News @ M-Media

Author: Ko Lay

  • အရှေ့ဂျေရုစလင် တင်းမာမှုအတွင်း မနေ့က ပါလက်စတိုင်း ၂ ဦး ထပ်မံသေဆုံး

    အရှေ့ဂျေရုစလင် တင်းမာမှုအတွင်း မနေ့က ပါလက်စတိုင်း ၂ ဦး ထပ်မံသေဆုံး

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    သောကြာနေ့က သေဆုံးသွားသည့် ပါလက်စတိုင်း ၂ ဦး၏ ဈာပနအခမ်းအနား

    – အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးက သိမ်းပိုက်လိုသည့် လုပ်ရပ်များမှ အစပြုသော ဆန္ဒပြမှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့က ပါလက်စတိုင်း ၂ ဦး သေဆုံးခဲ့သည်။

    အသက် ၁၇ နှစ်အရွယ် အိုဒေး နာဝါဂျာမှာ ဂျေရုစလင်အရှေ့ပိုင်း အလ်-အီဇာရီယာရွာတွင် အစ္စရေးတပ်ဖွဲ့၏ ကျည်အစစ်ဖြင့် ပစ်ခတ်မှုအတွင်း ရရှိသော ဒဏ်ရာများကြောင့် သေဆုံးခဲ့ပြီး အခြားတစ်ဦးဖြစ်သူ အသက် ၁၈ နှစ်အရွယ် အဘူဒစ်မှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များကို ပစ်ရန် ပြုလုပ်ထားသည့် ဓာတ်ဆီဗုံး ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က အလ်-အက်ဆာဗလီ အပြင်ဘက်ရှိ အစ္စရေးစစ်ဆေးရေးဂိတ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ဗလီဝင်ပေါက်များတွင် သတ္တုရှာဖွေရေးစက်များ၊ လုံခြံရေးကင်မရာများ တပ်ဆင်ကာ အစ္စရေးက ဗလီအား ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။

    ထိုလုပ်ရပ်ကို မကျေနပ်သည့်အတွက် ပါလက်စတိုင်းများမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဆန္ဒပြခဲ့ပြီး သောကြာနေ့တွင် ဗလီဝတ်ကျောင်းတော်ရှေ့၌ လူထောင်သောင်းချီပါဝင်သည့် ဆန္ဒပြမှုကြီးကို ပြုလုပ်ခဲ့သည်။

    အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြလူအုပ်ကို ကျည်အစစ်များ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး သောကြာနေ့တွင် ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့သည်။ ထိုအထဲတွင် တစ်ဦးမှာ ပါလက်စတိုင်းရှိ အစ္စရေး၏ တရားမ၀င် အခြေချအိမ်ယာများတွင် နေထိုင်သည့် ဂျူးများ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

    ပါလက်စတိုင်းတစ်ချို့ကလည်း အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သူများကို သောကြာနေ့က ဓားဖြင့်ထိုးမှုကြောင့် ၃ ဦး သေဆုံးခဲ့သည်။

    အစ္စရေးက အနောက်ဖက်ကမ်းသို့ ယမန်နေ့တွင် တပ်ဖွဲ့များ ထပ်မံစေလွှတ်ခဲ့ပြီး ဓားဖြင့်တိုက်ခိုက်မှုတွင် ပါဝင်သူတစ်ဦး၏ နေအိမ်ကို ၀င်ရောက်စီးနင်းကာ ၎င်း၏ ညီတစ်ဦးကို ထိန်းသိမ်းခဲ့သည်။ ထို့ပြင် အိမ်ကိုလည်း ဖြိုချရန် စီစဉ်နေသည်။

    ပါလက်စတိုင်းပိုင်နက်များတွင် ယခုကဲ့သို့ တင်းမာမှုများ မြင့်တက်မှုနှင့် ပတ်သက်၍ ဆွီဒင်၊ ပြင်သစ်နှင့် အီဂျစ်တို့၏ တောင်းဆိုမှုကြောင့် ကုလ လုံခြုံရေးကောင်စီမှာ မနက်ဖြန်တွင် တံခါးပိတ်အစည်းအဝေး ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

