News @ M-Media

Author: Ko Lay

  • တရုတ်-မြန်မာ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် တရုတ်က အဆင်သင့်ရှိနေ

    တရုတ်-မြန်မာ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် တရုတ်က အဆင်သင့်ရှိနေ

    မေ ၃၊ ၂၀၂၃

    M-Media 


    -မြန်မာစစ်ကောင်စီနဲ့ ပြည့်၀တဲ့ မဟာဗျူဟာဆက်ဆံရေး တိုးမြှင့်သွားဖို့ သဘောတူညီမှု ရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ကျင်ဂန်းက ပြောပါတယ်။ 

    ကျင်ဂန်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ 

    တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အလေးထားပြီး တရုတ်-မြန်မာ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ကျင်ဂန်းက ဆိုပါတယ်။ 

    မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ တရုတ်က စိတ်ရင်းမှန်နဲ့ မျှော်လင့်ပြီး၊ မြန်မာ့အမျိုးသားရေးလက္ခဏာနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းတစ်ခု ရှာဖွေဖို့ ထောက်ခံအားပေးတယ်လို့လည်း တရုတ်နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။ 

    စစ်ကောင်စီရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုလုပ်ငန်း၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေကို တရုတ်က ထောက်ခံကြောင်း ကျင်ဂန်းက ထည့်သွင်းပြောကြားခဲ့ပါတဘ်။ 

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အလေးထားဖို့၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမျိုးကနေ ပါ၀င်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို သူက တိုက်တွန်းခဲ့ပါတယ်။ 

    စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးတိုးတက်လာကာ ဆက်စပ်ကိစ္စတွေကို ညှိနှိုင်းမှုကနေတစ်ဆင့် ဖြေရှင်းတာကို တရုတ်က ထောက်ခံပြီး၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တည်လာရေးအတွက် တိုးချဲ့ဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း ကျင်ဂန်းက မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြောကြားခဲ့ပါတယ်။ 

    Ref: CGTN

  • ဆော်ဒီခရီးကြောင့် ပြဿနာတက်နေတဲ့ မက်ဆီ

    ဆော်ဒီခရီးကြောင့် ပြဿနာတက်နေတဲ့ မက်ဆီ

    မေ ၃၊ ၂၀၂၃

    M-Media


    -အသင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဆော်ဒီကို သွားရောက်ခဲ့တဲ့ မက်ဆီကို ပီအက်စ်ဂျီအသင်းက ၂ ပတ် ကစားခွင့် ပိတ်ပင်လိုက်ပါတယ်။ 

    တနင်္ဂနွေနေ့က အိမ်ကွင်းရှုံးပွဲအပြီးမှာ မက်ဆီက ဆော်ဒီသွားခဲ့တာပါ။ ဒီခရီးစဥ်ကို ပီအက်စ်ဂျီက ခွင့်မပြုခဲ့ပါဘူး။ ကစားခွင့်ပိတ်တဲ့အပြင် ဒဏ်ငွေပါဆောင်ရမှာ ဖြစ်ပါတယ်။ 

    မက်ဆီရဲ့ ပီအက်စ်ဂျီနဲ့ ၂ နှစ်စာချုပ်ဟာ အခုနှစ်နွေရာသီမှာ ကုန်မှာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ 

    မက်ဆီဟာ ဆော်ဒီမှာ သွားကစားမယ်လို့ သတင်းထွက်နေသလို၊ ဘာစီလိုနာကို ပြန်မယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ဘာစီလိုနာအသင်း ဒုတိယ ဥက္ကဌက မက်ဆီကိုပြန်ခေါ်ဖို့ ဆက်သွယ်နေကြောင်း ပြီးခဲ့တဲ့လအတွင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

    မက်ဆီဟာ ဆော်ဒီအာရေဗျ ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး အခုခရီးစဥ်ဟာ ဒီတာ၀န်နဲ့ သက်ဆိုင်လားဆိုတာ တိတိကျကျ မသိရပါဘူး။ 

    Ref: BBC

  • ဉာဏ်ရည်တုနည်းပညာ (AI) ကို ဖန်တီးမှုအတွက် နောင်တရနေတဲ့ ဟင်တန်

    ဉာဏ်ရည်တုနည်းပညာ (AI) ကို ဖန်တီးမှုအတွက် နောင်တရနေတဲ့ ဟင်တန်

    မေ ၃၊ ၂၀၂၃

    M-Media


    -AI ရဲ့ ခေါင်းကိုင်ဖခင်လို့ သတ်မှတ်ခံထားရတဲ့ ဂျီယိုဖရေး ဟင်တန်က သူတီထွင်ခဲ့တဲ့ နည်းပညာဟာ လူသားတွေအတွက် အလွန်အန္တရာယ်ရှိနေပြီလို့ ပြောကြားလိုက်ပါတယ်။ 

    ဟင်တန်ဟာ အသက် ၇၅ နှစ်အရွယ်ရှိပြီး မနေ့က Google က နေနှုတ်ထွက်ခဲ့ပါတယ်။ AI ကို ဖန်တီးပေးခဲ့မှုအတွက် နောက်တရနေတယ်လို့လည်း သူက ဆိုပါတယ်။ 

    “အခုအချိန်မှာ AI ဟာ လူသားတွေလောက် အသိဉာဏ် မရှိသေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင်မှာ လူသားအသိဉာဏ်ကို ကျော်ဖြတ်သွားမယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်” 

    လူသားဦးနှောက်လို အလုပ်လုပ်တဲ့ Neural Networks နည်းပညာ၊ အလိုအလျောက် သင်ယူလေ့လာတဲ့ Deep Learning နည်းပညာတို့ကို ဟင်တန်က စတင် လေ့လာဖော်ထုတ်ခဲ့ပြီး အဲဒီကနေတစ်ဆင့် AI နည်းပညာ ထွန်းကားလာတာပါ။ 

    လက်ရှိ AI လောကမှာ နာမည်အကြီးဆုံးက Chat GPT ဖြစ်ပါတယ်။ ဒီလို ဆော့ဖ်၀ဲတွေဟာ လူသားဦးနှောက်က သိုမှီးတဲ့ အသိပညာတွေထက်ကို နောက်ပိုင်းမှာ ကျော်လွန်သိုမှီးလာနိုင်မယ်လို့ ဟင်တန်က ပြောပါတယ်။ 

    လူသားတစ်ယောက် သိရှိထားတဲ့ အသိပညာဟာ နောက်တစ်ယောက်ကို လက်ဆင့်ကမ်းဖို့ မလွယ်ပေမယ့် AI နည်းပညာတစ်ခုက ရရှိထားတဲ့ အချက်အလက်ဟာ နောက်ထပ် AI စနစ် ၁၀၀၀၀ လောက်ကို မဆိုင်းမတွ ကော်ပီလုပ်နိုင်ပါတယ်။ 

    ရုရှားသမ္မတ ပူတင်လို လူဆိုးတွေက AI နည်းပညာကို အဖျက်ဖက်မှာ သုံးစွဲလာမှာကို စိုးရိမ်တယ်လို့လည်း ဟင်တန်က ဆိုပါတယ်။ 

    AI ဖန်တီးမှုကို လက်ရှိအဆင့်မှာတင် ရပ်တန်ဖို့အတွက် ကမ္ဘာထိပ်တန်း ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက မတ်လမှာ စုပေါင်းလက်မှတ်ရေးထိုးပြီး အစိုးရတွေကို တောင်းဆိုခဲ့ပါတယ်။ 

    ဟင်တန်က AI ရဲ့ ကောင်းကျိုးဟာ အန္တရာယ်ထက် ပိုများတဲ့အတွက် ဖန်တီးမှုကို မရပ်တန့်သင့်ဘူးလို့ သုံးသပ်ပါတယ်။ 

    အမေရိကန်က AI ဖန်တီးမှုကို ရပ်တန့်ရင်တောင် တရုတ်လိုနိုင်ငံမျိုးက ဆက်လက်လုပ်ဆောင်နေမှာဖြစ်တဲ့အတွက် AI လုံး၀ရပ်တန့်ရေး မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။ 

    ဒီလိုဖန်တီးရာမှာ တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိဖို့ ကမ္ဘာတစ်၀ှမ်းက အာဏာပိုင်တွေကို ဟင်တန်က တိုက်တွန်းခဲ့ပါတယ်။

    Ref: BBC

  • ပရီးမီးယားလိဂ်မှာ တားဆီးလို့မရတော့တဲ့ ဟာလန်း

    ပရီးမီးယားလိဂ်မှာ တားဆီးလို့မရတော့တဲ့ ဟာလန်း

    မေ ၁၊ ၂၀၂၃

    M-Media 


    -မနေ့ညက ဖူလ်ဟမ်နဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အာလင် ဟာလန်းဟာ ၁၉၃၁ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲပေါင်းစုံမှာ ဂိုးပေါင်း ၅၀ သွင်းယူနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကစားသမား ဖြစ်လာပါတယ်။ 

