News @ M-Media

Author: Ko Lay

  • ဂျပန်သတင်းထောက်တစ်ဦး အချိန်ပိုအလွန်အကျွံလုပ်ရမှုကြောင့် သေဆုံး

    ဂျပန်သတင်းထောက်တစ်ဦး အချိန်ပိုအလွန်အကျွံလုပ်ရမှုကြောင့် သေဆုံး

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    အချိန်ပို အလွန်အကျွံလုပ်ရမှုကြောင့် သေဆုံးခဲ့ရသည့် NHK သတင်းထောက် မီဝါစာဒို

    – ဂျပန်လူငယ်သတင်းထောက်တစ်ဦးသည် တစ်လအတွင်း အချိန်ပို ၁၅၉ နာရီ အလုပ်လုပ်ခဲ့ရသောကြောင့် နှလုံးရပ်သေဆုံးခဲ့သည့်သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် ဂျပန်ထိပ်တန်းသတင်းဌာန NHK က အလုပ်ချိန်များကို ပြုပြင်ပြောင်းလဲသွားမည်ဟု ကတိပြုခဲ့သည်။

    တိုကျိုမြို့တွင် နိုင်ငံရေးသတင်းများကို တာဝန်ယူတင်ဆက်နေသူ အသက် ၃၁ နှစ်အရွယ်ရှိသူ NHK သတင်းထောက် မီဝါစာဒိုမှာ သူမ၏လက်ကိုင်ဖုန်း ဆုပ်ကိုင်ထားလျက် အိပ်ယာထဲ၌ သေဆုံးလျက်ရှိနေသည်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တွေ့ခဲ့ရသည်။

    သူမ၏ သေဆုံးမှုမှာ အချိန်ပို အလွန်အကျွံလုပ်ကိုင်ခြင်းနဲ့ ဆက်စပ်နေကြောင်း တစ်နှစ်အကြာတွင် ဂျပန်အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့သည်။

    သူမမသေဆုံးခင် ယင်းလ၌ ပိတ်ရက်နှစ်ရက်သာ ရရှိခဲ့ကာ ဆာဒို၏ မိဘများက ဖိအားပေးခြင်း၊ နောက်နောင် ထိုကဲ့သို့ မဖြစ်စေရန် တောင်းဆိုခြင်းတို့ကြောင့် NHK သတင်းဌာနက အဆိုပါဖြစ်ပွားမှုကို လေးနှစ်ကြာပြီးမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

    ဂျပန်နိုင်ငံတွင် အလုပ်ချိန် ကြာရှည်လွန်းမှုအတွက် ဝေဖန်မှုများ မြင့်တက်နေချိန် ယခုသတင်း ပေါ်ထွက်လာပြီး အလုပ်ချိန်ကြာရှည်မှုကို ဆန့်ကျင်နေသော NHK သတင်းဌာနက ယခုကိစ္စတွင် ပါဝင်နေမှုအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။

    NHK အကြီးအကဲ အလုပ်အကိုင်အခြေအနေများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး၊ စာဒိုသေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သူမသေဆုံးမှုမှာ အလုပ် အလွန်အကျွံလုပ်ရမှုကြောင့် ဖြစ်သည်ဆိုသည်ကိုလည်း လက်ခံကြောင်း ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

    Ref: Alarabiya

  • တော်ဝင်အသိုင်းအ၀ိုင်းကို စော်ကားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း တရားစွဲခံရမည်

    တော်ဝင်အသိုင်းအ၀ိုင်းကို စော်ကားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း တရားစွဲခံရမည်

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    – ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို တော်ဝင်မိသားစုအား စော်ကားမှု၊ ကွန်ပျူတာရာဇ၀တ်မှုများဖြင့် တရားစွဲဆိုသွားမည်ဟု ထိုင်းရှေ့နေချုပ်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး၊ တရားရုံးမှ ၎င်း၏ညီဖြစ်သူ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဒုတိယအကြိမ်ဖမ်းဝရမ်းထုတ်ပြီး နောက်တစ်ရက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ရှေ့နေချုပ် Khemchai Chutiwon က သက်ဆင်အနေဖြင့် တော်ဝင်အသိုင်းအ၀ိုင်းအား မည်ကဲ့သို့ စော်ကားခဲ့သည်ကို အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိချေ။