    Ref: Aljazeera

     

  • နောက်ဆုံးပေါ်နည်းပညာသုံး ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံသစ်တစ်ခု အီရန်ဖွင့်လှစ်

    နောက်ဆုံးပေါ်နည်းပညာသုံး ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံသစ်တစ်ခု အီရန်ဖွင့်လှစ်

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    – ဒုံးကျည်အစီအစဉ်ကြောင့် အမေရိကန်က ပိတ်ဆို့မှုများ တိုးမြှင့်ပြုလုပ်ထားသော်လည်း အီရန်နိုင်ငံမှာ ၎င်းတို့၏ ဒုံးကျည်ထုတ်လုပ်မှု စက်ရုံအသစ်တစ်ခုကို ယမန်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    စက်ရုံဖွင့်လှစ်သည့်နေရာကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဘဲ ထိုစက်ရုံမှ အမြင့် ၂၇ ကီလိုမီတာအထိ တက်နိုင်ပြီး ၁၂၀ ကီလိုမီတာအကွာအဝေးအထိ ရောက်နိုင်သည့် Sayyad 3 ဒုံးကျည်များကို ထုတ်လုပ်မည်ဖြစ်သည်။

    ပြည်တွင်းဖြစ် အဆိုပါဒုံးကျည်မှာ ရေဒါရှောင်ကွင်းနိုင်သော တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ ခရုဇ်ဒုံးကျည်များနှင့် ရဟတ်ယာဉ်များကို ပစ်ချနိုင်မည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး ဟိုစိန် ဒီဂ်ဟန်က ပြောကြားခဲ့သည်။

    “Sayyad 3 ဒုံးကျည်ဟာ ကမ္ဘာ့နောက်ဆုံးပေါ် နည်းပညာတွေကို အခြေခံပြီး ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာပါ”

    ထို့ပြင် မကြာသေးမီက အမေရိကန်နှင့် ဆော်ဒီတို့ ကန်ဒေါ်လာ ဘီလီယံ ၁၁၀ ဖိုး လက်နက်ဝယ်ယူရေး သဘောတူညီချက်မှာ အီရန်အပေါ် ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

    အီရန်၏ ဒုံးကျည်အစီအစဉ်အတွက် ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်က အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်များ ပြုလုပ်ခဲ့ပြီး အီရန်၏ မလိုမုန်းထားဖွယ်ကောင်းသည့် လုပ်ရပ်များမှာ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်၏ အပြုသဘောဆောင်သည့် ရလဒ်များကို ပျက်ဆီးစေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘော့စနီးယားဟာဇီဂိုဗီနာ (သို့) ဂျူးများအတွက် ဥရောပတွင် အလုံခြုံဆုံးနိုင်ငံ

    ဘော့စနီးယားဟာဇီဂိုဗီနာ (သို့) ဂျူးများအတွက် ဥရောပတွင် အလုံခြုံဆုံးနိုင်ငံ

    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media

    Source – Harretz

    Title of Article – Why Sarajevo’s Tiny Jewish Community Believes It’s in the Safest Place in Europe for Jews

    Translator – ကိုတင်ရီ

    ဆာရာယေဗိုရှိ Ashkenazi ဂျူးဘုရားကျောင်း အတွင်းပိုင်း

    – ဆာရာယေဗိုမြို့က သက်တမ်းရင့် ဂျူးဘုရားကျောင်းတစ်ခုဖြစ်တဲ့ Ashkenazi ရဲ့ ဂိတ်ပေါက်တံခါးတွေက သော့မခတ်ထားပါဘူး။ လုံခြုံရေးကင်မရာ၊ သတ္တုရှာဖွေရေးစက်တွေ မရှိသလို အဆောက်အဦးအပြင်ဘက်မှာ စောင့်ကြပ်နေတဲ့ ရဲကားဆိုတာလည်း မရှိပါဘူး။ ဘုရားကျောင်းထဲဝင်တဲ့အခါ ဘယ်သူကမှ စာရင်းမကောက်ပါဘူး။

