News @ M-Media

Author: Ko Lay

  • ယူကရိန်းသမ္မတ ဆော်ဒီသို့ ရုတ်တရက်ရောက်လာ

    ယူကရိန်းသမ္မတ ဆော်ဒီသို့ ရုတ်တရက်ရောက်လာ

    မေ ၁၉၊ ၂၀၂၃

    M-Media 


    -ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးဟာ ဆော်ဒီအာရေဗျကို ဒီကနေ့မှာ ရုတ်တရက် ရောက်ရှိလာပါတယ်။ 

    ဒါဟာ သူ့ရဲ့ ပထမဆုံး ဆော်ဒီခရီးစဥ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ယူကရိန်းနဲ့ အာရပ်ကမ္ဘာအကြား ဆက်ဆံရေး တိုးမြှင့်ဖို့ ဖြစ်တယ်လို့ ဇယ်လင်စကီးက သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

    ဆော်ဒီမှာ အာရပ်လိဂ် ထိပ်သီးအစည်းအ၀ေး ကျင်းပနေတာ ဖြစ်ပါတယ်။ 

    ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားက နိုင်ငံရေးအကျဥ်းသားတွေ ကိစ္စ၊ ယူကရိန်းပြည်သူတွေ နေရပ်ပြန်နိုင်ရေး၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးသွားမယ်လို့ ဇယ်လင်စကီးက ဆိုပါတယ်။ 

    ယူကရိန်းအရေးမှာ ဆော်ဒီက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ကူညီပေးနေပြီး၊ နှစ်နိုင်ငံဆက်ဆံရေး နောက်တစ်ဆင့်မြှင့်ဖို့ အဆင်သင့်ရှိနေတယ်လို့လည့် ထည့်သွင်းရေးသားခဲ့ပါတယ်။ 

    ဆော်ဒီဟာ ရုရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပြီး ယူကရိန်းသုံ့ပန်းတွေ လွတ်မြောက်ရေး၊ ယူကရိန်းက လယ်ယာထွက်ကုန်တွေ ပြည်ပတင်ပို့နိုင်ရေး စတာတွေအတွက် ကြား၀င်ကူညီပေးထားပါတယ်။ 

    ဒါ့အပြင် အတိဒုက္ခရောက်နေတဲ့ ယူကရိန်းပြည်သူတွေအတွက် ကန်ဒေါ်လာ သန်း ၄၀၀ ဖိုးထက်မနည်း လှူဒါန်းထားပါတယ်။ 

    Ref: Aljazeera 

  • နာကျင်မှုဆိုတာ ဘောလုံးလောကရဲ့ အစိတ်အပိုင်းပါ

    နာကျင်မှုဆိုတာ ဘောလုံးလောကရဲ့ အစိတ်အပိုင်းပါ


    “ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေထဲမှာ ကျေနပ်လောက်စရာ အချိန်ကာလတွေ အများကြီး ရှိခဲ့ပါတယ်။ နောက်ထပ် ၂ ပွဲကစားပြီး ဘယ်လိုအနေအထားနဲ့ အဆုံးသတ်မလဲဆိုတာ ကြည့်ကြတာပေါ့။ နာကျင်မှုဆိုတာ ဘောလုံးရဲ့ အစိတ်အပိုင်းပါ။ ကောင်းကောင်းမကစားနိုင်ဘူး၊ ရှုံးတယ်ဆိုရင် နာကျင်ရတာပါပဲ။ နာကျင်မှုကို မှန်မှန်ကန်ကန် အသုံးချဖို့လိုတယ်။ နာကျင်မှုကို အသုံးပြုပြီး ပိုကောင်းလာအောင်၊ နောက်ထပ်ပွဲတွေ နိုင်စေမယ့် နည်းလမ်းတွေ ရလာအောင် ဆောင်ရွက်ဖို့ လိုပါတယ်”

    -မီခေးလ် အာတီတာ (အာဆင်နယ်နည်းပြ)

  • အိန္ဒိယတွင် လူနည်းစုများ အကြမ်းဖက်ခံရမှု မြင့်တက်လာခြင်းကို အမေရိကန်၀ေဖန်

    အိန္ဒိယတွင် လူနည်းစုများ အကြမ်းဖက်ခံရမှု မြင့်တက်လာခြင်းကို အမေရိကန်၀ေဖန်

    မေ ၁၈၊ ၂၀၂၃

    M-Media


    -ခရစ်ယာန်နဲ့ မွတ်စလင်တွေ အပါအ၀င် လူနည်းစုတွေကို အစွန်းရောက်တွေက တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်လာတာကို တားဆီးဖို့အတွက် အိန္ဒိယအစိုးရကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ 

    ကမ္ဘာတစ်၀ှမ်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို အမေရိကန်အစိုးရက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ 

    အစီရင်ခံစာနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ဖြေကြားခဲ့တဲ့ ကန်အစိုးရ တာ၀န်ရှိသူတစ်ဦးက အိန္ဒိယမှာရှိတဲ့ လူနည်းစုတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ကျယ်ကျယ်ပြန့်ပြန့် အဆက်မပြတ်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ၀မ်းနည်းမိတယ်လို့ ဆိုပါတယ်။ 

    ဒီလုပ်ရပ်တွေကို အိန္ဒိယအစိုးရက ရှုတ်ချဖို့၊ ကျူးလွန်သူတွေကို အရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

    မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံး မျိုးဖြုတ်သတ်ဖြတ်ဖို့ ဟိန္ဒူအစွန်းရောက်တွေက တိုက်တွန်းမှုတွေ၊ လူအုပ်စုနဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေ၊ လူနည်းစုတွေရဲ့ ၀တ်ပြုရာနေရာတွေနဲ့ နေအိမ်တွေကို တိုက်ခိုက်ဖြိုဖျက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ကန်တာ၀န်ရှိသူက ပြောပါတယ်။ 

    ဒါတွေကို တားဆီးနိုင်ရေး အမေရိကန်အစိုးရက အိန္ဒိယအစိုးရနဲ့ တိုက်ရိုက် ဆက်သွယ်ပြောဆိုဖို့ ရှိနေပြီး၊ အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ 

    ၂၀၁၄ ခုနှစ် ဟိန္ဒူအမျိုးသားရေးပါတီ အာဏာရပြီးတဲ့နောက်ပိုင်း အိန္ဒိယမှာ ခရစ်ယာန်တွေ၊ မွတ်စလင်နဲ့ ဒါလစ်ဇာတ်နိမ့်တွေကို ဟိန္ဒူအစွန်းရောက်တွေက အကြမ်းဖက်တိုက်ခိုက်မှု ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် နိုင်ငံရေးကို ကျောခိုင်းဖွယ်ရှိ

    ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် နိုင်ငံရေးကို ကျောခိုင်းဖွယ်ရှိ

    မေ ၁၆၊ ၂၀၂၃

    M-Media 


    -တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့တဲ့ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ နိုင်ငံရေးကနေ အနားယူဖွယ်ရှိတယ်လို့ သတင်းထွက်လာပါတယ်။ 

    အသက် ၆၉ နှစ်အရွယ် ပရာယွတ်ရဲ့ United Thai Nation ပါတီဟာ ၃၆ နေရာသာ အနိုင်ရပြီး အရှက်ကွဲခဲ့ပါတယ်။

    ပါတီဒုဥက္ကဌအဖြစ် တာ၀န်ယူထားတဲ့ သာနာခွန် ၀မ်ဘွန်ခွန်ချာနာက ပရာယွတ်ဟာ နိုင်ငံရေးဆက်လုပ်မယ်လို့ မထင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    “သူက ထုတ်တော့ မပြောပါဘူး။ သူ့ရဲ့နိုင်ငံရေးသမားဘ၀ အဆုံးသတ်မယ်လို့ ကျွန်တော် ထင်ပါတယ်”

    ပရာယွတ်ဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို အုပ်စိုးလာတာ ဖြစ်ပါတယ်။ တိုင်းပြည်ကို စစ်ခေါင်းဆောင်တွေက ခြယ်လှယ်နိုင်ဖို့ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲခဲ့သူပါ။

    ဒါပေမယ့် ထိုင်းပြည်သူလူထုက ပရာယွတ်နဲ့ သူ့ရဲ့ အပေါင်းအပါတွေ တည်ထောင်ထားတဲ့ ပါတီတွေကို ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပါတယ်။ 

    ရွေးကောက်ပွဲမှာ လူငယ်ပညာတတ် ပီတ လင်မ်ဂျာရိုနရတ် ဦးဆောင်တဲ့ Move Forward ပါတီက မဲအများဆုံးရခဲ့ပြီး၊ စစ်တပ်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ဦးဆောင်တဲ့ Pheu Thai ပါတီက ဒုတိယအများဆုံး ရခဲ့ပါတယ်။ 

    ဒါပေမယ့် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အထက်လွှတ်တော်က အတည်ပြုမှသာ အနိုင်ရပါတီတွေက လွတ်လွတ်လပ်လပ် အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ 

    Ref: CNA

  • ၇၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ပါလက်စတိုင်း၏ နိုင်ငံပျောက်ဆုံးမှု

    ၇၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ပါလက်စတိုင်း၏ နိုင်ငံပျောက်ဆုံးမှု

    မေ ၁၅၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းပြည်သူတွေဟာ နှစ်စဥ် မေလ ၁၅ ရက်နေ့ ရောက်တိုင်း 

    ‘အလ်နက္ကဘာ’ (Al Nakba) အောက်မေ့ဖွယ် အခမ်းအနားတွေကို နိုင်ငံတစ်၀ှမ်း ကျင်းပပြုလုပ်ကြပါတယ်။ 

    ၁၉၄၈ ခုနှစ်က ဂျူးအစွန်းရောက် လက်နက်ကိုင်တွဟာ သိန်းနဲ့ချီတဲ့ ပါလက်စတိုင်းပြည်သူတွေကို သတ်ဖြတ်မောင်းထုတ်ပြီး နယ်မြေလုခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကို အစွဲပြုပြီး ဒီအောက်မေ့ဖွယ့်အခမ်းအနား ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

    ဒီလို သတ်ဖြတ်မောင်းထုတ်မှုတွေ ပြုလုပ်ပြီး ပါလက်စတိုင်းမြေပေါ်မှာ အစ္စရေးလို့ခေါ်တဲ့ ဂျူးနိုင်ငံကို တည်ထောင်ခဲ့ကြတာပါ။ 

    တကယ်တော့ ဒီလိုသတ်ဖြတ်မှုတွေဟာ ၁၉၄၇ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Jewish Irgun၊ Haganah နဲ့ Stern Gang စတဲ့ ဂျူးလက်နက်ကိုင်အဖွဲ့တွေဟာ ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။ 

    အဲဒီအထဲက ပါလက်စတိုင်းဒေသ ၅ ခုမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို ဖော်ပြလိုက်ပါတယ်။ 

    ဘလဒ် အလ်-ရှိခ်ရွာ

    ဘလဒ် အလ် ရှိခ်ရွာမှ တရားဟောဆရာ အလ်-ကာစင်၏ အုတ်ဂူ

    ဟိုက်ဖာ ဆိပ်ကမ်းမြို့အရှေ့ဖက်မှာ ရှိတဲ့ ဒီရွာဟာ ပါလက်စတိုင်းက အကြီးဆုံးရွာတွေထဲမှာ ပါ၀င်ပြီး လူဦးရေအရ ဒုတိယအများဆုံး ဖြစ်ပါတယ်။ 

    ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ Haganah ဂျူးအစွန်းရောက်အဖွဲ့က ဒီရွာကို ၀င်ရောက်လာကာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    စာရေးဆရာ ၀ါလစ် ခါလီဒီရဲ့ သမိုင်းမှတ်တမ်း All That Remains စာအုပ်မှာ ဒီအဖြစ်အပျက်အတွင်း ပါလက်စတိုင်းပြည်သူ ၆၀ ကနေ ၇၀ လောက်အထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။ 

    Haganah တပ်ဖွဲ့ရဲ့ အထူးအဖွဲ့ Palmach ဟာ ရွာထဲကို ၀င်ရောက်တာနဲ့ မြင်မြင်သမျှလူတွေကို ပစ်ခတ်ပြီး အိမ်တွေ၊ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ပါလက်စတိုင်းအမျိုးသားတွေကို တတ်နိုင်သမျှ သတ်ဖြတ်ရမယ်ဆိုတဲ့ ဂျူးခေါင်းဆောင်တွေရဲ့ အမိန့်ကြောင့် အိမ်တွေထဲအထိ ၀င်ရောက်ဆွဲထုတ်ကာ သတ်ဖြတ်ခဲ့ကြပါတယ်။ 

    သတ်ဖြတ်ဖျက်ဆီးမှုတွေကို စိတ်ကြိုက်ပြုလုပ်ခဲ့ပြီးတဲ့နောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့မှာ Haganah အဖွဲ့ဟာ ရွာထဲကနေ ပြန်ထွက်သွားခဲ့ပါတယ်။ 

    ဧပြီလမှာ အစ္စရေးစစ်တပ်လို့ခေါ်တဲ့ ဂျူးတပ်ဖွဲ့တွေက ဒီရွာကို အပြီးအပိုင်သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိ အစ္စရေးထဲက ဒီရွာကို နီရှာမြို့နယ်လို့ အမည်ပြောင်းထားပါတယ်။ 

    ဘလဒ် အလ်-ရှိခ်ရွာမှာ အင်္ဂလိပ်ကိုလိုနီအစိုးရကို ဆန့်ကျင်မှုကြောင့် သတ်ဖြတ်ခံခဲ့ရတဲ့ နာမည်ကြီး တရားဟောဆရာ အစ်ဇ် အလ်-ဒင် အလ်-ကာစင်ရဲ့ အုတ်ဂူရှိနေပြီး လက်ရှိမှာ အုတ်ဂူနေရာဟာ ပျက်ဆီးနေပါပြီ။

    ဆအ်ဆအ်ရွာ 

    ဆအ်ဆအ်ရွာကို ဂျူးလက်နက်ကိုင်များ တိုက်ခိုက်မှုမြင်ကွင်း

    Haganah တပ်ဖွဲ့ရဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ လက်ရှိ အစ္စရေးမြောက်ပိုင်းက ဆာဖဒ်မြို့မှာ တည်ရှိပါတယ်။ 

    ဂျူးအစွန်းရောက် လက်နက်ကိုင်အဖွဲ့တွေဟာ ၁၉၄၈ ခုနှစ် ဖေဖော်၀ါရီလမှာတစ်ကြိမ်၊ အောက်တိုဘာလမှာတစ်ကြိမ် ၀င်ရောက် ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ 

    ပထမတစ်ကြိမ်မှာ Palmach အဖွဲ့ဟာ ရွာထဲ၀င်ရောက်ကာ အိမ်တွေ၊ အဆောက်အဦးတွေမှာ ယမ်းဘီလူးတွေ တပ်ဆင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး၊ ရွာသားအများအပြားကို သတ်ဖြတ်ခဲ့တယ်လို့ ခါလီဒီရဲ့ All That Remains စာအုပ်ထဲမှာ မှတ်တမ်းတင်ထားပါတယ်။ 

    New York Times သတင်းစာရဲ့ အဲဒီအချိန်က သတင်းဖော်ပြချက်မှာ ကလေးငယ် ၅ ဦးအပါအ၀င် လူ ၁၁ ဦး သေဆုံးပြီး၊ နေအိမ် ၁၄ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

    အောက်တိုဘာ ၃၀ ရက်နေ့မှာ ဒုတိယအကြိမ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ခါလီဒီကတော့ လူဘယ်လောက် သတ်ဖြတ်ခံခဲ့ရလဲဆိုတာ တိတိကျကျ မသိရဘူးလို့ သူ့ရဲ့စာအုပ်ထဲမှာ ရေးသားထားပါတယ်။ 

    ဆအ်ဆအ်ရွာဟာ ၁၉၄၈ ခုနှစ် မတိုင်ခင်က ဆဖဒ်အပါအ၀င် အဓိကမြို့တွေကို ဆက်သွယ်ပေးတဲ့ အချက်အခြာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ချောင်းတွေ၊ ပန်းသီး၊ သံလွင်၊ စပျစ်သီးစိုက်ခင်းတွေနဲ့ သာယာတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 

    ပါလက်စတိုင်းတွေကို မောင်းထုတ်ပြီးတဲ့နောက် ၁၉၄၉ ခုနှစ်မှာ အစ္စရေးက ဒီရွာမှာ အခြေချအိမ်ယာတွေ တည်ဆောက်ကာ ဂျူးတွေကို နေထိုင်စေခဲ့ပါတယ်။ 

    ဒီရ်ယာစင်ရွာ 

    ဒီရ်ယာစင်ရွာ တိုက်ခိုက်ခံရစဥ်

    ဂျူးအစွန်းရောက်တွေ ပါလက်စတိုင်းတွေအပေါ် ကျူးလွန်တဲ့ စက်ဆုပ်စရာအကောင်းဆုံး သတ်ဖြတ်မှုတွေထဲက တစ်ခုဟာ ဒီရွာမှာ ဖြစ်ပွားခဲ့ပါတယ်။ 

    ဂျေရုစလင်မြို့ ဆင်ခြေဖုံးက ဒီရွာဟာ အရင်က သာယာ၀ပြောတဲ့ နေရာတစ်ခုပါ။ 

    ၁၉၄၈ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဂျူးအစွန်းရောက် လက်နက်ကိုင်အဖွဲ့တွေ ၀င်ရောက်လာကာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၁၁၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပါတယ်။ 

    New York Times သတင်းဌာနရဲ့ ဖော်ပြချက်အရ အသတ်ခံရသူတွေရဲ့ တစ်၀က်လောက်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ 

    ဂျူးလက်နက်ကိုင်တွေဟာ ပါလက်စတိုင်းတွေကို ဖမ်းဆီးပြီး ဂျေရုစလင်မြို့ဟောင်း တစ်ပတ်ပတ်ခိုင်းကာ အရှက်ခွဲခဲ့ပါသေးတယ်။ အဲဒီနောက် တစ်ချို့ကို ရွာထဲပြန်ခေါ်ကာ သတ်ဖြတ်ခဲ့ပြီး တစ်ချို့ကို မြေကျင်းတူးခိုင်းကာ သတ်ဖြတ်မြှုပ်နှံခဲ့ပါတယ်။ 

    ဒီရ်ယာစင်ရွာဟာ လူဦးရေ ၇၅၀၊ အိမ်ခြေ ၁၁၄ အိမ်ရှိတဲ့ ရွာကြီးဖြစ်ပြီး သတ်ဖြတ်မှုကြောင့် ကလေးငယ် ၅၅ ဦး မိဘမဲ့ ဖြစ်ခဲ့ပါတယ်။ 

    လက်ရှိမှာတော့ ဒီရွာမှာ ဂျူးအခြေချအိမ်ယာတွေသာ ရှိပါတော့တယ်။ ပါလက်စတိုင်းမြေပေါ်မှာ ဆောက်ထားတဲ့ ဂျူးအခြေချအိမ်ယာတိုင်းဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င် အဆောက်အဦးတွေ ဖြစ်ပါတယ်။ 

    ဆာလီဟာရွာ

    ၁၉၄၉ ခုနှစ် ဆာလီဟာရွာတွင် ဂျူးများ စတင်၀င်ရောက်နေထိုင်မှု အခမ်းအနား

    ဆအ်ဆအ်ရွာနဲ့ သိပ်မ၀ေးတဲ့ မြေပြန့်ရွာတစ်ခုပါ။ လက်ဘနွန်နယ်စပ်နားမှာ ရှိပါတယ်။ 

    ၁၉၄၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှာ အစ္စရေးစစ်တပ်ရဲ့ Sheva တပ်ဖွဲ့က ဒီရွာကို ၀င်ရောက်ကာ တိုက်ခိုက်ဖျက်ဆီး သတ်ဖြတ်ခဲ့ကြပါတယ်။ 

