News @ M-Media
Author: Ko Lay
  • မွတ်စလင်များခရီးသွားလျှင် သက်ဆိုင်ရာကို သတင်းပို့ရမည်ဆိုသည့် ညွှန်ကြားချက် အုပ်ချုပ်ရေးပိုင်းအမှားဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
    မွတ်စလင်များခရီးသွားလျှင် သက်ဆိုင်ရာကို သတင်းပို့ရမည်ဆိုသည့် ညွှန်ကြားချက် အုပ်ချုပ်ရေးပိုင်းအမှားဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media
    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
    – ပြည်နယ်အတွင်းက မွတ်စလင်တွေအားလုံး မိမိတို့နေထိုင်ရာဒေသကနေ ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေကို အသိပေး ထောက်ခံစာယူကာ ခွင့်ပြုချက်ရမှ သွားရမယ်ဆိုတဲ့ အမိန့်မျိုး ထုတ်ပြန်ထားခြင်းမရှိဘူးလို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားလိုက်ပါတယ်။
    မွတ်စလင်တွေအနေနဲ့ ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာကို အသိပေး ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ ညွှန်ကြားစာတစ်စောင်ကို စက်တင်ဘာ ၁၈ ရက်နေ့မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးချစ်က ဒေသတွင်း တာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဖြန့်ဝေပေးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်စေရေးအတွက် ပြည်နယ်အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
    “အုပ်ချုပ်ရးဌာနက အမှားတစ်ခုကြောင့် ဒီစာကိစ္စ ဖြစ်သွားတာပါ။ တရားဝင်အထောက်အထား ရှိနေတာတောင် မွတ်စလင်တွေဟာ ခရီးသွားရင် အာဏာပိုင်တွေကို အသိပေးရမယ်ဆိုတဲ့ ကြေငြာချက်မျိုး ကျွန်မ မထုတ်ပါဘူး။ အဲဒီကိစ္စအတွက် အရေးယူသွားမှာပါ” လို့ ၀န်ကြီးချုပ်က မြန်မာတိုင်းမ်စ်သတင်းစာကို ဗုဒ္ဓဟူးနေ့မှာ ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။
    ဒီအမိန့်ဟာ ကရင်ပြည်နယ်က မွတ်စလင်တွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးတာဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးဌာနက အမှားတစ်ခုကြောင့် ဖြစ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
    ဒီညွှန်ကြားချက်ကို ပြည်နယ်ဝန်ကြီးချုပ်က ငြင်းပေမယ့် လက်ရှိအချိန်အထိ မွတ်စလင်တွေဟာ ခရီးသွားရင် အာဏာပိုင်တွေကို အကြောင်းကြားဖို့ ဖိအားပေးခံနေရတယ်လို့ ကရင်ပြည်နယ်အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌ ဟာဂျီ ဦးနာဂျူးက ပြောကြားခဲ့ပါတယ်။
    “မွတ်စလင်တွေဟာ အရင်တုန်းကအတိုင်းပဲ အသိပေးနေရတာကြောင့် ၀န်ကြီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားမှုဟာ သက်ရောက်မှုမရှိသလို ဖြစ်နေပါတယ်” လို့ သူက ဆိုပါတယ်။
    ကရင်ပြည်နယ်မှာ နေထိုင်သူဖြစ်ကြောင်း၊ ရခိုင်က ၀င်လာသူမဟုတ်ကြောင်း အတည်ပြုဖို့အတွက် ကရင်ပြည်နယ်က မွတ်စလင်တွေအနေနဲ့ ခရီးသွားမယ်ဆိုရင် အာဏာပိုင်တွေကို အသိပေးဖို့ လိုအပ်ကြောင်း ဒေသအုပ်ချုပ်ရေးရုံးတွေက ပြောထားတယ်လို့လည်း ဟာဂျီ ဦးနာဂျူးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “မှတ်ပုံတင်တွေ ရှိနေပေမယ့်လည်း မြို့နယ်အုပ်ချုပ်ရေးရုံးတွေကို သတင်းပို့နေရတုန်းပါ။ ဒီမှတ်ပုံတင်တွေဟာ တရားဝင်လား၊ မ၀င်ဘူးလားဆိုတာ ကျွန်တော် မေးခွန်းထုတ်ချင်ပါတယ်”