    လူမျိုးရေးတင်းမာမှုတွေ နက်ရှိုင်းနေတဲ့ မွတ်စလင်နိုင်ငံက ဒီဘုရားကျောင်းဟာ ဥရောပမှာ လုံခြုံရေးအနည်းဆုံး ဂျူးဘုရားကျောင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ‘ဟိုလိုကတ်စ်’ ပြီးတဲ့နောက် ဥရောပမှာ အဆိုးဝါးဆုံး လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ခဲ့တဲ့ ဘော့စနီးယား ဟာဇီဂိုဗီနာနိုင်ငံဟာ ဥရောပတစ်တိုက်လုံးမှာ ဂျူးတွေအတွက် အလုံခြုံဆုံးနေရာတစ်ခု ဖြစ်နိုင်ပါသလား။

    ဘော့စနီးယား ဟာဇီဂိုဗီနာက လူပေါင်း ၁၀၀၀ လောက်သာရှိတဲ့ ဂျူးလူ့အဖွဲ့အစည်းအကြီးအကဲ ဂျာကော့ဘ် ဖင်စီကတော့ ဒီနိုင်ငံဟာ ဥရောပမှာ ဂျူးတွေအတွက် အန္တရာယ်အကင်းဆုံး နိုင်ငံဖြစ်တယ်လို့ ယူဆနေပါတယ်။

    “တံခါးတွေဖွင့်ထားတဲ့ ဒီနေရာမှာ ကျွန်တော်တို့ လုံခြုံတယ်လို့ ထင်ပါတယ်” လို့ ဖင်စီက ပြောကြားခဲ့ပါတယ်။

    Ashkenazi ဘုရားကျောင်းဟာ ဘော့စနီးယားတစ်နိုင်ငံလုံးမှာ အသုံးပြုနေတဲ့ တစ်ခုတည်းသော ဂျူးဘုရားကျောင်းဖြစ်ပြီး ဖင်စီကတော့ ဘော့စနီးယားဟာ ‘ဂျူးဆန့်ကျင်ရေး မရှိသလောက်ဖြစ်တဲ့ နိုင်ငံတွေထဲက တစ်ခု’ လို့ ဆိုပါတယ်။

    ဘော့စနီယက် မွတ်စလင်တွေ၊ အောသိုဒေါ့စ် ဆာ့ဘ်တွေနဲ့ ကက်သလစ် ခရိုအက်တွေအကြောင်း အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်တွေက သူတို့အုပ်စုတွေအကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြာင်း လူတွေတော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ စတုတ္ထဘာသာရေးအုပ်စုဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ ဂျူးတွေအကြောင်းတော့ သိချင်မှ သိကြပါလိမ့်မယ်။

    ‘ဥရောပရဲ့ ဂျေရုစလင်’ ‘ဘောလ်ကန်ဒေသရဲ့ ဂျေရုစလင်’ လို့ အမည်တွင်ခဲ့တဲ့ ခေတ်သစ် ဆာရာယေဗိုမြို့ဟာ ဘော့စနီးယားဟာဇီဂိုဗီနာရဲ့ အကြီးဆုံးမြို့တော် ဖြစ်ပါတယ်။ အရှေ့နဲ့အနောက်က ဘာသာစုံ၊ လူမျိုးစုံပေါင်းစုရာ ဒီမြို့တော်ကို ပထမဆုံးကို အော်တိုမန်တွေက အုပ်စိုးခဲ့ပြီး နောက်ပိုင်းမှာ သြစထရို-ဟန်ဂေရီယန် အင်ပါယာအောက် ရောက်သွားပါတယ်။