    “ဒီကိစ္စဟာ ရာဇ၀တ်မှုဖြစ်ပါတယ်။ အခုအချိန်မှာ ရှာဖွေဖမ်းဆီးဖို့ပဲ ကျန်ပါတော့တယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် တောင်ကိုရီးယားမီဒီယာနှင့် အင်တာဗျူးတွင် သက်ဆင်၏ ဖြေကြားမှုအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ရှေ့နေချုပ်၏ ယခုပြောကြားမှုမှာ ထိုကိစ္စအား ရည်ညွှန်းခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    သက်ဆင်မှာ ထိုင်းနိုင်ငံရေးလောကကို ၁၀ စုနှစ်တစ်ခုကြာ ဦးဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြုတ်ကျပြီးနောက်ပိုင်း ထောင်ဒဏ်ကျခံရမည်ကို ရှောင်ရှားရန်အတွက် နိုင်ငံခြားတွင် နေထိုင်ခဲ့သည်။

    ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်ထရာမှာ သက်ဆင်၏နောက်ပိုင်းတွင် ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချခြင်းခံခဲ့ရသည်။

    ထိုင်းတရားရုံးချုပ်မှာ ယင်းလပ်အား ၎င်းဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်စဉ် စပါးအမတော်ကြေး ကိစ္စအတွက် တရားစွဲဆိုကာ ပြီးခဲ့သည့်လတွင် ထောင်ဒဏ်ချမှတ်ခဲ့သည်။ သို့သော်လည်း ယင်းလပ်မှာ အမိန့်မချခင် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီး လက်ရှိ ဒူဘိုင်းတွင် ရှိနေသည်ဟု သတင်းထွက်နေသည်။

    Ref : CNA

  • သင်္ကန်းဝတ်များ မောင်းထုတ်ခဲ့သည့် မွတ်စလင်ဈေးသည်ကို ဗုဒ္ဓဘာသာဝင်များ သွားရောက်အားပေးနှစ်သိမ့်ကာ ကူညီထောက်ပံ့

    သင်္ကန်းဝတ်များ မောင်းထုတ်ခဲ့သည့် မွတ်စလင်ဈေးသည်ကို ဗုဒ္ဓဘာသာဝင်များ သွားရောက်အားပေးနှစ်သိမ့်ကာ ကူညီထောက်ပံ့

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    သင်္ကန်းဝတ်များ၏ မောင်းထုတ်ခံရသည့် ဦးအောင်သန်း

    – ရွှေတိဂုံစေတီအနီးမှာ ဈေးရောင်းမှုကြောင့် သင်္က၀တ်တစ်ချို့ရဲ့ နှင်ထုတ်မှုခံရတဲ့ မွတ်စလင် ငုံးဥပြုတ်သည် အဖိုးအိုကို ဗုဒ္ဓဘာသာဝင်တွေက သွားရောက်အားပေး၊ နှစ်သိမ့်ကာ လှူဒါန်းထောက်ပံ့မှုတွေ လုပ်ခဲ့ကြတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြရေးသားနေကြပါတယ်။

    အောက်တိုဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ် ဓာတ်ပုံတွေကို အမျိုးသားရေးသမားဆိုသူ Aung Min Tun က သူ့ရဲ့ Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအကြား လျင်မြန်စွာ ပြန့်နှံ့ခဲ့ပါတယ်။

    သင်္ကန်းဝတ်တွေရဲ့ ဂိုဏ်းစတားဆန်ဆန် အနိုင်ကျင့်ခြိမ်းခြောက်တဲ့ ဒီလုပ်ရပ်ကို ဗုဒ္ဓဘာသာဝင်တော်တော်များများက ဆန့်ကျင်ခဲ့ကြပြီး ဗုဒ္ဓသာသနာနဲ့ နိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းစေကြောင်း၊ လူမျိုး၊ ဘာသာမတူတဲ့ ပြည်သူတွေကြားထဲမှာ သွေးကွဲစေနိုင်ကြောင်း တုန့်ပြန်ရေးသားခဲ့ကြပါတယ်။

    အခင်းဖြစ်ပွားတဲ့ည ရေကျော်ပွဲဈေးမှာ ဈေးရောင်းနေတဲ့ အဲဒီ အဖိုးအိုဆီကနေ ဗုဒ္ဓဘာသာစုံတွဲတစ်တွဲ ငုံးဥပြုတ် ၀ယ်ယူအားပေးကာ ရွှေတိဂုံစေတီနားမှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားပြီး အလှူငွေတစ်ချို့ပါ ပေးအပ်ခဲ့ပါတယ်။

