News @ M-Media

Author: Ko Lay

  • အမေရိကန်အမျိုးသမီးများက နိုင်ငံတစ်ဝှမ်း ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်

    အမေရိကန်အမျိုးသမီးများက နိုင်ငံတစ်ဝှမ်း ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၈
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပေါ်လစီများကို ဆန့်ကျင်ရန်၊ အမျိုးသမီးများ နိုင်ငံရေးတွင် နေရာပိုရရန် ရည်ရွယ်၍ အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ထောင်သောင်းချီသည့် အမျိုးသမီးများက ဆန္ဒပြနေကြသည်ဟု သိရသည်။

    Power to the Polls ဟု အမည်ပေးထားသည့် အဆိုပါ ဆန္ဒပြမှုကို ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ထရမ့် သမ္မတအဖြစ် တာဝန်ယူသည့် တစ်နှစ်ပြည့်မှုနှင့်လည်း တိုက်ဆိုင်နေသည်။

    ဆန္ဒပြမှုကို အမျိုးသမီးများ၏ နိုင်ငံရေးတက်ကြွလှုပ်ရှားမှု ခေတ်သစ်အစဟု မှတ်ယူပြောဆိုမှုများလည်း ရှိနေပြီး ဒေသတွင်းနှင့် နိုင်ငံတော်အဆင့်တွင် အမျိုးသမီး နိုင်ငံရေးသမားများ ပိုမိုပါဝင်နိုင်ရေး တွန်းအားတစ်ခုဖြစ်မည်ဟု စီစဉ်သူများက မျှော်လင့်နေသည်။

    ထိုကဲ့သို့ ဆန္ဒပြမှုများကို ယနေ့တွင် ကမ္ဘာတစ်ဝှမ်း၌ ပြုလုပ်ရန်လည်း စီစဉ်ထားကြသည်။

    ရစ်မွန်း၊ ဗာဂျီးနီးယား၊ ဖီလာဒဲလ်ဖီးယား၊ နယူးယောက်၊ တက္ကဆက်ပြည်နယ်နှင့် အခြားဒေသများရှိ ဆန္ဒပြပွဲများတွင် အမျိုးသမီး ထောင်သောင်းချီ ပါဝင်ခဲ့သည်။

    ဆန္ဒပြပွဲကို ထရမ့် သမ္မတသက်တမ်း တစ်နှစ်တင်းတင်းပြည့်သည့် အချိန်နှင့် ကမ္ဘာတစ၀ှမ်း အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်သော ချီတက်ဆန္ဒပြမှု Women’s March မတိုင်မီ တစ်ရက်အလိုတွင် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    သမ္မတမဖြစ်ခင်က အမျိုးသမီးများနှင့်ပတ်သက်၍ ထရမ့်၏ ပြောကြားမှုများမှာ အမျိုးသမီးအခွင့်အရေးနှင့် ဆန့်ကျင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် စော်ကားခြင်းဖြစ်သည်ဟု မှတ်ယူကာ ထိုမှတ်ချက်များကို ဆန့်ကျင်သော ရည်ရွယ်ချင်ဖြင့် ယခုဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

    Ref : Aljazeera

     

  • အာဖဂန်မြို့တော်ရှိ ဇိမ်ခံဟိုတယ်တစ်ခုကို သေနတ်သမားများက တိုက်ခိုက်

    အာဖဂန်မြို့တော်ရှိ ဇိမ်ခံဟိုတယ်တစ်ခုကို သေနတ်သမားများက တိုက်ခိုက်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၈
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ Intercontinental Hotel ကို သေနတ်သမားများက ၀င်ရောက်စီးနင်းခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ကဘူးလ်ရှိ အကြီးဆုံး ဇိမ်ခံဟော်တယ်များမှ တစ်ခုဖြစ်သော အဆိုပါ ဟိုတယ်ကို သေနတ်သမားများက ယမန်နေ့ညနေပိုင်းတွင် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အာဖဂန် အထူးတပ်ဖွဲ့ဝင်များ၏ ရှင်းလင်းမှုမှာ ၁၆ နာရီ ကြာမြင့်ခဲ့ကာ သေနတ်သမားများကို အသေပစ်သတ်နိုင်ခဲ့သည်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ် ဒါနစ်ရှ်က နိုင်ငံခြားသား ၄၁ ဦး အပါအ၀င် ၁၅၃ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးပေ။

