News @ M-Media

Author: Ko Lay

  • လာလီဂါတွင် ဆက်နေချင်သည်ဟု ဘာစီလိုနာဥက္ကဌပြော

    လာလီဂါတွင် ဆက်နေချင်သည်ဟု ဘာစီလိုနာဥက္ကဌပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၇
    M-Media

    – ကာတာလိုနီယာဒေသ စပိန်မှ ခွဲထွက်ဖြစ်လျှင်လည်း မိမိတို့အသင်းအနေဖြင့် လာလီဂါတွင် ဆက်နေချင်သည်ဟု ဘာစီလိုနာအသင်း ဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။

    ကာတာလိုနီယာဒေသ ခေါင်းဆောင် Carles Puigdemont က မိမိတို့အနေဖြင့် လွတ်လပ်ရေး တရာဝင်ကြေငြာမည်ဟု ခြိမ်းခြောက်ထားသော စာတစ်စောင်ကို စပိဝန်ကြီးချုပ် မရီယာနို ရာရွိုင်းကို ပေးပို့ခဲ့ပြီးနောက် စပိန်အစိုးရမှာ အထူးအစည်းအဝေးတစ်ခု ကျင်းပရန် ရှိနေသည်။

    ဘာတိုမြူက အသင်းတာဝန်ရှိသူများမှာ အသင်းအနာဂတ်အတွက် ကူညီဆုံးဖြတ်ပေးနိုင်သည်ဟု ယခင်က ပြောကြားထားပြီး ယမန်နေ့က နှစ်ပတ်လည်အစည်းအဝေးတွင် ၎င်း၏ သဘောထားကို ထုတ်ပြောခဲ့သည်။

    “ဘုတ်အဖွဲ့ဟာ အသင်းကို အမြဲတမ်းကာကွယ်သွားမယ်ဆိုတာ မှတ်ထားပါ။ အသင်းကို အတင်း တွန်းမပို့သလို၊ အသင်းပါဝင်နေတဲ့ ဘယ်လိုပြိုင်ပွဲမျိုးကိုမှ အန္တရာဖြစ်အောင် မလုပ်ပါဘူး။ ဒါ့ကြောင့် အားလုံးကို ပြောချင်တာက ကျွန်တော့်အနနဲ့ အသင်းကို လာလီဂါမှာပဲ ဆက်ကစားချင်ပါတယ်။ အခုအချိန်အထိတော့ အသင်းပါဝင်မှုအတွက် အာမခံချက်ရှိပါတယ်။ ဒီလို ဆက်လက်ကစားနေတာဟာ လာလီဂါအတွက်ရော အသင်းအတွက်ပါ အကျိုးရှိပါတယ်” ဟု ဘာတိုမြူက ပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့က အိုလံပီယာကော့စ်အား အနိုင်ရရှိခဲ့သည့်ပွဲတွင် ဘာစီလိုနာအသင်းမှာ ‘ညှိနှိုင်း၊ လေးစား၊ အားကစား’ ဆိုသည့် ခေါင်းစီးတစ်ခုဖြင့် ကာတာလိုနီယာဒေသ လွတ်လပ်ရေးအတွက် အသင်း၏ သဘောထားကို ဖော်ပြခဲ့ပြီး ဘာတိုမြူကလည်း ထိုစကားကိုပင် ယမန်နေ့က ထပ်လောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ကာတာလိုနီယာလွတ်လပ်ရေးအတွက် ကြိုးပမ်းနေသည့် ခေါင်းဆောင် ၂ ဦးအား စပိန်အစိုးရက ဖမ်းဆီးထားမှုကိုလည်း ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