    အောက်တိုဘာ ၆ ရက်နေ့မှာတော့ အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီက အဖွဲ့ဝင်တွေဟာ ဦးအောင်သန်းဆိုသူ အဲဒီ ငုံးဥပြုတ်သည် ငှားရမ်းနေထိုင်တဲ့ သင်္ကကျွန်းကအဆောင်ကို သွားရောက်ကာ အားပေးနှစ်သိမ့်ခဲ့ပြီး သင်္ကန်းဝတ်တွေရဲ့ ဥပဒေပလုပ်ရပ်အတွက် ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ သူတို့အနေနဲ့ တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။

    ပဟေဠိနန်းတော်အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးကလည်း နောက်ပိုင်းမှာ ဦးအောင်သန်း နေထိုင်ရာနေရာကို သွားရောက်ကာ သူငယ်ချင်းတွေ စုပေါင်းပြီး ငွေကျပ် ၂ သိန်းနဲ့ ဖုန်း ၂ လုံးကို ပေးအပ်ကူညီခဲ့ပါတယ်။

    ရေကျော်ပွဲဈေးတွင် ဗုဒ္ဓဘာသာဝင် စုံတွဲက ကူညီထောက်ပံ့

     

    အခြား ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒီ မွတ်စလင်အဖိုးအိုကို လှူဒါန်းဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

    ရန်ကုန် တာမွေဇာတိဖြစ်တဲ့ ဦးအောင်သန်းဟာ အသက် ၅၁ နှစ်အရွယ် ရှိနေပြီး ငယ်စဉ်ဘ၀ကတည်းက မိခင်ဖြစ်သူနဲ့အတူ တောင်ငူကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

    လက်ရှိမှာ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခြေအနေကြောင့် ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကာ ငုံးဥပြုတ်အပါအ၀င် ကျပန်းဈေးရောင်း လုပ်ကိုင်စားသောက်နေရတာဖြစ်တယ်လို့ သိရပါတယ်။

    အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီက အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံ

    ရွှေတိဂုံစေတီပတ်ဝန်းကျင်မှာ ဈေးရောင်းတဲ့ အစ္စလာမ်ဘာသာဝင်တွေကို မျိုးချစ်ရဟန်းတော်များ သမဂ္ဂဆိုတဲ့အဖွဲ့က သင်္ကန်းဝတ်တွေ အုပ်စုဖွဲ့ ခြိမ်းခြောက်မောင်းထုတ်တာဟာ အခုနှစ်ပိုင်းမှာ အဖြစ်များလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်း အနည်းဆုံး ၃ ကြိမ်အထိ ရှိခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းမှာလည်း မျက်မှန်ရောင်းတဲ့အစ္စလာမ်ဘာသာဝင်တစ်ဦးကို မောင်းထုတ်ကာ ပစ္စည်းတွေ သိမ်းဆည်းတဲ့အထိဖြစ်ခဲ့ပါတယ်။

    ဒီဖြစ်စဉ်တွေမှာ သင်္ကန်းဝတ်တွေဟာ မွတ်စလင်ဈေးသယ်တွေကို ထိုးကြိတ်ကန်ကျောက်တာတွေလည်း ရှိခဲ့ပါတယ်။

    ဒီလုပ်ရပ်တွေအတွက် ဗုဒ္ဓဘာသာဝင်တစ်ချို့ ဦးဆောင်ကာ ရဲစခန်းမှာ တိုင်ကြားတာမျိုးတွေ လုပ်ခဲ့ပေမယ့် အစိုးရနဲ့ ပြည်ထဲရေးက ထိထိရောက်ရောက် အရေးယူတာမျိုး မတွေ့ရပါဘူး။

    ကိုမောင်မောင်အေးက သွားရောက်ထောက်ပံ့

    Photo Credit – Facebook

  • နက္ခတ္တအိမ်မြှောင်-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၈)

    နက္ခတ္တအိမ်မြှောင်-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၈)

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    – အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်လာတဲ့ အချိန်ကတည်းက ‘မုအ်ဇင်’ (နိဗ္ဗာန်ဆော်) တွေဟာ ပြည်သူတွေ ဘုရားဝတ်ပြုဖို့အတွက် တစ်နေ့ကို ၅ ကြိမ် ဟစ်အော် ဖိတ်ခေါ်ရပါတယ်။ ၀တ်ပြုချိန်တွေဟာ နေ၀င်နေ့ထွက်ကိုလိုက်ကာ ဆုံးဖြတ်ရတာဖြစ်ပြီး နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာပါ။ ဒါ့ကြောင့် ၀တ်ပြုချိန်အတိအကျကိုသိဖို့ဟာ မွတ်စလင်တွေအတွက် အရေးပါလာခဲ့ပါတယ်။ ခေတ်သစ် နည်းပညာတွေ မပေါ်ပေါက်ခင်မှာ မွတ်စလင်တွေဟာ နေလ ကြယ်တာယာ ပြောင်းလဲမှုတွေကို ဖော်ထုတ်ရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အလွန်တိကျတဲ့ ‘နက္ခတာယာကြည့်အိမ်မြှောင်’ (astrolable) ကို တီထွင်အသုံးပြုခဲ့ကြပါတယ်။