    ကဘူးလ်ရှိ အမေရိကန်သံရုံးက လက်နက်ကိုင်တပ်ဖွဲ့များမှာ မြို့တွင်းရှိ ဟိုတယ်များကို တိုက်ခိုက်ရန် စီစဉ်နေသည်ဟု သတိပေးချက် ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာတွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    ကဘူးလ်မြို့အား အပေါ်စီးမှ လှမ်းမြင်နေရသည့် တောင်ကုန်းပေါ်တွင်ရှိသော Intercontinental Hotel မှာ အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံခြားသားများ နှစ်သက်ရာ ဟိုတယ်ဖြစ်သောကြောင့် များသောအားဖြင့် လုံခြုံရေး ထူထပ်စွာ ချထားလေ့ ရှိသည်။

    ၂၀၁၁ ခုနှစ်ကလည်း တာလီဘန် တိုက်ခိုက်ရေးသမာများနှင့် အသေခံဗုံးခွဲသမားများ အဆိုပါဟိုတယ်သို့ ၀င်ရောက်တိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • အမှန်တရားကိုဖော်ထုတ်ဖို့ အန္တရာယ်ရှိလာတဲ့ မြန်မာ့မီဒီယာလောက

    အမှန်တရားကိုဖော်ထုတ်ဖို့ အန္တရာယ်ရှိလာတဲ့ မြန်မာ့မီဒီယာလောက

    ဇန်န၀ါရီ ၂၀၊ ၂၀၁၈
    M-Media

    ရိုက်တာသတင်းထောက် ၀လုံး

    – မြန်မာနိုင်ငံမှာ ရိုက်တာ ဂျာနယ်လစ်နှစ်ယောက်ကို ဖမ်းဆီးတရားစွဲဆိုမှုကြောင့် နိုင်ငံအတွင်းက မီဒီယာလုပ်သားတွေမှာ နောက်ကျောမလုံမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး ဂျာနယ်လစ်တွေဟာ သည်းခံနိုင်စွမ်းမရှိတဲ့ အာဏာပိုင်တွေ၊ ကိုလိုနီခေတ် ဥပဒေတွေရဲ့ နောက်ထပ်သားကောင်တွေ ဖြစ်လာနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ၀ါရင့်သတင်းထောက်တွေ၊ အယ်ဒီတာတွေမှာ လွှမ်းမိုးလာပါတယ်။

    အရေးပါတဲ့ သတင်းဖော်ပြမှုတွေကို ဖိနှိပ်ရာမှာ တိုင်းပြည်ရဲ့ အင်အားကြီးတဲ့ စစ်တပ်နဲ့ တစ်ကြိတ်တည်းတစ်ဉာဏ်တည်းဆိုတာကို သက်သေပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို စိတ်ပျက်မိကြောင်း သတင်းထောက်တွေက ပြောလာကြပါတယ်။ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေဟာ သူတို့ရဲ့ သတင်းတွေမှာ ဒေသခံသတင်းထောက်အမည်ကို မထည့်ဘဲ ဖော်ပြရတာမျိုး ဖြစ်လာခဲ့ပြီး သတင်းထောက်တွေဟာ ပြည်သူတွေ၊ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှု၊ အရှက်တကွဲဖြစ်အောင်လုပ်မှု၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို တိုးမြှင့်ခံစားလာရလို့ ဖြစ်ပါတယ်။ တစ်ချို့ သတင်းဌာနတွေဟာ သူတို့ရဲ့ သတင်းထောက်တွေကို မြန်မာနိုင်ငံအပြင်ဘက် ခဏပို့တာမျိုးတွေအထိ လုပ်လာကြပါတယ်။

    ဒီလိုစိုးရိမ်မှုတွေဟာ အခြေအမြစ်မဲ့တဲ့ စိုးရိမ်မှုမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံအခြေစိုက် ရိုက်တာသင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ခေတ်မမီတော့တဲ့ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အမြင့်ဆုံး ထောင် ၁၄ နှစ်ကျခံရမယ့်အနေအထားကို အခုအချိန်မှာ ရင်ဆိုင်နေရပါတယ်။ သူတို့ကိစ္စမှာ နိုင်ငံရေးလှုံ့ဆော်မှုတွေ ပါဝင်တယ်လို့ တော်တော်များများက ယုံကြည်နေပါတယ်။

    “အမှန်တရားကိုဖော်ထုတ်ဖို့ ကျွန်တော်တို့ကြိုးစားလို့ သူတို့က ကျွန်တော်တို့ကိုဖမ်းပြီး အရေးယူတာပါ” လို့ ၀လုံးက အခုလအစောပိုင်း ဒုတိယမြောက်ရုံးချိန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ရှေ့နေဖြစ်တဲ့ ဦးသန်းဇော်အောင်က ဇန်န၀ါရီ ၂၃ ရက်နေ့မှာလုပ်မယ့် ရုံးချိန်းမှာ သူ့အမှုသည်တွေ အပြစ်မရှိကြောင်း လျှောက်လဲသွားမယ်လို့ ပြောပါတယ်။