    ပြင်သစ်စတိုင် လက်ဖက်ရည်ကြမ်းဘားတွေနဲ့ တူရကီ ရှီရှားရုံတွေ ယှဉ်တွဲတည်ရှိနေတာမျိုးလို မြို့ရဲ့ ဘာသာစုံ၊ ယဉ်ကျေးမှုစုံ ရောထွေးယှက်နွယ်မှုကို ဒီနေ့ခေတ် ဆာရာယေဗိုရဲ့ လမ်းတွေမှာ ထင်ထင်ရှားရှား မြင်တွေ့နေရတုန်းပါ။

    “ဆာရာယေဗိုက ထူးခြားချက်တစ်ခုက ကျွန်တော်တို့ (ဂျူး) တွေဟာ အိမ်နီးချင်းတွေနဲ့ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာပါ။ နှစ်ပေါင်း ၄၅၀ သက်တမ်းရှိပြီဖြစ်တဲ့ ကျွန်တော်တို့ဟာ ဘော့စနီးယားလူ့အဖွဲ့အစည်းမှာ တော်တော်လေးကို ထဲထဲဝင်ဝင် ဖြစ်နေပါပြီ” လို့ ဖင်စီက ပြောကြားခဲ့ပါတယ်။

    ဒုတိယကမ္ဘာစစ် အိပ်မက်ဆိုး

    ဂျူးလူ့အဖွဲ့အစည်းအကြီးအကဲ ဂျာကော့ဘ် ဖင်စီ

    ဘော့စနီးယားက ဂျူးအများစုဟာ ၁၄၉၂ ခုနှစ် စပိန်မှာ ခရစ်ယာန်ဘာသာရေးအစွန်းရောက် အုပ်ချုပ်မှုအတွင်း မောင်းထုတ်ခံခဲ့ရတဲ့ စပိန်နဲ့ ပေါ်တူဂီဂျူးအနွယ်တွေကနေ ဆင်းသက်လာကြတဲ့ Sephardim ဂျူးတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဥရောပသားတွေရဲ့ အုပ်ချုပ်မှုထက် တူရကီအော်တိုမန်အုပ်ချုပ်မှုအောက်မှာ ပိုမိုကောင်းမွန်စွာ နေထိုင်ခဲ့ရကာ၊ နာဇီခေတ် ဂတ်တိုတွေကို အတင်းပြောင်းရွှေ့တာ မခံရဘူးလို့ ဖင်စီက ပြောပါတယ်။

    ၁၉၃၀ ပြည့်နှစ်တွေမှာ ဆာရာယေဗိုမြို့တစ်ခုတည်းမှာတင် ဂျူးလူမျိုး ၁၂၀၀၀ လောက်ရှိပြီး နိုင်ငံတစ်ဝှမ်းမှာ နောက်ထပ် နှစ်ထောင်လောက်ရှိတယ်လို့ ဖင်စီနဲ့ တစ်ခြားရင်းမြစ်တွေက ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ သိရပါတယ်။ ဒါပေမယ့် နာဇီတွေက ဂျူးတွေကို သတ်ဖြတ်ခဲ့တဲ့ ‘ဟိုလိုကက်စ်’ မှာ လူဦးရေလျော့သွားပြီး၊ နာဇီအစိုးရကို လိုလားတဲ့ ခရိုအက်ဖက်စစ်တွေရဲ့ သတ်ဖြတ်မှုကြောင့် ဂျူးတစ်သောင်းလောက် သေဆုံးသွားပါတယ်။

    အဲဒီအချိန်တုန်းက မွတ်စလင်တွေဟာ ဂျူးတွေကို ကြိုးစားကာကွယ်ပေးခဲ့ကြပြီး သူတို့ရဲ့ သူရသတ္တိကို ဒီကနေ့ ဆာရာယေဗိုမှာရှိနေတဲ့ ဂျူးပြတိုက်မှာ မှတ်တမ်းတင်ခြင်း ခံထားရပါတယ်။ အဲဒီပြတိုက်ဟာ အရင်က Sephardi တွေရဲ့ ဂျူးဘုရားကျောင်းတစ်ခုကို အသွင်ပြောင်းထားတာပါ။ တစ်ချို့မွတ်စလင်တွေကိုတော့ ဒီပြတိုက်က Righteous Among the Nations (နိုင်ငံအတွင်းမှ ဖြောင့်မတ်သူများ) ဆိုတဲ့ စာရင်းမှာ ထည့်သွင်းထားပါတယ်။

