News @ M-Media
Author: Ko Lay
  • ကမ္ဘာ့အ၀ဆုံး အီဂျစ်အမျိုးသမီး ကွယ်လွန်
    ကမ္ဘာ့အ၀ဆုံး အီဂျစ်အမျိုးသမီး ကွယ်လွန်
    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media
    အိန္ဒိယတွင် ခွဲစိပ်ကုသမှု ခံယူပြီးနောက် တွေ့ရသည့် အေမန်
    – တစ်ချိန်က ကမ္ဘာ့အ၀ဆုံး အမျိုးသမီးဖြစ်ခဲ့သည့် အိဂျစ် အမျိုးသမီး အေမန် အဟ်မဒ်မှာ အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီမြို့တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
    အလက်ဇန်ဒရီးယားဇာတိဖြစ်သည့် အသက် ၃၆ နှစ်အရွယ်ရှိ အေမန်မှာ ဖေဖော်ဝါရီလက အိန္ဒိယနိုင်ငံတွင် မွမ်ဘိုင်းမြို့တွင် လာရောက် ခွဲစိပ်ကုသမှု ခံယူခဲ့ပြီး ၅၀၀ ကီလိုဂရမ်ဝန်းကျင်ရှိသည့် သူမ၏ ခန္ဓာကိုယ်မှ ၃၂၄ ကီလိုဂရမ်ကို လျှော့ချနိုင်ခဲ့သည်။
    သို့သော်လည်း အဘူဒါဘီသို့ ပြန်ရောက်ပြီးနောက် ကျန်းမာရေးမကောင်းတော့ဘဲ ပြီးခဲ့သည့်လတွင် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်ဟု ယူအေအီးဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    နှလုံးရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်သည့် ရောဂါများအပါအ၀င် ရောဂါပေါင်းစုံကို ခံစားနေရသည့် အေမန်မှာ ယနေ့မနက် ဒေသစံတော်ချိန် ၄ နာရီ ၃၅ မိနစ်တွင် ကွယ်သွားခဲ့သည်ဟု အဘူဒါဘီမှ သူအား ကုသနေသည့် Burjeel ဆေးရုံးက သတင်းထုတ်ပြန်ခဲ့သည်။
    သူမမှာ ရှားပါးသည့် သိုင်းရွိုက်အခြေအနေကြောင့် ကလေးဘ၀ကတည်းက ယခုကဲ့သို့ အ၀လွန်ခဲ့ခြင်းဖြစ်သည်။
    Ref : Times of India
  • မြန်မာစစ်တပ်ကို လက်နက်မရောင်းရန် ဂျူးဘုန်းတော်ကြီးများက အစ္စရေးအစိုးရအား တောင်းဆို
    မြန်မာစစ်တပ်ကို လက်နက်မရောင်းရန် ဂျူးဘုန်းတော်ကြီးများက အစ္စရေးအစိုးရအား တောင်းဆို
    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media
    ဘာသာပြန် – မောင်အောင်
    အစ္စရေးစစ်သေင်္ဘာတစ်စီးကို သွားရောက်လေ့လာနေသည့် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့
    – သြဂုတ်လမှစ၍ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်ပေါင်း လေးသိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီးနောက် ဘာသာရေးခေါင်းဆာင်များက “မိစ္ဆာကောင်ကို ရှောင်ကြဉ်” ဖို့ အချိန် ရောက်ပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
    ဂျူးဘုန်းတော်ကြီး ၅၄ ပါး ပါဝင်သော အဖွဲ့တစ်ဖွဲ့ နှင့် အမျိုးသမီး ဘာသာရေး ခေါင်းဆောင်များက မြန်မာအစိုးရကို လက်နက်ရောင်းချမှု ရပ်စဲရန် အစ္စရေးအစိုးရအား တောင်းဆိုလိုက်ကြောင်း The Jerusalem Post သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။