    “သူတို့ဟာ မီဒီယာကျင့်ဝတ်တွေနဲ့အညီ အလုပ်လုပ်ခဲ့တာပါ။ ဥပဒေကို မချိုးဖောက်ခဲ့ပါဘူး”

    ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ကြမ်းတမ်းတဲ့ စစ်ဆင်ရေးကိစ္စ သတင်းလိုက်တာကြောင့် ၀လုံးနဲ့ ကျော်စိုးဦးတို့ အဖမ်းခံလိုက်ရပုံပါပဲ။ ဒီစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၆၅၅၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး စစ်တပ်ဟာ တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတယ်လို့ တော်တော်များများက ထွက်ဆိုခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့လမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ၀လုံးနဲ့ ကျော်စိုးဦးတို့ကို ရန်ကုန်မြို့ ဆင်ခြေဖုံးမှာ ခေါ်တွေ့ခဲ့ပြီး စာရွက်စာတမ်းတွေပေးပြီးတဲ့နောက် ချက်ခြင်းဆိုသလို အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုကို ကိုးကားပြီး ပြန်ကြားရေးက သတင်းထုတ်ပြန်ရာမှာ ‘သူတို့တွေဟာ အစိုးရရဲ့ အရေးကြီး လျှို့ဝှက် စာရွက်စာတမ်းတွေကို တရားမ၀င် ရယူခဲ့တယ်’ လို့ ဖော်ပြထားပါတယ်။ အာဏာရ NLD ပါတီရဲ့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက သတင်းထောက်နှစ်ယောက်ဟာ ထောက်ချောက်ဆင်ခံလိုက်ရတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

    “ရိုက်တာသတင်းထောက်နှစ်ယောက်ကို ရာဇ၀တ်မှုနဲ့ တရားစွဲလိုက်တာက အစိုးရဟာ ဂျာနယ်လစ်တွေကို ခြိမ်းခြောက်ဖို့၊ ထောင်ချဖို့အတွက် ဥပဒေကို ပိုအသုံးချလာတယ်ဆိုတာ ထင်ထင်ရှားရှား သိသိသာသာ မြင်လာရတာ ဖြစ်ပါတယ်” လို့ ဂျာနယ်လစ်များအား ကာကွယ်ရေးကော်မတီ Committee to Protect Journalist က အရှေ့တောင်အာရှရေးရာ ကိုယ်စားလှယ် ရှောင် ခရစ္စပင်က TIME မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ‘ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအထောက်အထားတွေ အတုံးလိုက်အတစ်လိုက် ပေါ်လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ အဖတ်ဆယ်ဖို့ ဆောင်ရွက်လိုတဲ့ အနေအထားရှိနေတာ ထင်ရှားတယ်’ လို့လည်း ခရစ္စပင်က ဆိုပါတယ်။

    ရိုဟင်ဂျာအမျိုးသား ၁၀ ဦးကို သတ်ဖြတ်ကာ အစုလိုက်မြှုပ်နှံထားတဲ့ နေရာတစ်ခု တွေ့ရှိမှုကိစ္စမှာ စစ်သားတွေဟာ သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့တစ်ပတ်မှာ ၀န်ခံခဲ့ပါတယ်။ စစ်တပ်က ဘောင်အတွင်းကလုပ်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးလို့ ပြောဆိုထားတဲ့ ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းရေးလုပ်ငန်းဟာ ‘လူမျိုးစုလိုက်ရှင်းလင်းမှု အနေအထား’ ဖြစ်နေပြီး၊ ‘လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ အချက်တွေ’ တွေ့ရတယ်လို့ ကုလရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ် ဟူစိန်က ပြောကြားထားပါတယ်။

    ဒေသခံသတင်းထောက်တွေအတွက်တော့ ဒီလို ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို လိုက်ရတာမှာ အန္တရာယ်တွေ၊ မလုံခြုံမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ပဋိပက္ခတွေ၊ ခြစားမှုကိစ္စတွေနဲ့ ပတ်သက်လာရင် ဂျာနယ်လစ်တွေကို သိမ်းကြုံးအရေးယူတဲ့ စစ်အာဏာရှင်ဟောင်းတွေရဲ့ သဘောထားမျိုး နှစ် ၅၀ အတွင်း ပထမဆုံးပေါ်လာတဲ့ အရပ်သားအစိုးရမှာ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၇ ခုနှစ် စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းစာရင်းမှာ နိုင်ငံပေါင်း ၁၈၀ အတွင်း မြန်မာနိုင်ငံကို အဆင့် ၁၃၁ ပေးခဲ့ပါတယ်။

