News @ M-Media

Author: Ko Lay

  • မက်ဆီ ဆော်ဒီသွားကစားတော့မည်

    မက်ဆီ ဆော်ဒီသွားကစားတော့မည်

    မေ ၉၊ ၂၀၂၃

    M-Media 


    -ဆော်ဒီကလပ် အလ် ဟီလာလ်အသင်းနဲ့ မက်ဆီတို့အကြား အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရသွားပြီလို့ ပြင်သစ်နဲ့ ဆော်ဒီမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။ 

    အလ်ဟီလာလ်အသင်းဟာ ဆော်ဒီလိဂ်မှာ ရော်နယ်ဒိုကစားနေတဲ့ အလ်နဆာရ်အသင်းနဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ 

    မက်ဆီလက်မှတ်ထိုးမယ့် လုပ်ခလစာတန်ဖိုးဟာ ပေါင် ၅၂၂ သန်း ရှိမယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။ AFP သတင်းဌာနကလည်း အပြောင်းအရွှေ့အတွက် သဘောတူညီချက် ရရှိသွားပြီလို့ ဖော်ပြပါတယ်။ 

    ပီအက်စ်ဂျီအသင်းကတော့ AFP ရဲ့ မေးမြန်းမှုမှာ ဒီကိစ္စအတွက် မှတ်ချက်မပေးခဲ့ဘဲ မက်ဆီရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းရှိတယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    မက်ဆီရဲ့ ဇနီး အန်တိုနီလာက ဆော်ဒီကို မလိုက်ချင်ဘဲ ကလေး ၃ ယောက်နဲ့အတူ ဥရောပမှာပဲ နေချင်တယ်လို့ ဆိုပါတယ်။

    Ref : Daily Mail 

  • နေပယ်သားတို့၏ နှစ် ၃၀ ကြာအိပ်မက် အမှန်တကယ်ဖြစ်လာခဲ့ပြီ

    နေပယ်သားတို့၏ နှစ် ၃၀ ကြာအိပ်မက် အမှန်တကယ်ဖြစ်လာခဲ့ပြီ

    မေ ၅၊ ၂၀၂၃

    M-Media 


    -မနေ့က အူဒီးနီးစ်အသင်းနဲ့ တစ်ဂိုးစီ သရေကျသွားတဲ့ နာပိုလီအသင်းဟာ စောစောစီးစီးပဲ စီးရီးအေချန်ပီယံ ဖြစ်လာပါတယ်။ 

    ၅ ပွဲကစားဖို့ ကျန်နေသေးပေမယ့် ဒုတိယနေရာက လာဇီယိုအသင်းကို နာပိုလီက ၁၆ မှတ်အထိဖြတ်ကာ ဗိုလ်စွဲခဲ့တာပါ။

    အသင်းသမိုင်းတစ်လျှောက် စီးရီးအေမှာ တတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ် စကူဒက်တိုဖလားရဖို့ နာပိုလီအသင်းဟာ ၃၃ နှစ်လောက် စောင့်လိုက်ရပါတယ်။ 

    တကယ်တော့ နာပိုလီပရိတ်သတ်တွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက အောင်ပွဲခံဖို့ ပြင်ဆင်ခဲ့ကြတာပါ။ အနိုင်ရရင် ဖလားရမှာဖြစ်ပေမယ့် သရေကျခဲ့တာကြောင့် အူဒီးနီးစ်နဲ့ အ၀ေးကွင်းပွဲအထိ စောင့်ခဲ့ရပါတယ်။ 

    ပွဲအပြီးမှာတော့ ပရိတ်သတ်တွေဟာ အူဒီးနီးစ်ကွင်းထဲအထိ ၀င်ရောက်အောင်ပွဲခံခဲ့ကြပါတယ်။ 

    အသင်းအခြေစိုက်ရာ နေပယ်မြို့မှာလည်း ပရိတ်သတ်တွေဟာ ပုံစံမျိုးစုံနဲ့ တစ်ညလုံး အောင်ပွဲခံခဲ့ကြပါတယ်။