    ဘောလ်ကန်ဒေသက နိုင်ငံ ၆ နိုင်ငံပေါင်းပြီး ၁၉၄၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ‘ဖက်ဒရယ် ဆိုရှယ်လစ် ပြည်သူ့ ယူဂိုဆလားဗီယားနိုင်ငံ’ ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အချိန်မှာတော့ ဘော့စနီးယားဟာဇီဂိုဗီနာမှာ ဘာသာရေးကျင့်သုံးမှုတွေ နှိပ်ကွပ်ခံလာရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ယူဂိုစလားဗီယားသမ္မတဖြစ်လာတဲ့ ကွန်မြူနစ် တော်လှန်ရေးသမား ဂျိုဆစ် ဘရို့ဇ် တီးတိုးက ဂျူးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့ ဖင်စီက ဆိုပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်း တီးတိုးရဲ့ပါရှန်အဖွဲ့မှာ ဂျူးတော်တော်များများက ပါဝင်တိုက်ခိုက်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

    နောက်ဆုံး ၁၉၉၀ ပြည့်နှစ်တွေမှာ ယူဂိုဆလားဗီယား ပြိုကွဲပြီးနောက်ပိုင်း ဆိုးဆိုးရွားရွားဖြစ်မှာကို ကြောက်ရွံ့တာကြောင့် ဘော့စနီးယားဟာဇီဂိုဗီနာမှာရှိနေတဲ့ ဂျူးတွေထဲက လူ ၂၀၀၀ လောက်ဟာ အစ္စရေးကို ပြောင်းသွားခဲ့ကြပါတယ်။

    ဖင်စီကတော့ ဘော့စနီးယားမှာ ကျန်နေခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့တိုင်းပြည်နဲ့ တိုင်းပြည်အတွင်းက ဂျူးအဖွဲ့အစည်းတွေအတွက် တာဝန်ရှိနေတယ်လို့ ခံယူသူလည်း ဖြစ်ပါတယ်။ ဂျူးအဖွဲ့အစည်းတွေဟာ ဆာရာယေဗို ပိတ်ဆို့ခံထားရတဲ့ အချိန်တုန်းက လူမျိုး၊ ဘာသာ မခွဲခြားဘဲ ဆာရာယေဗိုသားအားလုံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးတဲ့လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြပါတယ်။

    ဟောလီးဝုဒ်က ရုပ်ရှင်ဇာတ်ညွှန်းတွေလို ဂျူးပြတိုက်မှာ မှတ်တမ်းတင်ထားတဲ့ အဖြစ်အပျက်တွေထဲက တစ်ခုမှာ နာဇီတွေလက်ထက် မွတ်စလင်အိမ်နီးချင်း ဟာရ်ဒါဂက်စ်မိသားစုက ဖွက်ပေးထားတာကြောင့် အသက်ရှင်ခဲ့တဲ့ ကာဗီလီယို့စ်မိသားစုဟာ နှစ်ပေါင်း ၅၀ ကြာမြင့်ခဲ့ပြီးတဲ့နောက်ပိုင်း ဆာရာယေဗိုမြို့ ပိတ်ဆို့ခံထားရမှုအတွင်း ဟာရ်ဒါဂက်စ်မိသားစုက သမီးတစ်ယောက်ကို လွတ်မြောက်စေကာ အစ္စရေးကို ခေါ်သွားတယ်လို့ ရေးသားထားပါတယ်။ အဲဒီအမျိုးသမီးဟာ နောက်ဆုံးမှာ ဂျူးဘာသာကို ပြောင်းသွားခဲ့ပါတယ်။

    လက်ရှိမှာ အရေအတွက် ကျဆင်းနေပေမယ့် ဖင်စီကတော့ ဘော့စနီးယား ဟာဇီဂိုဗီနာက ဂျူးအဖွဲ့အစည်းဟာ ဆက်လက်တောင့်ခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကောင်းမွန်တဲ့ လက္ခဏာတစ်ခုက ၁၅ နှစ်အတွင်း အစ္စရေးကို ပြောင်းသွားသူ တစ်ဦးသာရှိတာပါ”

    တကယ်တော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘော့စနီးယားမှာမွေးဖွားခဲ့တဲ့ ဂျူးလူငယ် ၂၀ လောက်ဟာ အစ္စရေးကနေ ပြန်လာခဲ့ပြီး သူတို့ရဲ့ ထူးခြားတဲ့သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်၊ အခမဲ့တက္ကသိုလ် တက်နိုင်ခွင့်၊ စိတ်ဖိစီးမှုမရှိဘဲ ပေါ့ပေါ့ပါးပါး အလုပ်လုပ်နိုင်တဲ့ လူနေမှုဘ၀တွေက သူတို့ကို စွဲဆောင်ခဲ့တာ ဖြစ်တာလို့ ဖင်စီက ဆိုပါတယ်။

    ပြီးတော့ သူတို့ထဲမှာ ကလေးမွေးဖွားမှုနှုန်း မြင့်တက်လာမှုလည်း ရှိနေပါတယ်။

    “၂၀၁၅ ခုနှစ်မှာ ရုတ်တရက် ကလေး ၁၀ ယောက် မွေးဖွားခဲ့ပါတယ်။ ဒါဟာ အံ့ဖွယ်ပါပဲ။ ဒါက ဒီနိုင်ငံမှာ သူတို့အတွက် အနာဂတ်ရှိတယ်လို့ လူငယ်တွေက ထင်တာကြောင့် ဖြစ်ပါတယ်” လို့ ဖင်စီက ပြောပါတယ်။

    ပွဲတော်များ

    မီလ်ဂျက်ကာ မြစ်ကမ်းနဖူးမှာတည်ရှိပြီး ခမ်းနားတဲ့ Ashkenazi ဘုရားကျောင်းမှာ သောကြာနေ့ညတိုင်း Shabbat ပွဲတော်ကို ကျင်းပကြပါတယ်။ ဆာရာယေဗိုက ဂျူးလူ့အဖွဲ့အစည်းမှာ အချိန်ပြည့် ဂျူးဘုန်းကြီး မရှိတာကြောင့် ဘော့စနီးယားမှာမွေးဖွားပြီး လက်ရှိ အစ္စရေးမှာ အခြေစိုက်တဲ့ ဂျူးဘုန်းကြီးတစ်ပါးဟာ ပွဲတော်နေ
့တွေမှာ ပြန်လာပြီး ဦးဆောင်ကျင်းပလေ့ ရှိပါတယ်။

    ဒီလအတွင်းက Shabbat ပွဲတော်တစ်ခုမှာ ဂျူးလူ့အဖွဲ့အစည်းက လူ ၄၀ လောက် ပါဝင်ခဲ့ကြပြီး စပိန်က ဂျူးတွေအသုံးပြုတဲ့ ‘လာဒီနို’ ဘာသာစကားနဲ့ ၀တ်ပြုဆုတောင်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဖယောင်းမီးဆိုင်းကြီးတွေ၊ ဟာလာလ်မုန်တွေ၊ ၀ိုင်တွေလို အစားသောက်တွေနဲ့ သီးချင်းတွေသီဆိုပြီး ပျော်ရွှင်စရာ အခမ်းအနားလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