    “ကျွန်တော်တို့မဲပေးထားတဲ့ အစိုးရလက်ထက်မှာ ဂျာနယ်လစ်တွေ ဒီလိုဖြစ်နေတာအတွက် ကျွန်တော်တို့ မကျေနပ်နိုင်ပါဘူး။ ကျွန်တော်တို့သိနေတဲ့ အမှန်တရားကို ရေးဖို့၊ တစ်ယောက်ယောက်ကို ဝေဖန်ဖို့ အန္တရာယ်ရှိနေဆဲပါပဲ” လို့ တူရကီသတင်းဌာန TRT က အဖွဲ့နဲ့အတူ မကြာသေးမီက ထောင် ၂ လချခံခဲ့ရတဲ့ ဂျာနယ်လစ်နဲ့ ဓာတ်ပုံဆရာ အောင်နိုင်စိုးက ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံသား၊ စင်ကာပူနိုင်ငံသား ဂျာနယ်လစ်နှစ်ဦး၊ ကားဆရာတို့ပါဝင်တဲ့ သူတို့အဖွဲ့ဟာ ထောင်ထဲက အချိန်အများစုမှာ တစ်ဦးတည်း အပိတ်ခံထားရတယ်လို့ သူက TIME မဂ္ဂဇင်းကို ပြောပါတယ်။

    ပြန်ကြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားနဲ့ ပြည်တွင်း မီဒီယာတွေအကြား ခြားနားတဲ့ သဘောထားကို ထင်ထင်ရှားရှား တွေ့ရပြီး ရိုဟင်ဂျာပြဿနာအကြောင်း နိုင်ငံတကာရဲ့ သတင်းဖော်ပြမှုတွေဟာ ဘက်လိုက်မှုရှိနေကာ လက်ရှိ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ထိခိုက်နိုင်ချေရှိတယ်လို့ မှတ်ချက်ပေးထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ သတင်းဖော်ပြချက်တွေကိုလည်း ‘လုပ်ကြံသတင်းတွေ’ ‘လုပ်ကြံအဓမ္မကျင့်မှုတွေ’ လို့ ပြောဆိုကာ ငြင်းဆန်ထားပါတယ်။

    ပြည်တွင်းသတင်းထောက်တွေကို ‘တိုင်းပြည်သစ္စာဖောက်လို့ တံဆိပ်ကပ်မှု’ မြင့်တက်လာတယ်လို့ အောင်နိုင်စိုးက ပြောကြားခဲ့ပြီး ‘ဒါဟာ လုံးဝ အဓိပ္ပါယ်မရှိပါဘူး’ လို့လည်း သူက ဆိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အစိုးရ အာဏာရပြီးကတည်းက အနည်းဆုံး ဂျာနယ်လစ် ၃၂ ဦး တရားစွဲဆိုခံခဲ့ရတယ်လို့ ပြည်တွင်းအဖွဲ့ We Support Journalists က ဆိုပါတယ်။ အဲဒီ ၃၂ ဦးမှာ ၁၈ ဦးက သားရေကွင်းဥပဒေဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။ ဒီဥပဒေကို အာဏာပိုင်တွေအပေါ် ဝေဖန်သူတွေကို နှိပ်ကွပ်ဖို့ အသုံးပြုနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွက ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဒီဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုမှာ ဆိုရှယ်မီဒီယာပို့စ်တွေအတွက် တရားစွဲခံရသူတွေ ထောင်မကျစေရေးနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

    “ပြတ်ပြတ်သားသား ဖော်ပြထားတာမျိုး မရှိတဲ့ မြန်မာနိုင်ငံက ဥပဒေတော်တော်များများက ဂျာနယ်လစ်တွေ၊ အယ်ဒီတာတွေဟာ ဥပဒေအရ အရေးယူခံရမှုကနေ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ တော်တော်လေးကို ခက်ခဲစေပါတယ်။ တစ်ယောက်ယောက်ရဲ့အာဏာကို ခြိမ်းခြောက်လာပြီဆိုရင် အသုံးချလို့ရတဲ့ ဥပေဒတစ်ခုခုက အမြဲတမ်းရှိနေပါတယ်” လို့ Frontier Myanmar အပတ်စဉ် မဂ္ဂဇင်းက အယ်ဒီတာချုပ် တွမ်ကင်က ပြောပါတယ်။