    မြန်မာနိုင်ငံမှာ ယခုတလော နိုင်ငံအနောက်ပိုင်း ရခိုင်ဒေသတွင် လူမျိုးတုန်းသုတ်သင်မှုပုံ ပေါ်နေသည့် ကိစ္စအတွက် ဝေဖန်ရှုတ်ချမှုကို ခံနေရပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် မြန်မာ လုံခြုံရေးတပ်ဖွဲ့များက စစ်ရာဇ၀တ်မှု ကျူးလွန်မှုများ ရှိခဲ့သည်ဟုလည်း စွပ်စွဲခံရထားရသည်။
    လက်မှတ်ရေးထိုးကြသော ဂျူးဘုန်းကြီးများထဲတွင် ဂျေရူဆလင်မြို့ရှိ Ramban ဂျူးဘုရားကျောင်း အကြီးအကဲ နာမည်ကျော်ဘုန်းတော်ကြီး Rabbi Benny Lau ၊ ဘီအစ် ဟီလဲလ်ဒေသ ဂျူးဘုန်းတော်ကြီးများဆိုင်ရာ အသင်းတော် ဂိုဏ်းချုပ်ဥက္ကဌ ဘုန်းတော်ကြီး Rabbi Meir Nehorai၊ အစိုးရ ၀န်ကြီးဟောင်းဖြစ်ပြီး အတူယှဉ်တွဲနေထိုင်ရေး တက်ကြွလှုပ်ရှားသူ ဘုန်းတော်ကြီး Rabbi Michael Melchior နှင့် ပညာရေးဝန်ကြီးဟောင်း Rabbi Shai Piron စသည့် အထင်ကရပုဂ္ဂိုလ်များလည်း ပါဝင်နေသည်။
    မြန်မာစစ်တပ်အား အစ္စရေးက စစ်လက်နက်ပစ္စည်း ရောင်းချမှုကို ရပ်ဆိုင်းရန် တရားရုံးချုပ်သို့ တင်ထားသည့် အသနားခံစာပါ အထောက်အထားများကို ရည်ညွှန်း၍ ‘အစ္စရာအီလ် တမန်တော်များ၏ အမျှော်အမြင်ပေါ်တွင် တည်ထောင်ထားသည့် ဂျူးနိုင်ငံအနေဖြင့် ထိုကဲ့သို့ စစ်တပ်မျိုးကို ကူညီပေးမှုမှာ’ စဉ်စား၍ပင်မရဟု ဘုန်းတော်ကြီးများက ထည့်သွင်းရေးသားခဲ့သည်။
    “‘ထိုသူတို့၏ နည်းလမ်းများသည်ကား နှစ်လိုဖွယ်အကောင်းဆုံး နည်းလမ်းများဖြစ်ပြီး ထိုနည်းလမ်းအားလုံးတို့သည်ကား ငြိမ်းချမ်းသာယာသော နည်းလမ်း ဖြစ်သတည်း’ ဟူသော တိုရာကျမ်း၏ အဆုံးမကို လိုက်နာကြသည့် ဂျူးဘုန်းတော်ကြီးများ၊ အမျိုးသမီး ဘာသာရေး ခေါင်းဆောင်များ၊ ပညာတတ်များ၊ လူ့အဖွဲ့စည်း ခေါင်းဆောင်များဖြစ်သည့် ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာပေါ်တွင် အဖျက်လုပ်ငန်းများ လုပ်နေသူများကို အစ္စရေးနိုင်ငံက အထောက်ပံ့ပေးနေမှုအား နှုတ်ဆိတ်၍ မနေနိုင်ပါ” ဟုလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
    အစ္စရေးနိုင်ငံ၏ စီးပွားရေးတွင် စစ်လက်နက် ရောင်းချတင်ပို့ခြင်းလုပ်ငန်းမှာ အရေးကြီးသည်ကို ဘာသာရေးခေါင်းဆောင်များက အသိမှတ်ပြုသော်လည်း စောင့်ကြည့်မှုနှင့် သင့်လျော်သည့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းကျောင်မှုများ လိုအပ်ကြောင်း၊ မြန်မာအစိုးရအား စစ်လက်နက်ရောင်းချခြင်းကို အဆုံးသတ်ရန်၊ လူသားမျိုးနွှယ်အပေါ်ကျူးလွန်သည့် ပြင်းထန်သောရာဇ၀တ်မှု့များတွင် ပါဝင်ပတ်သတ်နေသည့် တိုင်းပြည်များအား အစ္စရေးအစိုးရက လက်နက် တင်ပို့ရောင်းချခြင်း မပြုနိုင်မည့် ဥပဒေတစ်ခု ပြဌာန်းရန်လည်း ဘုန်းတော်ကြီးများက တိုက်တွန်းခဲ့သည်။
