News @ M-Media

Author: Ko Lay

  • အာဏာသိမ်း စစ်ခေါင်းဆောင် မြောင်းထဲရောက်သွားခဲ့သည့် ထိုင်းရွေးကောက်ပွဲ

    အာဏာသိမ်း စစ်ခေါင်းဆောင် မြောင်းထဲရောက်သွားခဲ့သည့် ထိုင်းရွေးကောက်ပွဲ

    မေ ၁၅၊ ၂၀၂၃

    M-Media 


    -မနေ့က ကျင်းပတဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ လူငယ်ပညာတတ် ပီတ လင်မ်ဂျာရိုနရတ် ခေါင်းဆောင်တဲ့ Move Forward ပါတီက အနိုင်ရရှိသွားပါတယ်။ 

    ရွေးကောက်ပွဲကော်မရှင်က Move Forward ဟာ စုစုပေါင်း အမတ်နေရာ ၁၅၁ နေရာရရှိကာ အနိုင်ရကြောင်း ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။ 

    လက်ရှိ၀န်ကြီးချုပ်ဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ပရာယွတ်ရဲ့ United Thai Nation ပါတီက စုစုပေါင်း အမတ်နေရာ ၃၆ နေရာသာ အနိုင်ရရှိပါတယ်။ 

    စစ်တပ်ရဲ့ ဖြုတ်ချမှု ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ၀ပ်ထရာရဲ့သမီး ပေထုံတန် ဦးဆောင်တဲ့ Pheu Thai ပါတီက ဒုတိယအများဆုံးအဖြစ် ၁၄၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။ 

    Move Forward ပါတီခေါင်းဆောင် လင်မ်ဂျာရိုနရတ်က အတိုက်အခံပါတီ ၅ ခုနဲ့ ပါတီအသစ် ၁ ခု စုစုပေါင်း ၆ ပါတီပေါင်းကာ အစိုးရဖွဲ့သွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ 

    ၆ ပါတီပေါင်းရင် အမတ်နေရာ ၃၀၉ နေရာ ရရှိမှာဖြစ်ပြီး အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ အရေအတွက်ပါ။ ၀န်ကြီးချုပ်အဖြစ် ပီတ လင်မ်ဂျာရိုနရတ်က ဆောင်ရွက်မှာ ဖြစ်ပါတယ်။ 

    ပူးပေါင်းမယ့်ပါတီတွေထဲမှာ Pheu Thai ပါတီလည်း ပါ၀င်ပြီး၊ ပေထုံတန်ကို ဂုဏ်ပြုကြောင်း လင်မ်ဂျရိုနရတ်က ပြောကြားခဲ့ပါတယ်။ 

    စစ်တပ်ကို လွှတ်တော်နဲ့ နိုင်ငံရေးကနေ ဖယ်ရှားရေး၊ တော်၀င်မိသားစုနဲ့ပတ်သက်တဲ့ ဥပဒေတွေ ပြန်လည်သုံးသပ်ရေး အပါအ၀င် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ Move Forward ပါတီက ကြေငြာထားပါတယ်။ 

    ညွန့်ပေါင်းအစိုးရဖွဲ့ရေးနဲ့ လင်မ်ဂျာရိုနရတ် ၀န်ကြီးချုပ်ဖြစ်ရေးအတွက် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုက လက်ရှိမှာ အရေးပါနေပါတယ်။ 

    ပြည်သူလူထုက အုပ်ချုပ်ခွင့်အာဏာကို မိမိတို့ပါတီလက်ထဲ ထည့်ပေးလိုက်တဲ့အတွက် အထက်လွှတ်တော်ကိစ္စကို မစိုးရိမ်ဘူးလို့ လင်မ်ဂျာရိုနရတ်က မှတ်ချက်ပေးခဲ့ပါတယ်။ 

    Ref : Bangkok Post, CNA 

  • ဖက်ဆစ်ဂျပန်တို့၏ လုပ်ရပ်အတွက် ဂျပန်၀န်ကြီးချုပ် စိတ်ထိခိုက်

    ဖက်ဆစ်ဂျပန်တို့၏ လုပ်ရပ်အတွက် ဂျပန်၀န်ကြီးချုပ် စိတ်ထိခိုက်

    မေ ၁၃၊ ၂၀၂၃

    M-Media 


    -ဖက်ဆစ်ဂျပန်တို့ရဲ့ ကျူးကျော်မှုအတွင်း နာကျင်ခံစားရတဲ့ ကိုရီးယားပြည်သူတွေအတွက် စိတ်ထိခိုက်မိတယ်လို့ ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောပါတယ်။ 

    ကိုရီးယားဟာ ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဖက်ဆစ်ဂျပန်တို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရပါတယ်။ ဒီကာလအတွင်း ကိုရီးယားပြည်သူတွေဟာ ဂျပန်တို့ရဲ့ နှိပ်စက်မှုကို ခါးစီးခံခဲ့ရပါတယ်။

    တောင်ကိုရီးယားကို အလည်အပတ်ရောက်ရှိလာတဲ့ ဂျပန်၀န်ကြီးချုပ် ကီရှီဒါက သတင်းထောက်တွေကို ဒီကိစ္စအတွက် ပုဂ္ဂိုလ်ရေးအရ သဘောထားမှတ်ချက် ပေးခဲ့ပါတယ်။ 

    “ဒီလို ခက်ခဲကြမ်းတမ်းလှတဲ့ အချိန်ကာလမျိုးမှာ ပြည်သူတွေ အလွန်အမင်း နာကျင်ခံစားခဲ့ရတာကို ပြန်စဥ်းစားလိုက်ရင် ကျွန်တော်အနေနဲ့ စိတ်ခိုက်မိပါတယ်”

    အတိတ်က ဒီကျူးကျော်မှုနဲ့ပတ်သက်ပြီး ကိုရီးယားနဲ့ ဂျပန်တို့အကြားမှာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာအချို့ ရှိနေဆဲပါ။ 

    ကီရှီဒါကတော့ ဒီကိစ္စအတွက် သူတို့အစိုးရဟာ အရင်အစိုးရတွေရဲ့ ရပ်တည်ချက်အတိုင်းသာ သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ဘိုဘေးဖက်စစ်ဂျပန်တွေရဲ့ လုပ်ရပ်အတွက် အရင်ဂျပန်အစိုးရ တာ၀န်ရှိသူတွေဟာ လူသိရှင်ကြား တောင်းပန်မှုတွေ ပြုလုပ်ထားပါတယ်။ 

    Ref: Reuters 

  • အကောင်းဆုံးဆုကို စံချိန်တင်ပြီး ရယူနိုင်ခဲ့တဲ့ ဟာလန်း

    အကောင်းဆုံးဆုကို စံချိန်တင်ပြီး ရယူနိုင်ခဲ့တဲ့ ဟာလန်း

    မေ ၁၃၊ ၂၀၂၃

    M-Media


    -ဘောလုံးအားကစား ဂျာနယ်လစ်အသင်း (FWA) က ရွေးချယ်ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို မန်စီးတီးတိုက်စစ်မှူး အာလင် ဟာလန်းက ရရှိသွားပါတယ်။ 

    မဲပေးမှု စုစုပေါင်းရဲ့ ၈၂ ရာခိုင်နှုန်းကို ဟာလန်းက ရရှိကာ အာဆင်နယ်တိုက်စစ်မှူး ဘူကာယို ဆာကာ၊ ကွင်းလယ်လူ အိုဒီဂတ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ၈၂ ရာခိုင်နှုန်းဟာ FWA ဆုသမိုင်းမှာ အမြင့်ဆုံးရရှိတဲ့ စံချိန်လည်း ဖြစ်ပါတယ်။ 

    “အင်္ဂလိပ်ဘောလုံးလောကမှာ ပထမတစ်နှစ်ထဲနဲ့ FWA ဆုကို ရရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အကောင်းဆုံးဖြစ်အောင်လို့ နေ့စဥ်နေ့တိုင်း ကျွန်တော်ကြိုးစားတယ်။ ဒီလိုအသိအမှတ်ပြုခံရတာဟာ ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီး ရှိပါတယ်”

    “မန်စီးတီးမှာ ကုန်ဆုံးရတဲ့ အချိန်တိုင်းကို ကျွန်တော်ပျော်တယ်။ အသင်းဖော်တွေဟာ မယုံနိုင်လောက်အောင် ကောင်းတယ်။ သူတို့ဖန်တီးပေးလို့ ကျွန်တော် ဂိုးတွေရတာပါ။ သူတို့မရှိဘဲနဲ့ ကျွန်တော် ဒီဆုကို မရနိုင်ပါဘူး။ အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောပါရစေ” 

    ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲပေါင်းစုံ ၅၁ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၅ ဂိုးနဲ့ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ် တင်ထားနိုင်ပါတယ်။ 

    Ref : ESPN

  • မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ လက်မလျှော့သေး

    မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ လက်မလျှော့သေး

    မေ ၁၂၊ ၂၀၂၃

    M-Media

    -မြန်မာနိုင်ငံက ပြဿနာကို ၂ နှစ်ကျော်ကြာ ဖြေရှင်းရာမှာ ဘာတိုးတက်မှုမှ မရှိပေမယ့် လက်လျှော့သွားမှာ မဟုတ်ဘူးလို့ အာဆီယံအဖွဲ့က ပြောကြားလိုက်ပါတယ်။ 

    ၂၀၂၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ 

    မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒီပွဲ ဖိတ်ကြားခြင်း မရှိပါဘူး။ 

    ၀ေဖန်

    အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ဟာ ပြဿနာဖြေရှင်းရေး ဘာမှလုပ်ဆောင်ခြင်းမရှိသလို၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက ပြောပါတယ်။ 

    “တည့်တည့်ပဲ ပြောပါရစေ။ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ ဘာတိုးတက်မှုမှ မရှိပါဘူး”

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာ အာဆီယံဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ပြဿနာဖြေရှင်းရေး ကတိက၀တ် တောင်းခံခဲ့တာ ဖြစ်ပါတယ်။ 

    အကြမ်းဖက်မှု ရပ်တန့်ရေး၊ ထိခိုက်ခံစားရတဲ့ ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာရေးတွေ ဒီ ၅ ချက်မှာ ပါ၀င်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကို သည်းခံလို့မရဘဲ၊ ဒါတွေကို ရပ်တန့်ရေး၊ ပြည်သူတွေကို ကာကွယ်ပေးရေး လုပ်ဆောင်သွားရမယ်လို့ ၀ီဒိုဒိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    သဘောထား

    စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်းက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ သဘောထားကို ပြောင်းလဲမှာမဟုတ်ဘူးလို့ အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။ 

    လက်ရှိ အာဆီယံဟာ မြန်မာအာဏာသိမ်းစစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်တာမျိုး မလုပ်ဘဲ၊ အစည်းအ၀ေးတွေမှာလည်း စစ်ခေါင်းဆောင်တွေကို ဖိတ်ကြားခြင်း မပြုပါဘူး။ 

    လီရှန်လွန်းက အာဆီယံဟာ ရှေ့ဆက် ဒီလိုအနေအထားအတိုင်း ဆက်သွားမှာဖြစ်ပြီး စစ်ခေါင်းဆောင်တွေ၊ NLD တာ၀န်ရှိသူတွေ အပါအ၀င် သက်ဆိုင်သူတွေအကြား တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးပမ်းသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံဆွေးနွေးဖို့၊ တော်တော်လေး ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို လူသားချင် စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ စသဖြင့် အခြေအနေတွေ ပိုကောင်းလာအောင် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဖြစ်နိုင်ရင် အကြမ်းဖက်မှု ရပ်တန့်ဖို့လည်း တိုက်တွန်းသွားမှာပါ။ မလွယ်တော့မလွယ်ဘူး။ အချိန်အများကြီး ပေးရလိမ့်မယ်”

    နောက်ကွယ်က ဆောင်ရွက်

    အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်သူတွေအားလုံးနဲ့ ပြီးခဲ့တဲ့လတွေအတွင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားတယ်လို့ မကြာသေးခင်က ထုတ်ပြောထားပါတယ်။ 

    ဒါပေမယ့် ထင်သာမြင်သာတဲ့ ရလဒ်မျိုးတော့ မရခဲ့ပါဘူး။ 

    “တိုးတက်မှုမရှိပေမယ့်လည်း ကျွန်မတို့ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး” လို့ မနေ့က အစည်းအ၀ေး အပိတ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ 

    အာဆီယံ အတွင်းရေးမှူး ကော်ကင်ဟွန်းက မြန်မာစစ်အာဏာရှင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ အကြမ်းဖက်မှု ရပ်တန့်ရေးကို အခြေခံအချက်အဖြစ် စွဲကိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “ခရီးတစ်ခုသွားတယ်ဆိုကြပါစို့။ ပထမ ပြေးသွားမယ်။ မပြေးနိုင်ရင် လမ်းလျှောက်မယ်။ မလျှောက်ရင် လေးဘက်သွားရပါမယ်။ အရှေ့ကိုသွားနေသမျှ တိုးတက်မှုပါပဲ”

    မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဇမ်ဘရီ အဘ်ဒူလ် ကာဒရ်က မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက စိတ်နှစ်ထားပြီး အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ 

    “အဖွဲ့၀င်နိုင်ငံတိုင်းက ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းတဲ့ အဖြေတစ်ခုကို ရှာချင်ကြတာပါ” 

    Ref: CNA

  • ဆီးရီးယားအာဏာရှင် အာဆတ်ကို အာရပ်လိဂ်က ပြန်လက်ခံ

    ဆီးရီးယားအာဏာရှင် အာဆတ်ကို အာရပ်လိဂ်က ပြန်လက်ခံ

    မေ ၉၊ ၂၀၂၃

    M-Media


    -၁၁ နှစ်ကြာ ထုတ်ပယ်ထားတဲ့ ဆီးရီးယားကို အာရပ်လိဂ်အဖွဲ့က တနင်္ဂနွေနေ့မှာ အဖွဲ့၀င်အဖြစ် ပြန်လည် လက်ခံလိုက်ပါတယ်။ 

    ဆန္ဒပြပြည်သူတွေကို အာဏာရှင် အာဆတ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်ပြီး ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်လာခဲ့တာပါ။ 

    အာရပ်လိဂ်ဟာ ၂၀၁၂ ခုနှစ်မှာ ဆီးရီးယားကို အဖွဲ့၀င်အဖြစ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ 

    လက်ရှိ ဆီးရီးယားမှာ အာဆတ်အစိုးရက နိုင်ငံရဲ့ နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး လက်နက်ကိုင်သူပုန်တွေက နယ်မြေအနည်းငယ် သိမ်းပိုက်ထားပါတယ်။ 

    ဆီးရီးပြည်တွင်းစစ်ကို လက်တွေ့ကျကျနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေးအတွက် အဖွဲ့၀င်အဖြစ် ပြန်လည်လက်ခံတာလို့ အာရပ်လိဂ်က ထုတ်ပြန်ပါတယ်။ 

    ဆော်ဒီအာရေဗျမှာ မကြာခင်ကျင်းပမယ့် ထိပ်သီးအစည်းအ၀ေးမှာ ဆီးရီးယားသမ္မတ အာဆတ်ကို အာရပ်လိဂ်က ဖိတ်ကြားဖို့ ရှိနေပါတယ်။ 

    Ref: CNN