News @ M-Media

Author: Ko Lay

  • အွန်လိုင်းသတင်းမှားကိစ္စ ကမ္ဘာတစ်ဝှမ်း အွန်လိုင်းအသုံးပြုများ စိုးရိမ်

    အွန်လိုင်းသတင်းမှားကိစ္စ ကမ္ဘာတစ်ဝှမ်း အွန်လိုင်းအသုံးပြုများ စိုးရိမ်

    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – အင်တာနက်စာမျက်နှာတွေမှာ သတင်းမှားတွေ ဖြန့်ဝေမှုနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်း အွန်လိုင်းအသုံးပြုသူတွေအကြား စိုးရိမ်စိတ်တွေ မြင့်တက်လာတယ်လို့ BBC ရဲ့ စစ်တမ်းကောက်ယူမှုမှာ တွေ့ခဲ့ရပါတယ်။

    နိုင်ငံပေါင်း ၁၈ နိုင်ငံက အွန်လိုင်းအသုံးပြုသူတွေကို မေးမြန်းရာမှာ ၇၉ ရာခိုင်နှုန်းက သူတို့အနေနဲ့ အင်တာနက် သတင်းမှာတွေကြောင့် သောကရောက်နေကြတယ်လို့ ဖြေကြားခဲ့ပါတယ်။

    ဒါပေမယ့် အစိုးရက ဒါတွေကို ထိန်းချုပ်ဖို့ လုပ်တဲ့ ကိစ္စတွေကိုတော့ အများစုက မနှစ်မြို့ကြဘဲ တရုတ်နဲ့ ယူကေတို့က ဖြေကြားသူအများစုကသာ အင်တာနက် ထိန်းချုပ်ရေးလုပ်ငန်းကို လိုလားတယ်လို့ စစ်တမ်းက ဆိုပါတယ်။

    ဘီဘီစီဟာ ၂၀၁၀ ခုနှစ်ကလည်း ဒီလို စစ်တမ်းကောက်ယူမှုတစ်ခု လုပ်ခဲ့ပြီး အဲဒီတုန်းက ဖြေကြားသူရဲ့ ၅၁ ရာခိုင်နှုန်းက အင်တာနက် ထိန်းချုပ်တာမျိုးတွေကို ဘ၀င်မကျဘူးလို့ ဆိုခဲ့ပေမယ့် အခုအချိန်မှာတော့ ၅၈ ရာခိုင်နှုန်းက မနှစ်မြို့ကြောင်း ပြောကြားခဲ့ပါတယ်။

    ဒီစစ်တမ်းကို ဇန်န၀ါရီနဲ့ ဧပြီလအကြားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တရုတ်၊ ယူကေ၊ နိုက်ဂျီးရီးယား၊ ဂျာမနီ၊ ဂရိ၊ ဘရာဇီးလ်တို့အပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံက အရွယ်ရောက်ပြီးသူ ၁၆၀၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာ အင်တာနက်အသုံးပြုမှု မြင့်တက်လာတာနဲ့အတူ သတင်းမှားတွေ ထုနဲ့ထည်နဲ့ ဖြန်ချီတာတွေကိုလည်း ရင်ဆိုင်လာရပြီး ဒီသတင်းမှားတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကမောက်ကမဖြစ်မှုနဲ့ နိုင်ငံတွေက ရင်ဆိုင်လာရပါတယ်။

    Ref : BBC

  • တိုင်းပြည်၏ ဒုံးကျည်စွမ်းအားကို တိုးမြှင့်သွားမည်ဟု အီရန်သမ္မ ကတိပြု

    တိုင်းပြည်၏ ဒုံးကျည်စွမ်းအားကို တိုးမြှင့်သွားမည်ဟု အီရန်သမ္မ ကတိပြု

    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    တီဟီရန်ရှိ ဒုံးကျည်ပြတိုက်မှ အီရန်ပြည်တွင်းဖြစ်ဒုံးကျည်များ

    – နိုင်ငံ၏ ဒုံးကျည်စွမ်းအားကို ပိုမိုတောင့်တင်းအောင် စွမ်းဆောင်သွားမည်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်ပြီး အမေရိကန်နှင့် တင်းမာမှုမြင့်တက်နေချိန်တွင် ပေါ်ထွက်လာသည့် မှတ်ချက်လည်းဖြစ်သည်။

