News @ M-Media

Author: Ko Lay

  • အာမေးနီးယားမှ သမိုင်းဝင်ဗလီကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းမည်

    အာမေးနီးယားမှ သမိုင်းဝင်ဗလီကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းမည်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၈
    M-Media

    အာမေးနီးယားမြို့တော် ယီရီဗန်မှ ဗလီပြာ

    – အာမေးနီးယားနိုင်ငံ မြို့တော်ယီရီဗန်က နာမည်ကျော် ဗလီပြာကို ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ရေး ယူနက်စကိုအဖွဲ့ထံ လျှောက်ထားသွားမယ်လို့ အီရန် ယဉ်ကျေးမှု အမွေအနှစ်နှင့် ခရီးသွားအဖွဲ့ ICHTO အကြီးအကဲ မိုဟာမက် ဟိုစိန် တာလေဘီယန်က ပြောကြားလိုက်ပါတယ်။

    လက်ရှိမှာ ဒီကိစ္စအတွက် အီရန်ဆိုင်ရာ အာမေးနီးယားသံအမတ် အာတာရှီ တူမန်ယန်နဲ့ တရားဝင်ဆွေးနွေးနေတယ်လို့ တာလေဘီယန်က မနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

    ဗလီပြာကို ပြုပြင်မွမ်းမံဖို့ လိုအပ်နေပြီး ယီရီဗန်က အီရန်သံရုံးကနေတစ်ဆင့် ပြင်ဆင်မယ့်ကိစ္စကို အီရန်က ဆွေးနွေးနေပါတယ်။

    အီရန်ဟာ နိုင်ငံ အနောက်မြောက်ပိုင်းက ယူနက်စကို ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ခရစ်ယာန်ဘုရားကျောင်းတွေ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းအတွက် ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကန်ဒ်ါလာ ၄၂၇၀၀၀ ထောက်ပံ့ခဲ့ပါတယ်။

    အစ္စဖာဟန်မြို့ နယူး ဂျူလ်ဖာခရိုင်မှာရှိတဲ့ Holy Savior ကက်သလစ်ဘုရားကျောင်းကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ စီစဉ်သွားမယ်လို့ အီရန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။

    ယီရီဗန်က ဗလီပြာဟာ ၁၈ ရာစုက ဆောက်လုပ်ခဲ့တဲ့ ရှီအာ ဗလီတစ်လုံးဖြစ်ပြီး ဆိုဗီယက်အုပ်စိုးစဉ်အတွင်းမှာ ၀တ်ပြုမှုတွေကို ရပ်တန့်ခဲ့ရကာ နောက်ပိုင်းမှာ ယီရီဗန် သမိုင်းပြတိုက် ဖြစ်ခဲ့ပါတယ်။

    ၁၉၉၁ ခုနှစ် အာမေနီးယား လွတ်လပ်ရေးရတဲ့အခါမှာတော့ ဒီဗလီကို အီရန်အစိုးရ အကူအညီနဲ့ ပြုပြင်မွမ်းမံခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ အထူးသဖြင့် အာမေးနီးယားက အီရန်နွယ်ဖွားတွေ ဆက်လက်အသုံးပြုနေပါတယ်။

    ဗလီပြာဟာ အာမေးနီးယားတစ်နိုင်ငံလုံးမှာ အသုံးပြုလျက်ရှိတဲ့ တစ်ခုတည်းသော ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။

    Ref: Armenian Weekly

  • မြောက်ကိုရီးယားပြည်သူများ၏ ဒုက္ခကို ကမ္ဘာ့မီဒီယာက လစ်လျူရှုဟု Care International ပြော

    မြောက်ကိုရီးယားပြည်သူများ၏ ဒုက္ခကို ကမ္ဘာ့မီဒီယာက လစ်လျူရှုဟု Care International ပြော

    ဇန်န၀ါရီ ၂၃၊ ၂၀၁
    M-Media

    မြောက်ကိုရီးယားပြည်သူများ၏ ပုံရိပ်

    – မြောက်ကိုရီးယားပြည်သူတွေ ခံစားနေရတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကို ကမ္ဘာ့မီဒီယာတွေက မျက်ကွယ်ပြုထားတယ်လို့ ဆွစ်ဇာလန်အခြေစိုက် အန်ဂျီအိုအဖွဲ့Care International က ပြောကြားလိုက်ပါတယ်။

    Suffering in Silence (တိတ်ဆိတ်စွာ ခံစားနေရခြင်း) ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီအဖွဲ့က ဂျာနယ်လစ်တွေဟာ မြောက်ကိုရီးယားမှာ အစားအသောက် ပြတ်လပ်မှုထက် နိုင်ငံရေးတင်းမာမှုတွေကိုပဲ အာရုံစိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

