News @ M-Media

Author: Ko Lay

  • မြောက်ဦးဆန္ဒပြမှု၌ အရပ်သားများပစ်သတ်ခံရမှုကို ဘက်မလိုက်ဘဲစုံစမ်းရန် အာဆီယံ လူ့အခွင့်အရေးအဖွဲ့တိုက်တွန်း

    မြောက်ဦးဆန္ဒပြမှု၌ အရပ်သားများပစ်သတ်ခံရမှုကို ဘက်မလိုက်ဘဲစုံစမ်းရန် အာဆီယံ လူ့အခွင့်အရေးအဖွဲ့တိုက်တွန်း

    ဇန်န၀ါရီ ၂၂၊ ၂၀၁၈
    M-Media

    – ပြီးခဲ့တဲ့တစ်ပတ်က ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒပြမှုအတွင်း လူ ၇ ဦး ပစ်ခတ်သတ်ဖြတ်ခံရမှုဟာ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ဒီနေ့မှာ ပြောကြားလိုက်ပြီး ချက်ခြင်း စုံစမ်းစစ်ဆေး မှုလုပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

    “သတင်းတွေအရ ဒီဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ဟာ လုံးဝ သင့်လျော်မှုမရှိတဲ့ ပုံစံမျိုးပါ။ ဒီအဖြစ်အပျက်ကို စေ့စေ့စပ်စပ်နဲ့ ဘက်လိုက်မှုကင်းကင်း စုံစမ်းစစ်ဆေးဖို့ လိုအပ်ပြီး၊ ကျူးလွန်သူတွေကို အပြစ် ပေးရပါလိမ့်မယ်” လို့ မလေးရှား လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး APHR ရဲ့ ဥက္ကဌဖြစ်တဲ့ ချားလ်စ် ဆန်တီယာဂိုက ပြောကြားခဲ့ပါတယ်။

    ဇန်န၀ါရီ ၁၆ ရက်နေ့ ညပိုင်းက မြောက်ဦးမြို့ ဆန္ဒပြမှုအတွင်းမှာ ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အနည်းဆုံး ရခိုင်တိုင်းရင်းသား ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရခိုင်ဘုရင့်နိုင်ငံ ကျဆုံးမှု ၂၃၃ နှစ်ပြည့် အခမ်းအနား ကျင်းပဖို့ စီစဉ်ထားမှုကို အာဏာပိုင်တွေက ခွင့်ပြုချက်မပေးတာနဲ့ပတ်သက်ပြီး ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    “မြောက်ဦးကိစ္စက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အပြုအမူတွေ၊ သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူမှု မရှိတာတွေနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်စရာ ကောင်းနေတယ်ဆိုတာ ထပ်ပြီး မီးမောင်းထိုးပြလိုက်တာပါ။ တိုင်းရင်းသားလူနည်းစုတွေအပေါ် ဒီလိုလုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှုဟာ အထူးသဖြင့် တော်တော်လေးဆိုးရွားတယ်ဆိုတာ အခုဖြစ်ရပ်နဲ့ အရင်က ဖြစ်ရပ်တော်တော်များများက ပြသနေပါတယ်” လို့ ဆန်တီယာဂိုက ပြောပါတယ်။

    ဇန်န၀ါရီ ၁၈ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းခဲ့ပြီး၊ ဥပဒေချိုးဖောက်သူတွေကို အရေးယူမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တိုက်တွန်းမှုကို သက်ဆိုင်ရာ အာဏာပိုင်တွေက လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်ရမှာဖြစ်ပြီး၊ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုအတွက် လိုအပ်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုရပါမယ်။ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပြည်သူအားလုံး လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေး ခွင့်တွေ ရရှိရေး ဆောင်ရွက်ပေးဖို့ဟာ အစိုးရနဲ့ စစ်တပ်ရဲ့ တာဝန်ပဲဖြစ်ပါတယ်” လို့ ဆန်တီယာဂိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: reliefweb