    အစ္စလာမ့်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြို့တော်တီဟီရန်၌ ယနေ့ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ရူဟာနီက စစ်တပ်အား ထိုကဲ့သို့ ပြောကြားခဲ့ပြီး လိုအပ်သည်ဟု ယူဆသည့် အတိုင်းအတာအထိ ကြည်းတပ်၊ လေတပ်နှင့် ရေတပ် ၃ ခုစလုံးတွင် ဒုံးကျည်စွမ်းအား တိုးမြင့်အောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    “ကာကွယ်ရေးအတွက် စစ်တပ်ရဲ့စွမ်းအားကို ကျွန်တော်တို့ တိုးမြှင့်သွားမှာပါ။ ဒုံးကျည်စွမ်းအားကိုလည်း တိုးမြှင့်သွားမှာဖြစ်ပြီး ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့အတွက် ဘယ်သူ့ခွင့်ပြုချက်ကိုမှ တောင်းခံမှာ ဟုတ်ပါဘူး”

    ထို့ပြင် မိမိတို့၏ လက်နက်အင်အားမှာ ကာကွယ်ရေးအတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး၊ နိုင်ငံနှင့် ဒေသကို အင်အားကြီးနိုင်ငံများ၏ ကျူးကျော်မှု၊ အကြမ်းဖက်ဝါဒတို့မှ ကာကွယ်သွားမည်ဖြစ်ကြောင်း၊ မည်သူကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယီမင်၊ ဆီးရီးယားနှင့် ပါလက်စတိုင်းတို့မှ ဖိနှိပ်ချုပ်ချယ်ခံ ပြည်သူများကို ဆက်လက် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ရူဟာနီက ထည့်သွင်း ပြောကြားခဲ့သည်။

    အင်္ဂါနေ့ ကုလမိန့်ခွန်းတွင် အမေရိကန်သမ္မတ ထရမ့်က အီရန်မှာ အကြမ်းဖက်ဝါဒကို တင်ပို့နေပြီး၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ပြီး အီရန်နှင့် ချုပ်ဆိုထားသည့် နျူအရေး စာချုပ်ကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    ရူဟာနီက ထရမ့်၏ ထိုပြောစကားမှာ အသိဉာဏ်ကင်းမဲ့သော စကားမျိုးဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့ ကုလမိန့်ခွန်းတွင် ပြန်လည်တုန့်ပြန်ခဲ့သည်။

    Ref: RT

  • ဆော်ဒီအာရေဗျ၏ စိတ်ဝင်စားဖွယ်အချက် ၉ ခု

    ဆော်ဒီအာရေဗျ၏ စိတ်ဝင်စားဖွယ်အချက် ၉ ခု

    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ ထူထောင်တဲ့ အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ် စက်တင်ဘာ ၂၃ ရက်နေ့မှာ ကျင်းပ ပြုလုပ်လေ့ရှိပါတယ်။

    မနက်ဖြန်မှာကျရောက်မယ့် အဲဒီ အမျိုးသားနေ့ အခမ်အနားကို ဂုဏ်ပြုတဲ့အနေနဲ့ ဆော်ဒီရဲ့ ထူးခြားမှု ၉ ခုကို ဆော်ဒီအသင်းဌာနက Al-Arabiya က ဖော်ပြထားပါတယ်။

    ၁။ စကွဲယားကီလိုမီတာ ၈၃၀၀၀ လောက် ကျယ်ဝန်းတဲ့ ဆော်ဒီနိုင်ငံဟာ ကမ္ဘာ့ ၁၃ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။

    ၂။ မြစ်မရှိတဲ့ ကမ္ဘာ့အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။

    ၃။ မြို့တော်ရီယာ့ဒ်ဟာ ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ဈေးကွက် တည်ရှိရာနေရာဖြစ်ပြီး တစ်နေ့ကို ကုလားအုတ်ကောင်ရေ ၁၀၀ လောက် ရောင်းချရပါတယ်။

    ၄။ ဆော်ဒီဟာ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကို ရရှိတော့မှာဖြစ်ပါတယ်။ Kingdom Tower လို့ အမည်ပေးထားတဲ့ အဲဒီတာဝါဟာ ပေပေါင်း ၃၂၈၀ မြင့်ပါတယ်။