    ကရင်ပြည်နယ် ဘာသာပေါင်းစုံအဖွဲ့က ပြန်ကြားရေးတာဝန်ရှိသူ ဦးမောင်ထွေးက အကြောင်းကြားစရာ မလိုဘူးလို့ အုပ်ချုပ်ရေးရုံးက မပြောသေးတဲ့အတွက် သူတို့အနေနဲ့ ထောက်ခံစာတွေ ယူနေရတုန်းပဲလို့ ဆိုပါတယ်။
    ကရင်ပြည်နယ်အတွင်းက မွတ်စလင်တွေဟာ ခရီးသွားမယ်ဆိုရင် ပြည်နယ်အစ္စလာမ်အသင်းက ထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ မြို့နယ်လ၀က၊ ရဲစခန်းတို့က ထောက်ခံစာတွေကို ပြသရပြီး ခွင့်ပြုမှ ခရီးသွားခွင့်ရတယ်လို့ ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းက ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ မွတ်စလင်တွေဟာ ခရီးသွားရင် အကြောင်းကြားဖို့ လိုလား၊ မလိုဘူးလားဆိုတာကို ရှင်းရှင်းလင်းလင်း မပြောသွားဘူးလို့ ဆိုပါတယ်။
    “သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်သွားဖို့ လိုပါတယ်”
    စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး ပြည်နယ်အတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းကြားမှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
    ပြည်နယ်ဝန်ကြီးချုပ် သတင်းစာရှင်းလင်းပွဲမလုပ်ခင် တစ်ပတ်အရင်က ကျောက်တောင်ရွာက မွတ်စလင် ၅၀ ဟာ အေလာရွာက မင်္ဂလာဆောင်တစ်ခုသွားဖို့ ခွင်ပြုချက်တောင်းရာမှာ ၂၅ ယောက်ကိုသာ သွားခွင့်ပြုခဲ့ပြီး အဲဒီရွာနှစ်ရွာဟာ ဘေးချင်းကပ်နေတဲ့ရွာတွေ ဖြစ်တယ်လို့ ကျောက်တောင်ရွာသား ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။
    Ref : mmtimes
  • ၂၀၃၀ တွင် ၀မ်းရောဂါကြောင့်သေဆုံးမှုကို ၉၀ ရာခိုင်နှုန်းအထိ လျော့ချရန် ရည်မှန်း
    ၂၀၃၀ တွင် ၀မ်းရောဂါကြောင့်သေဆုံးမှုကို ၉၀ ရာခိုင်နှုန်းအထိ လျော့ချရန် ရည်မှန်း
    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media
    – ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးတာဝန်ရှိသူများမှာ ယခုတစ်ပတ်အတွင်း ပြင်သစ်နိုင်ငံ၌ တွေ့ဆုံ၍ ၂၀၃၀ ခုနှစ်အရောက်တွင် ကာလ၀မ်းရောဂါကြောင့် သေဆုံးမှု ၉၀ ရာခိုင်နှုန်းကို လျှော့ချရန် သဘောတူခဲ့ကြသည်။
    ညစ်ညမ်းသောရေမှတဆင့် ဖြစ်ပွားလေ့ရှိသော ကာလ၀မ်းရောဂါကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၁ သိန်းခန့် သေဆုံးလေ့ရှိသည်။
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)၊ အကူအညီပေးရေးအဖွဲ့များနှင့် အလှူရှင်များက အဆိုပါရောဂါကို တိုက်ဖျက်ရန် ကတိပြုခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
    ယီမင်နိုင်ငံတွင် စစ်ဖြစ်ပွားမှုဒဏ်ကြောင့် တစ်ကိုယ်သန့်ရှင်းရေးနှင့် မိလ္လာစနစ်များ၊ ရေထောက်ပံ့ပေးဝေရေးစနစ်များ ပျက်စီးသွားပြီး မှတ်တမ်းများအရ ကာလ၀မ်းရောဂါပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်ပွားသော နိုင်ငံများအနက် တစ်ခုဖြစ်နေသည်။
    လူဦးရေ ၇၇၀၀၀၀ ကျော် ၀မ်းရောဂါခံစားနေရပြီး ၂၀၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ကလေးများ ဖြစ်သည်။
