News @ M-Media

Author: Ko Lay

  • မီဇိုရမ်တွင် မြန်မာစစ်သားများက အိန္ဒိယနိုင်ငံသားကို မှားယွင်းပစ်ခတ်

    မီဇိုရမ်တွင် မြန်မာစစ်သားများက အိန္ဒိယနိုင်ငံသားကို မှားယွင်းပစ်ခတ်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၈
    M-Media

    မီဇိုရမ်ပြည်နယ်

    – အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က အသက် ၆၇ နှစ်အရွယ် လယ်သမားတစ်ဦးကို မြန်မာစစ်သားတွေက သူပုန်လို့ထင်မှတ်ကာ မှားယွင်းပစ်ခတ်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာန The Hindu က ဇန်န၀ါရီ ၁၆ ရက်နေ့မှာ ဖော်ပြပါတယ်။

    ဘရူလူမျိုးစုက မိုနွန်ဒိုနဲ့ သူ့ရဲ့ ဇနီး ဘာနာတီတို့ဟာ Lawngtlai ခရိုင်က နှစ်နိုင်ငံနယ်စပ်မှာ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့ညနေပိုင်းက ဆေးပင်တွေ ရှာနေတဲ့အချိန် မြန်မာစစ်သားတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

    ဘာတာနီက သူတို့ဟာ သူပုန်တွေမဟုတ်ဘဲ အိန္ဒိယနိုင်ငံသားတွေဖြစ်တယ်လို့ ဟစ်အော်ခဲ့တဲ့နောက်ပိုင်း ပစ်ခတ်မှုကို ရပ်တန့်ကာ စစ်သားတွေက သူတို့နားလာပြီး ဆေးဝါးတွေပေးခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    မိုနွန်ဒိုကတော့ ပစ်ခတ်မှုကြောင့် ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။

    မြန်မာနဲ့ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေဟာ မီဇိုရမ်နဲ့ ချင်းပြည်နယ် နယ်စပ်တစ်လျှောက် နှစ်နိုင်ငံ ပူးပေါင်းကာ ကင်းလှည့်မှုတွေ လုပ်လေ့ရှိပါတယ်။

    Ref: The Hindu, coconut yangon

  • ကမ္ဘာ့ပထမဆုံး ဒရုန်းဖြင့်လူကယ်မှုကို သြစတေးလျတွင် ပြုလုပ်ခဲ့

    ကမ္ဘာ့ပထမဆုံး ဒရုန်းဖြင့်လူကယ်မှုကို သြစတေးလျတွင် ပြုလုပ်ခဲ့

    ဇန်န၀ါရီ ၁၈၊ ၂၀၁၈
    M-Media

    – သြစတေးလျနိုင်ငံက ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ လူငယ်နှစ်ဦးကို ဒရုန်းနဲ့ အသက်ကယ်ပစ္စည်းတွေ ပေးပို့ကာ ကယ်တင်နိုင်ခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ဒရုန်းနဲ့ လူကယ်တဲ့ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဒီကနေ့ နယူးဆောက်ဝေးလ်ပြည်နယ်က ပင်လယ်ပြင်မှာ ရေကူးနေစဉ်အတွင်း အဲဒီလူငယ်နှစ်ဦးဟာ ၁၀ ပေနီးပါးလောက်မြင့်တဲ့ လှိုင်းကြားမှာ ရေနစ်မလိုဖြစ်ကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တာပါ။

    ကမ်းခြေက တစ်ခြားသူတွေဟာ ဒီအဖြစ်အပျက်ကို မြင်ခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေကို သတိပေးခဲ့ပြီး တစ်ခဏအတွင်းမှာ ဒရုန်းနဲ့ သက်ကယ်ပစ္စည်းတွေ ပေးပို့နိုင်ခဲ့တာကြောင့် လူငယ်နှစ်ဦးဟာ အထိအခိုက်မရှိဘဲ ကမ်းခြေကို ပြန်လာနိုင်ခဲ့ပါတယ်။

    “တစ်မိနစ်ကနေ နှစ်မိနစ်အတွင်းမှာ ကျွန်တော်ဟာ ဒရုန်းကို ပျံသန်းစေကာ လိုအပ်တဲ့ပစ္စည်းတွေကို သွားပေးနိုင်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့ ကယ်ဆယ်ရေးသမားတွေဟာ မိနစ်အနည်းငယ်လောက် ကြာကြာသွားရပါတယ်” လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဂျိုင် ရှီရီဒန်က ပြောကြားခဲ့ပါတယ်။

