News @ M-Media

Author: Ko Lay

  • ARSA အဖွဲ့၏ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့များ စာထုတ်

    ARSA အဖွဲ့၏ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့များ စာထုတ်

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သဘောထားကြေငြာချက်တစ်စောင်ကို မြန်မာမွတ်စလင်မ် အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Social Alliance နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ  စုပေါင်းပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကြေငြာချက်ထဲမှာ ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အဖွဲ့ကို ရှုတ်ချကြောင်း၊ ရခိုင်ပြည်နယ်က ပြဿနာတွေကို အသုံးချပြီး လူမျိုးရေး၊ နိုင်ငံရေးပြဿနာကို ဘာသာရေးအသွင်ဆောင်ကာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို အဟန့်အတားအောင် လုပ်ဆောင်နေမှုကို ရပ်တန့်ရေး ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းပါကြောင်း၊ မိမိတို့အနေနဲ့ နိုင်ငံတော်အစိုးရ၊ ပြည်သူတစ်ရပ်လုံးနဲ့အတူ အစဉ်အမြဲ ရပ်တည်ပါကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့လနှောင်းပိုင်းကလည်း မြန်မာမွတ်စလင်မ် အရပ်ဖက် လူ့အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ရွေလက်ယာနဲ့ တွဲလက်မြန်မာ အဖွဲ့တို့ဟာ ARSA ရဲ့ ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း၊ ပြည်သူလူထုနဲ့အတူ အကြမ်းဖက်မှုတွေကို ရပ်တည်ရင်ဆိုင်သွားမှာဖြစ်ကြောင်း သဘောထားတွေပါဝင်တဲ့ ကြေငြာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

    Social Alliance နှင့် မိတ်ဖက်အဖွဲ့အစည်းတွေရဲ့  ကြေငြာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

     

    နိုင်ငံသား မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့စည်းများမှ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလျက်ရှိသော ဖြစ်စဉ်များနှင့် ပတ်သက်၍ သဘောထားကြေညာချက် (၂/၂၀၁၇)

    ရက်စွဲ။ ၂၀၁၇ စက်တင်ဘာ (၈)ရက်

    နိုင်ငံသား မြန်မာ မွတ်စလင် အရပ်ဘက်အဖွဲ့စည်းများဖြစ်သည့် Social Alliance နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလျက်ရှိသော ဖြစ်စဉ်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။

    ၁။ အပြစ်မဲ့အပြစ်ကင်းစင်သော လက်နက်မဲ့ အရပ်သားများအား တိုက်ခိုက်ခြင်းသည် အကြမ်းဖက်မှုဖြစ်ကြောင်း နိုင်ငံရေးဝေါဟာရတွင် အဓိပ္ပာယ်ဖွင့်ထားပါသည်။ အစ္စလာမ်ဘာသာကလည်း “ကမ္ဘာမြေပြင်ပေါ်၌ မည်သည့် အဖျက်အမှောင့် လုပ်ငန်းများကိုမှ မပြုလုပ်ရ”ဟု အတိ အလင်း တားမြစ်ထားပါသည်။ [ရည်ညွှန်း/“ထိုမှတပါးအသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးတော်ပြုတော်ထား သကဲ့သို့ပင် အသင်သည် လည်း သူတပါးတို့အား ကျေးဇူးပြုလော့။ အသင်သည် တိုင်းပြည်အတွင်း ပျက်စီးမှုကို မလိုလားလေနှင့် မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ပျက်စီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ”။ (ကုရ်အာန် ၂၈း၇၇)။ “၎င်းအပြင်အသင်တို့သည် ကမ္ဘာမြေပြင်ကိုတင့်တယ် ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်း မလုပ် ကြကုန်လင့်”(ကုရ်အာန် ၇း၅၆)] မြန်မာနိုင်ငံနှင့်တစ်သားတည်းဖြစ်နေသော မြန်မာမွတ်စလင်တို့သည် အမိမြန်မာနိုင်ငံနှင့် မြန်မာပြည်တွင်း၌ နေထိုင် သော ပြည်သူများ၏အကျိုးကိုသာ ဦးထိပ်ထားသူများဖြစ်ပြီး “မည်သည့်အခြေအနေမျိုးတွင်မဆို တရားမျှတမှုအား လက်မလွှတ်နှင့်”ဟူသည့် အစ္စလာမ်သာသနာတော်၏ ဆုံးမဩဝါဒများကို နာယူကျင့်သုံး သူများဖြစ်ပါသည်။ [ရည်ညွှန်း/“မိုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ရယူရန်အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ သက်သေခံရာတွင် တရားမျှတစွာ သက်သေခံသူများဖြစ်ကြလေကုန်။ ၎င်းအပြင် မည်သည့် လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကို မပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ”။(ကုရ်အာန် ၅း၈)]