    အမေရိကန် အာကာသရူပဗေဒပညာရှင် ဒေါက်တာ ဟာရိုးလ် ၀ီလီယံ (Harold Wiliams) က နက္ခတ္တအိမ်မြှောင်တွေဟာ “ဒစ်ဂျစ်တယ်ကွန်ပျူတာတွေကို မတီထွင်နိုင်သေးခင်မှာ နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုအတွက် အရေးပါဆုံးပစ္စည်းဖြစ်ပြီး၊ တယ်လီစကုပ်မပေါ်ခင် နက္ခတ္တဗေဒဆိုင်ရာ အရေးပါဆုံး စူးစမ်းရှာဖွေရေးကိရိယာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    နက္ခတ္တအိမ်မြှောင်ရဲ့ မူလအစကို မသိရဘဲ ဒီကိရိယာနဲ့ပတ်သက်ပြီး ‘သီအွန် အော့ဖ် အလက်ဇန်းဒရီးယား’ (Theon of Alexandria) ဆိုတဲ့ ဂရိပညာရှင်တစ်ယောက်ဟာ အေဒီ ၄ ရာစုမှာ နက္ခတ္တအိမ်မြှောင်အကြောင်း ရေးခဲ့တယ်လို့သာ သိရပါတယ်။ ဒီနယ်ပယ်နဲ့ပတ်သက်ပြီး အစောဆုံးတွေ့ရတဲ့ ဂရိကျမ်းဟာ ၆ ရာစုက ဖြစ်ပါတယ်။ ‘astrolabe’ ရဲ့ မူရင်းက အာရဘီစကားလုံး ‘asturlab’ ဖြစ်ပြီး အဲဒီအာရဘီစကားလုံးဟာ ဂရိစကားလုံးကို ဘာသာပြန်ဆိုထားတာဖြစ်လို့ ပြောစမတ်ရှိပါတယ်။ စကားလုံးရဲ့ရင်းမြစ်က ဘယ်ကပဲဖြစ်ဖြစ် နက္ခတ္တအိမ်မြှောင်ကို အကောင်းဆုံး ပြုပြင်မွမ်းမံခဲ့ပြီး အသုံးပြုနိုင်တဲ့နယ်ပယ်ကို ချဲ့ထွင်ခဲ့တာကတော့ မွတ်စလင်နက္ခတ္တဗေဒပညာရှင်တွေ ဖြစ်ပါတယ်။ ၀တ်ပြုချိန်ကို အတိအကျ သိရှိဖို့လိုအပ်မှုနဲ့ ၀တ်ပြုတဲ့အခါ မက္ကာမြို့ဖက်ကို လှည့်ရတဲ့အတွက် အရပ်မျက်နှာကို တွက်ချက်ရမှု စတာတွေက မွတ်စလင်တွေ ဒီလို ကြိုးစားအားထုတ်မှုအတွက် တွန်းအားဖြစ်ပါတယ်။ အစ္စလာမ်ကမ္ဘာမှာ နက္ခတ္တအိမ်မြှောင်တွေကို သက္ကရာဇ် ၁၈၀၀ လောက်အထိ လူကြိုက်များ သုံးစွဲခဲ့ကြပါတယ်။