    သြစတေးလျဟာ နိုင်ငံတစ်ဝှမ်း ကမ်းခြေတွေမှာ ပင်လယ်ပြင် ကယ်ဆယ်ရေးအတွက် ဒရုန်းတွေကို ဖြန့်ကျက်ချထားပါတယ်။

    ဒရုန်းတွေကို ပင်လယ်ပြင်မှာ ရေကူးတဲ့သူတွေရဲ့ နေရာကို ရှာဖွေဖော်ထုတ်တာ၊ အသက်ကယ်ပစ္စည်းတွေ ပေးပို့တာတွေအပြင် ရေအောက်က ငါမန်းတွေ၊ ဂျယ်လီငါးတွေကို ရှာဖွေတာမျိုးတွေမှာလည်း အသုံးပြုနေပါတယ်။

    Ref: CNA

  • အငြင်းပွားရုပ်ရှင်အား မပြသရန်တောင်းဆိုမှုကို အိန္ဒိတရားရုံးချုပ် ပယ်ချ

    အငြင်းပွားရုပ်ရှင်အား မပြသရန်တောင်းဆိုမှုကို အိန္ဒိတရားရုံးချုပ် ပယ်ချ

    ဇန်န၀ါရီ ၁၈၊ ၂၀၁၈
    M-Media

    – မွတ်စလင်ဘုရင်တစ်ပါးနဲ့ ဟိန္ဒူဘုရင်မတစ်ဦးတို့ ချစ်ကြိုးသွယ်တဲ့ သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ Padmaavat ရုပ်ရှင်ကို မပြသဖို့ တောင်းဆိုမှုကို အိန္ဒိယ တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။

    ၁၄ ရာစုက ရာဂ်ျပွတ်လူမျိုး ဘုရင်မ ပဒ်မီနီအကြောင်း ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ မိဖုရားကို ပုံဖျက်ထားတယ်လို့ လယ်ယာစွန်း ဟိန္ဒူအုပ်စုက စွပ်စွဲထားပြီး၊ ရာပွတ်မျိုးနွယ်အုပ်စုကတော့ ဒါဟာ သူတို့မျိုးနွယ်ကို မလေးစားရာရောက်တယ်လို့ ပြောကြားထားပါတယ်။

    ဆန့်ကျင်မှုတွေ ရှိခဲ့တာကြောင့် ဒီရုပ်ရှင်ကို ပြည်နယ် ၆ ခုမှာ ပြသခွင့် ပိတ်ပင်ခဲ့ပါတယ်။ ရုပ်ရှင် ထုတ်လုပ်သူတွေဟာ တရားရုံးချုပ်ကို ဒီကိစ္စနဲ့ပတ်သက်လို့ တိုင်ကြားခဲ့ကာ ဒီကနေ့မှာတော့ တရားရုံးက ပြသမှု ပိတ်ပင်ထားတာတွေ တရားမ၀င်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

    ပြသခွင့်ပိတ်ပင်ထားတဲ့ ပြည်နယ်တွေက ဟာရ်ယာနာ၊ ဂူဂျာရတ်၊ ဟီမာချာလ် ပရာဒက်ရှ်၊ မဒ်ယာ ပရာဒက်ရှ်၊ ရာဂျက်စတန်နဲ့ အူတရာခန်း ပြည်နယ်တို့ဖြစ်ပြီး တစ်ခြားပြည်နယ်တွေအနေနဲ့ ဒီရုပ်ရှင်ကို ပိတ်ပင်မှုမလုပ်ရ ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။

    ဒီဇင်ဘာ ၁ ရက်နေ့မှာ ရုံတင်ဖို့ လုပ်ထားပေမယ့် ဆန္ဒပြမှုတွေ၊ ဒါရိုက်တာနဲ့ ရိုက်ကူးရေးအဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေ၊ အဓိက ဇာတ်ဆောင်မင်းသမီး ဒီပီကာ ပါဒူကိုနီကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်မှုတွေကြောင့် ရက်ရွှေ့ခဲ့ရပြီး ဇန်န၀ါရီ ၂၅ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ခဲ့ပါတယ်။

    နိုဝင်ဘာလတုန်းက အာဏာရ BJP ပါတီရဲ့ တာဝန်ရှိသူတစ်ဦးဟာ မင်းသမီးနဲ့ ဒါရိုက်တာတို့ရဲ့ခေါင်းကိုဖြတ်နိုင်ရင် ဆုငွေ ကန်ဒေါ်လာ ၁.၅ သန်းပေးမယ်လို့ ကြေငြာခဲ့ပါတယ်။