    အနိမ့်အမြင့် အတက်အကျ

    အီတလီဘောလုံးလောကမှာ နာပိုလီအသင်းရဲ့ ရွှေရောင်နေ့ရက်တွေဟာ အာဂျင်တီးနားဂန္တ၀င် မာရာဒိုနာရောက်လာတဲ့ ၁၉၈၄ ခုနှစ် ဇူလိုင်လမှာ စတင်ပါတယ်။ 

    မာရာဒိုနာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်တဲ့ နာပိုလီအသင်းဟာ ၁၉၈၇ ဘောလုံးရာသီမှာ စီးရီးအေဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ အီတလီတောင်ပိုင်းအခြေစိုက် အသင်းတွေထဲမှာ ပထမဆုံး စီးရီးအေချန်ပီယံဘွဲ့ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    နောက်ထပ် ၃ နှစ်အကြာ ၁၉၉၀ မှာ နာပိုလီအသင်း ဒုတိယအကြိမ် စကူဒက်တိုဖလားကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုကို ရေရှည်ထိန်းမထားနိုင်ပါဘူး။ 

    ဘဏ္ဍာရေးအခက်အခဲတွေနဲ့ နောက်ပိုင်းမှာ ရင်ဆိုင်ခဲ့ရပြီး ဒေ၀ါလီခံခဲ့ရကာ အီတလီ ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ စီးရီးစီအထိ ရောက်ရှိသွားပါတယ်။ 

    တစ်ကျော့ပြန်အောင်မြင်မှုအတွက် အလှည့်အပြောင်းဟာ ရုပ်ရှင်ထုတ်လုပ်သူ Aurelio de Laurentiis အသင်းကို ၀ယ်ယူလိုက်တဲ့ ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ 

    အသင်းဟာ တစ်ဖြည်းဖြည်း အခြေအနေ ပြန်ကောင်းလာပေမယ့် ၁၉၉၀ ပြည့်နှစ်တွေက အောင်မြင်မှုမျိုးကတော့ ၀ေးကွာနေဆဲပါ။ ၂၀၀၇ ခုနှစ်မှာ စီးရီးအေကို ပြန်ရောက်လာခဲ့ပြီးတဲ့နောက် ရေရှည်မှာ အောင်မြင်မှုရဖို့အတွက် အသေအချာ ပြင်ဆင်လာခဲ့ပါတယ်။ 

    စီးရီးအေ အလယ်အလတ်အသင်း ဘ၀ကနေ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ဒုတိယချိတ်ကာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် သတ်မှတ်ခြင်း ခံလာရပါတယ်။ 

    အီတလီမှာ စီးပွားရေးအရ မြောက်ပိုင်းဒေသတွေက ချမ်းသာပြီး၊ တောင်ပိုင်းဒေသတွေက ဆင်းရဲပါတယ်။ ဘောလုံးလောကမှာလည်း စီးရီးအေကို ဂျူဗင်တပ်နဲ့ အေစီ၊ အင်တာတို့လို ဘဏ္ဍာရေးအင်အားတောင့်တဲ့ မြောက်ပိုင်းအသင်းတွေကသာ စိုးမိုးထားပါတယ်။ 

    နာပိုလီအခြေစိုက်ရာ နေပယ်မြို့ဟာ အီတလီတောင်ပိုင်းကဖြစ်ပြီး နာပိုလီပရိတ်သတ် တော်တော်များများတောင် မွေးရပ်ကိုစွန့်ခွာပြီး မြောက်ပိုင်းဒေသတွေမှာ အလုပ်သွားလုပ်ရတာဖြစ်ပါတယ်။ 

    နာပိုလီရဲ့ အခုအောင်မြင်မှုဟာ ဘောလုံးလောကမှာသာမကဘဲ၊ လူမှုဘ၀မှာပါ မြောက်ပိုင်းသားတွေကို လက်စားချေလိုက်တာ ဖြစ်ပါတော့တယ်။ 

