News @ M-Media

Author: Ko Lay

  • စစ်အာဏာသိမ်းမှု လ ၂၀ အတွင်း လူ ၆ ထောင်ကျော် သေဆုံး

    စစ်အာဏာသိမ်းမှု လ ၂၀ အတွင်း လူ ၆ ထောင်ကျော် သေဆုံး

    ဇွန် ၁၄၊ ၂၀၂၃

    M-Media


    -၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အရပ်သား ၆ ထောင်ကျော်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

    အချက်အလက်တွေကို အော်စလို အခြေစိုက် သုတေသနအဖွဲ့ Peace Research Institute of Oslo က စစ်တမ်းကောက်ယူ ထုတ်ပြန်တာ ဖြစ်ပါတယ်။ 

    “လူတွေထိခိုက်သေဆုံးမှု အရေအတွက်ဟာ အရင်က ထုတ်ပြန်ထားတာတွေထက် ပိုမိုများပြားနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ စစ်တပ်က အဓိကသတ်ဖြတ်တာဖြစ်ပြီး၊ စစ်တပ်ဆန့်ကျင်ရေးအဖွဲ့အစည်းတွေရဲ့လက်မှာလည်း သွေးတော်တော်စွန်းထားပါတယ်” လို့ အစီရင်ခံစာ ပူးတွဲရေးသားသူ စတိုင် တိုနက်ဆန်က ပြောပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံရေးကြောင့် သတ်ဖြတ်ခံရသူ ၆၃၃၇ ဦး ရှိပြီး၊ ဒဏ်ရာရသူက ၂၆၁၄ ဦး ရှိတယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။ 

    ဒီအရေအတွက်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေ အရင်က ထုတ်ပြန်ထားတဲ့ ပမဏာထက် သိသိသာသာ များပြားနေတာ ဖြစ်ပါတယ်။ 

    သေဆုံးသူ ထက်၀က်လောက်ဖြစ်တဲ့ ၃၀၀၃ ဦးကို အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လက်ပါးစေ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေ သတ်ဖြတ်တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    စစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့တွေရဲ့ သတ်ဖြတ်မှုက ၂၁၅၂ ဦး ရှိပါတယ်။ သာမန်ပြည်သူအချင်းချင်း သတ်ဖြတ်ခံရမှုဟာ ၁၂ ဦးရှိပြီး ၁၁၇၀ ဦးရဲ့ သေဆုံးရတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရဘူးလို့ Peace Research Institute of Oslo အဖွဲ့က ဆိုပါတယ်။ 

    “မီဒီယာတွေကဖော်ပြတဲ့ အရေအတွက်ထက်ကို ပိုများပါတယ်။ ဒါတောင် စိတ်ချရတဲ့ မီဒီယာဖော်ပြချက်တွေကို အခြေခံပြီး ခန့်မှန်း တွက်ချက်ထားတာပါ။ သတင်းမထွက်လာတာတွေ ရှိတာကြောင့် အမှန်တကယ်အရေအတွက်ဟာ အခုထက်ပိုများမှာ အသေအချာပါပဲ”

    Ref: AFP 

  • ရူပီး-ကျပ် တိုးမြှင့်သုံးစွဲရန် အိန္ဒိယက စစ်ကောင်စီကို တွန်အားပေး

    ရူပီး-ကျပ် တိုးမြှင့်သုံးစွဲရန် အိန္ဒိယက စစ်ကောင်စီကို တွန်အားပေး

    ဇွန် ၁၃၊ ၂၀၂၃

    M-Media 


    -နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအစား ကျပ်-ရူပီး အပြန်အလှန်သုံးစွဲရေးကို မြန်မြန်အကောင်အထည်ဖော်ဖို့ အိန္ဒိယက မြန်မာ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ 

    စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားအရန်ငွေ လျော့နည်းလာတဲ့ စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးကို သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ငွေကြေးနဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းလာတာပါ။ 

    စစ်ကောင်စီ ကုန်သွယ်ရေး၀န်ကြီး ဦးအောင်နိုင်ဦးရဲ့ လတ်တလောခရီးစဥ်မှာ ဒီလုပ်ငန်းစဥ်ကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ အိန္ဒိယဖက်က တိုက်တွန်းခဲ့ပါတယ်။ 