    Ref: CNA

  • မလေးရှားဆောက်လုပ်ရေးတစ်ခုတွင် မြေပြိုပြီး နိုင်ငံခြားအလုပ်သမား ၃ ဦး သေဆုံး

    မလေးရှားဆောက်လုပ်ရေးတစ်ခုတွင် မြေပြိုပြီး နိုင်ငံခြားအလုပ်သမား ၃ ဦး သေဆုံး

    အောက်တိုဘာ ၂၁၊ ၂၀၁၇
    M-Media

    – မလေးရှားနိုင်ငံ ပီနန်ပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မြေပြိုမှုကြောင့် မြန်မာတစ်ဦးအပါအ၀င် နိုင်ငံခြားအလုပ်သမား ၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    မြို့တော် ဂျော့ဂ်ျတောင်းက ၄၉ ထပ် ကွန်ဒို ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဒီနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေကြီးထဲမြုပ်နေသူ ၁၅ ဦးကနေ ၂၀ လောက်အထိ ရှိပါတယ်။

    ပီနန်မီးသတ်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြိုကျတဲ့မြေရဲ့ လျှောစောက်ဟာ ၁၀ မီတာလောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    ဒီနေ့မနက် ဒေသစံတော်ချိန် ၁၁ နာရီအထိ အသက်ရှင်သူ ၂ ဦးသာ ရှိသေးပြီး ပီနန်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံသား ၂ ဦးနဲ့ မြန်မာ ၁ ဦးတို့ရဲ့ အလောင်းတွေကို ရရှိထားပြီး မြေကြီးအောက် နစ်မြုပ်နေသူ အများစုဟာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ရိုဟင်ဂျာတွေလို့ ယုံကြည်ရပြီး မလေးလူမျိုး အလုပ်သမားခေါင်းတစ်ယောက်လည်း ပါဝင်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

    ပြိုကျတဲ့မြေထုဟာ တော်တော်ကြီးတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ခက်ခဲနေပြီး ပျောက်ဆုံးနေသူတွေဟာ အသက်ရှင်ဖို့ အလားအလာနည်းတယ်လို့ ဆိုပါတယ်။

    Ref: CNA

  • ကမ္ဘာ့ဖလားစွမ်းဆောင်ရည်အတွက် ဇိမ်ခံအိမ်ချီးမြှင့်မှုကို အီဂျစ်တိုက်စစ်မှူး လက်မခံ

    ကမ္ဘာ့ဖလားစွမ်းဆောင်ရည်အတွက် ဇိမ်ခံအိမ်ချီးမြှင့်မှုကို အီဂျစ်တိုက်စစ်မှူး လက်မခံ

    အောက်တိုဘာ ၂၁၊ ၂၀၁၇
    M-Media

    – အီဂျစ်အသင်း ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဇိမ်ခံအိမ်တစ်လုံး ဆုချမှုကို တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ငြင်းပယ်ခဲ့ပြီး လိုအပ်နေတဲ့သူတွေကို ကူညီဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

    အခုလ အစောပိုင်းက ခြေစစ်ပွဲမှာ အီဂျစ်အသင်းဟာ ကွန်ဂိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆာလာဟ်က ၉၄ မိနစ်မှာ ပင်နယ်တီနဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။ ဒီအနိုင်ကြောင့် အီဂျစ်အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

    အီဂျစ်အသင်းရဲ့ ဒီလိုအောင်မြင်မှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ်ကို အီဂျစ် စီးပွားရေးသမား မမ်ဒူ အဘတ်စ်က အားလပ်ရက် အပန်းဖြေနိုင်ဖို့အတွက် ဇိမ်ခံအိမ်တစ်လုံး လက်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တာပါ။

    ဆာလာဟ်က ဒီကမ်းလှမ်းမှုကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့ပြီး သူ့ရဲ့ဇာတိ ဂါဘီယာပြည်နယ် နာဂရစ်ရွာလေးမှာ လိုအပ်တာတွေ လုပ်ပေးမယ်ဆိုရင် ပိုမိုပျော်ရွှင်မိမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဘီယာပြည်နယ် အုပ်ချုပ်ရေးမှူးက ဆာလာဟ်တက်ခဲ့တဲ့ ကျောင်းကို ‘မိုဟာမက် ဆာလာဟ် စက်မှု အထက်တန်းကျောင်း’ အဖြစ် အမည်ပြောင်းပေးခဲ့ပြီး၊ နာဂရစ် လူငယ်စင်တာကိုလည်း ဆာလာဟ်ရဲ့အမည် ပြောင်းဖို့ ရှိနေပါတယ်။

