News @ M-Media

Author: Ko Lay

  • အမုန်းစကားများက ရခိုင်ပြဿနာကို ပိုမိုဆိုးရွားစေသည်ဟု ကန်ဒုနိုင်ငံခြားရေးဝန်ကြီး ပြော

    အမုန်းစကားများက ရခိုင်ပြဿနာကို ပိုမိုဆိုးရွားစေသည်ဟု ကန်ဒုနိုင်ငံခြားရေးဝန်ကြီး ပြော

    စက်တင်ဘာ ၂၄၊ ၂၀၁၇
    M-Media

    အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ

    – ဆိုရှယ်မီဒီယာက အမုန်းစကားတွေ၊ သတင်းအမှားတွေဟာ ရခိုင်ပြည်နယ်က လူမျိုးရေး တင်းမာမှုတွေကို ပိုမိုဆိုးဝါးစေတယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီက ပြောကြားလိုက်ပြီး အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရူထောင့်ပြောင်းကာ စာနာထောက်ထားမှု ပြသကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ်မြို့တော် စစ်တွေကိုပါသွားခဲ့တဲ့ ပက်ထရစ်မာဖီဟာ သောကြာနေ့မှာ သူ့ရဲ့ ခရီးစဉ်အကြောင်း မီဒီယာတွေကို ချပြမှုမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး ၀ဘ်စာမျက်နှာတွေမှာ ပြန့်နှံ့နေတဲ့ အမုန်းစကားတွေကို ရှုတ်ချဖို့လည်း လူ့အဖွဲ့အစည်းခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    “(ရခိုင်ပြည်နယ်က) ရှုပ်ထွေးမှုတွေကို ထပ်တိုးစေတဲ့ အကြောင်းအရာသစ်တွေထဲက တစ်ခုဟာ လက်ရှိ သုံးနေကြတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း ဖြစ်ပါတယ်။ အဲဒီမှာ အမုန်းစကားတွေ၊ အချက်အလက်အမှားတွေ တော်တော်များများ ရှိနေပါတယ်” လို့ မာဖီက ပြောကြားခဲ့ပါတယ်။

    မြန်မာပြည်သူတွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ပိုမိုကောင်းမွန်တဲ့ ရှုထောင့်ကနေကြည့်ပြီး စာနာနားလည်ပေးကြဖို့အတွက်လည်း ၀န်ကြီးက တိုက်တွန်းခဲ့ပါတယ်။

    “နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေကို ထည့်မတွက်ဘဲ ရိုဟင်ဂျာပြည်သူတွေရဲ့ ခံစားရမှုတွေကို သတိရဖို့၊ သူတို့အပေါ်မှာ နည်းနည်းလောက် စာနာနားလည်ပေးကြဖို့ မြန်မာနိုင်ငံ ပြည်သူတွေကို မေတ္တာရပ်ခံလိုပါတယ်”

    မြန်မာနိုင်ငံက အခြားသော တိုင်းရင်းသားလူနည်းစုတွေနည်းတူ ရိုဟင်ဂျာတွေဟာ စစ်အာဏာရှင် လက်ထက်မှာ ဆိုးဆိုးဝါးဝါး ဖိနှိပ်ချုပ်ချယ်ခံခဲ့ရသူတွေဖြစ်ပြီး ကမ္ဘာ့ ဖိနှိပ်ချုပ်ချယ်မှု အခံရဆုံး လူမျိုးစုအဖြစ် ကုလက သတ်မှတ်ထားပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန်ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၄ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက သတင်းထုန်ပြန်ထားပါတယ်။

    ရခိုင်တိုင်းရင်းသားတွေ အပါအ၀င် မြို့၊ ဒိုင်းနက်နဲ့ အခြားသော လူနည်းစုတိုင်းရင်းသားတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အစိုးရက ကယ်ဆယ်စောင့်ရှောက်ပေးထားကာ လတ်တလောမှာ သူတို့ရဲ့ မူလနေရာတွေဆီ ပြန်လည် သွားရောက် နေထိုင်နေကြပြီလို့ သိရပါတယ်။

    Ref: coconuts.co

  • ထရမ့်မှာ သေလမ်းရွေးနေသည်ဟု မြောက်ကိုရီးယား ဝေဖန်

    ထရမ့်မှာ သေလမ်းရွေးနေသည်ဟု မြောက်ကိုရီးယား ဝေဖန်

    စက်တင်ဘာ ၂၄၊ ၂၀၁၇
    M-Media

    ကုလ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောနေသည့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး

    – ထရမ့်အနေဖြင့် ၎င်း၏ စစ်မက်လိုလားသော မှတ်ချက်များအတွက် သတိထားရန် မြောက်ကိုရီးယားက ပြောကြားလိုက်ပြီး မိမိတို့ခေါင်းဆောင်မှာ အမေရိကန်ပြည်မကြီးကို ရှောင်လွှဲ၍မရသည့် ဒုံးကျည်ပစ်မှတ်အဖြစ် ပြုလုပ်သွားမည်ဟု သတိပေးခဲ့သည်။

    မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟွန်က ယမန်နေ့ ကုလအထွေထွေညီလာခံ မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “အချိန်အတော်ကြာ ကြိုးစားရုန်းကန်လာခဲ့ရပြီးတဲ့နောက် အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ နျူလက်နက်ပိုင် နိုင်ငံဖြစ်မယ့် နောက်ဆုံးတံခါးပေါက်ကိုရောက်ဖို့ ခြေလှမ်းအနည်းငယ်သာ လိုပါတော့တယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

    အင်္ဂါနေ့က ထရမ့်၏ ကုလမိန့်ခွန်းတွင် မြောက်ကိုရီးယားနိုင်ငံကို လုံးဝ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကလည်း ထရမ့်မှာ စိတ်မနှံသူဖြစ်သည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    ကြာသာပတေးနေ့က မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများ ထပ်မံပြုလုပ်သည့် အမိန့်တစ်ခုကို ထရမ့်က လက်မှတ်ရေးထိုးခဲ့ပြီး ထိုလုပ်ရပ်ကို တုန့်ပြန်သောအနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ရီဟွန်ယွန်က ရန်လိုသော အုပ်စုများက ပြုလုပ်သည့် ပြင်းထန်သော ပိတ်ဆို့မှုများကြောင့် မိမိတို့၏ ရပ်တည်ချက်ကို ပြောင်းလဲရန် စဉ်စားရတော့မည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား၏ ရည်ရွယ်ချက်မှာ အမေရိကန်နှင့် ပုခုံးချင်းယှဉ်ရန်ဖြစ်ပြီး ထရမ့်မှာ သေလမ်းရွေးနေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ကို ပိုင်းခြားထားသော စစ်မက်ကင်းစင်ဇုံ၏ မြောက်ဖက်စွန်းစွန်းတွင် ယမန်နေ့က အမေရိကန်ဗုံးကြဲလေယာဉ်များ ပျံသန်းအင်အားပြခဲ့သည်။

    Ref: Aljazeera

     

  • ပါကစ္စတန် ဂန္တ၀င်အမျိုးသမီးအဆိုတော် နူရ်ဂျဟန်းကို Google ဂုဏ်ပြု

    ပါကစ္စတန် ဂန္တ၀င်အမျိုးသမီးအဆိုတော် နူရ်ဂျဟန်းကို Google ဂုဏ်ပြု

    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်က ဂန္တ၀င် အမျိုးသမီးအဆိုတော် နူရ်ဂျဟန်းကို ဂုဏ်ပြုတဲ့အနေနဲ့ Google က Home page မှာ မနေ့က သူမရဲ့ပုံရိပ်ကို လွှင့်တင်ခဲ့ပါတယ်။

    မင်းသမီးလည်းဖြစ်တဲ့ နူရ်ဂျဟန်းရဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ အသက် ၉၂ နှစ်ပြည့်မြောက်မှုကို Google က ဂုဏ်ပြုတာ ဖြစ်ပါတယ်။

    သူမဟာ နှစ်ပေါင်း ၆၀ လောက် အနုပညာလောကမှာ ကျင်လည်ခဲ့ပြီး သီချင်းပေါင်းများစွာကို သီဆိုခဲ့ကာ ဂန္တ၀င်ဟင်ဒီသီချင်းတွေကြောင့် ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးမှာ အထူးကျော်ကြားပါတယ်။

    ၁၉၂၅ ခုနှစ် ပန်ဂျပ်က ဂီတမိသားစုကနေ ပေါက်ဖွားလာတဲ့ နူရ်ဂျဟန်းဟာ အသက် ၅ နှစ်အရွယ်မှာ သီချင်းစဆိုခဲ့ပြီး၊ နယ်လှည့်ဖျော်ဖြေပွဲတွေမှာ နာမည်ရလာပြီးတဲ့နောက် မိသားစုလိုက် ကိုလ်ကတားကို ပြောင်းလာခဲ့ပါတယ်။

    ပြဇာတ်ရုံတွေကနေတစ်ဆင့် ရုပ်ရှင်ပိတ်ကားအထိ တက်လှမ်းလာခဲ့ပြီး အိန္ဒိယ၊ ပါကစ္စတန် နှစ်နိုင်ငံ ကွဲသွားတဲ့နောက်မှာတော့ သူမဟာ ပါကစ္စတန်ကို ပြောင်းရွှေ့ကာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

    ပါကစ္စတန်စစ်တပ်အတွက် နာမည်ကျော် စစ်သည်တေး၊ စစ်ချီတေး တော်တော်များများကိုလည်း သူမက သီဆိုခဲ့ပါတယ်။

    ရုပ်လောကမှာ Malika-e-Tarannum ဇာတ်ကားနဲ့ ကျော်ကြားပါတယ်။ ၁၉၆၁ ခုနှစ်မှာ Chan Weyဇာတ်ကားကို တွဲဖက်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ပါကစ္စတန်ရဲ့ ပထမဆုံး အမျိုးသမီး ဒါရိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    သူမရဲ့ ပြောင်မြောက်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ပါကစ္စတန်အစိုးရက အရပ်သားတွေကိုပေးတဲ့ တတိယအမြင့်ဆုံး Sitara-i-Imtiaz ဂုဏ်ပြုဆု၊ စတုတ္ထအမြင့်ဆုံး Tamgha-e-Imtiaz ဂုဏ်ပြုဆုတွေကိုလည်း နူရ်ဂျဟန်းတစ်ယောက် ရရှိခဲ့ပါတယ်။

    သူမဟာ အသက် ၇၅ နှစ်အရွယ် ၂၀၀၀ ခုနှစ်မှာ ကာရာချီမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

    Ref: Alarabiya

  • ရခိုင်တွင် ကျူးလွန်သည်ဟုဆိုကာ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကန့်သတ်ရန် ကန်စဉ်းစားနေ

    ရခိုင်တွင် ကျူးလွန်သည်ဟုဆိုကာ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကန့်သတ်ရန် ကန်စဉ်းစားနေ

    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်မှုကို တုန့်ပြန်တဲ့အနေနဲ့ ထရမ့်အစိုးရဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ကန့်သတ်ဖို့ စဉ်းစားနေတယ်လို့ အိမ်ဖြူတော် အရာရှိတစ်ဦးက TIME မဂ္ဂဇင်းကို ပြောကြားလိုက်ပါတယ်။

    “မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက တရားဥပဒေအတိုင်း မဆောင်ရွက်မချင်း၊ အကြမ်းဖက်မှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု မရပ်တန့်မချင်း ဆက်ဆံရေး ဆက်ရှိဖို့ဆိုတာ မလွယ်ပါဘူး” လို့ အမျိုးသားလုံခြုံရေးကောင်စီက ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာပါ။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်း ၃၀ လောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေမှာ ရိုဟင်ဂျာအရပ်သားတွေ ပစ်မှတ်ထားခံနေရတယ်၊ ရွာတွေ၊ မီးရှို့ခံနေရတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
    ရှိနေတယ်လို့ နိုင်ငံတကာ စွပ်စွဲထားပြီး မြန်မာစစ်တပ်နဲ့ အစိုးရကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။

    အိမ်ဖြူတော်နဲ့ အမေရိကန်အစိုးရတို့က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေအပေါ် ကျူးလွန်မှုကို ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် အကူအညီတွေ စီစဉ်ပေးဖို့လည်း အစိုးရနဲ့ စစ်တပ်ကို ဆော်သြထားပါတယ်။

    ရခိုင်မှာ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပဲ မြန်မာအရာရှိတွေကို သင်တန်းပေးနေတာကို ယူကေက ဗုဒ္ဓဟူးနေ့မှာ ရပ်ဆိုင်းလိုက်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့အတွက် မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း ပေးပို့တာ၊ အမေရိကန်ရဲ့ နိုင်ငံတကာ စစ်ဖက်ပညာရေးနဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်စေတာ အပါအ၀င် မြန်မာစစ်တပ်အပေါ် တရားဝင်အကူအညီပေးတာမျိုးကို အမေရိကန်က ပိတ်ပင်ထားဆဲဖြစ်ပြီး ရခိုင်ကိစ္စမဖြစ်ခင် မြန်မာနဲ့ အမေရိကန်စစ်တပ်တို့ရဲ့ ဆက်ဆံရေးဟာ များများစားစား မရှိပါဘူး။

    အမေရိကန်လွှတ်တော်ကလည်း မြန်မာအစိုးရ၊ စစ်တပ်တို့နဲ့ ဆက်ဆံရေးကိစ္စကို ပြန်လည်သုံးသပ်နေပါတယ်။

    Ref: TIME