    ၂။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ တဖန်ဖြစ်ပွားလာသည့်အတွက် ကျွန်ုပ်တို့ မြန်မာမွတ်စလင် အရပ်ဖက် အဖွဲ့အစည်း များအနေဖြင့် များစွာ အံ့ဩထိတ်လန့် စိုးရိမ်မိပါသည်။ အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ပေါ်လာနေသည့် အတွက် မိမိတို့အနေဖြင့် သတင်းအချက်အလက်များကို အချိန်ယူစောင့်ကြည့်သုံးသပ်ပြီးမှ ယခုကဲ့သို့သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။

    ၃။ ရခိုင်ပြည်နယ်ဒေသများတွင် အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိသော ARSA အကြမ်းဖက်အဖွဲ့အစည်းအား ကျွန်ုပ်တို့မြန်မာ မွတ်စလင်အရပ်ဖက်အဖွဲ့ စည်းများမှ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါသည်။ ထိုနည်းတူစွာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကိုပျက်ပြားစေရန်သော်လည်းကောင်း၊ ပဋိပက္ခများ ပိုမို ကြီးထွားလာစေရန်ရည်ရွယ်၍ လည်းကောင်း၊ သတင်းအမှားဖြန့်ချိ ပြောဆိုရေးသားမှုများကို ပြုလုပ်နေသော မည်သည့်လူပုဂ္ဂိုလ်နှင့် မည်သည့် အဖွဲ့အစည်းများကိုမဆို ကျွန်ုပ် တို့မှ ထပ်မံ၍ ပြင်းထန်စွာရှုတ်ချပါသည်။

    ၄။ ရခိုင်ပြည်နယ်ဒေသများတွင် ဖြစ်ပွားနေသော အကြမ်းဖက်မူများ ပဋိပက္ခများကြောင့် နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရမှု၊ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးရမှုများအပေါ် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များ၊ မိသားစုများနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ အဆိုပါဖြစ်ရပ်များကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်ခဲ့ရသည်ဟုကျွန်ုပ်တို့မှ ဆင်ခြင်မိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ရှေးဘုရင်မင်းများ လက်ထက်မှစပြီး မတူကွဲပြား သော လူမှုအဖွဲ့ အစည်း အသီးသီးတို့၏ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုဆိုင်ရာ ဂုဏ်ယူဖွယ် အလှတရားနှင့် ဓလေ့ကောင်းများကို ယခု ဖြစ်စဉ်များက အပြုသဘော မဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေမည်ကို မိမိတို့မှ အထူးပင်စိုးရိမ်မိပါသည်။

    ၅။ သို့ပါ၍ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့်လူမျိုးရေးနှင့် နိုင်ငံရေး ပြဿနာရပ်များအား ဘာသာရေးအသွင်ဆောင်ကာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို အဟန့်အတား ဖြစ်စေသော လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ၏ လုပ်ဆောင်ချက်များကို ရပ်တန့်စေရေးအတွက် နိုင်ငံတော်အစိုးရအကြီးအကဲများ၊ တပ်မတော်အကြီးအကဲများ၊ မီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းဝေဖန် ရှုတ်ချတည့်မတ် ထိန်းသိမ်းပေးပါရန် ကျွန်ုပ်တို့မှ လေးနက်စွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။ မိမိတို့ မြန်မာမွတ်စလင်အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူတစ်ရပ်လုံးနှင့်အတူ အစဉ်အမြဲ ရပ်တည်ပါကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။
    Contact Person : Tel 09 50 32498, 09 97 2056280, [email protected]

    ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ – Equal, အလင်းစက်ဝန်း၊ MMSN, Great Star

     

  • စာမတတ်သူပပျောက်ရေး တစ်နိုင်တစ်ပိုင်ကူညီနေတဲ့ မိုဟာမက် အယွဘ်

    စာမတတ်သူပပျောက်ရေး တစ်နိုင်တစ်ပိုင်ကူညီနေတဲ့ မိုဟာမက် အယွဘ်

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ စာတတ်မြောက်မှု အနိမ့်ဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေတဲ့ ပါကစ္စတန်နိုင်ငံမှာ မိုဟာမက် အယွဘ်ဆိုတဲ့လူတစ်ယောက်ဟာ စာတတ်မြောက်ရေးလုပ်ငန်းကို ဘယ်သူ့အကူအညီမှ မယူဘဲ တစ်နိုင်တစ်ပိုင် လုပ်ဆောင်နေပါတယ်။

    လွန်ခဲ့တဲ့ နှစ် ၃၀ အရင်က ကားဆေးနေတဲ့ ကလေးတစ်ယောက်ရဲ့ ပညာတတ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ စတင်ခဲ့တဲ့ အယွဘ်ရဲ့ ပန်းခြံအခြေပြု စာသင်ကျောင်းလေးဟာ အခုအချိန်မှာတော့ ကျောင်းသားပေါင်း ၂၀၀ ကျော်ရှိနေပြီး ထောင်နဲ့ချီတဲ့ ပညာတတ်တွေကိုလည်း မွေးထုတ်ပေးခဲ့ပြီးပါပြီ။

    အယွဘ်ရဲ့ အခမဲ့ပညာသင်ကြားမှု အစီအစဉ်အကြောင်း၊ သူကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အနာဂတ် ရည်မှန်းချက်တွေကို ဒီဗီဒီယိုမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

    Source – Aljazeera

  • အိန္ဒိယတွင် ၇ နှစ်အရွယ်ကျောင်းသား အသတ်ခံရမှု အစိုးရအပေါ် တင်းမာမှု မြင့်တက်

    အိန္ဒိယတွင် ၇ နှစ်အရွယ်ကျောင်းသား အသတ်ခံရမှု အစိုးရအပေါ် တင်းမာမှု မြင့်တက်

    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media

    – ဘတ်စ်ကား လက်မှတ်ရောင်းသူက အသက် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦးအား သတ်ဖြတ်မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံတွင် ဆန္ဒပြမှုမျာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    စီးပွားရေးမြို့တော် နယူးဒေလီတောင်ဘက် ဂုရုဂရမ်မြို့ရှိ Ryan International School ပုဂ္ဂလိကကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ အိမ်သာထဲတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

    ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အက်စ်ဟော့က်ဟုခေါ်သည့် ဘတ်စ်ကား လက်မှတ်ရောင်းသူကို ယမန်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါအမျိုးသားမှာ ကလေးငယ်အား လိမ်ပိုင်းဆိုင်ရာ စော်ကားရန် ကြိုးစားခဲ့ပြီး ကျောင်းသားလေးက အော်မည်ပြုသည့်အခါတွင် ဓားဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ဆင်မ်ရန်ဂျစ် ဆင်းက ပြောကြားခဲ့သည်။

    ပုဂ္ဂလိကကျောင်း၏ ယာယီကျောင်းအုပ်ကို ရာထူးမှ ဖယ်ရှားလိုက်သော်လည်း ကျောင်းသားမိဘများမှာ ယနေ့တွင် ဂုရုဂရမ်မြို့တစ်ဝိုက် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကာ ပညာရေးအာဏာပိုင်များအား အရေးယူရန် တောင်းဆိုခဲ့သည်။