    ၅။ ကမ္ဘာ့အကြီးဆုံး ဗလီဝတ်ကျောင်းတော် ၂ ခု ရှိရာနေရာဖြစ်ပြီး အဲဒီ ဗလီဝတ်ကျောင်းတော်တွေကိုနှစ်စဉ် ကမ္ဘာတစ်ဝှမ်း သန်းပေါင်းများစွာသော ၀တ်ပြုသူတွေ လာရောက်ကြပါတယ်။

    ၆။ ကမ္ဘာ့ရှေးဟောင်းမြို့တွေထဲမှာပါဝင်တဲ့ ဆော်ဒီက ‘မာဒါအင် ဆာလေဟ်’ မြို့ဟာ ကုလရဲ့ ကမ္ဘာ့ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

    ၇။ ပင်လယ်ရေငံကနေ ဆားထုတ်လုပ်မှုမှာ ဆော်ဒီနိုင်ငံဟာ ကမ္ဘာ့နိုင်ငံအားလုံးထက် သာလွန်ပါတယ်။

    ၈။ ဆော်ဒီဟာ ကမ္ဘာပေါ်မှာ ရေနံရင်းမြစ် အများဆုံးနိုင်လည်းဖြစ်ပါတယ်။

    ၉။ ‘ရဘ်-အလ် ခါလီ’ ဒေသဟာ ကမ္ဘာပေါ်မှာ တစ်ဆက်တည်းရှိတဲ့ အကြီးဆုံး သဲကန္တာရဖြစ်ပါတယ်။ စကွဲယာကီလိုမီတာ ၆၅၀၀၀၀ ရှိတဲ့ အဲဒီ ကန္တာရဟာ ဆော်ဒီ၊ အိုမန်၊ ယူအေအီး၊ ယီမင်တို့နဲ့ ဆက်နေပါတယ်။

    Ref: Alarabiya

     

  • ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင်က ပြင်းပြင်းထန်ထန် ဝေဖန်ခြိမ်းခြောက်

    ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင်က ပြင်းပြင်းထန်ထန် ဝေဖန်ခြိမ်းခြောက်

    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ စိတ်ကစဥ့်ကလျားဖြစ်နေသူတစ်ဦးဖြစ်ပြီး ၎င်း၏ ခြိမ်းခြောက်မှုများအတွက် ‘ကြီးကြီးမားမား’ ပေးဆပ်ရမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ယနေ့မနက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထရမ့်မှာ ‘နိုင်ငံတစ်ခု၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်သူရန် မထိုက်တန်သူဖြစ်ကြောင်း’၊ ‘မီးဖြင့် ကစားရသည်ကို ကြိုက်နှစ်သက်သည့် လူပေလူတေ၊ ဂိုဏ်းစတားတစ်ဦးသာ ဖြစ်ကြောင်း’ ကင်ဂျုံအန်က ထည့်သွင်း ပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင်က ထိုကဲ့သို့ တိုက်ရိုက်ပြောဆိုခြင်းမှာ ရှားပါးသည့် ကိစ္စမျိုးလည်းဖြစ်သည်။

    ယခုကြေငြာချက် ထွက်ပေါ်မလာခင် နာရီပိုင်းအရင်က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အပေါ် အရေးယူမည်ဆိုသည့် ခေါင်းဆောင် ကင်ဂျုံအန်၏ စိတ်ပိုင်းဖြတ်မှုကို ဖြည့်ဆည်းပေးရန်အတွက် ပစိဖိတ်သမုဒ္ဒရာတွင် ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ထရမ့်မှာ အင်္ဂါနေ့ ကုလ အထွေထွေညီလာခံ မိန့်ခွန်းတွင် ကင်ဂျုံအန်အား ‘ဒုံးကျည်လူသား’ ဟု ပြောင်လှောင်ခေါ်ဝေါ်ခဲ့ပြီး မြောက်ကိုရီးယားကို လုံးဝ ဖျက်ဆီးသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ပိုမိုဆောင်ရွက်ရေး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကိုလည်း ထရမ့်က ယမန်နေ့တွင် လက်မှတ်ရေးထိုခဲ့သည်။

    Ref: Aljazeera