    ရိုးမားကနေ လီဗာပူးလ်ကို ပေါင် ၃၆.၉ သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီက ပြောင်းရွှေ့လာတဲ့ ဆာလာဟ်ဟာ အသသင်းအတွက် ၁၃ ပွဲကစားပြီး ၈ ဂိုး သွင်းယူပေးထားပါတယ်။

    Ref : Alarabiya

  • ကအ်ဘာ Kiswah ကို ကမ္ဘာ့ထိပ်တန်း ချည်မျှင်တစ်မျိုးဖြင့် ရက်လုပ်မည်

    ကအ်ဘာ Kiswah ကို ကမ္ဘာ့ထိပ်တန်း ချည်မျှင်တစ်မျိုးဖြင့် ရက်လုပ်မည်

    အောက်တိုဘာ ၂၁၊ ၂၀၁၇
    M-Media

    – မက္ကာဟ်မြို့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီရှိ ကအ်ဘာကျောင်းတော်ကို လွှမ်းခြုံထားသော ခြုံလွှာ(Kiswah) အား အပူဒဏ်နှင့် အလေးချိန် ပိုမိုခံနိုင်ရန်အတွက် ချည်မျှင်တစ်မျိုးဖြင့် ရက်လုပ်ထားသော ပိတ်စကို အစားထိုးရန် Umm al-Qura တက္ကသိုလ်မှ ကျွမ်းကျင်သူအဖွဲ့တစ်ခုက လေ့လာနေသည်ဟု သိရသည်။

    စုတ်ပြဲခြင်းနှင့် ပြန့်ကားသွားခြင်းကို ကာကွယ်ရေးနှင့် ကြီးမားသော အလေးချိန်များကို ခံနိုင်ရေးအတွက် ပိုးချည်များကို အထောက်အကူဖြစ်စေရန် စွမ်းဆောင်ရည်မြင့် Kevlar အမျှင်များကို ထည့်သွင်းကာ အလိုအလျောက် ရက်လုပ်စက်ဖြင့် ရက်လုပ်သွားမည်ဟု ကအ်ဘာကျောင်းတော် ခြုံလွှာဆိုင်ရာ တာဝန်ရှိသူ မိုဟာမက်
    ဘာဂျူဒါက ပြောကြားခဲ့သည်။

    နာနိုနည်းပညာသုံးမည်

    ထုတ်လုပ်မှုပထမအဆင့် ဆေးဆိုးသည့်နေရာတွင် အသုံးပြုသည့် နာနိုနည်းပညာဖြင့် အဆိုပါခြုံလွှာကို တောင့်တင်းအောင်း ပြုလုပ်သွားရန် ရှိနေသည်။

    ပိုးချည်များကို ခိုင်မာစေရန်၊ ရာသီဥတုဒဏ် ခံစေရန်အတွက် အလိုအလျောက်ရက်လုပ်သည့် လုပ်ငန်းစဉ်တွင် အသုံးမပြုမီ နာနိုနည်းပညာဖြင့် ခိုင်မာအောင် ပြုလုပ်မည်ဟုလည်း ဘာဂျူဒါက ဆိုသည်။

    Kevlar ဆိုသည်မှာ ကျုံ့နိုင်ဆန့်နိုင်ကာ ခိုင်မာမှုအရည်အသွေး အလွန်ကောင်းသည့် ချည်မျှင်မျိုး ဖြစ်သည်။ ၎င်းကို ကျည်ကာဝတ်စုံများတွင် အသုံးပြုပြီး၊ မီးလောင်မှုနှင့် စုတ်ပြဲမှုဒဏ်ကိုလည်း ခံနိုင်သည်။