  • ဆီရီးယားနယ်နမိတ်အတွင်းမှ ဒုံးကျည်ဖြင့် တူရကီနယ်စပ်မြို့ကို ပစ်ခတ် တိုက်ခိုက်

    ဆီရီးယားနယ်နမိတ်အတွင်းမှ ဒုံးကျည်ဖြင့် တူရကီနယ်စပ်မြို့ကို ပစ်ခတ် တိုက်ခိုက်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၈
    M-Media

    ရေဟန်လီမြို့တွင် တွေ့ရသည့် တူရကီတက်ဖွဲ့

    – ဆီးရီးယားဖက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များမှာ နယ်စပ်မြို့ ရေဟန်လီသို့ ကျရောက်ခဲ့သည်ဟု တူရကီ ဒုတိယ၀န်ကြီးချုပ် ဘီကီရ် ဘော့ဇ်ဒဂ်က ပြောကြားလိုက်သည်။

    ရေဟန်လီမြို့တော်ဝန် ဟူစိန် ဆန်ဗာဒီက တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရှိခဲ့သည်ဟု တူရကီမီဒီယာ Hurriyet သို့ ပြောကြားခဲ့သည်။

    “ဆီးရီးယားတစ်ယောက် အသက်ဆုံးရှုံးခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိပါတယ်။ ၂ ဦးကတော့ အခြေအနေဆိုးပါတယ်”

    တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က တိုက်ခိုက်မှုကို Twitter စာမျက်နှာမှတစ်ဆင့် ရှုတ်ချခဲ့ပြီး ဒုံးကျည်များကို ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ YD/YPG က ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ကာ့ဒ်တပ်ဖွဲ့က မည်သည့်ထုတ်ပြန်မှုမှ မပြုလုပ်သေးပေ။

    တိုက်ခိုက်မှုအပြီး ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့ခဲ့သည့် ဓာတ်ပုံများအရ ဒုံးကျည် ကျရောက်သည့်နေရာတွင် ကားများ၊ အဆောက်အဦးများ ပျက်ဆီးခြင်း၊ လူများ ဒဏ်ရာရှိခြင်းတို့ကို တွေ့မြင်ခဲ့ရသည်။

    တူရကီမှာ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ ယမန်နေ့မှစ၍ ဆီးရီးယားရှိ နယ်စပ် အဖ်ရင်မြို့သို့ ၀င်ရောက်ကာ တိုက်လိုက်မှုများ ပြုလုပ်နေသည်။

    Ref: RT

  • အကြမ်းဖက်တိုက်ဖျက်ရေး နည်းလမ်းသစ်တစ်ခုကို ဗြိတိန်မွတ်စလင်ကောင်စီ ဆောင်ရွက်မည်

    အကြမ်းဖက်တိုက်ဖျက်ရေး နည်းလမ်းသစ်တစ်ခုကို ဗြိတိန်မွတ်စလင်ကောင်စီ ဆောင်ရွက်မည်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၈
    M-Media

     

    – ယူကေက အကြီးဆုံး မွတ်စလင်အဖွဲ့ ဗြိတိန်မွတ်စလင်ကောင်စီ (MCB) ဟာ အကြမ်းဖက်တိုက်ဖျက်ရေး အစီအစဉ်သစ်တစ်ခုကို စတင်တော့မယ်လို့ သိရပါတယ်။

    Our Mosques Our Future ခေါင်းစဉ်နဲ့ မနေ့က မြောက်လန်ဒန်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီအစီအစဉ်သစ်ကို ကြေငြာလိုက်တာ ဖြစ်ပါတယ်။

    MCB National Listening Exercise လို့ အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုအသစ်ဟာ နိုင်ငံတစ်ဝှမ်းက မွတ်စလင်လူ့အဖွဲ့အစည်းတွေကို အခြေပြုမှာဖြစ်ပြီး နွေဦးရာသီမှာ စတင်မယ်လို့ MCB အတွင်းရေးမှူး ဟာရွန်ခန်းက ပြောကြားခဲ့ပါတယ်။

