အောက်တိုဘာ ၃၀၊ ၂၀၁၇
M-Media

– ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဝါဒကို ကူညီမှုနဲ့ အဖမ်းခံထားရတဲ့ ရခိုင်လူမျိုး ဦးဦးချစ်မောင်ကို ရမန် ၃ ရက်ယူပြီးတဲ့နောက် ထောင်ကို ပို့လိုက်ပြီး၊ စစ်ကြောမှုအတွင်းမှာ အရေးပါတဲ့ သတင်းအချက်အလက်တွေ ရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။
တနင်္ဂနွေနေ့မှာ လေဆိပ်ရဲစခန်းက လက်ထောက် စစ်ဆေးရေးမျူး ဖာရ်ဟဂ်ျ ဟိုစိန်က ဦးဦးချစ်မောင်ကို တရားရုံးခေါ်ဆောင်လာခဲ့ပြီး သူဟာ အရေးပါတဲ့ အချက်အလက်တွေကို ရမန်ရက်အတွင်းမှာ ပြောကြားခဲ့ကြောင်း၊ စစ်ကြောရေး သေသေချာချာလုပ်နိုင်ဖို့အတွက် ထောင်ကိုပို့ဖို့ လိုအပ်ကြောင်း လျှေက်ထားခဲ့ပါတယ်။
ဦးဦးချစ်မောင် ဦးဆောင်နေတဲ့ ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (RDF) ဟာ မြန်မာနိုင်ငံ ရခိုင်လူ့အဖွဲ့အစည်းက အစွန်းရောက်တွေကို ကူညီနေတယ်လို့ ရဲတပ်ဖွဲ့ရင်းမြစ်တွေက ဆိုပါတယ်။ သူ့ရဲ့ဇနီး ဒေါ်စောမြရာဇာလင်းဟာ ရခိုင်လွတ်မြောက်ရေးပါတီ ALP မှာ ပါဝင်နေသူဖြစ်ပါတယ်။
ALP ဟာ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြဿနာမှာ ရိုဟင်ဂျာဆန့်ကျင်ရေးသဘောထားရှိတဲ့အဖွဲ့ ဖြစ်ပြီး RDF ဟာ ALP ပါတီကို ရန်ပုံငွေထောက်ပံ့နေတယ်လို့ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရကြောင်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့က Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာနိုင်ငံကိုသွားမယ့် အသက် ၆၇ နှစ်အရွယ် ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ရဲ့ Rapid Action Battalion (RAB) ဌာနက ဖမ်းဆီးခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားပါတယ်။
လေဆိပ်ရဲတပ်ဖွဲ့တာဝန်ခံ နူအက်ဇ်မန်က သံယဖြစ်ဖွယ် ဓာတ်ပုံတွေနဲ့ စာရွက်စာတမ်းတွေကို ဦးဦးချစ်မောင်ရဲ့ လက်ပ်တော့မှာ တွေ့ခဲ့ရပြီးတဲ့နောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီဓာတ်ပုံတွေထဲမှာ ဒေါ်စောမြရာဇာလင်း လက်နက်တွေ ကိုင်ထားတဲ့ပုံလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“ဦးဦးချစ်မောင်နဲ့ ဒေါ်စောမြရာဇာတို့ဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေစုစည်းပြီး အိမ်နီးချင်းနိုင်ငံက သက်ဆိုင်ရာအာဏာပိုင်တွေကို ပို့ဆောင်လေ့ရှိပါတယ်။ သူတို့ဟာ ALP ကိုလည်း ငွေကြေးထောက်ပံ့မှုတွေလုပ်ပါတယ်။ ကျွန်တော်တို့ဟာ သူ့ထံက အရေးပါတဲ့သတင်းအချို့ ရခဲ့ပြီး အဲဒါကို စီစစ်နေပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့အတွက် ဒီသတင်းအချက်အလက်တွေကို ထုတ်ပြန်လို့ မရသေးပါဘူး”
Ref: Dhaka Tribune