    သတင်းထောက်တွေ၊ အယ်ဒီတာတွေအတွက် အားကိုးအားထားပြုစရာလည်း လောက်လောက်လားလား မရှိပါဘူး။ စာနယ်ဇင်းကောင်စီရဲ့ ဒုတိယဥက္ကဌ ရိုက်တာ ဂျာနယ်လစ်ဟောင်း ဦအောင်လှထွန်းက ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ သတင်းဖော်ပြမှုဟာ ‘ယုတ္တိမရှိဘဲ’ ‘ကျင့်ဝတ်မဲ့တယ်’ လို့ ပြောဖူးပါတယ်။ ဒီသီတင်းပတ်အတွင်းမှာ သူဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုတိယ၀န်ကြီး ဖြစ်လာပါတယ်။ သြဂုတ်လအတွင်း နေပြည်တော်မှာ သူက ဂျာနယ်လစ်တွေရဲ့ ထိပ်တန်းဦးစာပေးဟာ ‘နိုင်ငံရဲ့ပုံရိပ်ကို ကာကွယ်ဖို့ဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ ဂျာနယ်လစ်တစ်ယောက်ကတော့ ‘မီဒီယာတွေ အထူးသဖြင့် နိုင်ငံခြားမီဒီယာတွေကို တိုက်ခိုက်မယ်ဆိုရင် အစိုးရ၀န်ကြီးရာထူး ချီးမြှင့်ခံရမယ်ဆိုတဲ့ သတင်းစကားမျိုး’ မြန်မာအစိုးရက ပေးနေတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေ ညှင်းပမ်းနှိပ်စက်ခံရမှုကို ရဲရဲဝင့်ဝင့်နဲ့ စေ့စေ့စပ်စပ် ဖော်ပြတာကြောင့် ၂၀၁၄ နှစ်မှာ ပူလစ်ဇာဆု၊ ပြီးခဲ့တဲ့နှစ်မှာ အာရှက Society of Publishers အဖွဲ့ရဲ့ Honorable Mention ဆုတွေ ရရှိထားတဲ့ ရိုက်တာလို ထိပ်တန်း သတင်းဌာနတစ်ခုကို ပစ်မှတ်ထားတာမျိုးက ‘ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းဖော်ပြရင် ဂျယ်နယ်လစ်တွေအတွက် အန္တရာယ်မကင်းဘူးဆိုတဲ့ သတင်းစကားကို အစိုးရက ပေးနေတာဖြစ်တယ်’ လို့ CPJ က ခရစ္စပင်က ပြာကြားခဲ့ပါတယ်။

    “မီဒီယာလွတ်လပ်ခွင့်ကို မဖိနှိပ်ဘဲ မြှင့်တင်ပေးမယ်လို့ တော်တော်များများက ယူဆထားတဲ့ ရွေးကောက်ခံအစိုးရအတွက်တော့ ဒါဟာ ၀မ်းနည်းစရာ အလှည့်အပြောင်းပါပဲ”

    မီဒီယာသမား ၁၀၀ ကျော်လောက်ပါဝင်တဲ့ မြန်မာဂျာနယ်လစ်များ ကာကွယ်ပေးရေးကော်မတီကို ပူးတွဲတည်ထောင်ထားတဲ့ လွန်းဇောင်းထက်က မြန်မာနိုင်ငံမှာ ဂျာနယ်လစ်တစ်ယောက်ဖြစ်ရတာဟာ ‘တော်တော်လေးကို အန္တရာယ်ရှိလာတယ်’ လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ သူတို့အဖွဲ့ဟာ စာနယ်ဇင်းနယ်ပယ်မှာ မားမားမတ်မတ် ရပ်တည်လာခဲ့သူတွေဖြစ်ပြီး ဂျာနယ်လစ်တွေအပေါ် ဖိနှိပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းဖို့၊ ဘ၀တူ ဂျာနယ်လစ်တွေ လွတ်မြောက်ဖို့ ဆန္ဒပြမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ အခုလအတွင်းမှာ သူတို့ဟာ ရိုက်တာသတင်းထောက်တွေရဲ့ ရုံးချိန်းကို လာရောက်တဲ့ သတင်းသမားတွေကို အနက်ရောင် အင်္ကျီတွေ ဝေပေးခဲ့ပြီး ‘မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းအမှောင်ခေတ်’ ကို ဖော်ကျူးခဲ့တာ ဖြစ်ပါတယ်။