    ပရီးမီးယားလိဂ်သွင်းဂိုးကလည်း ၃၄ ဂိုး ရှိလာပြီး ၁၉၉၄ ခုနှစ်က အန်ဒီကိုးလ်၊ ၁၉၉၅ ခုနှစ်က အလန်ရှီးယားရားတို့ တင်ထားတဲ့ တစ်ရာသီး ဂိုးသွင်းအများဆုံး စံချိန်ကို လိုက်မှီသွားပါပြီ။ 

    ရှီးယားရာနဲ့ အန်ဒီကိုးလ်တို့ဟာ ၄၂ ပွဲကစားရတဲ့ အချိန်ကရထားတဲ့ စံချိန်ဖြစ်ပြီး ဟာလန်းကတော့ ပွဲ ၃၀ နဲ့ လိုက်မီခဲ့တာ ဖြစ်ပါတယ်။

    ပရီးမီးယားလိဂ် ၃၈ ပွဲ ကစားရတဲ့စနစ် ပြောင်းလဲပြီးနောက်ပိုင်း တစ်ရာသီသွင်းဂိုးအများဆုံး သွင်းထားတဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ရဲ့ စံချိန်(ဂိုး ၃၀)ကိုလည်း ဟာလန်းက ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

    Ref: BBC 

  • နှစ် ၂၀ ကြာမှ အိမ်ပြန်ရောက်လာသည့် ၀က်၀ံလေးကို တရုတ်ပြည်သူများ ကြိုဆို

    နှစ် ၂၀ ကြာမှ အိမ်ပြန်ရောက်လာသည့် ၀က်၀ံလေးကို တရုတ်ပြည်သူများ ကြိုဆို

    ဧပြီ ၂၉၊ ၂၀၂၃

    M-Media 


    -ဆယ်စုနှစ် ၂ ခုကြာ အမေရိကန်မှာ နေထိုင်ခဲ့ရပြီးနောက် အိမ်ပြန်ရောက်လာတဲ့ ၀က်၀ံလေးကို တရုတ်ပြည်သူတွေက ဆိုရှယ်မီဒီယာမှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပါတယ်။ 

    ‘ယာယာ’ လို့ အမည်ပေးထားတဲ့ အဲဒီ၀က်၀ံဟာ ကြာသာပတေးနေ့က ရှန်ဟိုင်းမြို့ကို လေယာဥ်နဲ့ ရောက်လာတာပါ။ 

    တရုတ်ဟာ ကမ္ဘာ့နိုင်ငံတွေအကြား သံတမန်ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့အတွက် ရှားပါးတိရစ္ဆာန်တွေ အခြားတိုင်းပြည်ကို ငှားရမ်းတဲ့ မူ၀ါဒတစ်ခု ချမှတ်ထားပါတယ်။ ဒီမူ၀ါဒကို ‘၀က်၀ံ သံခင်းတမံခင်း’ လို့ အမည်ပေးထားပါတယ်။ 

    ဒီမူ၀ါဒအရ အမေရိကန်ပြည်ထောင်စု မန်ဖစ် တိရစ္ဆာန်ရုံကို ၂၀၀၃ ခုနှစ်မှာ လီလီနဲ့ ယာယာလို့ခေါ်တဲ့ ၀က်၀ံနှစ်ကောင် ပေးပို့ခဲ့ပါတယ်။ ၀က်၀ံတွေထားဖို့ နေရာကို မန်ဖစ်တိရိစ္ဆာန်ရုံက ကန်ဒေါ်လာ ၁၆ သန်း အကုန်အကျခံ ဆောက်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

    တိရိစ္ဆာန်ရုံရဲ့စောင့်ရှောက်မှု အားနည်းတာကြောင့် လီလီဟာ အခုနှစ် ဖေဖော်၀ါရီလမှာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီး၊ ကျန်းမာရေးမကောင်းတဲ့ ယာယာရဲ့ ဓာတ်ပုံလည်း ပေါ်ထွက်လာပါတယ်။ 

    အဲဒီနောက်ပိုင်း ယာယာကို ပြန်ခေါ်ဖို့ တရုတ်အစိုးရက စီစဥ်ခဲ့တာပါ။ ယာယာနဲ့အတူ လီလီရဲ့ရုပ်အလောင်းလည်း အမေရိကန်အစိုးရက ပြန်ပို့ပေးခဲ့ပါတယ်။ 

    ယာယာကို ရက်ပေါင်း ၃၀ ကွာရန်တင်း ထားရှိမှာဖြစ်ပြီး အဲဒီနောက်ပိုင်း ဘေဂျင်း တိရစ္ဆာန်ရုံကို ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။ 

    တရုတ်အစိုးရဟာ ကမ္ဘာတစ်၀ှမ်း ပန်ဒါ၀က်၀ံ အကောင် ၆၀ လောက် ငှားရမ်းထားပါတယ်။ 

    Ref: Reuters