    တရားရုံးချုပ်က ပြသခွင့်ပြုခဲ့ပေမယ့် ဆန့်ကျင်သူတွေကတော့ ဒီရုပ်ရှင်ကို ပိတ်ပင်ဖို့ ဗဟိုအစိုးရကို တိုက်တွန်းကာ ဆန္ဒပြမှုတွေ လုပ်သွားမယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • အာတစ်ဖ် ကာရ်နီ (သို့) ဗာဂျီးနီးယားမှာ ပညာရေးဝန်ကြီးဖြစ်လာတဲ့ မွတ်စလင်ကျောင်းဆရာ

    အာတစ်ဖ် ကာရ်နီ (သို့) ဗာဂျီးနီးယားမှာ ပညာရေးဝန်ကြီးဖြစ်လာတဲ့ မွတ်စလင်ကျောင်းဆရာ

    ဇန်န၀ါရီ ၁၈၊ ၂၀၁၈
    M-Media

    ပါကစ္စတန်-အမေရိကန်တစ်ယောက်ဖြစ်ပြီး စစ်မှူထမ်းဟောင်းတစ်ယောက်လည်းဖြစ်တဲ့ အာတစ်ဖ် ကာရ်နီဟာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရဲ့ ပညာရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

    – ပါကစ္စတန်-အမေရိကန်တစ်ယောက်ဖြစ်ပြီး စစ်မှူထမ်းဟောင်းတစ်ယောက်လည်းဖြစ်တဲ့ အာတစ်ဖ် ကာရ်နီဟာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရဲ့ ပညာရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

    ပြည်နယ်အုပ်ချုပ်ရေးမှူးသစ်အဖြစ် ခန့်အပ်ခံထားရတဲ့ ရာလ်ဖ် နော်သမ်ရဲ့အမိန့်နဲ့ ၀န်ကြီးဖြစ်လာတဲ့ အာတစ်ဖ်ဟာ အမေရိကန် မရိန်းတပ်ဖွဲ့မှာ တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အလယ်တန်းပြဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဂျော့ဂ်ျဝါရှင်တန်တက္ကသိုလ်နဲ့ ဂျော့ဂ်ျမန်ဆန် တက္ကသိုလ်တို့ကနေ ဘွဲ့ရထားသူပါ။

    “စာသင်ခန်းအကြောင်းကို နားလည်တဲ့သူတစ်ယောက် ဗာဂျီးနီးယားရဲ့ ပညာရေးဝန်ကြီးဖြစ်လာတာဟာ ကျွန်တော့်အတွက်တော့ အရမ်းအရေးပါပါတယ်။ သူဟာ K-12 ပညာရေးစနစ်ကို သိရှိကာ၊ လာမယ့်နှစ်တွေအတွင်း ဒီပညာရေးကို ဘယ်အထိ ဆွဲတင်ရမလဲဆိုတဲ့ ရည်မှန်းချက် ရှိသူပါ” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အာတစ်ဖ်ဟာ ပြည်နယ်တွင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တော်တော်ကြာကြာကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွမှာ အမတ်အဖြစ် ၀င်ရောက်အရွေးခံခဲ့ဖူးပါတယ်။

    “ကျောင်းဆရာတစ်ယောက်အဖြစ် ကျင်လည်ခဲ့တဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ရရှိခဲ့သမျှ အတွေ့အကြုံတွေကို အသုံးပြုသွားဖို့ စိတ်အားထက်သန်နေပါတယ်” လို့ အာတစ်ဖ်က ၀န်ကြီးအဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်မှာ မြင့်တက်လာတဲ့ အစ္စလာမ်ကြောက်ရောဂါနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ်မှာ သူဟာ Washington Post မှာ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး မွတ်စလင်အမေရိကန်တွေ – အထူးသဖြင့် စစ်ပြန်တွေ – ကို အကြမ်းဖက်အဖြစ် တံဆိပ်ကပ်တာလောက် စိတ်ပျက်စရာကောင်းတာ မရှိဘူးလို့ ရေးသားခဲ့ပါတယ်။