    Ref: BBC

  • ဂုဏ်ပြုပြီးတော့ ကျွန်တော့်ကို ၀ိုင်းသမလိုက်ကြတာဗျာ

    ဂုဏ်ပြုပြီးတော့ ကျွန်တော့်ကို ၀ိုင်းသမလိုက်ကြတာဗျာ

    မေ ၄၊ ၂၀၂၃

    M-Media

    ထူးခြားတဲ့ည၊ ထူးခြားတဲ့ အခိုက်အတန့်ပါ။ တော်တော်ပျော်သလို၊ ဂုဏ်လည်း ယူပါတယ်။ အသင်းက ၃ မှတ်ရတဲ့အတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ 

    ဒီလို(အသင်းကဂုဏ်ပြုတပ်ဖွဲ့) လုပ်တာမျိုး အရင်က မမြင်ဖူးဘူးဗျ။ စံချိန်ချိုးဂိုး သွင်းနိုင်တဲ့ ခံစားချက်က ပြောမပြတတ်အောင်ပါပဲ။ ဂုဏ်ပြုတပ်ဖွဲ့လုပ်ပြီးတော့ အားလုံး ကျွန်တော့်ကို ၀ိုင်းရိုက်ကြတာ၊ နာလိုက်တာ ပြောမနေနဲ့တော့။ 

    -အာလင် ဟာလန်း (မန်စီးတီးတိုက်စစ်မှူး) 

    ဟာလန်းဟာ မနေ့က ၀က်စ်ဟမ်းနဲ့ပွဲမှာ ၁ ဂိုး သွင်းယူပြီး စုစုပေါင်း ၃၅ ဂိုးနဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ပွဲအပြီးမှာ နည်းပြနဲ့ အသင်းဖော်တွေက ဂုဏ်ပြုတပ်ဖွဲ့ပုံစံလုပ်ကာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ပါတယ်။ 

    Ref: BBC

  • ခိုးရိုက်၊ ချောင်းရိုက်တွေကို ထောင်ချတော့မယ့် ဂျပန်

    ခိုးရိုက်၊ ချောင်းရိုက်တွေကို ထောင်ချတော့မယ့် ဂျပန်

    မေ ၄၊ ၂၀၂၃

    M-Media


    -လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ချောင်းရိုက်၊ ခိုးရိုက်မှုကို ပြင်းပြင်းထန်ထန် အရေးယူမယ့် ပထမဆုံး ဥပဒေသစ်တစ်ရပ်ကို ဂျပန်လွှတ်တော်မှာ အခုတစ်ပတ်အတွင်း ဆွေးနွေးခဲ့ပါတယ်။ 

    ဒီဥပဒေဟာ နိုင်ငံတစ်၀ှမ်း ပိုပိုဆိုးလာနေတဲ့ လိင်အမြတ်ထုတ်မှုပြဿနာကို တိတိကျကျ ကိုင်တွယ်မယ့် ပထမဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။ 

    လက်ရှိမှာ ချောင်းရိုက်၊ ခိုးရိုက်ကိစ္စတွေကို ပြည်နယ်တွေရဲ့ ဒေသဆိုင်ရာဥပဒေတွေနဲ့သာ လျော့တိလျော့ရဲ အရေးယူနေတာ ဖြစ်ပါတယ်။ 

    ဥပဒေသစ်အရ တစ်ပါးသူရဲ့ လိင်အင်္ဂါ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ကာယကံရှင် မသိရှိဘဲ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူတာ၊ ဒီပုံတွေကို သိမ်းဆည်းထားတာ၊ ပြန်လည်ဖြန့်ဖြူးတာတွေဟာ ရာဇ၀တ်မှု မြောက်မှာဖြစ်ပါတယ်။ 

    ကာယကံရှင်မသိဘဲ လိင်မှု ကိုယ်နေဟန်ထားဖြစ်အောင် ဖန်တီးပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူတာ၊ အရွယ်မရောက်သေးသူတွေကို လိင်အသားပေး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာတွေကိုလည်း ဥပဒေသစ်မှာ တားမြစ်ထားပါတယ်။ 

    ဂျပန်မှာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးမော်ဒယ်တွေကို လိင်အသားပေး ရိုက်ကူးမှု အလွန်များပြားပြီး အခုဥပဒေကြောင့် ဒီလုပ်ရပ်တွေ ပပျောက်မယ်လို့ လွှတ်တော်အမတ်တွေက မျှော်လင့်နေပါတယ်။ 

    ဥပဒေချိုးဖောက်သူဟာ ထောင်ဒဏ် အမြင့်ဆုံး ၃ နှစ်၊ ငွေဒဏ် ယန်း ၃ သန်းအထိ ချမှတ်အရေးယူခံရမှာဖြစ်ပါတယ်။ ဥပဒေကို လာမယ့် ဇွန်လမှာ စတင်ကျင့်သုံးနိုင်မှာပါ။

    ဂျပန်မှာ ချောင်းရိုက်၊ ခိုးရိုက်ကိစ္စတွေ အလွန်များပြားပြီး ဒါကို တားဆီးဖို့အတွက် ပြည်တွင်းသုံး ဖုန်းတွေမှာ ကင်မရာအသံကို ပိတ်လို့မရအောင် ဖုန်းကုမ္ပဏီတွေက ဖန်တီးပေးထားရပါတယ်။ 

    Ref: BBC

  • ဆော်ဒီနဲ့ အမေရိကန် မက်ဆီဘယ်ကိုသွားမလဲ

    ဆော်ဒီနဲ့ အမေရိကန် မက်ဆီဘယ်ကိုသွားမလဲ

    မေ ၄၊ ၂၀၂၃

    M-Media 


    ဆော်ဒီရောက်မက်ဆီ

    -အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အခုနှစ် ဘောလုံးရာသီအပြီးမှာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ 

    ဘဏ္ဏာရေးညီမျှမှု စည်းမျဥ်းတွေအရ လစာမြင့်ကစားမသားတစ်ချို့ကို ပီအက်စ်ဂျီက လျှော့ချဖို့ ရှိနေချိန် မက်ဆီရဲ့ ပီအက်စ်ဂျီအနာဂတ်ကလည်း မရေမရာ ဖြစ်နေတာပါ။ 

    ဆော်ဒီကို ခွင့်ပြုချက်မရဘဲ သွားရောက်ခဲ့တဲ့အတွက် မက်ဆီကို အသင်းက ၂ ပတ်တာ ဘောလုံးကစားခွင့် ပိတ်ပင်ကာ ဒဏ်ငွေရိုက်လိုက်တဲ့ အခုရက်ပိုင်း အဖြစ်အပျက်နောက်ပိုင်း ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်း ခိုင်ခိုင်လုံလုံ ထွက်လာတာ ဖြစ်ပါတယ်။ 

    လက်ရှိမှာ မက်ဆီကို ဆော်ဒီ၊ အမေရိကန်နဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ချို့က ခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။ 

    ရော်နယ်ဒိုကစားနေတဲ့ အလ် နဆာရ်အသင်းရဲ့ ပြိုင်ဘက် ဆော်ဒီကလပ် အလ် ဟီလာအသင်းဟာ ပေါင် သန်း ၃၂၀ နဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ 

    အင်္ဂလန်ဂန္တ၀င်ကစားသမား ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီကလည်း မက်ဆီကို စိတ်၀င်စားနေပါတယ်။ 

    အစောပိုင်းက မက်ဆီကို ပြန်ခေါ်ဖို့ စဥ်းစားနေတယ်ဆိုတဲ့ အသင်းဟောင်း ဘာစီလိုနာက အပြောင်းအရွှေ့ မဖြစ်ဖို့များတယ်လို့ မနေ့က ထုတ်ပြောထားပါတယ်။ 

    လစာနည်းပါးနိုင်တဲ့ ပရီးမီးယားလိဂ်ကို မက်ဆီက လာဖို့ ဆန္ဒသိပ်မရှိဘဲ ငွေထုတ်ပိုက်ကာ ကစားသမားဘ၀ကို အဆုံးသတ်နိုင်တဲ့အတွက် ဆော်ဒီနဲ့ အမေရိကန် ဘယ်ကိုသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

    Ref: Goal