    ယခုနှစ် အစောပိုင်းက လွတ်လပ်သော ဥပဒေအကျိုးဆောင်နှင့် သုတေသီ Eitay Mack က မြန်မာအစိုးရအား လက်နက်တင်ပို့ ရောင်းချမှု လိုင်စင်ကို ဖျက်သိမ်းရေးနှင့် မြန်မာစစ်တပ်အနေဖြင့် စစ်ရာဇ၀တ်မှုများ၊ လူသားထုအပေါ် ရာဇ၀တ်မှုကျူးလွန်မှုများ ဆက်လက်လုပ်ဆောင်နေပါက ထပ်မံ၍ လိုင်စင်အသစ် မထုတ်ပေးရေး ကာကွယ်ရေးဝန်ကြီးဌာနအပေါ် အမိန့်တစ်ခု ထုတ်ပြန်ပေးရန် တရားရုံးချုပ်ကို တောင်းဆိုသည့် အသနားခံစာ တစ်စောင်ကို တင်သွင်းခဲ့သည်။
    မြန်မာနိုင်ငံရှိ အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည့် မြန်မာစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ စစ်တပ်မှ အခြားသော အကြီးတန်းတာဝန်ရှိသူများနှင့်အတူ ၂၀၁၅ ခုနှစ် စက်တင်ဘာလက အစ္စရေးနိုင်ငံကို လာရောက်ခဲ့ပြီး ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ စစ်စခန်းများကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်။
    မြန်မာစစ်တပ်မှာ အစ္စရေးမှ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှုအပြင် စစ်သားတစ်ချို့ကိုလည်း အစ္စရေးက လေ့ကျင့်ပေးမှုများရှိနေသည်ဟု သတင်းများ ကျယ်ကျုယ်ပြန့်ပြန့် ထွက်ပေါ်ထားသည်။
    မြန်မာစစ်တပ်အား စစ်လက်နက်ပစ္စည်းများ ရောင်းချမှုမပြုရေး အစ္စရေးတရားရုံးချုပ်သို့ တင်သွင်းထားသည့် အသနားခံစာကို ယနေ့မနက်ပိုင်းတွင် စတင်ကြားနာဖွယ် ရှိနေသည်။
    Ref: The Jerusalem Post
  • လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုထဲက ရုန်းမထွက်နိုင်သေးတဲ့ မြန်မာကာတွန်းများ
    လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုထဲက ရုန်းမထွက်နိုင်သေးတဲ့ မြန်မာကာတွန်းများ
    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media
    ကာတွန်းဆရာ အော်ပီကျယ်၏ တစ်ကွက်ကာတွန်း
    – ရိုဟင်ဂျာမွတ်စလင်တွေကို ရည်ရွယ်တဲ့ ကာတွန်းတွေဟာ ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ကို ပြန့်နှံ့နေပါတယ်။ ဒီပြဿနာအတွက် မြန်မာပြည်သူတွေရဲ့ သဘောထားဟာ နိုင်ငံတကာက ဝေဖန်မှုတွေနဲ့ တိုက်ရိုက်ကို ဆန့်ကျင်နေတာပါ။
    မြန်မာနိုင်ငံက အရပ်ဖက်ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်တွေရဲ့ အားပေးအားမြှောက်ပြုမှုနဲ့အတူ သတင်းအချက်အလက်စစ်ပွဲဟာ ပြင်းထန်လာခဲ့ပြီး ပြောင်လှောင်သရော်ချင်သူတွေ၊ တစ်ရာဖိုး ၃ ပုဒ်သမားတွေနဲ့ အင်တာနက်မှာ တစ်လွဲဝါဒဖြန့်တဲ့ အုပ်စုတွေဟာလည်း ဒီစစ်ပွဲမှာ အလုအယက် ပါဝင်လာကြပါတယ်။
    စစ်အာဏာရှင်ဟောင်းတွေကို ဝေဖန်ပြီး ပြည်သူတွေရဲ့ လေးစားမှုကို ရခဲ့တဲ့ ပြည်တွင်းက ကာတွန်းဆရာ တော်တော်များများဟာ လက်ရှိအချိန်မှာတော့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားလာပါတယ်။
    ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန် မျှဝေကြတဲ့ ကာတွန်းတစ်ကွက်မှာ မိကျောင်းတစ်အုပ်ဟာ သွေးသံရဲရဲနဲ့ ကိုက်ဖြတ်ခံထားရတဲ့ သတ္တ၀ါတွေရှိတဲ့ ကမ်းကနေ စိတ်အားထက်သန်နေတဲ့ အနောက်တိုင်းမီဒီယာတွေဆီ ကူးလာနေတာကို ဖော်ပြထားပါတယ်။
    “အီး.. ဟီး.. ဟီး ဇာတိမြေကို စွန့်ခွာပြေးခဲ့ရတာပါ” လို့ မိကျောင်းတစ်ကောင်က မိုက်ခရိုဖုန်းမှာ ငိုယိုပြောကြားနေပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြရတဲ့ ရိုဟင်ဂျာတွေရဲ့ ပြောကြားမှုကို ပြောင်လှောင်သရော်ထားတာဖြစ်ပါတယ်။
    “(ရိုဟင်ဂျာတွေ) ပြောဆိုတာတွေမှာ မမှန်တာတွေ ရှိပါတယ်” လို့ မြန်မာနိုင်ငံက ထင်ရှားတဲ့ ကာတွန်းဆရာ ဦးဝင်းနိုင်က ပြောပါတယ်။
    အသက် ၅၈ နှစ်အရွယ်ရှိပြီး ကလောင်နာမည် အော်ပီကျယ်လို့မှည့်ထားတဲ့ သူက အကြီးအကျယ် အာရုံစိုက်ခံနေရတဲ့ ကိစ္စကို ပြန်လည် တုန့်ပြန်ချင်နေတယ်လို့ ဆိုပါတယ်။
    “တိုင်းပြည်ချစ်စိတ်နဲ့ ကျွန်တော်တို့ ကာတွန်းတွေ ဆွဲနေတာပါ”
    အရာရာကို သံသယမျက်စိနဲ့ကြည့်တဲ့ အာဏာရှင်ဟောင်းတွေဟာ ပြည်သူတွေကို ဆယ်စုနှစ်ချီ နည်းပညာ၊ ကမ္ဘာ့အတွေးအမြင်၊ သဘောထားတွေနဲ့ ဝေးကွာအောင် လုပ်ခဲ့ပါတယ်။
    ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဖွင့်ပေးလိုက်ကတည်းက မြန်မာပြည်သူလူထုဟာ Facebook နဲ့ Twitter တို့လို ဆိုရှယ်မီဒီယာတွေကို အရူးအမူး သုံးစွဲလာကြပါတယ်။
    အခုအချိန်မှာတော့ ရိုဟင်ဂျာဆန့်ကျင်ရေး ကဲရဲ့ပြစ်တင်စကားတွေဟာ like တွေ၊ share တွေ ပလူပျံနေပြီး လူနည်းစုတွေအပေါ် အမြင်တွယ်နေတဲ့ ဘာသာရေးမုန်းတီးမှုကို ပိုပြီး အားကောင်းလာစေပါတယ်။
    ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ရိုဟင်ဂျာမွတ်စလင် ၄၃၀၀၀၀ လောက်ဟာ စစ်တပ်ရဲ့နှိမ်နှင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ကုလကတော့ ဒါကို ‘လူမျိုးစုလိုက် သုတ်သင်မှု’ လို့ ခေါ်ဝေါ် သုံးစွဲနေပါတယ်။
    ကမ္ဘာတစ်ဝှမ်းက ပြစ်တင်ရှုတ်ချမှုတွေဟာ ရိုဟင်ဂျာကို နိုင်ငံသားတွေအဖြစ် မသတ်မှတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ပုတ်ခတ်၊ ကဲ့ရဲ့ကြတဲ့ မြန်မာနိုင်ငံမှာ တုန့်ပြန်ရေးသဘောထားတစ်ခုကို ဖြစ်စေခဲ့ပါတယ်။
    ရိုင်းစိုင်းတဲ့ ပျက်ရယ်ပြုမှု၊ အင်တာနက်မှာ နာမည်ကျော်လိုမှု၊ ပြည်သူတွေရဲ့ သဘောထားအပေါ် လှေကြုံစီးမှုတွေနဲ့အတူ ကာတွန်းဆရာတွေဟာ ပြန်လည်တုန့်ပြန်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။
    ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မာလာလာ ယူစွဖ်ဇိုင်က ရှုတ်ချတဲ့အခါ ကာတွန်းဆရာတစ်ယောက်က မာလာရဲ့ ဦးခေါင်းထဲမှာ ဦးနှောက်အစား မစင်ရှိနေတဲ့ ကာတွန်းတစ်ကွက်ကို ရေးစွဲခဲ့ပြီး တာလီဘန်တွေက မာလာလာရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ပြုလုပ်ခဲ့ရတဲ့ ခွဲစိပ်ကုသမှုကို ခနဲ့ခဲ့တာ ဖြစ်ပါတယ်။