    “အစိုးရဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်ဘူး။ ဂျာနယ်လစ်တွေကို ရန်သူတွေလို သူတို့ ဆက်ဆံတယ်” လို့ လွန်းဇောင်းထက်က ပြောဆိုခဲ့ပါတယ်။

    Ref: TIME

    (TIME မဂ္ဂဇင်းတွင် ဖော်ပြသည့် ‘It’s Dangerous to Write the Truth.’ Journalists Fear the End of Press Freedom in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ကို တူရကီက စတင်တိုက်ခိုက်

    ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ကို တူရကီက စတင်တိုက်ခိုက်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၈
    M-Media

    – ဆီးရီးယားနယ်စပ် အက်ဖ်ရင်မြို့ရှိ ကာ့ဒ်တပ်ဖွဲ့ ပစ်မှတ်များကို တူရကီက စတင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

    သမ္မတအာဒိုဂန်က ကာ့ဒ်များကို နယ်စပ်ဒေသမှ ဖယ်ရှားရေးအတွက် မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ယနေ့တွင် ကြေငြာခဲ့ပြီးနောကပိုင်း တူရကီတိုက်လေယာဉ်များက ဗုံးကြဲမှု ပြုလုပ်ခဲ့သည်။

    ဆီးရီးယားရှိ ကာ့ဒ်ဒီမိုကရက်တစ်သမဂ္ဂပါတီ (PYD) နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့ YPG တို့မှာ တူရကီအစိုးရအား ဆယ်စုနှစ်ချီ တိုက်ခိုက်နေသည့် တူရကီ ကာ့ဒ်အလုပ်သမားပါတီ (PKK) နှင့် အဆက်သွယ်ရှိသည်ဟု စွပ်စွဲကာ အကြမ်းဖက်အဖွဲ့အဖြစ် တူရကီက သတ်မှတ်ထားသည်။

    ဆီးရီးယားရှိ အက်ဖ်ရင်ဒေသတွင် ကာ့လက်နက်ကိုင်အဖွဲ့ ၈၀၀၀ မှ ၁၀၀၀၀ ကြားအထိ ရှိနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

    အာဒိုဂန်ကမူ ကာ့ဒ်လက်နက်ကိုင်အဖွဲ့ အားလုံးမှာ အတူတူပင်ဖြစ်ပြီး အမည်များပြောင်းသွားသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် ၎င်းတို့၏မူအား ပြောင်းလဲခြင်းမရှိဟု ဆိုသည်။

    တူရကီဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က စစ်တပ်မှာ YPG ၏ အစိတ်အပိုင်းများကို ဖျက်ဆီးရန်အတွက် လေကြောင်းတိုက်ပွဲ စတင်နေသည်ဟု ယနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

    Ref : Aljazeera

  • တနင်္လာနေ့ကစမယ့် အမေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမှု နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ

    တနင်္လာနေ့ကစမယ့် အမေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမှု နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ

    ဇန်န၀ါရီ ၂၀၊ ၂၀၁၈
    M-Media

    – အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဘက်ဂျက်သုံးစွဲရေးမူကြမ်းကို သောကြာနေ့မှာ အထက်လွှတ်တော်က ဒီမိုကရက်အမတ်တွေက ကန့်ကွက်မဲပေးခဲ့တာကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ အစိုးရလုပ်ငန်း တစ်စိတ်တစ်ပိုင်းဟာ သောကြာနေ့ည သန်းခေါင်ယံအချိန်ကနေစပြီး ရပ်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီလအလယ်အထိ အစိုးရအတွက် ဘက်ဂျက်ထုတ်ပေးရေး မူကြမ်းကို ကြာသာပတေးနေ့က အောက်လွှတ်တော်မှာ အတည်ပြုခဲ့ပေမယ့် ရီပက်ဘလစ်ကန်တွေကြီးစိုးတဲ့ အထက်လွှတ်တော်မှာတော့ လုံလောက်တဲ့ထောက်ခံမဲရဖို့အတွက် ဒီမိုကရက်အမတ်တွေကို မဆွယ်နိုင်ခဲ့ပါဘူး။

    ဘက်ဂျက်မူကြမ်းဟာ အထောက်အထားမရှိတဲ့ ပြောင်းရွှေ့အခြေချသူများ ထောက်ပံ့ရေးအစီအစဉ် DACA ကို ပယ်ဖျက်ဖို့ကိစ္စနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရက် နှစ်ပါတီဆွေးနွေးမှုဟာ မအောင်မြင်ခဲ့ပါဘူး။ ဒီမိုကရက်တွေက DACA လုပ်ငန်း ပယ်ဖျက်မယ့် အစီအစဉ်ကို လက်မခံတာကြောင့် ဖြစ်ပါတယ်။