    နက္ခတ္တအိမ်မြှောင်နဲ့ပတ်သက်တဲ့ ကျမ်းသစ်တွေကိုလည်း မွတ်စလင်ပညာရှင်ကြီးတွေက ရေးသားခဲ့ကြပါတယ်။ အစောဆုံး ကျမ်းတွေကတော့ ၉ ရာစုက မာရှာအလ္လာဟ် အလီ အစ်ဗနေ့ အီဆာ (MashaAllah Ali Ibn Isa)  နဲ့ အလ်-ခွါရစ်ဇ်မီ (Al-Khwarizmi) တို့ ရေးသားခဲ့တဲ့ ကျမ်းတွေ ဖြစ်ပါတယ်။  အစောဆုံးတွေ့ရှိရတဲ့ နက္ခတ္တအိမ်မြှောင်ဟာ ၁၀ ရာစုမှာ ဘဂ္ဂဒတ်က အလီ အစ်ဗနေ့ အီဆာရဲ့ တပည့်တစ်ဦးက တီထွင်ထားတဲ့ အိမ်မြှောင်ဖြစ်ပါတယ်။ ၈ ရာစုကစလို့ မွတ်စလင်တွေ စပိန်ကို ရောက်ရှိလာမှုနဲ့အတူ နက္ခတ္တအိမ်မြှောင်အပါအ၀င် မွတ်စလင်ပညာရှင်ကြီးတွေရဲ့ ဖော်ထုတ်တွေ့ရှိမှုတွေဟာ တစ်ဖြည်းဖြည်းချင်း ဥရောပအနောက်ပိုင်းမှာ ပြန့်နှံ့လာပါတယ်။ ဒါပေမယ့် ပြန့်နှံ့မှု နှေးကွေးတာကြောင့် ခရစ်ယာန်အနောက်တိုင်းက အစောဆုံးတွေ့ရှိရတဲ့ ကိရိယာတွေကတော့ ၁၃ ရာစုနောက်ပိုင်းမှ ဖြစ်ပါတယ်။

    နက္ခတ္တအိမ်မြှောင်တွေကို အမျိုးအစား တော်တော်များများ ဖန်တီးခဲ့ကြပြီး  စက်ဝိုင်းပြားပုံသဏ္ဍာန်ကတော့ လူကြိုက်များပါတယ်။

    နက္ခတ္တအိမ်မြှောင်တွေဟာ အာကာသကောင်းကင်ရဲ့ နှစ်ဖက်မြင်ပုံစံတွေဖြစ်ပြီး အချိန်ကာလတစ်ခုမှာ ကောင်းကင်ကြီးကို ဘယ်လိုမြင်ရလဲဆိုတာ စက်ဝိုင်းပြားမှာ ဖော်ပြထားတာမျိုး ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် အိမ်မြှောင်ရဲ့ မျက်နှာပြင်မှာ ကောင်းကင်ပုံကို ရေးဆွဲကာ ကြယ်တာရာတွေကို မှတ်သားထားရပါတယ်။ ဒါမှသာ ကောင်းကင်ရဲ့ အနေအထားကို အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ချို့ နက္ခတ္တအိမ်မြှောင်တွေဟာ သေးငယ်ပြီး လက်ဝါးပေါ်တင်လို့ရတဲ့ အရွယ်အစားတွေဖြစ်ကာ အချင်း မီတာအနည်းငယ်ကျယ်တဲ့ အကြီးတွေလည်း ရှိပါတယ်။

    အဲဒီ အိမ်မြှောင်တွေဟာ သူတို့ခေတ် သူတို့အခါက နက္ခတ္တဗေဒနဲ့ အန်နာလော့ဂ် ကွန်ပျူတာတွေ ဖြစ်ခဲ့ပြီး နေနဲ့ကြယ်တွေလို နက္ခတ်တာယာတွေနဲ့ ပတ်သက်တဲ့ပြဿနာတွေကို ဖြေရှင်းတာ၊ အချိန်တွေ သတ်မှတ်တာလို ကိစ္စတွေမှာ အသုံးပြုကြပါတယ်။ အလယ်ခေတ် နက္ခတ္တဗေဒ ပညာရှင်တွေရဲ့ အိတ်ဆောင် နာရီအဖြစ်လည်း ဒီအိမ်မြှောင်တွေက အသုံးတော် ခံခဲ့ကြပါတယ်။ နေရဲ့ အမြင့်တိုင်းတာမှုတွေ၊ နေ့ည တိုင်းတာသတ်မှတ်မှုတွေ၊ နေ၀င်၊ နေထွက်ချိန်စတာတွေကို ဒီ နက္ခတ္တ အိမ်မြှောင်တွေနဲ့ပဲ တွက်ချက်ခဲ့တာပါ။ အဲဒီလို တွက်ချက်မှုတွေကို နက္ခတ္တအိမ်မြှောင်ရဲ့ အနောက်ဖက်မှာ ရိုက်နှိပ်ထားတဲ့ ဇယားကိုကြည့်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီဇယားတွေမှာ အချိန်ပြောင်းလဲမှုဆိုင်ရာ မျဉ်းကွေးတွေ၊ လဆန်းရက် ပြောင်းလဲမှုပြ ပြက္ခဒိန်တွေကနေ နေပတ်လမ်းမှာ နေရဲ့ တည်နေရာတွေ၊ ထရီဂိုနိုမက်ထရစ်အချိန်အဆတွေနဲ့ ၃၆၀ ဒီဂရီ လတ်ပတ်မှု စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