    Kevlar အမျှင်ကို ကားနှင့် လေယာဉ်ပျံများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။

    Ref : Alarabiya

  • ကမ္ဘာ့သေဆုံးသူ ၆ ဦးတွင် ၁ ဦးမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်နေ

    ကမ္ဘာ့သေဆုံးသူ ၆ ဦးတွင် ၁ ဦးမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်နေ

    အောက်တိုဘာ ၂၁၊ ၂၀၁၇
    M-Media

    -၂၀၁၅ ခုနှစ်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း၌ လူဦးရေ ၉ သန်းအထိ သေဆုံးခဲ့ပြီး အားလုံးနီးပါးမှာ ၀င်ငွေနိမ့်သော၊ အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများမှဖြစ်သည်ဟု ဆေးပညာဂျာနယ် The Lancet တွင် ဖော်ပြထားသည်။

    ဘင်္ဂလားဒေ့ရှ်နှင့် ဆိုမာလီယာနိုင်ငံတို့မှာ အဆိုးရွားဆုံး ခံစားရသည့် နိုင်ငံများ ဖြစ်နေပြီး လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူအရေအတွက်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် သေဆုံးသည့် စုစုပေါင်း အရေအတွက်၏ ၃ ပုံ ၂ ပုံ ရှိနေသည်။

    ဘရူးနိုင်းနှင့် ဆွီဒင်နိုင်ငံတို့မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သေဆုံးမှု အရေအတွက် အနည်းဆုံးဖြစ်သည်။

    သေဆုံးမှုအများစုမှာ ကူးစက်ရောဂါအမျိုးအစားမဟုတ်သည့် နှလုံးရောဂါ၊ လေဖြတ်နှင့် အဆုတ်ကင်ဆာ ရောဂါတို့ကြောင့် ဖြစ်သည်။

    အန္တရာယ်အရှိဆုံး ညစ်ညမ်းမှုမှာ လေထုညစ်ညမ်းမှုဖြစ်ပြီး ထိုအကြောင်းအရင်းကြောင့် အချိန်မတိုင်မီသေဆုံးသူ ၆.၅ သန်း ရှိနေသည်။ အိမ်အတွင်း ထင်း၊ မီးသွေးတို့ဖြင့် မီးမွှေးခြင်း၊ အပြင်ဘက်တွင် ဓာတ်ငွေ့နှင့် အခြားအမှုန်များ ပြန့်နှံ့နေခြင်းတို့ကြောင့် လေထုညစ်ညမ်းခြင်း ဖြစ်သည်။

    ဒုတိယအန္တရာယ်အများဆုံး ညစ်ညမ်းမှုမှာ ရေညစ်ညမ်းမှုဖြစ်ပြီး ထိုအကြောင်းအရင်းကြောင့် လူဦးရေ ၁.၈ သန်းသေဆုံးခဲ့သည်။ လုပ်ငန်းခွင်ညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း၌ သေဆုံးမှု ၈၀၀၀၀၀ ခန့် ရှိပြီဖြစ်သည်။

    သေဆုံးမှု ၉၂ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေသော နိုင်ငံများတွင်ဖြစ်ပြီး အိန္ဒိယကဲ့သို့ စီးပွားရေး လျင်မြန်စွာ တိုးတက်နေသည့် နိုင်ငံများတွင်ပါ ညစ်ညမ်းမှုဒဏ်ကို အကြီးမားဆုံး ခံစားရလေ့ရှိသည်။

    အိန္ဒိယသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သေဆုံးမှုစာရင်း၌ အဆင့် ၅တွင် ရှိပြီး တရုတ်မှာ အဆင့် ၁၆ တွင် ရပ်တည်နေသည်။

    Ref : BBC