    Facebook စာမျက်နှာမှာ like ၁ သောင်းနီးပါး ရရှိခဲ့တဲ့ ဥက္ကာကြည်ဝင်းရဲ့ ကာတွန်းတစ်ကွက်မှာတော့ ကုလရဲ့ လိုဂိုကို အရှေ့အလယ်ပိုင်းက ခေါင်းပေါင်းဆောင်းထားတဲ့ ပုံဖော်ထားပြီး ကုလဟာ အာရပ်ကမ္ဘာနဲ့ ကြံရာပါဖြစ်တယ်ဆိုတဲ့ သဘောမျိုးကို ဖော်ပြချင်တာ ဖြစ်ပါတယ်။
    ရည်ရွယ်ချက်ဟာ ပြက်ရယ်ပြုဖို့ ဖြစ်ပေမယ့် ဒီကာတွန်းတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နေတဲ့ ရိုဟင်ဂျာထောက်ခံသူအုပ်စုတွေနဲ့ ရန်ဖြစ်နေကြတဲ့ ကီးဘုတ်သူရဲကောင်းတွေရှိရာ မြန်မာနိုင်ငံမှာ သူတို့အပေါ် အားလုံးက ရန်လိုနေတယ်လို့ ထင်နေတဲ့ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကို မီးထိုးပေးနေတာ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံက ဗုဒ္ဓဘာသာလူများစုကြီး ကြားထဲမှာ ပြန့်နှံ့နေတဲ့အမြင်က နိုင်ငံခြားမီဒီယာတွေ၊ NGO တွေဟာ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေကိုသာ အာရုံစိုက်ကြပြီး နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ပုတ်ခတ်စော်ကားနေတယ် ဆိုတာပါ။
    ဒေါ်အောင်ဆန်းစုကြည်က ဒီပြောကြားမှုကိုတွေကို ငြင်းဆိုခဲ့ပြီး ‘သတင်းအချက်အလက်အမှားရဲ့ ထိပ်ပိုင်းလေးသာဖြစ်တယ်’ လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
    မြန်မာနိုင်ငံ ပြင်ပကသူတွေဟာ စာနာနားလည်းမှု မရှိသူတွေဖြစ်တယ်လို့ အထင်ခံရပြီး တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေက သူတို့ကို ပုတ်ခတ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
    ရခိုင်မှာ တပ်တွေ အကြီးအကျယ်ချထားတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း Facebook ပို့စ်တွေမှာ ရိုဟင်ဂျာတွေကို ‘အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား’ လို့ ဆက်လက်သုံးစွဲနေပြီး ဒီအသုံးအနှုန်းဟာ ရိုဟင်ဂျာတွေကို တရားမ၀င် ခိုးဝင်သူတွေအဖြစ် ရှုတ်ချကာ နိုင်ငံတော် ကျောထောက်နောက်ခံပြု နှိမ့်ချခေါ်ဝေါ်တဲ့ အသုံးအနှုန်းလည်း ဖြစ်ပါတယ်။
    သတင်းစာတွေ၊ ရုပ်သံဆွေးနွေးမှုတွေနဲ့ ဆိုရှယ်မီဒီယာတွေကလည်း ဒီအသုံးအနှုန်းကို သံယောင်လိုက် သုံးနှုန်းကြပြီး ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကို ပြက်ရယ်ပြုကြတယ်လို့ မြန်မာဂျာနယ်လစ်ဇင်အင်စတီကျုက ဦးစိန်ဝင်းက ပြောပါတယ်။
    အကျယ်ဆုံးအသံတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ဖိနှိပ်ချုပ်မယ်မှုတွေကို တွန်းလှန်ခဲ့တဲ့ လူတွေဆီကနေ ထွက်လာနေတယ်လို့လည်း သူက ဆိုပါတယ်။