    WHO က ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း ၂ ဘီလီယံခံမှာ သန့်ရှင်းသောရေကို မရရှိပဲ ၀မ်းရောဂါဖြစ်ပွားမှုအန္တရာယ် ရှိနေကြောင်၊ လျော့ရဲသည့် ကျန်းမာရေးစနစ်များ၊ စောစီးစွာ သိရှိခြင်း မရှိမှုတို့က ၀မ်းရောဂါကို ပိုမိုလျင်မြန်စွာ ပြန့်နှံ့စေသည်ဟု ပြောကြားခဲ့သည်။
    Ref : BBC
  • အစွန်းရောက်ဝါဒကို ဝေဖန်မှုကြောင့် လုပ်ကြံခံရသည့် အိန္ဒိယသတင်းထောက် ဂုဏ်ပြုခံရ
    အစွန်းရောက်ဝါဒကို ဝေဖန်မှုကြောင့် လုပ်ကြံခံရသည့် အိန္ဒိယသတင်းထောက် ဂုဏ်ပြုခံရ
    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media
    ပြီးခဲ့သည့်လက လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် သတင်းထောက် ဂူရီလန်ကက်ရှ်
    – အိန္ဒိယနိုင်ငံအတွင်း ဟိန္ဒူအစွန်းရောက်ဝါဒကို ဝေဖန်ရှုတ်ချမှုကြောင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် သတင်းထောက် ဂူရီလန်ကက်ရှ်မှာ ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ သတ္တိခဲအမျိုးသမီးများကို ချီးမြှင့်သည့် Anna Politkovskaya Award ဆုကို ရရှိခဲ့သည်ဟု သိရသည်။
    အသက် ၅၅ နှစ်အရွယ် သတင်းစာအယ်ဒီတာတစ်ဦးဖြစ်သူ သူမမှာ ဘင်္ဂါလူရူမြို့တောင်ပိုင်းရှိ သူမ၏ နေအိမ်၌ ပြီးခဲ့သည့်လတွင် သေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
    လူ့အခွင့်အရေးအဖွဲ့ Reach All Women in WAR (RAW in WAR) က ယမန်နေ့တွင် ထုတ်ပြန်သည့် Anna Politkovskaya Award ဆုရရှိသူစာရင်းတွင် လန်ကက်ရှ်မှာ တာလီဘန်များ၏ လုပ်ရပ်များကို ဝေဖန်သည့် ပါကစ္စတန်မှ အသက် ၃၁ နှစ်အရွယ် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီး ဂူလာလိုင် အစ္စလာမ်မေးလ်နှင့်အတူ ပါဝင်လာခဲ့သည်။
    “ဒီဂုဏ်ပြုဆုဟာ ကလောင်နဲ့ တိုက်ပွဲဝင်သူတွေကို စိတ်ဓာတ်ရးရာ ခွန်အားဖြစ်စေပါတယ်။ ဘယ်တော့မှ နှုတ်ဆိတ်ခိုင်းလို့ မရဘူးဆိုတဲ့ ဂူရီရဲ့ ရပ်တည်ချက်အတွက် ဂုဏ်ပြုမှုပါ” ဟု လန်ကရှ်၏ ညီမဖြစ်သူ ကာဗီသာက ပြောကြားခဲ့သည်။
    အိန္ဒိယတွင် ဟိန္ဒူအမျိုးသားရေးဝါဒအား ဝေဖန်သူများကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် စော်ကားခြင်း၊ အမျိုးသမီးသတင်းထောက်များအား သတ်ဖြတ်မည်၊ အဓမ္မကျင့်မည်ဟု ခြိမ်းခြောက်ခြင်းများ ရှိနေပြီး စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
    Ref: Alarabiya
  • နတ်ရွာစံဘုရင် ဘူမိဘောအား ထိုင်းပြည်သူ ၁၂ သန်း လာရောက်ဂါရ၀ပြု
    နတ်ရွာစံဘုရင် ဘူမိဘောအား ထိုင်းပြည်သူ ၁၂ သန်း လာရောက်ဂါရ၀ပြု
    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media
    – ယမန်နှစ် အောက်တိုဘာလက ကံတော်ကုန်သွားခဲ့သည့် ထိုင်းဘုရင်ဘူမိဘော အဒူယာဒက်ကို အရိုအသေပေးရန်အတွက် ဘန်ကောက်ရှိ ဘုရင့်နန်းတော်သို့ နိုင်ငံ့လူဦးရေ၏ ၆ ပုံ ၁ ပုံဖြစ်သော လူ ၁၂ သန်းနီးပါး လာရောက်ခဲ့ကြသည်ဟု သိရသည်။
    အောက်တိုဘာ ၂၆ ရက်နေ့တွင် မီးသဂြိုဟ်မည်ဖြစ်သည့် ဘုရင်ကြီး၏ ရုပ်ကလပ်ကို ယမန်နေ့က နောက်ဆုံး ဂါရ၀ပြုခွင့် ပေးခဲ့ပြီး နန်းတော်အတွင်းဝင်ရောက်ရန် ချောင်ဖရာယာ မြစ်အနီး ဘန်ကောက်၏ သမိုင်းဝင်နေရာ လမ်းမပေါ်များ၌ လူထောင်ပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။