    ထွက်ပြေးလာရတဲ့ ပါလက်စတိုင်း ၉၄ ဦး ခိုလှုံနေတဲ့ ဗလီတစ်လုံးကို ဒီတပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးရာမှာ လူ ၆၀ လောက် သေဆုံးခဲ့ပါတယ်။ 

    မူလတန်းကျောင်းတစ်ကျောင်းကလွဲလို့ အဆောက်အဦးအားလုံးကို ဂျူးတပ်ဖွဲ့တွေက ဖျက်ဆီးဖျောက်ဖျက်ခဲ့ပြီး ပါလက်စတိုင်း အားလုံးကိုလည်း မောင်းထုတ်ခဲ့ပါတယ်။ 

    ၂၀၀၈ ခုနှစ် စာရင်းတွေအရ ဆာလီဟာရွာက ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၈၀၀၀ ကျော် ရှိပါတယ်။ 

    ဆာလီဟာရွာမှာ လက်ရှိ ဂျူးအခြေချအိမ်ယာတွေ ရှိနေပါတယ်။

    လဒ်မြို့ 

    ၁၉၃၂ ခုနှစ်က တွေ့ရသည့် လဒ်မြို့

    ယနေ့ အစ္စရေးမြို့တော် ဖြစ်နေတဲ့ တလ်အဗီးနဲ့ သိပ်မ၀ေးလှတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။ 

    ဂျူးအစွန်းရောက် လက်နက်ကိုင်အဖွဲ့တွေဟာ Operation Dani ဆိုတဲ့ စစ်ဆင်ရေးအမည်ပေးကာ လဒ်မြို့နဲ့ ရာမာလာမြို့တို့ကို ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် ဇူလိုင် ၉ ရက်နေ့က ၁၃ ရက်နေ့အထိကြာတဲ့ ဒီတိုက်ခိုက်သတ်ဖြတ်မှုမှာ လဒ်မြို့အတွင်း လူ ၂၀၀ လောက် သေဆုံးခဲ့တယ်လို့ ဆလ်မန် အဘူ ဆစ်သာရဲ့ Atlas of Palestine မှာ ရေးပါတယ်။ 

    ဂျူးတပ်ဖွဲ့တွေဟာ အဆင့် ၂ နှစ်ဆင့်နဲ့ သိမ်းပိုက်ခဲ့တာပါ။ ပထမအဆင့် မြို့ကို သိမ်းပိုက်မှုမှာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး၊ ဒုတိယအဆင့်မှာတော့ မသေဘဲ ကျန်ရစ်သူတွေကို မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒီမြို့နှစ်မြို့ကနေ ပါလက်စတိုင်းပြည်သူ ၆ သောင်းကနေ ၇ သောင်းအထိ ထွက်ပြေးခဲ့ရပါတယ်။ လဒ်မြို့က ဒါမက်ရှ်ဗလီမှာ ခိုလှုံနေတဲ့ လူ ၂၀၀ လောက်ကို ဂျူးလက်နက်ကိုင်တွေက စက်သေနတ်တွေ၊ လက်ပစ်ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂၅ ဦး သေဆုံးခဲ့ပါတယ်။ 

    ဒီတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာရတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေဟာ လမ်းမှာ မောပမ်းမှု၊ အစာရေစာပြတ်လပ်မှု၊ ရောဂါဘယတွေကြောင့် အများအပြား သေဆုံးခဲ့ကြပါတယ်။ 

    ဂျူးလက်နက်ကိုင်တွေဟာ ပါလက်စတိုင်းတွေရဲ့ လက်၀တ်လက်စားတွေ၊ အဖိုးတန်ပစ္စည်းတွေကို လုယက်ခဲ့ကြပြီး မပေးသူတွေကို သတ်ပစ်ခဲ့ကြပါတယ်။ 

    လဒ်နဲ့ ရာမာလာကနေ ဂျူးလက်နက်ကိုင်တွေ လုယက်ယူငင်ခဲ့တဲ့ ပစ္စည်းတွေဟာ ထရပ်ကား အစီး ၁၈၀၀ တိုက်ရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ 

    စစ်ဆင်ရေး Operation Dani ကို ပထမဆုံး အစ္စရေး၀န်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်က အမိန့်ပေး ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Aljazeera