    “မီဒီယာ၊ အရပ်ဖက်အဖွဲ့တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ တုန့်ပြန်မှုတွေအတွက် ကျွန်တော် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ ကိုယ်နဲ့တူတဲ့သူတွေသာ မဟုတ်ဘဲ ထိခိုက်ခံစားရတဲ့ လူတွေအားလုံးအပေါ် ဂရုတစ်စိုက်ရှိဖို့ လိုပါတယ်”
    သောကြာနေ့မှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပက်ထရစ် မာဖီကလလည်း မြန်မာပြည်သူတွေအနေနဲ့ ရိုဟင်ဂျာတွေကို ရှုထောင့်ပြောင်းကြည့်ကာ စာနာနားလည်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
    ဒေါပမယ့် မောင်မောင်ဖောင်တိန်တို့လို ကာတွန်းဆရာတွေကတော့ သူတို့ရဲ့ ကာတွန်းတွေဟာ ‘ဘယ်လူမျိုး ဘယ်ဘာသာကိုမှ မစော်ကားဘူးလို့ ဆိုပါတယ်’
    သူ့ရဲ့ တစ်ကွက်ကာတွန်းတစ်ခုမှာ ရိုဟင်ဂျာမွတ်စလင်လို့ နာမည်တပ်ထားတဲ့ ကုလားအုတ်တစ်ကော်က မြန်မာအလံနဲ့ လုပ်ထားတဲ့ တဲတစ်ခုထဲကို ၀င်လာပြီး ‘လူ့အခွင့်အရေး’ လို့ ဟိန်းဟောက်မှုကြောင့် တဲထဲကလူဟာ ကြောက်လန့်ကာ ဖယ်ပေးလိုက်ရတဲ့ ပုံစံကို ဖော်ကျူးထားပါတယ်
    “တစ်ချို့လူတွေဟာ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ပိုပြီး လိုချင်နေတာကို ကျွန်တော် ရည်ညွှန်းတာပါ” လို့ သူ ပြောကြားခဲ့ပါတယ်။
    Ref: South China Morning Post
    (South China Morning Post တွင် ဖော်ပြထားသည့် Myanmar cartoonists lead the media in jeering Rohingya ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ဂျာမနီဝန်ကြီးချုပ် ၄ ကြိမ်မြောက် အနိုင်ရပြီး လက်ယာစွန်းများကို ထောက်ခံမှု မြင့်တက်
    ဂျာမနီဝန်ကြီးချုပ် ၄ ကြိမ်မြောက် အနိုင်ရပြီး လက်ယာစွန်းများကို ထောက်ခံမှု မြင့်တက်
    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media
    – ယမန်နေ့က ကျင်းပခဲ့သည့် ဂျာမနီနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်မှာ ၄ ကြိမ်မြောက် ပြန်လည်အရွေးခံခဲ့ရပြီး ၎င်း၏ပြိုင်ဘက် အမျိုးသားရေးဝါဒီများ ရွေးကောက်ခံရမှုမှာလည်း မြင့်တက်လာခဲ့သည်။
    မာကဲလ်၏ ခရစ်ယာန် ဒီမိုကရက်တစ်သမဂ္ဂပါတီမှာ မဲအရေအတွက် စုစုပေါင်း ၃၃ ရာခိုင်နှုန်းဝန်းကျင် ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ နှစ်ပေါင်း ၇၀ နီးပါးအတွင်း အဆိုးဝါးဆုံး ရလဒ်ဖြစ်သည်။
    လက်ရှိ မဟာမိတ်ဖြစ်ပြီး အဓိက ပြိုင်ဘက်ဖြစ်သည့် ဆိုရှယ်ဒီမိုကရက်များက မဲအရေအတွက် ၂၁ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၎င်းတို့မှာလည်း ကမ္ဘာစစ်အပြီး ဂျာမနီတွင် အဆိုးဝါးဆုံး ရလဒ်နှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
    လက်ယာစွန်းယောက် AfD ပါတီကမူ ၁၃.၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး နိုင်ငံ၏ တတိယအကြီးဆုံး နိုင်ငံရေးအင်အားစု ဖြစ်လာခဲ့ကာ ဂျာမနီနိုင်ငံရေး ရေစီးကြောင်းတွင် အကြီးမားဆုံး ပြောင်းလဲမှုကြီးလည်းဖြစ်သည်။