    “ဒီနှစ်အတွင်း ကျွန်တော်တို့ဟာ စီမံကိန်းတစ်ခုကို စတင်ခဲ့ပြီး ဒါဟာ နိုင်ငံတစ်ဝှမ်း နားထောင်ပေးတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ ယူကေတစ်ဝှမ်းက မြို့ကြီး ၁၀ မြို့မှာ ဒီစီမံကိန်းကို ဆောင်ရွက်သွားမှာပါ။ Prevent အပါအ၀င် အစိုးရရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေ သက်ရောက်မှုနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်းမှာ ဘယ်လိုရှိလဲဆိုတာကို နားထောင်ဖို့အတွက် အခမ်းအနားတွေ လုပ်သွားမှာပါ။ ဒီအစီအစဉ်တွေရဲ့ သက်ရောက်မှုတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေမှာ ရှိနေပြီး အမှန်တကယ် ဘာတွေဖြစ်နေလဲဆိုတာကို သူတို့ဆီကနေ ပြန်နားထောင်ရမှာ ဖြစ်ပါတယ်”

    Prevent ဆိုတာ ယူကေတစ်ဝှမ်းက ကျောင်းဆရာတွေဟာ ကျောင်းသားတွေ အကြမ်းဖက်လှုပ်ရပ်တွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိရင် ရဲတပ်ဖွဲ့ကို တိုင်ကြားရတဲ့ အစီအစဉ်ဖြစ်ပြီး ‘အကြမ်းဖက်သမားတွေ ဖြစ်လာတာ၊ အကြမ်းဖက်ဝါဒကို ထောက်ခံလာတာတွေကို တားဆီးဖို့’ ဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။

    ဗြိတိန်မွတ်စလင်တွေကတော့ ဒီအစီအစဉ်ကို ကန့်ကွက်ပြီး ဒီအစီအစဉ်အောက်မှာ ရဲတပ်ဖွဲ့က ခေါ်စစ်တဲ့သူတွေဟာ ဘယ်လို အစွန်းရောက် ဆက်နွယ်မှုမျိုးမှ မရှိတဲ့အတွက် အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။

    ခန်းက မွတ်စလင်လူ့အဖွဲ့အစည်းတွေရဲ့ အမြင်ကို နားထောင်တဲ့ သူတို့ရဲ့ အစီအစဉ်သစ်ကို ၂၀၁၉ ခုနှစ် အစောပိုင်းအထိ ပြုလုပ်သွားမှာဖြစ်ပြီး ဒီကနေ ရရှိလာတဲ့ တွေ့ရှိချက်တွေကို အခြေခံကာ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်း ထိရောက်ဖို့အတွက် ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    MCB ရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အာဆစ်ဖ် ဟူစိန်ကတော့ ယူကေ မြို့ကြီး ၁၀ မြို့မှာ မွတ်စလင်လူ့အဖွဲ့အစည်းတွေရဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက်ပိုင်း ၂၀၁၉ ခုနှစ် အစောပိုင်းမှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

    Our Mosque, Our Future အစည်းအဝေးမှာ နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော် ၅၀ က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ဗြိတိန်မွတ်စလင်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အစ္စလာမ်ကြောက်ရောဂါ၊ မီဒီယာက အစ္စလာမ်အပေါ် မှားယွင်းဖော်ပြမှုတွေကို ဖြေရှင်းဖို့အတွက် ဗလီဝတ်ကျောင်းတော်တွေက ဘယ်လို ပါဝင်ဆောင်ရွက်မလဲ၊ အမျိုးသမီးတွေ၊ လူငယ်တွေကို ဘယ်လို့ စွမ်းအားမြှင်တင်ပေးမလဲ၊ ပရဟိတလုပ်ငန်းတွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းတွေကို ဘယ်လို တိုးမြှင့်ဆောင်ရွက်မလဲ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    Ref: aa.com

     

  • အိုလံပစ်ပြိုပွဲအတွက် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိ

    အိုလံပစ်ပြိုပွဲအတွက် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိ

    ဇန်ဝါရီ ၂၁၊ ၂၀၁၈
    M-Media

    ဆိုးလ်မြို့သို့ ရောက်ရှိလာသည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့

    – လာမည့်လတွင် ကျင်းပပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် ကျင်းပမည့် နေရာများကို ကြည့်ရှုရန်နှင့် ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားများ ပြင်ဆင်ရန်တွက် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    မြောက်ကိုရီးယား၏ နာမည်ကြီး Moranbong တီးဝိုင်းခေါင်းဆောင် ဟွန်ဆွန်ဝူလ် ခေါင်းဆောင်သည့် ၇ ဦး ကိုယ်စားလှယ်အဖွဲ့မှာ နှစ်နိုင်ငံနယ်စပ်ကို ဘတ်စ်ကားဖြင့် ဖြတ်ကျော်ကာ မီးရထားဖြင့် ဆိုးလ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

    မြောက်ကိုရီးယား အာဏာပိုင်များ တောင်ကိုရီးယားသို့ ယခုကဲ့သို့ လာရောက်မှုမှာ ၄ နှစ်အတွင်း ပထမဆုံးဖြစ်သည်။

    ပြီးခဲ့သည့်နှစ် မေလတွင် တောင်ကိုရီးယားသမ္မတ ဖြစ်လာခဲ့သည့် မွန်ဂျယ်အင်က မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ တိုးတက်လာခဲ့သည်။

    ဖေဖော်ဝါရီ ၉ ရက်နေ့တွင် တောင်ကိုရီးယားရှိ ပြုံချမ်းမြို့တွင် ကျင်းပပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်သို့ အားကစားသမားများနှင့် အနုပညာရှင်များ စေလွှတ်မည်ဟု မြောက်ကိုရီးယားက ပြောကြားထားသည်။

    ကိုရီးယားနှစ်နိုင်ငံမှာ အမျိုးသမီး ရေခဲပြင်ဟော်ကီအသင်းကို ပူးပေါင်းဖွဲ့စည်းကာ အိုလံပစ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ဖွင့်ပွဲနေ့တွင်လည်း အလံတစ်ခုတည်းအောက်၌ နှစ်နိုင်ငံ ပူးတွဲ ချီတက်မည်ဖြစ်သည်။

    Ref: CNA

  • ရုရှားနှင့် မြန်မာစစ်တပ်တို့ အကြီးစားပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည်

    ရုရှားနှင့် မြန်မာစစ်တပ်တို့ အကြီးစားပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၈
    M-Media

    – ရုရှားနဲ့ မြန်မာနိုင်ငံတို့ဟာ စစ်ဖက်ရေးရာမှာ အကြီးစား ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှီဂူက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ယမန်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဟာ မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    “စစ်ဖက်ရေးရာမှာ ရုရှားနဲ့ မြန်မာတို့အကြား အပြုသဘောဆောင်တဲ့ ဘက်စုံ ပူးပေါင်းဆာင်ရွက်မှု ပြုလုပ်ရေး၊ ၂၀၁၆ ခုနှစ် စစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချကို ထပ်မံပြီး အရှိန်မြှင့်ဆောင်ရွက်သွားရေး ကျွန်တော်တို့ အဓိကထား ဆွေးနွေးခဲ့ပါတယ်” လို့ ဆာဂျီရှီဂူက ပြောပါတယ်။

    ရုရှားဟာ မိတ်ဖက်ဆက်ဆံရေး တိုးတက်စေဖို့၊ နှစ်ဖက်စစ်တပ်တွေရဲ့ တိုက်ခိုက်နိုင်စွမ်း အားကောင်းစေဖို့ ဆောင်ရွက်မှာဖြစ်ကြောင်း၊ စစ်တပ်တွေ ပုံမှန်ဆက်ဆံရေး ထူထောင်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ ရုရှားစစ်သင်္ဘောတွေ မြန်မာဆိပ်ကမ်းတွေမှာ လာရောက်လည်ပတ် ဆိုက်ကပ်ဖို့ အထူးအလေးထား ဆွေးနွေးခဲ့ပြီး အကြီးစား ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်ဖို့ သဘောတူခဲ့ပါတယ်”

    ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း ရုရှားနဲ့ မြန်မာစစ်တပ်တို့ဟာ ထိတွေ့ဆက်ဆံမှုတွေ တော်တော်များ ဆောင်ရွက်ခဲ့ပါတယ်။

    မြန်မာကာကွယ်ရေးဦးစီးချုပ်ကတော့ သူတို့အနေနဲ့ ရုရှားစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: TASS.com