    မြောက်ကိုရီးယား လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၁၈ သန်းလောက်ဟာ အဟာရပြည့်ဝတဲ့ အစားအသောက်တွေကို မစားသောက်ရဘူးလို့ ကုလက ဆိုပါတယ်။

    ၂၀၀၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မိုးခေါင်မှုကြောင့် ဆန်နဲ့ အာလူးထုတ်လုပ်မှုဟာ ကျဆင်းသွားပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုဟာ ဆိုးရွားလာခဲ့တယ်လို့လည်း ကုလရဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့က ထုတ်ြပန်ထားပါတယ်။

    Care International က မြောက်ကိုရီးယားမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ ဖြစ်နေတယ်ဆိုတာကို ဖော်ပြတဲ့သတင်းဟာ ၂၀၁၇ ခုနှစ်မှာ ၅၁ ခုသာရှိပြီး ဒဿမမြောက် ဖော်ပြမှုအနည်းဆုံး ပီရူးက ရေကြီးမှုအကြောင်း သတင်း ၇၀၁၇ ခုနဲ့တွက်ရင် တော်တော်လေးကို နည်းနေတယ်လို့ ထောက်ပြပါတယ်။

    အီရစ်ထရီယာ၊ ဗီယက်နမ်နဲ့ ကွန်ဂိုနိုင်ငံတို့က သဘာကပ်ဘေးတွေအကြောင်းလည်း မီဒီယာတွေက လုံလုံလောက်လောက် မဖော်ပြဘူးလို့ Care International ဆိုပါတယ်။

    “ဒီအကြပ်အတည်းတွေကို မီဒီယာတွေက မဖော်ပြရင် ပြည်သူတွေဆီက အလှူငွေတွေရဖို့၊ နိုင်ငံရေး အပြောင်းအလဲလုပ်ရေး တွန်းအားပေးဖို့ ခက်ခဲပါတယ်။ ပေါ်လစီတွေပြောင်းလဲရေး၊ အကူအညီအတွက် ဘက်ဂျက်ချပေးရေး ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာ မီဒီယာတွေဟာ တော်တော်လေးကို လွှမ်းမိုးမှု ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မီဒီယာက ဖော်ပြမှုအနည်းဆုံး အကြပ်အတည်း ၁၀ ခုက ၆ ခုဟာ ကုလရဲ့ ထောက်ပံ့ကူညီမှုကို အနည်းဆုံးရရှိတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်” လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး လော်ရီလီက ပြောပါတယ်။

    ဘေးအန္တရာယ်တွေမှာ သတင်းယူဖို့ ဘဏ္ဍာငွေနည်းတာ၊ စစ်ပွဲတွေကြောင့် သွားရောက်ဖို့ ခက်ခဲတာတွေက ဒီကိစ္စတွေကို ဂျာနယ်လစ်တွေ သတင်းသွားယူမှု လျော့ကျစေပြီး မှောင်မိုက်တဲ့ဘ၀တွေကိုြ ဖတ်သန်းနေရတဲ့ လူသားတွေ အကြောင်း ကမ္ဘာကြီးက မသိရှိတော့ဘူးလို့လည်း လီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း သတင်းယူနေစဉ်မှာ သေဆုံးခဲ့တဲ့ ဂျာနယ်လစ် အနည်းဆုံး ၈၁ ဦး ရှိတယ်လို့ နိုင်ငံတကာ ဂျာနယ်လစ်များဖက်ဒရေးရှင်းက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၆ ခုနှစ်က ၆၃ ဦးသဆုံးမှုထက်စာရင် လျော့ကျသွားပေမယ့်၊ ထောင်ကျတဲ့ ဂျာနယ်လစ်အရေအတွက်က ပြီးခဲ့တဲ့နှစ်မှာ တော်တော်လေး မြင့်တက်ခဲ့ကာ ၂၅၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • ရိုဟင်ဂျာများနေရပ်ပြန်ရေး နှောင့်နှေးမှုအတွက် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်

    ရိုဟင်ဂျာများနေရပ်ပြန်ရေး နှောင့်နှေးမှုအတွက် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရသည့် ရိုဟင်ဂျာများ

    – ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာရေး နှောင့်နှေးမှုအတွက် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။

    သြဂုတ်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော်ကို ဇန်န၀ါရီ ၂၃ ရက်(ယနေ့)မှာ စတင်ပြီး ပြန်လည်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က သဘောတူထားတာပါ။

    ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး တာဝန်ရှိသူ မိုဟာမက် အဘ်ဒူလ် ကလမ်က လုပ်စရာတွေ ရှိနေသေးတဲ့အတွက်ကြောင့် ပြန်ပို့မယ့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    မြန်မာအစိုးရဟာ တစ်ပတ်ကို ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀၀ လောက် ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူထားတာ ဖြစ်ပါတယ်။ နှစ်ဖက်နယ်စပ်တွေမှာလည်း ပြန်လာမယ့်သူတွေကို ထားရှိဖို့အတွက် ယာယီ နေရာထိုင်ခင်းတွေ စီစဉ်ထားကြပါတယ်။

    မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးကတော့ အင်္ဂါနေ့ နေ့လည်ပိုင်းအထိ ရိုဟင်ဂျာ တစ်ဦးမှ ရခိုင်ပြည်နယ်ဖက်ကို ပြန်မလာသေးဘူးလို့ ဆိုပါတယ်။

    “ကျွန်တော်တို့က လက်ခံဖို့ အဆင်သင့်ပါ။ သဘောတူညီချက်အရ သူတို့ကို ကြိုဆိုဖို့ လုံးဝ အဆင်သင့်ပါပဲ။ ဘင်္ဂလားဒေ့ရှ်ဖက်က အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သတင်းတွေကို ကျွန်တော်တို့ကြားရတယ်။ ဒါပေမယ့် တရားဝင်ရှင်းလင်းချက် ကျွန်တော်တို့ မရသေးပါဘူး” လို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။

    အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းကတော့ သဘောတူထားတဲ့အတိုင်း ဒီကနေ့ နေရပ်ပြန်ပို့မှုကို စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေက သူတို့အနေနဲ့ နေရပ်ပြန်မယ်ဆိုရင် ဖိနှိပ်ညှင်းပမ်းမှုတွေ ထပ်မံခံစားရနိုင်တဲ့အတွက် မပြန်လိုကြဘူးလို့ ပြောကြားကြောင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေကလည်း ရိုဟင်ဂျာတွေဟာ မူလနေထိုင်ရာနေရာကို မပြန်ရဘဲ ကယ်ဆယ်ရေးစခန်းတွေမှာ နှစ်ရှည်နေထိုင်ရမယ့် အခြေအနေတွေ ရှိနေတယ်လို့ ပြောကြားထားပါတယ်။

    Ref: Dailymail

  • ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် ဥရောပသမဂ္ဂကို ပါလက်စတိုင်းသမ္မတ တိုက်တွန်း

    ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် ဥရောပသမဂ္ဂကို ပါလက်စတိုင်းသမ္မတ တိုက်တွန်း

    ဇန်န၀ါရီ ၂၃၊ ၂၀၁၈
    M-Media

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ရသည့် ပါလက်စတိုင်းသမ္မတ

    – အရှေ့ဂျေရုလစင်ကို မြို့တော်အဖြစ်ထားသည့် ပါလက်စတိုင်းနိုင်ငံကို အလျင်အမြန် တရားဝင် အသိအမှတ်ပြုပေးရန် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ဥရောပသမဂ္ဂအား တိုက်တွန်းလို က်သည်။

    ယမန်နေ့က ဘရပ်ဆဲလ်တွင် ဥရောပနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံစဉ် အဘတ်စ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂမှာ ပါလက်စတိုင်း၏ ‘မိတ်စစ်ဆွေစစ်’ ဖြစ်သည်ဟုဆိုကာ အရှေ့အလယ်ပိုင်း ပြဿနာများ ပြေလည်ရေး နိုင်ငံရေးအရ အားထုတ်မှု ပိုမိုဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    အစ္စရေးသို့ ရောက်ရှိနေသည့် အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က အမေရိကန်သံရုံးအား တလ်အဗီးမှ ဂျေရုစလင်ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြောင်းရွှေ့မည်ဟု ယမန်နေ့က အစ္စရေးလွှတ် တော်တွင် ပြောကြားခဲ့သည်။

    အမေရိကန်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် ပြီးခဲ့သည့်လအတွင်း ကြေငြာမှုကို ဆန့်ကျင်သည့်အနေဖြင့် ပါလက်စတိုင်းခေါင်းဆောင်ပိုင်းမှာ မိုက်ပန့်စ်အား တွေ့ဆုံရန် ငြင်းဆိုထားသည်။