    လက်ရှိ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံဖိုးလောက် ရှိနေပြီး ဒေသသုံးငွေကြေး အသုံးပြုနိုင်ရင် ဒီထက် ပမာဏ ပိုများလာဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

    ကျပ်-ရူပီး သုံးစွဲရေးအတွက် မြန်မာဖက်က CB နဲ့ UAB ဘဏ်တို့ဟာ အိန္ဒိယဘဏ်မှာ ရူပီအကောင့် ဖွင့်ထားပြီး၊ ပြည်တွင်းက အခြားဘဏ်တွေလည်း ဒီလုပ်ငန်းစဥ်မှာ ပါ၀င်ဖို့ စစ်ကောင်စီက အလိုရှိနေတာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • ပီအက်စ်ဂျီကို အမ်ဘက်ပေ သစ္စာဖောက်သွားတာလား

    ပီအက်စ်ဂျီကို အမ်ဘက်ပေ သစ္စာဖောက်သွားတာလား

    ဇွန် ၁၃၊ ၂၀၂၃

    M-Media 


    -လက်ရှိစာချုပ် သက်တမ်းပြည့်သွားရင် အသင်းမှာ ဆက်မနေတော့ဘူးလို့ တိုက်စစ်မှူး အမ်ဘက်ပေက ပီအက်စ်ဂျီအသင်းကို စာရေးသား အသိပေးလိုက်ပါတယ်။ 

    အမ်ဘက်ပေရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နှစ် ဘောလုံးရာသီအကုန်မှာ ပြည့်မှာပါ။ ပီအက်စ်ဂျီကတော့ ဇူလိုင် ၃၁ ရက်နေ့မတိုင်ခင် ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ 

    ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အမ်ဘက်ပေကို စာချုပ်သက်တမ်းတိုးဖို့ အသင်းက ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

    အသင်းမှာဆက်မနေတော့ဘူးဆိုတဲ့စာ အပြင်ကို စောစောစီးစီး ပေါက်ကြားသွားတဲ့အတွက် အက်ဘက်ပေဟာ အသင်းကို သစ္စာဖောက်တယ်လို့ အသင်း တာ၀န်ရှိသူတွေက ခံစားနေရပါတယ်။ 

    အသက် ၂၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးကို ဥရောပ ကလပ်အသင်း တော်တော်များများက ခေါ်ယူဖို့ စိတ်၀င်စားနေပြီး ရီးယဲလ်မက်ဒရစ်ကို ရောက်မယ်လို့ သင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ 

    Ref: BBC

  • မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာက အကူအညီပေးမှုကို စစ်ကောင်စီ ပိတ်ပင်

    မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာက အကူအညီပေးမှုကို စစ်ကောင်စီ ပိတ်ပင်

    ဇွန် ၁၁၊ ၂၀၂၃

    M-Media 


    -ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူတွေထံ သွားရောက် အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့တွေကို အာဏာသိမ်း စစ်ကောင်စီက တားမြစ် ပိတ်ပင်လိုက်ပါတယ်။ 

    ပြီးခဲ့တဲ့လက တိုက်ခတ်ခဲ့တဲ့ အဲဒီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ အနည်းဆုံး ၁၄၈ ဦး သေဆုံးခဲ့ပြီး လူသိန်းနဲ့ချီ အိုးအိမ်တွေ ဆုံးရှုံးခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်က အဓိက ခံစားခဲ့ရတာပါ။  

    ကုသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံးက စစ်ကောင်စီဟာ အကူအညီပေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်သွားရောက်မှုကို ပြီးခဲ့တဲ့တစ်ပတ်ကစပြီး တားမြစ်လိုက်တယ်လို့ သောကြာနေ့က ထုတ်ပြန်ပါတယ်။ 

    အရင်ခွင့်ပြုချက်အရ လုပ်ဆောင်နေတဲ့ အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း ဆက်မလုပ်ဖို့ စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။ 

    ဒီလုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်က လူသိန်းနဲ့ချီ အကူအညီတွေဆုံးရှုံးကာ အတိဒုက္ခရောက်လိမ့်မယ်လို့ ကုလရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    မြန်မာတစ်နိုင်ငံလုံးမှာ မုန်တိုင်းဒဏ် ခံစားရသူ အရေအတွက်ဟာ ၁ ဒဿမ ၆ သန်းလောက် ရှိပြီး ဒီလူတွေကို ကူညီဖို့အတွက် ကန်ဒေါ်လာ ၃၃၃ သန်း လိုအပ်မယ်လို့ ကုလက ခန့်မှန်းတွက်ချက်ထားပါတယ်။ 

    Ref: AFP 

  • အိမ်အမြန်ပြန်ခွင့်ရရေး ရိုဟင်ဂျာများ တောင်းဆို

    အိမ်အမြန်ပြန်ခွင့်ရရေး ရိုဟင်ဂျာများ တောင်းဆို

    ဇွန် ၁၀၊ ၂၀၂၃

    M-Media 


    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    -ဒုက္ခဆင်းရဲများတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ မွေးရပ် ရခိုင်ပြည်နယ်ကို အမြန်ဆုံး ပြန်နိုင်ရေးအတွက် ရိုဟင်ဂျာတွေက ကြာသာပတေးနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ 

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ၁၉၇၀ ပြည့်နှစ်တွေက စတင်ကာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်း၊ သတ်ဖြတ်မောင်းထုတ်မှုကို ခံစားခဲ့ရတာပါ။ 

    ၂၀၁၂၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ် ရိုဟင်ဂျာတွေ ညှင်းပမ်းခံရမှုကို ကမ္ဘာက ပိုမို အာရုံစိုက်လာခဲ့ပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာအရေအတွက်က ၁ သန်းလောက် ရှိနေပါတယ်။ 

    ကြာသာပတေးနေ့ ဆန္ဒပြပွဲမှာ ရိုဟင်ဂျာ ထောင်သောင်းချီ ပါ၀င်ခဲ့ကြပြီး ဒုက္ခသည်ဘ၀၊ အသိအမှတ်ပြု မခံရမှုတွေကို မလိုချင်တော့ဘဲ မွေးရပ်မြေကို အမြန်ဆုံးပြန်ချင်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။ 

    “ကျွန်တော်တို့တွေဟာ မွေးရာပါ မြန်မာနိုင်ငံသားတွေပါ။ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ လုံခြုံဘေးကင်းမှုတို့အပါအ၀င် ကျွန်တော်တို့ရဲ့ အခွင့်အရေး အပြည့်အ၀နဲ့ အိမ်ကို ပြန်ချင်ပါတယ်” လို့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုဟာမက် ဂျာရှင်မ်က ပြောပါတယ်။

    ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

    လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ရှေ့ပြေးစီမံကိန်းအဖြစ် ရိုဟင်ဂျာ ဒုက္ခသည် ၁၁၀၀ လောက်ကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးထားပါတယ်။ ပြန်ခေါ်မယ့် ရက်အတိအကျကို သတ်မှတ်ရခြင်း မရှိသေးပါဘူး။

    ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ စား၀တ်နေရေးကို အဓိက တာ၀န်ယူထားတဲ့ ကုလ စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း ရိုဟင်ဂျာတွေအပေါ် ထောက်ပံ့နေတဲ့ ရန်ပုံငွေကို မကြာသေးခင်က ထပ်မံ လျှော့ချခဲ့ပါတယ်။ 

    “ကျွန်တော်တို့ရဲ့အခြေနေဟာ ပိုဆိုးလာတယ်။ ဒီမှာ ဘာအနာဂတ်မှ မရှိပါဘူး။ စီစစ်လက်ခံရေးဆိုတဲ့ ခေါင်းစဥ်နဲ့ မြန်မာဖက်က အချိန်ဆွဲနေတာပါ” လို့ ဆန္ဒပြမှုမှာ ပါ၀င်တဲ့ ဒုက္ခသည် မိုဟာမက် တာဟာရ်က ပြောပါတယ်။ 

    Ref: Reuters