    ၂၀၁၃ ခုနှစ်ကလည်း အမေရိကန်အစိုးရလုပ်ငန်းတွေ ဒီလိုရပ်ဆိုင်းရမှုမျိုး ကြုံတွေ့ခဲ့ပြီး ၁၆ ရက် ကြာခဲ့ပါတယ်။

    ဘာတွေကို တိုက်ရိုက်ထိခိုက်မလဲ

    Standard and Poor က စီးပွားရေးဆိုင်ရာအကြံပေး ဘသ် အန် ဘိုဗီနိုက ‘အရေးမကြီး’ လို့ ယူဆထားတဲ့ အမေရိကန်အစိုးရဌာနတွေက လူပေါင်း ၇ သိန်းလောက်ရဲ့ လုပ်အားကို ချက်ခြင်းလက်ငင်း ဆုံးရှုံးရလိမ့်မယ်လို့ ဆိုပါတယ်။

    အဲဒီအလုပ်သမားတွေဟာ ဘက်ဂျက်ပြန်လည်ရရှိတဲ့အချိန်အထိ နားနေရမှာ ဖြစ်ပါတယ်။

    သမိုင်းမှာ ဒီရက်တွေအတွက် လုပ်ခ ပြန်တွက်ပေးလေ့ရှိပေမယ့် ပြန်ရနိုင်မယ်ဆိုပြီး ကံသေကံမ မပြောနိုင်ပါဘူး။

    လုပ်ခလစာ ပြန်ပေးခဲ့ရင်တောင် အမေရိကန်ဟာ လူပေါင်း ၁ သန်းလောက်ရဲ့ လုပ်အားကို အချိန်အတိုင်းအတာတစ်ခုအထိ ဆုံးရှုံးရမယ်လို့ ဘိုဗီနိုက ပြောပါတယ်။

    လတ်တလော ဆောင်ရွက်နေတဲ့ ကိစ္စတွေ ရပ်တန့်လိုက်ရတဲ့အချိန်ကို နောက်ထပ် ဘယ်တော့မှ ပြန်မရတော့ဘူးလို့လည်း သူက ဆိုပါတယ်။

    လူဘယ်လောက်အပေါ် သက်ရောက်မလဲ

    အစိုးရစီမံတဲ့ ပန်းခြံတွေ၊ ပြတိုက်တွေ၊ အထိမ်းအမှတ်နေရာတွေလည်း ပိတ်ရဖို့ ရှိနေပြီး အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု ရက်အနည်းငယ်အထိကြာသွားရင် နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ၊ ဗီဇာထုတ်ပေးတာတွေကိုလည်း ရပ်ဆိုင်းရမှာပါ။

    ဒီလိုပိတ်ရမှုကြောင့် ခရီးသွားလုပ်ငန်းကို ထိခိုက်မှာ ဖြစ်ပါတယ်။ အမေရိကန်အနောက်ခြမ်းက ပန်းခြံတွေ၊ အမေရိကန်အစိုးရလက်အောက်ခံ Smithsonian Institute က ကိုင်တွယ်ထားတဲ့ ပြတိုက်တွေလည်း ပိတ်ပစ်ရပါလိမ့်မယ်။

    နောက်ထပ် သွယ်ဝိုက်ထိခိုက်မယ့်သူတွေက အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ ကန်ထရိုက်လုပ်ငန်းတွေ ဖြစ်ပါတယ်။ အစိုးရ၀န်ထမ်းတွေလိုပဲ ဒီကန်ထရိုက်တွေဟာ အမေရိကန်အစိုးရဆီက ပိုက်ဆံချေမှုကို စောင့်ယူရတာပါ။

    ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်အစိုးရက ကန်ထရိုက်ပေးထားတဲ့လုပ်ငန်းတွေဟာ ကန်ဒေါ်လာ ၄၃ ဘီလီယံဖိုး ရှိနေတယ်လို့ အစိုးရမှတ်တမ်းတွေအရ သိရပါတယ်။

    အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေသမျှတစ်လျှောက်လုံးမှာ ဘယ်ကန်ထရိုက်မှ ဒီငွေတွေကို ရဖို့မရှိပါဘူး။