    ဒီနက္ခတ္တအိမ်မြှောင်တွေဟာ ကမ္ဘာကြီးက လုံးဝန်းနေတဲ့စကြာဝဠာရဲ့ အလယ်မှာရှိတဲ့ဆိုတဲ့ ယူဆချက်ကို အခြေခံတာဖြစ်ပြီး စူးစမ်းလေ့လာသူတစ်ယောက်ဟာ ဒီ ကမ္ဘာလုံးမှာ လတ္တီကျုတွေ၊ အချိန်တွေကို  ထည့်သွင်းကာ အဲဒါတွေကိုကြည့်ပြီး တွက်ချက်တာဖြစ်ပါတယ်။ နက္ခတ္တဗေဒပညာရှင်တစ်ယောက် ကိုင်ဆောင်တဲ့ နက္ခတ္တအိမ်မြှောင်တစ်ခုမှာ အဓိက ကြယ်တာရာတွေကို သတ္တုအ၀ိုင်းပြားအပေါ်မှာ အပေါက်ဖောက် မှတ်သားထားပြီး mater လို့ခေါ်တဲ့ ပိုကြီးတဲ့ အ၀ိုင်းပြားအပေါ်မှာ တပ်ထားပါတယ်။ ကြယ်နေရာတွေကို အပေါက်ဖောက်ထားတာကြောင့် နက္ခတ္တဗေဒပညာရှင်ဟာ သက်ဆိုင်ရာ လမ်းကြောင်းတွေကို ကိုယ်စားပြုရေးဆွဲထားတဲ့ အောက်က အ၀ိုင်းပြားမျက်နှာပြင်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နက္ခတ္တအိမ်မြှောင်တစ်ခုမှာ တစ်ခုထက်ပိုတဲ့ သတ္တုအ၀ိုင်းပြားတွေကို တပ်ဆင်ထားတာကြောင့် လတ္တီကျု တစ်ခုကနေ နောက်ထပ်တစ်ခုကို ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။ နေ ဒါမှမဟုတ် ကြယ်ရဲ့အမြင့်ကို ဆုံးဖြတ်ဖို့အတွက် အိမ်မြှောင်နောက်ဖက်က ထောင်ပြီးကြည့်ရတဲ့ အချပ်ကို အသုံးပြုပြီးတဲ့နောက်မှာတော့ အဲဒီအချိန်မှာ ကောင်းကင်းမှာ ရှိနေတဲ့ နေရာနဲ့ ကိုက်ညီအောင် ကြယ်ပေါက်ပါတဲ့ အ၀ိုင်းကို အောက်ကအ၀ိုင်းပြားက လိုင်းတွေနဲ့ချိန်ကာ တွက်ချက်မှုတွေ လုပ်တာဖြစ်ပါတယ်။ ပိုမိုအသေးစိတ်တဲ့ ဇယားတွေ ဆွဲဖို့အတွက် အာကာသအတွင်းက နက္ခတာရာတွေရဲ့ ကိုသြဒီနိတ်ကို ပိုမို တိတိကျကျလိုချင်ပြီဆိုရင် နက္ခတဗေဒပညာရှင်တွေဟာ ဒီအိမ်မြှောင်တွေကို Quadrant ကြီးတွေ၊ armillary sphere လို့ခေါ်တဲ့ ဟောင်းလောင်းပေါက် ကမ္ဘာလုံးပုံစံငယ်တွေနဲ့ တွဲဖက်အသုံးပြုကြပါတယ်။

    နက္ခတ္တအိမ်မြှောင်တွေမှာ အသေတပ်ထားတဲ့အပိုင်းနဲ့ လှည့်လို့ရတဲ့အပိုင်းတွေ ပါဝင်ပြီး နောက်ဆုံးအလွှာမှာ ကြယ်တာာယာတွေကို ကြည့်လို့ရတဲ့ မောင်းတံ၊ ထရီဂိုနော်မေတြီဇယား အမျိုးမျိုး ပါဝင်ပါတယ်။ ဒ့ါကြောင့် နက္ခတ္တအိမ်မြှောင်တွေဟာ ဂရက်ဖစ်ကွန်ပျူတာလိုပါပဲ။

    မွတ်စလင်ပညာရှင်ကြီးတွေဟာ စက်ဝိုင်းပုံအပါအ၀င်၊ စက်လုံးနက္ခတ္တအိမ်မြှောင်၊ မျဉ်းဖြောင့် နက္ခတ္တအိမ်မြှောင်တွေလို အိမ်မြှောင်အမျိုးအစား တော်တော်များများကိုလည်း တီထွင်ဖန်တီးပေးခဲ့ပါတယ်။ ရေကြောင်းသွား အိမ်မြှောင်တွေကိုတော့ ၁၅ ရာစုနဲ့ ၁၆ ရာစုတို့မှာ ပေါ်တူဂီတွေက တီထွင်ခဲ့ပါတယ်။

    နက္ခတ္တအိမ်မြှောင်အကြောင်း ပြောမယ်ဆိုရင် လူငယ် အမျိုးသမီး နက္ခတ္တဗေဒ အင်ဂျင်နီယာ မရ်ယမ် အလ်-အစ်ဂ်ျလီယာ အလ်-အက်စ်ရူလာဘီ (Maryam al-Ijliya al-Astrulabi) ကို ချန်ထားလို့ မရပါဘူး။

    အဆင့်မြင့် နက္ခတ္တအိမ်မြှောင်ဖြစ်တဲ့ ‘ကမ္ဘာသုံးအိမ်မြှောင်’ ကို ၁၁ ရာစုက မွတ်စလင်အုပ်စိုးတဲ့ စပိန်နိုင်ငံ တော်လေဒိုမြို့မှာ တီထွင်ခဲ့ပြီး နောက်ပိုင်းမှာ အဓိကကြယ်တွေကို တိုင်းတာဖော်ထုတ်တဲ့ ကိရိယာအဖြစ် တော်လှန်ပြောင်းလဲခဲ့ပါတယ်။ တိုင်းရင်းဆေးဆရာ အလီ အစ်ဗနေ့ ခါလက်ဖ် အလ်-ရှက်ကဇ် (Ali ibn Khalaf al-Shakkaz) နဲ့ နက္ခတ္တဗေဒ ပညာရှင် အလ်-ဇာကာလီ (Al-Zaqali) တို့ဟာ ဒီ နက္ခတ္တအိမ်မြှောင်အသစ် ပေါ်ထွက်လာမှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ ဘယ်နေရာကနေမဆို အသုံးပြုနိုင်တာကြောင့်   ‘ကမ္ဘာသုံး နက္ခတ္တအိမ်မြှောင်’ ဟာ အဲဒီခေတ်အခါက ဆန်းပြားတဲ့ တီထွင်ဖန်တီးမှုပါ။ သာမန်အိမ်မြှောင်တွေဟာ နေရာတစ်ခုအတွက်သာ ဖန်တီးထားတာကြောင့် အခြားနေရာမှာ သွားသုံးမယ်ဆိုရင် လတ္တီကျုအပြားကို လဲပြီး သုံးစွဲရပါတယ်။

    ဘာစီလိုနာတက္ကသိုလ်က ဒေါက်တာ ဂျူလီယို ဆမ်ဆို (Dr. Julio Samso) က မွတ်စလင်တွေဟာ သာမန် နက္ခတ္တအိမ်မြှောင်နဲ့ လုပ်လို့မရတဲ့ တွက်ချက်မှုတွေကို လုပ်ဆောင်နိုင်တဲ့ နက္ခတ္တအိမ်မြှောင်တွေ၊ တွက်ချက်ရေးကိရိယာတွေကို တီထွင်အသုံးပြုခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    နက္ခတ္တအိမ်မြှောင်အကြောင်း ပြောမယ်ဆိုရင် လူငယ် အမျိုးသမီး နက္ခတ္တဗေဒ အင်ဂျင်နီယာ မရ်ယမ် အလ်-အစ်ဂ်ျလီယာ အလ်-အက်စ်ရူလာဘီ (Maryam al-Ijliya al-Astrulabi) ကို ချန်ထားလို့ မရပါဘူး။ သက္ကရာဇ် ၉၄၄ ခုနှစ်က ဆီးရီးယားနိုင်ငံ အလက်ပိုမှာမွေးဖွားခဲ့တဲ့ သူမဟာ နက္ခတ္တဗေဒ ပညာရှင်တွေနဲ့ ကိရိယာတန်ဆာပလာထုတ်လုပ်တဲ့ မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့သူပါ။ သူမကိုယ်တိုင်လည်း နက္ခတ္တအိမ်မြှောင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တီထွင်ဖန်တီးတတ်သူဖြစ်ပြီး အလက်ပိုပြည့်ရှင် စအစ်ဖ် အလ်-ဒေါင်လာ (Saif al-Dwla) ရဲ့ နန်းတော်ထဲမှာ နက္ခတ္တဗေဒပညာရှင်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ မရ်ယမ်ဟာ ပညာတော်ပေမယ့် သက်ဆိုးမရှည်ဘဲ အသက် ၂၃ နှစ်အရွယ် ၉၆၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