    ဥရောပက ပါလက်စတိုင်းအား အသိအမှတ်ပြုမှုမှာ အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထိခိုက်မ ည်မဟုတ်ဘဲ၊ ပါလက်စတိုင်းပြည်သူများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်၊ ငြိမ်းချမ်းရေးရသည်အထိ စောင့်ဆိုင်းရမှု စသည်တို့ကို တွန်းအားဖြစ်စေမည်ဟုလည်း အဘတ်စ်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထမ့်မှာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီး၊ ဥရောပသမဂ္ဂအပါအ၀င်၊ ကမ္ဘာ့နိုင်ငံအများအပြားက ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သည်။

    ဂျေရုစလင်ကိစ္စနှင့်ပတ်သက်၍ မိမိတို့နှင့် သဘောထားချင်း ထပ်တူကြသည်ဟု ဥရောပနိုင်ငံများက ယမန်နေ့တွင် ပြောကြးခဲ့ကြောင်း၊ သို့သော်လည်း နောက်ထပ် ဆွေးနွေးမှုများ လိုအပ်သည့်အတွက်ကြောင့် ပါလက်စတိုင်းအား အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်မချရသေးကြောင်း အဘတ်စ်က ယမန်နေ့ညနေတွင် ထပ်မံပြောကြားခဲ့သည်။

    Ref : Aljazeera

  • အစ္စရေးရှိ အမေရိကန်သံရုံးကို ဂျေရုစလင်သို့ ၂၀၁၉ တွင် ရွှေ့မည်ဟု ကန်ဒုသမ္မတ အတည်ပြု

    အစ္စရေးရှိ အမေရိကန်သံရုံးကို ဂျေရုစလင်သို့ ၂၀၁၉ တွင် ရွှေ့မည်ဟု ကန်ဒုသမ္မတ အတည်ပြု

    ဇန်န၀ါရီ ၂၃၊ ၂၀၁၈
    M-Media

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား နှုတ်ဖက်နေသည့် မိုက်ပန့်စ်

    – တလ်အဗီးမှ အမေရိကန်သံရုံးကို ၂၀၁၉ ခုနှစ်အတွင်း ရွှေ့ပြောင်းသွားမည်ဟု အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ်က ယမန်နေ့တွင် အစ္စရေးလွှတ်တော်၌ အတည်ပြု ပြောကြားခဲ့သည်။

    “အမေရိကန်ဟာ အစ္စရေးနဲ့အတူ ရပ်တည်မှာပါ။ ခင်ဗျားတို့ရဲ့ ကိစ္စဟာ ကျုပ်တို့ရဲ့ကိစ္စဖြစ်တာကြောင့် ကျွန်တော်တို့ဟာ အစ္စရေးနဲ့အတူ ရပ်တည်တာဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ တန်ဖိုးဟာ၊ ကျုပ်တို့ရဲ့တန်ဖိုး၊ ခင်ဗျားတို့ရဲ့ တိုက်ပွဲဟာ ကျုပ်တို့ရဲ့ တိုက်ပွဲပါ။ အမှန်က အမှားကို၊ အကောင်းက မကောင်းကို၊ လွတ်မြောက်ခြင်းက ဖိနှိပ်ခြင်းကို အောင်မြင်မယ်လို့ ယုံကြည်တာကြောင့် အစ္စရေးဘက် ရပ်တည်တာပါ”

    မိုက်ပန့်စ်မှာ အစ္စရေးလွှတ်တော်တွင် မိန့်ခွန်းပြောသည့် ပထမဆုံး အမေရိကန်ဒုသမ္မတဖြစ်ပြီး ၎င်း၏မိန့်ခွန်းကို နားထောင်ရန်အတွက် အမေရိကန်သံရုံးမှာ ပါလက်စတိုင်းပိုက်နက်ရှိ အစ္စရေး၏ တရာမ၀င်အိမ်ယာများမှ ခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။

    အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ် ဖရီဒ်မန်းမှာ အစ္စရေး၏ တရားမ၀င် အခြေချအိမ်ယာ များကို တက်တက်ကြွကြွ ထောက်ခံသူဖြစ်ပြီး ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ထိုအိမ်ယာများ ဆောက်လုပ်ရေးအတွက် ကန်ဒေါ်လာ သန်းနှင့်ချီ ရန်ပုံငွေ ရှာဖွေပေးသည့် အဖွဲ့တစ်ခုကို ယခင်က ဦးဆောင်ခဲ့ဖူးသည်။

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုကို ဆန့်ကျင်သည့်အနေဖြင့် အာရပ်မဟာမိတ်အဖွဲ့မှ ပါလက်စတိုင်းနိုင်ငံရေးသမားများမှာ အလ်-အက်ဆာ ဗလီပရ၀ုဏ်အတွင်း ပို စတာများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

    Ref: Aljazeera