    လက်လီရောင်းချမှုတွေလည်း ကျဆင်းသွားပါလိမ့်မယ်။

    “အားလပ်ရက်ကာလ အရှိန်အတက်ဆုံးအချိန် မဟုတ်တာကြောင့် ဒီထိခိုက်မှုဟာ သိပ်ပြီးတော့ ဆိုးဝါးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဇန်န၀ါရီလအထိ အားလပ်ရက်အတွက် ဈေးဝယ်မှုတွေက ရှိနေဆဲပါ” လို့ ဘိုဗီနိုက ပြောပါတယ်။

    ဘယ်ဌာနတွေ ဆက်လည်ပတ်မလဲ

    စစ်တပ်၊ ရဲနဲ့ လေကြောင်းထိန်းချုပ်ရေးလုပ်ငန်းတွေ အပါအ၀င် နိုင်ငံတော်လုံခြုံရေး၊ ပြည်သူ့လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ဌာနတွေကတော့ ဆက်လက် လည်ပတ်မှာ ဖြစ်ပါတယ်။

    အစိုးရ စီမံတဲ့ စစ်မှုထမ်းဟောင်းဆေးရုံတွေ၊ ချို့တဲ့သူတွေကို ထောက်ပံ့တဲ့ဌာတွေလို အေဂျင်စီတွေကတော့ ဆက်လက် လည်ပတ်နေမှာ ဖြစ်ပါတယ်။

    DACA အစီအစဉ်ကို ရပ်ဆိုင်းဖို့ ထရမ့်ရဲ့ ညွှန်ကြားမှုကို လက်မခံတဲ့ ပြည်ထောင်စုတရားရုံးတွေက ဆက်လက် လည်ပတ်နေမှာဖြစ်ပေမယ့် ထိခိုက်မှုတစ်ချို့တော့ ရှိပါလိမ့်မယ်။

    ဘယ်လောက်ကြာမလဲ

    သမ္မတအိုဘားမားရဲ့ ကျန်းမာရေးဥပဒေ Obamacare၊ အကြွေးဆပ်ဖို့ ဘဏ္ဍာရေးဌာနကို အကြွေးထပ်ယူခွင့်ပြုတဲ့ Debt ceiling မူကြမ်းတွေအတွက် ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရက်တို့အကြား အတိုက်အခံဖြစ်မှုကနေ စတင်တဲ့ ၂၀၁၃ ခုနှစ် အစိုးရလုပ်ငန်း ရပ်ဆိုင်းရမှုဟာ ၁၆ ရက်ကြာခဲ့ပါတယ်။

    သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးအာမခံပေးရေး ကိစ္စအတွက် ၁၉၉၅ ခုနှစ်မှာ ဒီပါတီကြီးနှစ်ခု အငြင်းပွားမှုကြောင့် ဘက်ဂျက်ထုတ်ပေးရေး နှောင့်နှေးကာ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းမှုဟာ ဒီဇင်ဘာကနေ ၁၉၉၆ ခုနှစ် ဇန်န၀ါရီလအထိ ၂၇ ရက် ကြာမြင့်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဒီလို ရပ်ဆိုင်းရမှုတစ်ခု ဖြစ်ခဲ့ပြီး ၄ ရက် ကြာမြင့်ခဲ့ပါတယ်။

    အဲဒါတွေကလွဲရင် အမေရိကန်အစိုးလုပ်ငန်းတွေ ရပ်ဆိုင်းရမှုဟာ သိပ်ပြီး ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။

    သီတင်းပတ်လောက်သာကြာမြင့်တဲ့ ဘက်ဂျက်မရမှုကြောင့် အမေရိကန်စီးပွားရေးမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာမျိုး မရှိဘူးလို့ ၀ါရှင်တန်က တတ်သိပညာရှင်များအဖွဲ့ Committee for a Responsible Federal Budget ရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

    အမေရိကန်စီးပွားရေးကို ဘယ်လောက်ထိခိုက်မလဲ

    ၂၀၁၃ ခုနှစ် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမှုကြောင့် အမေရိကန်စီးပွားရေးမှာ ကန်ဒေါ်လာ ၂၄ ဘီလီယံ ထိခိုက်ခဲ့ပြီး၊ အဲဒီနှစ် ဂျီဒီပီကို ၁၆ ထရီလီယံ ထိခိုက်ခဲ့တယ်လို့ Standard and Poor က ခန့်မှန်းပါတယ်။

    ဘိုဗီနိုကတော့ ဒီလိုကျဆင်းမှုတွေကို နောက်ပိုင်းမှာ ပြန်ပြီး ကာမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera