News @ M-Media

Author: Ko Lay

  • ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်အတွက် ဆော်ဒီက တစ်နိုင်ငံလုံးကို အခမဲ့ ဖုန်းပြောခွင့်ပေး

    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်အတွက် ဆော်ဒီက တစ်နိုင်ငံလုံးကို အခမဲ့ ဖုန်းပြောခွင့်ပေး

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    ခြေစစ်ပွဲ အောင်မြင်ပြီးနောက် အောင်ပွဲခံနေသည့် ဆော်ဒီအသင်းသားများ

    – ဆော်ဒီလက်ရွေးစင် ဘောလုံးအသင်း ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှုကို ဂုဏ်ပြုသည့်အတွက် ဆော်ဒီ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီ Saudi Telecom Company (STC) က ပြည်သူများအား ၂ ရက်တာ အခမဲ့ ဖုန်းပြောခွင့် ပေးခဲ့သည်ဟု သိရသည်။

    STC ဖုန်းလိုင်းကို အသုံးပြုသူများမှာ ဒေသစံတော်ချိန် ကြာသာပတေးနေ့ မနက် ၁၂ နာရီမှ စနေနေ့မနက် ၁၂ နာရီအထိ ဖုန်းပြောခွင့်ရမည်ဖြစ်သည်။

    ကုမ္ပဏီစီအီးအို ဒေါက်တာ ခါလစ် အိခ်ျ ဘီယာရီက ယခုအစီအစဉ်တွင် ပြည်တွင်း၊ ပြည်ပသို့ အခမဲ့ ကြိုက်သလောက် ခေါ်ဆိုနိုင်မည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ အစီအစဉ်မှာ STC ၏ ကြိုတင်ငွေပေးစနစ်၊ လသွင်းစနစ် စသည့် ဖုန်းလိုင်းအားလုံးအတွက် အကျုံးဝင်ပြီး ဗုဒ္ဓဟူးနေ့မှစ၍ ပြည်သူများအား STC က မက်ဆေ့ပို့ အကြောင်းကြားခဲ့သည်။

    ဆော်ဒီမှာ အင်္ဂါနေ့က အုပ်စုနောက်ဆုံးပွဲတွင် ဂျပန်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားပြီး အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်ခဲ့ကာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့် ရခြင်းဖြစ်သည်။

    ဂျပန်၊ အီရန်၊ တောင်ကိုရီးယားတို့လည်း တိုက်ရိုက် ခြေစစ်ပွဲအောင်ခဲ့ပြီး ဆီးရီးယားနှင့် သြစတေးလျတို့မှာ play-off ကစားကာ နောက်ဆုံးအဆင့် တက်ရောက်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

    Ref: Alarabiya

  • မုန်တိုင်းဒဏ်ခံ အမေရိကန်များအတွက် ကာတာနှင့် ယူအေအီးက ဒေါ်လာ သန်း ၄၀ လှူမည်

    မုန်တိုင်းဒဏ်ခံ အမေရိကန်များအတွက် ကာတာနှင့် ယူအေအီးက ဒေါ်လာ သန်း ၄၀ လှူမည်

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    ဟာရီကိန်းဟာဗီး တိုက်ခတ်ပြီးနောက် မြင်ကွင်း

    – ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းဒဏ် ခံစားရသော ပြည်သူများအတွက် ကာတာက ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းမည်ဟု သိရသည်။

    အမေရိကန်ဆိုင်ရာ ကာတာသံအမတ် မက်စ်ဟဲလ် ဘင် ဟာမဒ် အလ် သာနီက ယမန်နေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မကြာသေးမီကမှ မတည်ခဲ့သည့် Qatar Harvey Fund ရန်ပုံငွေမှတစ်ဆင့် လှူဒါန်းမည်ဖြစ်သည်။