    မွတ်စလင်အမေရိကန်တွေဟာ တိုင်းပြည်ကို ချစ်တာကြောင့် စစ်သား၊ ပြည်သူ့ဝန်ထမ်း၊ ကျောင်းဆရာ၊ အစိုးရ၀န်ထမ်း၊ ဆရာဝန်၊ ရှေ့နေ စသဖြင့် လူ့အဖွဲ့အစည်းအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပေးဆပ်ရတာကို ဂုဏ်ယူကြောင်းလည်း သူက ဆောင်းပါးမှာ ထောက်ပြခဲ့ပါတယ်။

    Ref: Alarabiya

  • ပါလက်စတိုင်းများကို ဆက်လက်ကူညီထောက်ပံ့မည်ဟု ဥရောပသမဂ္ဂပြော

    ပါလက်စတိုင်းများကို ဆက်လက်ကူညီထောက်ပံ့မည်ဟု ဥရောပသမဂ္ဂပြော

    ဇန်န၀ါရီ ၁၈၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်းသမ္မတနှင့် အီးယူ နိုင်ငံခြားရေးအကြီးအကဲတို့ ၂၀၁၆ ခုနှစ်တွင် တွေ့ဆုံခဲ့စဉ်က

    – အစ္စရေးနှင့် အမေရိကန်တို့က ဝေဖန်မှုများရှိနေသော်လည်း ကုလ၏ ပါလက်စတိုင်းအကူအညီပေးရေးအဖွဲ့ UNRWA ကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပြီး၊ နှစ်နိုင်တည်ရှိရေးအဖြေကိုပင် အပြည့်အ၀ ရပ်တည်သွားမည်ဟု ဥရောပသမဂ္ဂက ပြောကြားလိုက်သည်။

    “၁၉၇၁ ခုနှစ်ကတည်း ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်တွေဟာ UNRWA ကို ခိုင်မာပြီး၊ လုပ်နိုင်ကိုင်နိုင်တဲ့ပံ့ပိုးမှုတွေ လုပ်လာတာ ဆယ်စုနှစ်နဲ့ချီ ရှိနေပါပြီ” ဟု ဥရောပ သမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ မာဂျာ ကိုစီဂျန်စစ်က အင်္ဂါနေ့တွင်ပြုလုပ်သည့် ဥရောပကော်မရှင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရက ပါလက်စတိုင်းအား ကူညီထောက်ပံ့ငွေ ကန်ဒေါ်လာ သန်း ၆၀ သာပေးအပ်ပြီး ၆၅ သန်း လျှော့ချမည်ဟု ပြောကြားပြီးနောက်ပိုင်း ဥရောပသမဂ္ဂက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။ အစ္စရေးကလည်း UNRWA ကို ဖျက်သိမ်းရန် ဆော်သြထားသည်။

    UNRWA ၏ ကော်မရှင်နာမင်းကြီး ပီယာရီ ကရာဟန်ဘူလ်က အမေရိကန်၏ ယခုကဲ့သို့ ဖြတ်တောက်မှုမှာ အရှေ့အလယ်ပိုင်းတွင် အအောင်မြင်ဆုံးနှင့် အဆန်းသစ်ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေမည်ဟု ပြောကြားခဲ့သည်။

    ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများမှာ UNRWA ၏ လုပ်ငန်းများအတွက် အဓိက ကူညီပံ့ပိုးပေးသည့် နိုင်ငံများထဲတွင် ပါဝင်သည်။ ၂၀၁၇-၂၀၂၀ ကာလအတွက် EU-UNRWA ၏ ပူးတွဲသဘောတူညီချက်ကို ပြီးခဲ့သည့်နှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည်။

    မာဂျာ ကိုစီဂျန်စစ်က ဥရောပသမဂ္ဂအနေဖြင့် နှစ်နိုင်ငံအဖြေကိုသာ ထောက်ခံသွားမည်ဟု ပြောဆိုခဲ့သည်။

    “အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခအတွက် လက်တွေ့ကျတဲ့ တစ်ခုတည်းသောအဖြဟာ ဂျေရုစလင်ကို နှစ်နိုင်ငံစလုံးရဲ့ မြို့တော်အဖြစ်ထားတဲ့ နှစ်နိုင်တည်ရှိရေးကို အခြေခံတယ်ဆိုတာ အီးယူက ယုံကြည်ပါတယ်”

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ လာမည့် တနင်္လာနေ့တွင် ဘရပ်ဆဲလ်သို့ သွားရောက်ကာ ဥရောပနိုင်ငံခြားရေးဝန်ကြီးများနှင့် အရှေ့အလယ်ပိုင်းကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။

    Ref: Alarabiya