News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံထားရသည့် နေရာ ၃ ခုကို ထပ်မံတွေ့ရှိ

    ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံထားရသည့် နေရာ ၃ ခုကို ထပ်မံတွေ့ရှိ

    မေ ၂၅၊ ၂၀၂၃

    M-Media


    -၁၉၄၈ ခုနှစ် ပါလက်စတိုင်းနယ်မြေတွေကို ဂျူးလက်နက်ကိုင်တွေက သိမ်းပိုက်စဥ် လူအမြောက်အများ သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာသစ် အနည်းဆုံး ၃ ခုကို တွေ့ရှိထားတယ်လို့ သုတေသန အဖွဲ့က ပြောပါတယ်။ 

    ယနေ့ အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့အနီးက တန်တူရာလို့ခေါ်တဲ့ ရွာမှာဖြစ်ပါတယ်။ တန်တူရာဟာ ၁၉၄၈ ခုနှစ် မတိုင်ခင်က ပါလက်စတိုင်း ၁၅၀၀ လောက် နေထိုင်တဲ့ ရွာတစ်ခုပါ။ 

    ၁၉၄၈ ခုနှစ်မှာ နောက်ပိုင်း အစ္စရေးစစ်တပ်ဖြစ်လာမယ့် ဂျူးလက်နက်ကိုင်အဖွဲ့က ဒီရွာကို ၀င်ရောက်တိုက်ခိုက်ပြီး ပါလက်စတိုင်းတွေကို မောင်းထုတ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း နည်းဆုံး လူ ၂၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ 

    တန်တူရာရွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေကို သုတေသနအဖွဲ့အစည်းတွေက ရှာဖွေနေတာ ကြာပါပြီ။ 

    လန်ဒန်အခြေစိုက် Forensic Architecture သုတေသနအဖွဲ့တစ်ခုက နောက်ဆုံးပေါ်နည်းပညာတွေ၊အသက်ရှင်ကျန်ရစ်သူတွေ၊ ပါလက်စတိုင်းကို ဗြိတိသျှအုပ်စိုးစဥ်က မှတ်တမ်းတွေကနေတစ်ဆင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာ ၃ ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

    ၂ ခုက တန်တူရာရွာ ကမ်းခြေက ကားပါကင်မှာဖြစ်ပါတယ်။

    ကျန်ရစ်သူ မိသားစုတွေ ရုပ်ကြွင်းတွေကို တူးဖော်သင်္ဂြိုဟ်ခွင့် ရနိုင်ရေးအတွက် တွေ့ရှိထားတဲ့ အထောက်အထားတွေကို Forensic Architecture အဖွဲ့က အစ္စရေးအာဏာပိုင်တွေထံ တင်ပြသွားဖို့ ရှိနေပါတယ်။ 

    ၁၉၄၈ ခုနှစ် ဂျူးလက်နက်ကိုင်တွေက ပါလက်စတိုင်းနယ်မြေတွေကို သိမ်းပိုက်ချိန် ပါလက်စတိုင်းမြို့ရွာပေါင်း အနည်းဆုံး ၅၀၀ လောက် ဖျက်ဆီးခံခဲ့ရပြီး လူ ၇ သိန်းခွဲလောက် နေရပ်ကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ 

    Ref: Arab News 

  • ရိုဟင်ဂျာများကို နေရပ်ပြန်ခေါ်ရန်ခေါင်းစဥ်ဖြင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်

    ရိုဟင်ဂျာများကို နေရပ်ပြန်ခေါ်ရန်ခေါင်းစဥ်ဖြင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်

    မေ ၂၅၊ ၂၀၂၃

    M-Media


    -ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ရေး စီစဥ်ဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပါတယ်။ 

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ၁၉၇၀ လောက်ကစပြီး မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှု၊ နေရပ်က အဓမ္မမောင်းထုတ်မှုတွေကို ခံခဲ့ရတာပါ။ 

    ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံရမှု၊ မောင်းထုတ်ခံရမှုကို ကမ္ဘာက ပိုမိုအာရုံစိုက်လာပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် ခိုလှုံနေရပါတယ်။ 

    စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်မှုဟာ ရှေ့ပြေးအနေနဲ့ ရိုဟင်ဂျာ ၁၂၀၀ လောက်ကို နေရပ်ပြန်ခေါ်ဖို့ ဖြစ်ပါတယ်။ 

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ လက်ထောက်ကော်မရှင်နာ ရှမ်စ် အွဒ် ဒူဇာက အဖွဲ့၀င် ၁၄ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီခရီးစဥ်ဟာ ယုံကြည်မှုတည်ဆောက်ရေးအတွက်ဖြစ်ပြီး ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    နိုင်ငံတကာရဲ့ ၀ေဖန်ပြစ်တင်မှုကို လျှော့ချလိုတဲ့အတွက် အဆက်ဆက် မြန်မာအစိုးရနဲ့ စစ်တပ်တို့ဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ ကြိုးစားပေမယ့် မူလ ပိုင်ဆိုင်ခဲ့တဲ့ နေရပ်ကို ပြန်ပို့တာမျိုးမဟုတ်ဘဲ ဒုက္ခသည်စခန်းတည်ဆောက်ကာ ထားရှိတာ ဖြစ်ပါတယ်။ 

    Ref: CNA

  • အမျိုးသမီး စွမ်းအားမြှင့်တင်ရေးမှာ သမိုင်းသစ်ရေးထိုးလိုက်တဲ့ ဆော်ဒီအာရေဗျ

    အမျိုးသမီး စွမ်းအားမြှင့်တင်ရေးမှာ သမိုင်းသစ်ရေးထိုးလိုက်တဲ့ ဆော်ဒီအာရေဗျ

    မေ ၂၂၊ ၂၀၂၃

    M-Media


    -ဆော်ဒီအာရေဗျ အာကာသယာဥ်မှူး ရေယာနာ ဘာရ်နာ၀ီဟာ မနေ့က Space X က လွှတ်တင်တဲ့ အာကာသယာဥ်နဲ့ နိုင်ငံတကာ အာကာသစခန်း ISS ကို လိုက်ပါသွားခဲ့ပါတယ်။

    ဆော်ဒီနဲ့ အာရပ်ကမ္ဘာမှာ အာကာသကို သွားရောက်နိုင်တဲ့ ပထမဆုံး အမျိုးသမီးယာဥ်မှူးအဖြစ် ရေယာနာတစ်ယောက် သမိုင်းရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

    အခြား ဆော်ဒီအာကာသယာဥ်မှူး အလ် ကာရ်နီလည်း မနေ့က ဒုံးပျံနဲ့ လိုက်ပါသွားခဲ့ပါတယ်။ ရေယာနာနဲ့ အလ် ကာရ်နီတို့ဟာ ၁၉၈၅ ခုနှစ်နောက်ပိုင်း အာကာသကိုသွားရောက်တဲ့ ပထမဆုံး ဆော်ဒီနိုင်ငံသားတွေအဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    သုတေသနပညာရှင်တွေလည်းဖြစ်တဲ့ သူတို့နှစ်ဦးဟာ နိုင်ငံတကာအာကာသစခန်းမှာ ၈ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သိပ္ပံသုတေသနလုပ်ငန်းပေါင်း ၂၀ လောက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒီအထဲက ၁၄ ခုဟာ ဆော်ဒီသိပ္ပံပညာရှင်တွေရဲ့ မူပိုင်ဖြစ်ပါတယ်။ 

    Ref: Arab News 

  • မန်စီးတီးအသင်းအား ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်စေခဲ့သည့် အရေးပါသော အဖြစ်အပျက် ၉ ခု

    မန်စီးတီးအသင်းအား ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်စေခဲ့သည့် အရေးပါသော အဖြစ်အပျက် ၉ ခု