    လူတန်းမှာ ၂ ကီလိုမီတာအထိ ရှည်လျားကြောင်း၊ ဗုဒ္ဓဟူးနေ့ကတည်းက တန်းစီနေခဲ့တာ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    “ကျွန်တော် ဒီကို ညနေ ၆ နာရီကတည်းက ရောက်နေတာပါ၊ မနက် ၇ နာရီလောက်မှာ ဂါရပြုခွင့် ရခဲ့ပါတယ်။ မနေ့ညက မိုးရေထဲမှာ စောင့်ခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဖခင်ကြီးကို မဖြစ်မနေ ဂါရ၀ပြုရမှာပါ” ဟု အသက် ၃၃ နှစ်အရွယ်ရှိသူ ဘန်ကောက်မြို့နေ Tossapon Thongmak က ပြောကြားခဲ့သည်။
    သက်တော် ၈၈ နှစ် ရှိသူ ထိုင်းဘုရင် ဘူမိဘောသည် ယမန်နှစ် အောက်တိုဘာက ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ကို ဘုရင့်နန်းတော်ရှိ ရွှေခန်းမထဲ၌ ထားရှိသည်။
    Source : Reuters
  • ရိုဟင်ဂျာ ၈ သိန်းအတွက် ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်မည်
    ရိုဟင်ဂျာ ၈ သိန်းအတွက် ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်မည်
    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ
    – မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်တွေ ရခိုင်မြောက်ပိုင်းက ရဲကင်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက သတင်းထုတ်ပြန်ထားပါတယ်။
    ၁၉၇၈ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ၃ သိန်းလောက် ရှိနေပြီး အခုအရေတွက်နဲ့ဆို စုစုပေါင်း ၈ သိန်းလောက် ဖြစ်လာပါတယ်။
    ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီး မိုဖက်ဇဲလ် ဟိုစိန် ချောင်ဒရီ မာယာက ကော့ဇ်ဘဇား နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ယာယီတဲတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအားလုံးကို စခန်းအသစ်တစ်ခုမှာ နေရာချထားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “ပြန့်ကျဲနေထိုင်နေကြတဲ့သူတွေကို တစ်နေရာထဲမှာ ထားပေးသွားမှာပါ။ ဒီအတွက် နေရာထပ်လိုပြီး ဖြည်းဖြည်းချင်း ခေါ်ယူသွားမှာပါ” လို့ ၀န်ကြီးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    တစ်ချို့မိသားစုတွေဟာ Kutupalong Extension လို့ အမည်ပေးထားတဲ့ အဲဒီစခန်းသစ်ကို ပြောင်းရွှေ့နေကြကြောင်း၊ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေထဲက ၂ ခုကို ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ကုလကတော့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ဖက်က ကြိုဆိုမှုအတွက် ချီးကျူးခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့အတွက် ကန်ဒေါ်လာ သန်း ၄၃၀ လောက် လိုမယ်လို့ ပြောကြားထားပါတယ်။
    လက်ရှိမှာ ယူဂန်ဒါနိုင်ငံက ဘီဒီဘီဒီ ဒုက္ခသည်စခန်းဟာ လူဦးရေ ၂၈၅၀၀၀ နဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပြီး ကင်ညာနိုင်ငံက ဒါဒဘ် ဒုက္ခသည်စခန်းကတော့ လူဦးရေ ၂၄၅၀၀၀ နဲ့ ဒုတိယ လိုက်ပါတယ်။
    ကော့ဇ်ဘဇားက ဒီစခန်းသစ်ထဲ ရိုဟင်ဂျာတွေကို ပြောင်းရွှေ့နေရာချမှု ပြီးသွားရင် ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းရှိရာနိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။
    Ref: CNA