    ထိုလှူဒါန်းမှုမှာ တက္ကဆက် ကမ်းရိုးတန်းတွင် ဆိုးဆိုးဝါးဝါး  ထိခိုက်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အကြီးမားဆုံး လှူဒါန်းမှု ဖြစ်လာမည်ဖြစ်သည်။

    ကာတာ၏ ထောက်ပံ့မှုကို ရေကြီးမှုကြောင့် ပျက်ဆီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးတွင် သုံးစွဲရန် ရှိနေသည်။

    “တက္ကဆက်ပြည်သူတွေဟာ ဘယ်လိုမုန်တိုင်းမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်ပြီး ပိုမို ကြံ့ခိုင်စွာ၊ ပိုကောင်းတဲ့ အနေအထားနဲ့ ပြန်လည် ထူထောင်လာမှာ ဖြစ်ပါတယ်။ ကာတာကလည်း မိမိတို့ရဲ့ မိတ်ဆွေတွေကို ဘယ်လိုအချိုးအကွေ့မှာမဆို ကူညီဖို့ အဆင်သင့်ရှိပါတယ်” ဟု အလ်သာနီက ပြောကြားခဲ့သည်။

    ဟာရီကိန်း ဟာဗီးဒဏ်ခံ ပြည်သူများအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကလည်း ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းမည်ဟု ပြောကြားထားသည်။

    တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး အဘော့ မိမိတို့ပြည်နယ်နှင့် ကာတာနိုင်ငံမှာ ကာလရှည်လျားသည့် မိတ်ဖက်ဆက်ဆံရေးရှိကြောင်း၊ ကာတာအစိုးရ၏ ရက်ရောမှု၊ တက္ကဆက်ပြည်နယ်အား ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မက္ကဆီကိုတွင် အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

    မက္ကဆီကိုတွင် အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    ငလျင်အပြီး မြင်ကွင်း

    – မက္ကဆီကိုတောင်ပိုင်းတွင် ယမနေ့ညနှောင်းပိုင်းက အင်အားပြင်ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် နည်းဆုံး လူ ၁၅ ဦ သေဆုံးခဲ့သည်ဟု သိရသည်။

    မြေအောက် ကီလိုမီတာ ၇၀ တွင် လှုပ်ခတ်ခဲ့သည့် အဆိုပါ ငလျင်မှာ ပြင်းအား ၈.၂ မဂ္ဂနီကျုရှိပြီး နိုင်ငံသမိုင်းတွင် ရာစုနှစ်တစ်ခုအတွင်း အပြင်းဆုံး ငလျင်လည်းဖြစ်သည်။ ငလျင်ကြောင့် အဆောက်အဦးများ၊ ဆေးရုံများ ပြိုကျပျက်ဆီးမှု ရှိခဲ့ပြီး ပြည်နယ် ၃ ခုတွင် သေဆုံးသူမှာ ၁၅ ဦးအထိ မြင့်တက်လာခဲ့သည်။

    ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပွားခဲ့ပြီး အစိုးရက ကူညီကယ်ဆယ်မှုများ ပြုလုပ်နေကာ နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နိုင်သည်ဆိုသည့် သတိပေးချက်လည်း ထုတ်ပြန်ထားသည်။ ပြည်နယ် ၁၀ ခုရှိ ကျောင်းများကို အစိုးရက ပိတ်ပစ်ခဲ့သည်။

    ငလျင်အပြီး ပစိဖိကမ်းရိုးတွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိခဲ့ရသည်ဟု ပစိဖိ ဆူနာမီ သတိပေးစင်တာက သတင်းထုတ်ပြန်ထားပြီး လှိုင်းလုံးများမှာ ဒီရေအမြင့်ထက် ၁ မီတာကျော်ရှိသည်ဟု ဆိုသည်။