    မာကဲလ်ကမူ မိမိအနေဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ကို မျှော်လင့်ခဲ့သည်ဟု ရလဒ်ထွက်ပေါ်ပြီးနောက်ပိုင်း ထောက်ခံသူများကို ပြောကြားခဲ့ပြီး လက်ရှိတွင် မဟာမိတ်များကို ရှာဖွေသွားမည်ဟု ဆိုသည်။
    လက်ယာစွန်းရောက် ပြောင်းရွှေ့အခြေချသူ ဆန့်ကျင်ရေး၊ ယူရိုဆန့်ကျင်ရေး AfD မှာ လွန်ခဲ့သည့် ၄ နှစ်ကမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ မာကဲလ်၏ ဒုက္ခသည်လက်ခံရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည့် ပါတီလည်းဖြစ်သည်။
    Ref: Aljazeera
  • ကာ့ဒ်ဒေသ လွတ်လပ်ရေးပြည်သူ့ဆန္ဒခံယူပွဲအတွက် အီရတ်တွင် တင်းမာမှု မြင့်တက်
    ကာ့ဒ်ဒေသ လွတ်လပ်ရေးပြည်သူ့ဆန္ဒခံယူပွဲအတွက် အီရတ်တွင် တင်းမာမှု မြင့်တက်
    စက်တဘာ ၂၄၊ ၂၀၁၇
    M-Media
    – အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်ဒေသ လွတ်လပ်ရေးအတွက် ပြည်သူဆန္ဒခံယူရန် ၁ ရက်သာ လိုတော့သည့်အချိန်တွင် နိုင်ငံတစ်ဝှမ်း ထိုကိစ္စကို ဆန့်ကျင်နေကြပြီး တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
    ယနေ့မနက် နိုင်ငံအရှေ့ပိုင်း ဘာကူဘာမြို့တော်ကောင်စီရှေ့တွင် အီရတ်ပြည်သူများမှာ စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ကာ့ဒ်ဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲကို ရှုတ်ချသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး အဆိုပါ ဆန္ဒခံယူပွဲကို ပိတ်ပင်ရန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။
    ကာ့ဒ်ဒေသအစိုးရ (KRG) က ထိန်းချုပ်ထားသော ဒေသများ၊ ဘဂ္ဂဒတ်အစိုးရနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသော ဒေသတစ်ချို့ ပါဝင်သည့် အဆိုပါ ပြည်သူ့ဆန္ဒခံယူမှုမှာ ဥပဒေကြောင်းအရ တရားမ၀င်သော်လည်း ကာ့ဒ်လူမျိုးများ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို ဖန်တီးခွင့်ရရေးအတွက် ပထမဆုံးခြေလှမ်း ဖြစ်လာမည်ဖြစ်သည်။
    အီရတ်အစိုးရ၊ တူရကီ၊ အမေရိကန်၊ အီရန်နှင့် ကုလတို့မှာ အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကို ဆန့်ကျင်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပြီး ထိုသို့ဆောင်ရွက်မှုမှာ လက်ရှိ IS အကြမ်းဖက်အဖွဲ့ကို တွန်းလှန်နေရမှုမှ သွေဖည်သွားစေကာ ဒေသတွင်း ပိုမို မတည်မငြိမ်ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။
    စနေနေ့ကလည်း ကီရ်ကွတ်မြို့တွင် ပေါက်ကွဲမှုတစ်ခုကြောင့် ကာ့ဒ်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့မှ တာဝန်မယူသေးပေ။
    Ref: Aljazeera