    မနေ့ကလည်း ကျောင်းသားမိဘများမှာ ကျောင်းဆောင်အတွင်း ၀င်ရောက်၍ ပစ္စည်းများ၊ ပြတင်းပေါက်များကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

    ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသည့် အဖြစ်အပျက်မှာ ၁၀၈၅၄ ခုရှိခဲ့ပြီး တက်ကြွလှုပ်ရှားသူများကမူ ရဲတပ်ဖွဲ့သို့ တိုင်ကြားခြင်းမရှိသည့် အမှုပေါင်းများစွာ ရှိနေသည်ဟု ဆိုသည်။

    ကျူးလွန်သူများမှာ များသောအားဖြင့် ကျူးလွန်ခံရသူများနှင့် သိရှိသူများ ဖြစ်တတ်သည်ဟု ဆိုသည်။

    Ref: Aljazeera

  • နှစ် ၁၀၀ အတွင်း အပြင်းဆုံးမုန်တိုင်းတစ်ခု ကာရစ်ဘီယံဒေသနှင့် အမေရိကန်ကို ၀င်နေ

    နှစ် ၁၀၀ အတွင်း အပြင်းဆုံးမုန်တိုင်းတစ်ခု ကာရစ်ဘီယံဒေသနှင့် အမေရိကန်ကို ၀င်နေ

    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media

    ဟာရီကိန်းအာရ်မာကို ဂြိုဟ်တုမှတစ်ဆင့် မြင်တွေ့ရစဉ်

    – ကာရစ်ဘီယံဒေသ၌ တိုက်ခတ်နေသည့် ဟာရီကိန်း အာရ်မာရန်ကြောင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ သန်းနှင့်ချီသော ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ပေးထားသည်ဟု သိရသည်။

    ကာရစ်ဘီယံရှေ့ခြမ်းတွင် လူပေါင်း ၂၂ ဦး သေဆုံးခဲ့ပြီး အပျက်အဆီးများခဲ့သည့် ဟာရီကိန်း အာရ်မာမှာ လက်ရှိတွင် အားကောင်းသော အဆင့် ၅ မုန်တိုင်းအဖြစ် ကျူးဘားနိုင်ငံ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်နေသည်။

    ဟာရီကိန်း အာရ်မာမှာ နှစ် ၁၀၀ အတွင်း အတ္တလန်တိတ်ဒေသ၏ အဆိုးဝါးဆုံး မုန်တိုင်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပြီး တနင်္ဂနွေနေ့မနက်တွင် ဖလော်ရီဒါပြည်နယ်သို့ ၀င်ရောက်မည်ဟု ခန့်မှန်းထားသည်။

    လက်ရှိ ကျူးဘားနိုင်ငံတွင် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံး သတင်းများ ထွက်မလာသေးပေ။

    အမေရိကန်နိုင်ငံမှာ ၁၈၅၁ ခုနှစ်ကတည်းက ပြင်းအား အဆင့် ၅ ရှိ မုန်တိုင်း ၃ ခုဒဏ်ကို ခံစားခဲ့ရပြီး နောက်ဆုံးတစ်ခုမှာ ၁၉၉၂ ခုနှစ်က တိုက်ခတ်ခဲ့သော ဟာရီကိန်း အန်ဒရူးဖြစ်သည်။

    ဖလော်ရီဒါပြည်နယ်မှာ အမေရိကန်တွင် စတုတ္ထမြောက် လူနေထူထပ်သည့် ပြည်နယ်ဖြစ်ပြီး ပြည်နယ်လူဦးရေ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ၅.၆ သန်းမှာ လက်ရှိတွင် ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်း နေထိုင်နေရသည်။

    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ပြီးခဲ့သည့်တစ်ပတ်က ဟာရီကိန်းဟာဗီး တိုက်ခတ်ခဲ့ပြီး လူသေဆုံးမှုရှိခဲ့ကာ ပျက်ဆီးဆုံးရှုံးမှုလည်း များပြားခဲ့သည်။