    မေ ၂၁၊ ၂၀၂၃
    M-Media

    ၁။ ဟာလန်းကို ခေါ်ယူခြင်း

    ပြီးခဲ့တဲ့နှစ် လီဗာပူးလ်အသင်းကို ပွတ်ကာသီကာ ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းမှာ အဆုံးအဖြတ်ပေးနိုင်မယ့် တိုက်စစ်သမားကောင်းကောင်း မရှိခဲ့ပါဘူး။ ကွင်းလယ်လူ ဒီဘရိုင်း အသင်းရဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့တာက မန်စီးတီးအသင်းရဲ့ တိုက်စစ်အားနည်းမှုကို ပြသနေပါတယ်။

    ဒီနှစ်မှာတော့ ဂွါဒီယိုလာဟာ ဒီကွက်လပ်ကို ဟာလန်းနဲ့ အကောင်းဆုံး ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ သူ့ရဲ့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်သမိုင်းရဲ့ စံချိန်တင်ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပြီး ပရီးမီးလားလိဂ်ဖလားကိုလည်း ကိုင်မြှောက်နိုင်တော့မှာ ဖြစ်ပါတယ်။

    ၂။ ဒါဘီပွဲ အနိုင်ရခြင်း

    ဖလားစိန်ခေါ်မယ့်အသင်းတွေဟာ ရာသီအစောပိုင်းကာလမှာ ရလဒ်တွေကောင်းထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဖလားလုမယ့်ပြိုင်ဘက်တွေ၊ မြို့ခံပြိုင်ဘက်တွေနဲ့ တွေ့တဲ့အချိန်မျိုးမှာပါ။ ရာသီအစ အောက်တိုဘာလ အိမ်ကွင်း မန်ယူနဲ့ ဒါဘီပွဲမှာ မန်စီးတီးဟာ ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ အခုနှစ် မန်စီးတီးရဲ့ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲလည်း ဖြစ်ပါတယ်။

    ၃။ စပါးပွဲ ပြန်လာနိုင်ခြင်း

    ၂၀၂၃ အစပိုင်းမှာ မန်စီးတီးရဲ့ခြေစွမ်းဟာ အလွန်ဆိုးရွားခဲ့ပါတယ်။ နှစ်အစ အိမ်ကွင်းမှာ အဲဗာတန်ကို ၁ ဂိုးစီ သရေကျပြီး၊ နောက်တစ်ပွဲမှာ မန်ယူကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ တတိယပွဲဖြစ်တဲ့ စပါးနဲ့ ပွဲမှာလည်း မန်စီးတီးဟာ ပထမပိုင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေတာပါ။ ဒုတိယပိုင်းမှာတော့ အလ်ဗာရက်ဇ်၊ ဟာလန်း၊ မာရက်ဇ်တို့ရဲ့ အစွမ်းပြမှုနဲ့ ၄ ဂိုးပြန်သွင်းကာ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲနောက်ပိုင်း မန်စီးတီးဟာ အများဆုံးရနိုင်တဲ့ အမှတ်တွေထဲက ၅ မှတ်သာ ဆုံးရှုံးခဲ့ပါတယ်။

    ၄။ ကန်ဆယ်လိုကို လက်လွှတ်ခြင်း

    ပြီးခဲ့တဲ့ ၂ နှစ်မှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကန်ဆယ်လိုဟာ ဟာလန်ကို အသားပေးတဲ့ ဂွါဒီယိုလာရဲ့ နည်းစနစ်အပြောင်းအလဲမှာ အံမ၀င်တော့ပါဘူး။ သူ့နေရာကို နသန်အေကီ ၀င်လာတဲ့အခါ ကန်ဆယ်လိုဟာ အသင်းရဲ့စည်းလုံးမှုကို ထိခိုက်စေတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါကို ရိပ်မိလာတဲ့ ဂွါဒီယိုလာဟာ ဇန်န၀ါရီနှောင်းပိုင်းမှာ ကန်ဆယ်လိုကို ဘိုင်ယန်မြူးနစ်ဆီ အငှားနဲ့ပိုခဲ့ပါတယ်။ သူ့နေရာကို အေကီနဲ့ အေကန်ဂျီတို့က အကောင်းဆုံး အစားထိုးနိုင်ခဲ့ပြီး အသင်းကလည်း ကွင်းတွင်းကွင်းပြင် ပိုမိုစည်းလုံးလာခဲ့ပါတယ်။