    ငလျင်ဒဏ်ကို ဂွာတီမာလာနိုင်ငံကလည်း ခံစားခဲ့ရသည်။

    Ref : Aljazeera

  • ရခိုင်တွင် မတည်ငြိမ်မှုအတွက် အလွန်စိုးရိမ်သည်ဟု စင်ကာပူ ဗုဒ္ဓဘာသာအသင်း ပြော

    ရခိုင်တွင် မတည်ငြိမ်မှုအတွက် အလွန်စိုးရိမ်သည်ဟု စင်ကာပူ ဗုဒ္ဓဘာသာအသင်း ပြော

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု မြင့်တက်လာသည့်အတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု စင်ကာပူဗုဒ္ဓဘာသာအသင်းက ပြောကြားလိုက်သည်။

    “ဘယ်လိုခေါင်းစဉ်မျိုးနဲ့ဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်အားလုံးကို ရပ်တန့်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု အဖွဲ့ဥက္ကဌ ဆရာတော် Seck Kwang Phing က ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်အတွင်း ထိခိုက်ခံစားရသူ အားလုံးအတွက် အလိုအပ်ဆုံး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီ MUIS က အလှူငွေ ကောက်ခံနေမှုကို မိမိတို့ အသင်းနှင့် အခြားသော ဗုဒ္ဓဘာသာအသင်းအားလုံးက အပြည့်အ၀ ထောက်ခံသည်ဟု ဆိုသည်။

    “ဘယ်လူမျိုး၊ ဘယ်ဘာသာဖြစ်ဖြစ် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဘုန်းတော်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။

    သြဂုတ်လနှောင်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်း ၃၀ ခန့်ကို ရိုဟင်ဂျာလက်နက်ကိုင် ARSA အဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားလာသည့် မတည်ငြိမ်မှုများကြောင့် ပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားများကို အစိုးရက ကယ်ဆယ် စောင့်ရှောက်ထားသည်။

    ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့သည့် ၂ ပတ်အတွင်း လူပေါင်း ၁၆၀၀၀၀ ကျော် ရှိနေသည်ဟု ကုလက ဆိုသည်။

    Ref: CNA

  • ရခိုင်ပြည်နယ်ပြဿနာအတွက် နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့

    ရခိုင်ပြည်နယ်ပြဿနာအတွက် နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    – တောင်အာဖရိက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေအပေါ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စာရေး တောင်းဆိုလိုက်ပါတယ်။

    ‘ညီမလို’ ချစ်ခင်၊ လေးစား တန်ဖိုးထားရသူအပေါ် ဒီလို လူသိရှင်ကြား ဖွင့်ဟဝေဖန်ရတာဟာ ‘ကြောက်စရာတွေ’ ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု’ တွေကို တွေ့မြင်လာတာကြောင့် ဖြစ်တယ်လို့လည်း အသက် ၈၅ နှစ်အရွယ် ဘုန်းတော်ကြီးရဲ့ စာထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က သူ့မအနေနဲ့ ကြီးထွားလာတဲ့ ဒီပြဿနာကို ကိုယ်တွယ်နေတယ်လို့ ပြောကြားထားပေမယ့် ဒက်စမွန်တူးတူးကတော့ နိုဘယ်ဆုရှင်ကို ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    “ကျွန်တော်ဟာ အသက်ကြီးနေပါပြီ၊ ကျန်းမာရေးလည်း မကောင်းသလို၊ တရားဝင် အငြိမ်းစားယူထားတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက မွတ်စလင်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေနဲ့ပတ်သက်ပြီး တော်တော်လေး စိတ်မကောင်းဖြစ်ရတာက ပြည်သူ့ရေးရာနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖျက်လိုက်ရတာမျိုးအထိ ဖြစ်ခဲ့ပါတယ်” လို့ စာရဲ့အစမှာ ရေးသားထားပါတယ်။

