်ကို တွေ့ရသည်။ အောင်မြင်ကြပါသည်။
    အမူကြင်သည် မိမိ၏ ၀တ္ထုတွင် “အာယတ်တော် နှင့် သိရသည်”၊ “တဖွစေရ် အလိုကား”၊ “ရေ၀ါယပ် ပြုသည်”၊ “ရေ၀ါယပ် ရှိသည်မှာ”၊ “အိုလ်မာ တို့အဆိုမှာ”၊ “ဟဒစ်ဆ်တော် တွင် ဟောတော်မူ၍” စသည့် စကားများဖြင့် ကုရ်အာန်ဟဒီးဆ် ဖေကာဟူသည့် ခိုင်မာသည့် အထောက်အထားများဖြင့်သာ ရေးသည်။ မိမိစိတ်ကူးဖြင့် ချဲ့ချဲ့ထွင်ထွင် ရေးသားခြင်းမပြုကြောင်း သိရှိစေသည်။
    အမူကြင်၏လက်ရာတွင်- ကွဒ်ဒရပ်တော်၊ မိုရှာဟေဒါပြု၊ တစဗျီ ပြု၊ တွဝဖ်လှည့်၊ စိဂျဒါပြု၊ အေဗာဒတ်ပြု၊ ဒွန္နယာ၊ လောင်ကလာမ်၊ အာယတ်တော်၊ တဖွစေရ်၊ ဗဟစ်ရှ်၊ မိုနာဂျတ်၊ အေလင်မ်၊ ဗကာ၊ ဗန္နာကျေတတ်ဘ်၊ ကယမ်ပြု၊ ရကူပြု၊ ကအေဒါ၊ အဒဘ်များ၊ ကစ်စွာပြု၊ ဂိုနာဂါရ်၊ ဗရကတ်ရှိ၊ ဗဟစ်ရှ်၊ အိုလမာ၊ စွရ်မာ၊ စလာမ်၊ အမလ်နာမာ၊ ယောင်မလ်မြိဇဘ်၊ အာခေရ် ဇမာနာ၊ တောင်ဘာကဗူလ်စသည့် အရဗီ ဝေါဟာရများကို ဖောဖောသီသီ သုံးသည်။ မက်မက်မောမောသုံးသည်။
    အပြစ်ဂွန္နာ၊ ဆုတောင်းမေတ္တာဒိုအာ၊ စွဗရ်သည်းခံတရား၊ နဲအမတ် စည်းစိမ်၊ ကျေးဇူးတော်တင်ခြင်း ရှီကွရ်ပိုင်ဒါဖန်ဆင်း၊ ဘီလူးသဘက် ဒေယောင်၊ နတ်သမီးဟု ဆိုအပ်သော ပရီ၊ ဒိုဇခ်မီးငရဲ၊ ချီးမြှင့်ထောမနာ  တစမျိယာ၊ တဂျံလီယပ်ပူပြင်းသည့် ရောင်ခြည်တော်၊ ကိုရအံကျမ်းတော်၊ ကိုယ်စားလှယ်ခလီဖွာ၊ ယာရဗ်မွေးမြူ ဖန်ဆင်းတော်မူသောအရှင်၊ မရ်တဗာ ကြီးမြတ်ခြင်း၊ ဟိုရ်နတ်သမီး၊ အစွာဒုတ်၊ ၀ိဥာဉ်ရူဟ်စသည့် စကားသုံးများ လည်းပါရှိပါသည်။ မြန်မာစာပေ ဖွံ့ဖြိုးဝေဆာလာအောင် ထည့်ဝင်မှုများဟု ယူနိုင်ပါသည်။
    ရစူလွလ်လာ၊ အာဒမ်ပိုင်ဂံဗရ်၊ ရှစ်သ်ပိုင်ဂံဗရ်၊ အစ်ဒရစဩပိုင်ဂံဗရ်၊ နူဟွန်ပိုင်ဂံဗရ်၊ အစ်ဟတ်နဗျီ၊ အစ္စမာအေလ်နဗျီ စသည်ဖြင့် ရစူ၊ နဗျီ၊ ပိုင်ဂံဗရ် ဟု မူရင်းအတိုင်း တစိုက်မတ်မတ် သုံးခြင်းမှာ ထူးခြားပါသည်။ နှောင်းသူတို့က တမန်တော်ဟု အစဉ်တစိုက် ဖော်ပြသည့် ဝေါဟာရ ဖြစ်ပါ သည်။
    အာဒမ်၊ အစ်ဗလစ်၊ ချစ်သား၊ အဗ်ဒွလာ၊ နာမရွတ်၊ သူတော်ကောင်းအပေါင်းတို့ စသည့် အာလပနပုဒ်များကား ကျမ်းပြု၏ မြန်မာမှုအလေ့အလာ ကို ဖော်ပြနေသည်ဟု ဆိုနိုင်ပါသည်။
    ဖွရစ်ရှ်တာများ အရှင်မြတ်အား ခဏမလပ် အေဘာဒတ်နှင့် မိုးကောင်းကင်မှ ခ၀ပ်နေကြောင်းကို ဖော်ကျူးပြီး
    “ယခုဆိုခဲ့သော ဖွရစ်ရှ်တာများအား စာနာအကြောင်း၊ စဉ်းစားကောင်းလှ၊ ဦးခါင်းမကြွ၊ တသမလပ်၊ အေဘာဒတ် နှင့်၊ မပြတ်နေရန်၊ ထိုက်တန်ချေ၏။ သို့ဖြစ်ပါ၍ သူတော် ကောင်းအပေါင်းတို့၊ တစ်ဦးတစ်ဦး၊ တိုက်တွန်းနှိုးဆော်ပြီးလျှင်၊ မကောင်းဟာဖြတ်၊ ကောင်းရာကပ်ဖို့၊ တရားပညတ်၊ ထင်လျား လပ်သော၊ ငါးရပ်နမာဇ်၊ မပျက်ဖတ်ခြင်း၊ တစ်နှစ်တစ်ခါ၊ မြတ်ရိုဇာကို၊ ကောင်းစွာတစ်လ၊ စောင့်ထိန်းကြခြင်း၊ စရိတ်စက၊ ဓနကြေးငွေ၊ ကုန်နိုင်ပေက၊ မသွေမကွက်၊ တစ်သက်တစ်ခါ၊ ပြုစရာဟဂ်ျ၊ မြို့မြတ်မကာ၊ ကအဗာတော်သို့ သွားခြင်း၊ ကြေးငွေသွယ်သွယ်၊ ပြည်ကြွယ်သည့်ခါ၊ မြတ်ရှရာနှင့်၊ ညီစွာမလွဲ၊ ဆင်းရဲပင်ပန်း၊ နွမ်းနယ် ဒုက္ခ၊ မရှိသူတို့အား၊ ဇကတ် ခိုင်ရတ်ပြုခြင်း၊ ညဥ့်နေ့မခြား၊ အားလပ်သမျှအချိန်တွင်၊ ဇကျေရ်ပြုခြင်း၊ တစဗျီပြုခြင်းများနှင့် အနည်းငယ်မျှ၊ အေဘာ ဒတ်ဟူ၍၊ ထင်မှတ်ပြီးသော်၊ ဖွရစ်ရှ်တာများကို အားကျလျက် အမလ် အေဗာဒတ်ပြုကြမှသာ၊ အင်စံလူဖြစ် ကျိုး နပ်ချေမည်။     သတိတရား မယွင်းမှားဘဲ၊ ရှေ့ထားဝီရိ လုံ့လဖိလျက်၊ တည့်တည့်မတ်မတ်၊ အေဘာဒတ်တွင်၊ သက်ဝင်ကိုးစား၊ ကြိုးစားကြိုးကုတ်၊ အားထုတ် စေရန်၊ ရည်သန်စိတ်ထားနှင့် သတိပေးစကား ရေးသားဖော်ပြလိုက်ပါသည်။ (၁၈)”
    ဟု ဆိုထားသည်။
    ကဗျာဆန်သော ကာရန်ဖောက်စကားပြေဖြစ်၍ ရွတ်ရလွယ်သည်။ နာရ ချိုမြိန်ပါသည်။ မှတ်ရလွယ်သည်။ ကျမ်းပြုသူ၏ ဖခင်ကြီး ဂန္တ၀င် စာဆို၏ ကဗျာများကို အမှတ်ရစေသည်။
    ကျမ်းပြုအမူကြင်၏ လက်ရာများတွင် ဂန်ဂျွလ်အာရတ်ရှ် ဒိုအာလည်း ပါဝင်ကြောင်း၊
    “ကျွန်ုပ်တို့၊ အရင်ထုတ်နုတ်ပုံရိုက်ထားသော ဂန်ဂျွလ် အာရရှ်ဒိုအာဘုတ်အုပ်”
    ဟု ဤကျမ်းတွင် ဖော်ပြချက်အရ သိရပါသည်။
    အမူကြင်သည် မိမိနည်း မိမိဟန်ဖြင့် ကိုလိုနီခေတ်ဦး ဘာသာပြန် ကဏ္ဍကိုကြွယ်ဝစေရန် ကြိုးပမ်းခဲ့သည်ဟု ဆိုနိုင်ပါသည်။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
  • ကိုလံဘီယာတွင် ဘုရားကျောင်းမှ ပြန်လာသည့် ဘတ်စ်ကားမီးလောင် ကလေးငယ် ၃၁ ဦးသေဆုံး
    မေ ၁၉၊ ၂၀၁၄
    M-Media
    201451981549598734_20
    –  ကလေးများကို တင်ဆောင်ကာ တနင်္ဂနွေဘုရားဝတ်ပြုမှုအပြီး ပြန်လာသည့် ကိုလံဘီယာရှိ ဘတ်စ်ကားတစ်စီးမှာ ယမန်နေ့က ပေါက်ကွဲမီးလောင်ခဲ့ပြီး ကလေးငယ် ၃၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    နိုင်ငံမြောက်ပိုင်း ဖန်ဒါစီယွန်မြို့တွင် ယမန်နေ့ မွန်းတည့်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူကြီးတစ်ဦးအပါအ၀င် ကလေး ၂၅ ဦးမှာလည်း ဒုတိယနှင့် တတိယအဆင့် မီးလောင်ဒဏ်ရာများရရှိကာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု ကိုလံဘီယာ ကြက်ခြေနီလုပ်သားတစ်ဦးကပြောကြားခဲ့သည်။ ထိုဘတ်စ်ကားပေါ်တွင် လိုက်ပါသွားသည့် ကလေးငယ်များမှာ အသက် ၁နှစ်မှ ၈ နှစ်အတွင်းရှိသည်။ 
    စက်ချို့ယွင်းမှုကြောင့် ပေါက်ကွဲခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း၊ ဘတ်စ်ကားယာဉ်မောင်းမှာ ကားပေါ်ပါလာသည့် ဓာတ်ဆီကွန်တိန်နာအား ကိုင်တွယ် နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အသက်ရှင်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။ ဘတ်စ်ကားမောင်းသူမှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ဒေသခံများမှာ ဒေါ်သထွက်ကာ ၎င်း၏နေအိမ်သို့ သွားရောက်၍ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ 
    အခင်းဖြစ်ပွားရာနေရာသို့ ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က သွားရောက်ခဲ့သည်။ 
    Ref : Aljazeera