    Ref: Aljazeera

  • မီးမလောင်၊ မပေါက်ကွဲနိုင်သည့် ဘတ္ထရီတစ်မျိုး အမေရိကန်တီထွင်

    မီးမလောင်၊ မပေါက်ကွဲနိုင်သည့် ဘတ္ထရီတစ်မျိုး အမေရိကန်တီထွင်

    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media

    အိမ်သုံး အီလက်ထရောနစ်ပစ္စည်းတွေမှာ အသုံးပြုနိုင်ပြီး ပေါက်ကွဲမှု၊ မီးလောင်မှု မရှိတဲ့ လစ်သီယံအိုင်းယွန်း ဘတ္ထရီတစ်မျိုးကို အမေရိကန်စစ်တပ် သုတေသနဌာန (ARL) က သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပါတယ်။

    – အိမ်သုံး အီလက်ထရောနစ်ပစ္စည်းတွေမှာ အသုံးပြုနိုင်ပြီး ပေါက်ကွဲမှု၊ မီးလောင်မှု မရှိတဲ့ လစ်သီယံအိုင်းယွန်း ဘတ္ထရီတစ်မျိုးကို အမေရိကန်စစ်တပ် သုတေသနဌာန (ARL) က သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပါတယ်။

    ဒီဘတ္ထရီရဲ့ လျှပ်ပျော်ရည်အဖြစ် ဆားပျော်ရည်ကို အသုံးပြုထားတာဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ်တဲ့ ဘတ္ထရီချောက်တွေနဲ့စာရင် အန္တရာယ်ပိုကင်းပါတယ်။

    ဒီတီထွင်မှုကို Joule ဂျာနယ်မှာ ဖော်ပြရာမှာ ARL က ပညာရှင် ကန်းဇူက အန္တရာယ်ရှိတဲ့ ဘတ္ထရီချောက်ကို အသုံးမပြုချင်တဲ့သူတွေအနေနဲ့ နီကယ် ဟိုက်ဒရိတ်၊ သတ္ထုဟိုက်ဒရိတ် ဘတ္ထရီကို အရင်က သုံးခဲ့ကြပေမယ့် အားကြာကြာမခံကြောင်း၊ မိမိတို့ အခုထုတ်လုပ်လိုက်တဲ့ လစ်သီယံဘတ္ထရီဟာ အားကြာကြာခံပြီး အန္တရာယ်လည်းကင်းကြောင်း ပြောကြားခဲ့ပါတယ်။

    အခု တီထွင်လိုက်တဲ့ ဘတ္တရီဟာ ၄ ဗို့အားရှိပြီး အိမ်သုံး အီလက်ထရောနစ်ပစ္စည်းတွေကို စွမ်းအင်ကောင်းကောင်း ပေးနိုင်မှာ ဖြစ်ပါတယ်။

    ဒေါက်တာဇူကတော့ ဘတ္တရီကို ခြွင်းချက်မရှိ ကောင်းမွန်စေဖို့အတွက် ဓာတုဆိုင်ရာ လိုအပ်ချက်တွေကို ထပ်မံထည့်သွင်းရမှာဖြစ်ကြောင်း၊ ငွေကြေးထောက်ပံ့မှု လုံလုံလောက်လောက် ရမယ်ဆိုရင် ၅ နှစ်အတွင်း စီးပွားဖြစ် ထုတ်လုပ်နိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    တစ်ကိုယ်ရည်သုံး အီလက်ထရောနစ်ပစ္စည်းတွေက ဘတ္ထရီတွေ ပေါက်ကွဲမှုဟာ အသုံပြုသူတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေကာ အသက်အန္တရာယ်ကို ထိခိုက်တဲ့အထိ ဖြစ်လေ့ရှိပါတယ်။

    မိုဘိုင်းဖုန်းလောကမှာ နာမည်ကြီး တံဆိပ်တစ်ခုဖြစ်တဲ့ ဆမ်ဆောင်းဟာ Galaxy Note 7 ဖြန့်ချီခဲ့ပြီးတဲ့နောက် ဘတ္ထရီပေါက်ကွဲမှုတွေကြောင့် ၂၀၁၆ ခုနှစ်မှာ ဈေးကွက်ကနေ ပြန်သိမ်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    Ref : BBC