    ၅။ ဘဏ္ဍာရေးစည်းမျဥ်း ပြဿနာ

    မန်စီးတီးအပါအ၀င် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတစ်ချို့ဟာ ဘဏ္ဍာရေးစည်းမျဥ်း ချိုးဖောက်တယ်ဆိုတဲ့ သတင်းတွေ ဖေဖော်၀ါရီ ၆ ရက်နေ့မှာ ထွက်လာပါတယ်။ မန်စီးတီးဟာ ပရီးမီးလားလိဂ် ချန်ပီယံဘွဲ့ကို စွန့်လွှတ်ရတာ၊ တန်းဆင်းရတာတွေအထိ ဖြစ်နိုင်တယ်လို့ ပြောလာကြပါတယ်။ ဂွါဒီယိုလာက ဒီပြဿနာကို အသင်းအတွက် တွန်းအားအဖြစ် အသုံးချနိုင်ခဲ့ပါတယ်။ ဒီသတင်းနောက်ပိုင်း မန်စီးတီးဟာ ပြိုင်ပွဲပေါင်းစုံ ၂၃ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာရနိုင်တဲ့ ၄၂ မှတ်မှာ အမှတ် ၄၀ အထိ ရယူနိုင်ခဲ့ပါတယ်။

    ၆။ အာဆင်နိုင်ကို အနိုင်ယူခြင်း

    ဇယားထိပ်မှာ တောက်လျှောက်ဦးဆောင်လာတဲ့ အာဆင်နယ်ကို ဖေဖော်၀ါရီလ အ၀ေးကွင်းမှာ အနိုင်ယူနိုင်ခဲ့တာကလည်း ချန်ပီယံလမ်းကြောင်းပေါ် ပိုမိုခိုင်မြဲစေမယ့် ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ အဲဒီပွဲဟာ အာဆင်နယ်အသင်းကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေခဲ့ပါတယ်။ ဧပြီလ အိမ်ကွင်းပွဲမှာတော့ မန်စီးတီးဟာ ၄ ဂိုး ၁ ဂိုးနဲ့ ထပ်မံအနိုင်ယူကာ အာဆင်နယ်ကို အလဲထိုးနိုင်ခဲ့ပါတယ်။

    ၇။ လီဗာပူးလ်ကို အနိုင်ယူခြင်း

    ဧပြီလ ၁ ရက်နေ့ လီဗာပူးလ်နဲ့ပွဲဟာ မန်စီးတီးရဲ့ ချန်ပီယံပြေးလမ်းကြောင်းမှာ အရေးပါတဲ့ ပွဲတစ်ပွဲပါ။ ဒီပွဲမှာ အားထားရတဲ့ တိုက်စစ်မှူးဟာလန်း ဒဏ်ရာကြောင့် မပါ၀င်နိုင်ခဲ့ပါဘူး။ အာဆင်နယ်ကို အမှီလိုက်နိုင်ရေး ဒီပွဲက အရေးကြီးနေပြီး ပထမပိုင်းမှာ မန်စီးတီးက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးဟာ ချန်ပီယံ ခြေစွမ်းပြခဲ့ပြီး အယ်လ်ဗာရက်ဇ်၊ ဒီဘရိုင်း၊ ဂွမ်ဒိုဂန်နဲ့ ဂရင်းလစ်ရှ်တို့က ဂိုးတွေသွင်းကာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