    မတရားမှုနဲ့ ပေးဆပ်ခဲ့ရမှုတွေကို မြန်မာပြည်သူတွေအပေါ် မေတ္တာထားမှု၊ သံယောဇဉ်ကြီးမှုတွေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တာကို အမှတ်ရစေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မိမိရဲ့ စားပွဲပေါ်မှာ နှစ်တော်တော်ကြာ အမှတ်တရ ထားရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖြောင့်မတ်မှန်ကန်မှု အမှတ်သညာဖြစ်ကြောင်းလည်း ဘုန်တော်ကြီးက ပြောကြားခဲ့ပါတယ်။

    “ညီမအနေနဲ့ အများပြည်သူရှေ့မှောက်ကို ပြန်ရောက်လာတဲ့အခါမှာ ရိုဟင်ဂျာလူမျိုးတွေ ကျူးလွန်ခံနေရတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေဟာ လျော့ပါးခဲ့ရပါတယ်။ ဒါပေမယ့် တစ်ချို့က ‘လူမျိုးစုလိုက်သုတ်သင်မှု’ တစ်ချို့က ‘ဖြည်းဖြည်းချင်း လူမျိုးတုန်းသတ်ဖြတ်မှု’ လို့ ခေါ်နေကြတဲ့ ဒီကိစ္စကြီးဟာ လတ်တလောမှာ ပိုပြီး အရှိန်မြင့်လာပါတယ်”

    ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဒေါ်အောန်းစုကြည်ရဲ့ နှုတ်ဆိတ်မှုဟာ ပေးဆပ်မှုကို ပိုမိုကြီးမားစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ချစ်ရပါသော ညီမရေ – တိုင်းပြည်မှာ အမြင့်စွင့်ဆုံးနေရာအတွက် ညီမရဲ့ နိုင်ငံရေးတန်ဖိုးဟာ နှုတ်ဆိတ်နေခြင်း ဖြစ်တယ်ဆိုရင်တော့ ဒီအတွက် ပေးဆပ်ရမှုဟာ သိပ်ကို ကြီးမားနက်ရှိုင်းမှာ အမှန်ပါပဲ။ ငြိမ်းချမ်းမှုမရှိတဲ့တိုင်းပြည်၊ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို အသိအမှတ်မပြုတဲ့၊ ကာကွယ်မပေးတဲ့ တိုင်းပြည်ဟာ လွတ်လပ်တဲ့တိုင်းပြည်တစ်ခု မဟုတ်ပါဘူး။ ဖြောင့်မတ်မှတ်ကန်မှုရဲ့ ပြယုဂ်တစ်ဦး ဦးဆောင်တဲ့ တိုင်းပြည်မျိုးမှာ ဒီလိုဖြစ်နေတယ်ဆိုတာလည်း မသင့်လျော်ပါဘူး။ ဒါဟာ ကျွန်တော်တို့ကို နာကျင်မှု တိုးစေပါတယ်”

    နောက်ဆုံးမှာတော့ ဒီလို တုန်လှုပ်စရာတွေကို ကြုံတွေ့နေရတဲ့အချိန်မှာ သတ္တိရှိရှိနဲ့ ကြံ့ကြံ့ခံနိုင်ဖို့၊ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ပြည်သူတွေ စည်းလုံးညီညွတ်ဖို့အတွက် လူသိရှင်ကြား ပြောကြားနိုင်ဖို့၊ မြင့်တက်လာတဲ့ ပြဿနာအပေါ်မှာ ကြားဝင်ဆောင်ရွက်ပြီး ပြည်သူတွေကို ဖြောင့်မတ်မှုလမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်ဖို့ ဆုတောင်းပါတယ်လို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက သူ့ရဲ့စာမှာ ရေးသားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ငြှမ်းပမ်းနှိပ်စက်ခံရတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ ကမ္ဘာ့ အထင်ကရပုဂ္ဂိုလ် တော်တော်များများဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရကို ဝေဖန်ခဲ့ကြပြီး အဲဒီအထဲမှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ၊ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့လည်း ပါဝင်ခဲ့ပါတယ်။

    Ref: The Guardian

    ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၏ ပေးစာ
    ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၏ ပေးစာ