    နက္ခတ္တအိမ်မြှောင်တွေ အထူးသဖြင့် ကမ္ဘာသုံး နက္ခတ္တအိမ်မြှောင်တွဟာ အာကာသကောင်းကင်ကို စိတ်ဝင်တစား လေ့လာစူးစမ်းကြတဲ့ နာမည်ကျော် မွတ်စလင်နက္ခတ္တပညာရှင်တွေ သူတို့ခေတ်အခါက တီထွင်ထုတ်လုပ် အသုံးပြုတဲ့ အဆင့်မြင့်နည်းပညာတွေ ဖြစ်ပါတယ်။ ဒီလို အားထုတ်ကြိုးပမ်းမှုတွေကနေ ရရှိတဲ့ ပညာအမွေကို ဥရောပက လက်ဆင့်ကမ်းခဲ့ပြီး ခေတ်သစ်နက္ခတ္တဗေဒပညာရပ်ကို မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။

    နက္ခတ္တအိမ်မြှောင်အား တစ်လွှာချင်း ဖော်ပြထားမှု

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ၂၀၁၇ နိုဘယ်ငြိမ်းချမ်းရေးဆုကို နျူလက်နက် ဆန့်ကျင်ရေးအဖွဲ့ ရရှိ

    ၂၀၁၇ နိုဘယ်ငြိမ်းချမ်းရေးဆုကို နျူလက်နက် ဆန့်ကျင်ရေးအဖွဲ့ ရရှိ

    အောက်တိုဘ ၆၊ ၂၀၁၇
    M-Media

    နိုဘယ်ဆုကော်မတီဥက္ကဌ ဘီရစ် ရီအစ်-အန်ဒါဆန်(၀ဲ)

    – ၂၀၁၇ ခုနှစ်အတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို နျူလက်နက်ဆန့်ကျင်ရေးအဖွဲ့ Campaign to Abolish Nuclear Weapons (ICAN) က ရရှိသွားခဲ့သည်ဟု သိရသည်။

    နျူလက်နက် မည်သည့်အသုံးပြုမှုမဆို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများ ဆိုးဆိုးဝါးဝါး ခံစားရမည်ဆိုသည့် အသိပေးမှု၊ သဘောတူညီချက်အခြေပြု နျူလက်နက် တားဆီးရေး စွမ်းစွမ်းတမံ ဆောင်ရွက်မှုများအတွက် ICNA အဖွဲ့အား ယခုကဲ့သို့ နိုဘယ်ဆုကို ချီးမြှင့်ရခြင်းဖြစ်သည်ဟု နိုဘယ်ဆုကော်မတီဥက္ကဌ ဘီရစ် ရီအစ်-အန်ဒါဆန်က ယနေ့တွင် ပြောကြားခဲ့သည်။

    ICAN အဖွဲ့မှာ ဂျီနီဗာအခြေစိုက်ဖြစ်ပြီး အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဘီရစ်ဖင်က နျူလက်နက်များ တားဆီးရေးကိစ္စကို နိုင်ငံများက လစ်လျူရှုထားကြသည်ဟု နိုဘယ်ဆု ရရှိကြောင်း သိရှိပြီးနောက သတင်းထောက်များအား ပြောကြားခဲ့သည်။

    “လက်ရှိအချိန်မှာ တော်တော် မလွယ်ကူတဲ့အနေအထားပါ။ နျူလက်နက် တားဆီးရေးသဘောတူညီချက်ဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး လက်ရှိအနေအထားဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူးဆိုတာ နျူလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေကို ပြင်းပြင်းထန်ထန် အသိပေးနေတာလည်း ဖြစ်ပါတယ်။ ဒီသဘောတူညီချက်မှာ နိုင်ငံတိုင်း ပါဝင်လာဖို့အတွက် ကျွန်မတို့ဟာ တကယ့်ကို ကြိုးစားရပါအုံးမယ်”

    နိုဘယ်ဆုကော်မတီ ဥက္ကဌက နျူလက်နက်များမှာ ကမ္ဘာကြီးကို ခြိမ်းခြောက်နေပြီး ယခုအချိန် ထိုလက်နက်များကို ဥပဒေဖြင့် တားဆီးနိုင်မည့် နိုင်ငံတကာ သဘောတူညီချက်မျိုး မရရှိသေးဟု ထောက်ပြခဲ့သည်။

    Ref: Aljazeera