    ၈။ အခွင့်အရေးယူနိုင်ခြင်း

    အာဆင်နယ်ရဲ့ အမှားတွေကို အခွင့်အရေးယူနိုင်ခဲ့တာကလည်း မန်စီးတီးရဲ့ ဖလားလမ်းကြောင်းကို ပိုမို ခိုင်မြဲစေခဲ့ပါတယ်။ ဧပြီလအတွင်း အာဆင်နယ်ဟာ လီဗာပူးလ်နဲ့ ၀က်စ်ဟမ်းတို့ကို ဦးဆောင်ဂိုးတွေ သွင်းယူပြီးမှ သရေကျခဲ့ပြီး၊ ဆောက်သက်တမ်နဲ့ပွဲမှာလည်း နောက်ဆုံး မိနစ်ချေပဂိုးကြောင့် သရေတစ်မှတ် ရခဲ့ပါတယ်။ အာဆင်နယ်က အမှတ်တွေဆုံးရှုံးနေချိန် မန်စီးတီးဟာ လက်စတာ၊ ဖူလ်ဟမ်နဲ့ ၀က်စ်ဟမ်းတို့ကို အနိုင်ကစားကာ အမှတ်ပြည့် ရယူနိုင်ခဲ့ပါတယ်။

    ၉။ ၁၁ ပွဲဆက်အနိုင်

    မေလ ၁၄ ရက်နေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ အ၀ေးကွင်းပွဲဟာ မန်စီးတီးတို့ ဖလားရဖို့ ၇၅ ရာခိုင်နှုန်း သေချာစေခဲ့ပါတယ်။ ပထမ မိနစ် ၃၀ အတွင်း ရုန်းကန်ခဲ့ရတဲ့ မန်စီးတီးဟာ နောက်ပိုင်းမှာ ၃ ဂိုးသွင်းကာ အနိုင်ယူနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာ အာဆင်နယ်အသင်းက ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် လက်ကျန် ၃ ပွဲမှာ တစ်ပွဲနိုင်တာနဲ့ ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေးကို ရရှိခဲ့ပါတယ်။

    မနေ့က အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ၃ နှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

    Ref: Goal

  • ဂျပန်ကိုကျော်ကာ ကားဘုရင်ဖြစ်လာတဲ့ တရုတ်

    ဂျပန်ကိုကျော်ကာ ကားဘုရင်ဖြစ်လာတဲ့ တရုတ်

    မေ ၁၉၊ ၂၀၂၃

    M-Media 


    -မော်တော်ကား ထုတ်လုပ်တင်ပို့ရောင်းချမှုမှာ ဂျပန်ကို ကျော်တက်နိုင်ပြီလို့ တရုတ်က ကြေငြာပါတယ်။ 

    အခုနှစ် ပထမ ၃ လပတ်အတွင်း တရုတ်ဟာ ကမ္ဘာတစ်၀ှမ်း ကားအစီးရေ ၁.၀၇ သန်း တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ပထမ ၃ လပတ်ထက် ၅၈ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာတာပါ။ 

    ဂျပန်ကတော့ ဇန်န၀ါရီကနေ မတ်လကုန်အထိ ကားအစီးရေ ၉ သိန်းခွဲသာ တင်ပို့ထားပါတယ်။ 

    ကမ္ဘာတစ်၀ှမ်း လျှပ်စစ်ကား ၀ယ်လိုအား များလာတာ၊ ရုရှားကို ကားရောင်းချမှု မြင့်တက်လာတာတို့က တရုတ်ကို ကမ္ဘာ့ထိပ်တန်း ကားတင်ပို့တဲ့နိုင်ငံ ဖြစ်လာစေတာ ဖြစ်ပါတယ်။ 

    ၂၀၂၂ ခုနှစ်အတွင်း တရုတ်ဟာ ကားအစီးရေ ၃.၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ ဒုတိယ ကားတင်ပို့မှုအများဆုံးဖြစ်တဲ့ ဂျာမနီကို ကျော်တက်နိုင်ခဲ့ပါတယ်။

    Ref: BBC