    အဲဒီပွဲတော်ကို တက်ရောက်ခဲ့သူတွေထဲက အသက် ၂၄ နှစ်အရွယ် အန်ဒရီယာဟာ ဘော့စနီးယား ဟာဇီဂိုဗီနာမှာ မွေးဖွားသူဖြစ်ပြီး သူမက နိုင်ငံအတွင်း ယဉ်ကျေးမှုပေါင်းစုံ ရောထွေးယှက်နွယ်မှု၊ ဘာသာရေးသည်းခံမှုတွေကို ရရှိခဲ့စားနေရတယ်လို ဆိုပါတယ်။

    “ကျွန်မရဲ့ အိမ်နီးချင်းအများစုက မွတ်စလင်တွေပါ။ ရမ်ဇာန်ဥပုသ်လမှာ သူတို့နဲ့အတူ အပြင်ထွက် ကော်ဖီသောက်တာ၊ ဘက်လာဗာ အချိုမုန့်နဲ့ တစ်ခြားမုန့်တွေစားသောက်တာဟာ ရိုးရာတစ်ခုလို ဖြစ်နေပါပြီ။ ဒီနိုင်ငံက မွတ်စလင်နိုင်ငံဖြစ်ပေမယ့် ဥရောပနိုင်ငံတစ်ခုပါ။ ဂျူးတွေ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ပါဘူး”

    သူမရဲ့သူငယ်ချင်း အသက် ၂၁ နှစ်အရွယ် တီယာကလည်း အန်ဒရီယာရဲ့ ပြောကြားမှုကို သဘောတူခဲ့ပါတယ်။

    “ဒီကလူတွေက ဂျူးတွေကို မုန်းတီးဖို့ စိတ်မ၀င်စားဘူးရှင့်”

    ဘော့စနီးယားမွတ်စလင်အများစုက ဘာသာရေးမနွယ်တဲ့ အုပ်ချုပ်ရေးပုံစံကို သဘောကျပေမယ့် ၀ဟာဘီဝါဒ စိမ့်ဝင်ပြန့်နှံ့လာမှုအတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဘော့စနီးယားဟာဇီဂိုဗီနာက လူ ၂၀၀ လောက်ဟာ အရှေ့အလယ်ပိုင်းက IS အုပ်စုထဲဝင်ဖို့ ထွက်သွားကြတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

    ဥရောပအနောက်ခြမ်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့သလို ဂျူးတွေ တိုက်ခိုက်ခံရမှုမျိုး သူတို့နိုင်ငံမှာ ဖြစ်ဖို့ အလားအလာမရှိဘူးလို့ ဖင်စီက ယူဆနေပါတယ်။ ဆာယာယေဗိုက ဂျူးတွေကို တိုက်ခိုက်တာထက်စာရင် ဘရပ်ဆဲလ်နဲ့ ပဲရစ်တို့မှာ တိုက်ခိုက်မှုပြုလုပ်တာကမှ နိုင်ငံတကာစာမျက်နှာတွေမှာ ပိုပြီး ပြန့်နှံ့မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး တိုက်ခိုက်သူတွေမှာ ရှိကြမယ်လို့လည်း သူက ထောက်ပြပါတယ်။

    လက်ယာအစွန်းရောက်အုပ်စုတွေ အခြေခိုင်လာပြီး ၂၀၁၅ ခုနှစ် ပဲရစ်၊ ၂၀၁၄ ခုနှစ် ဘရပ်ဆဲလ်မှာ ဂျူးအသင်းအဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်လာတာကြောင့် ဥရောပအနောက်ခြမ်းက ဂျူးတွေမှာ ကြောက်ရွံ့စရာအကြောင်းအရင်း ရှိကောင်းရှိနိုင်ပေမယ့် ဘော့စနီးယားမှာတော့ ဆာ့ဘ်၊ ခရိုအက်နဲ့ ဘော့စနီယက်တွေအကြား တင်းမာမှုတွေကြောင့် ဂျူးတွေကို ဘယ်သူမှ အရေးတယူ မလုပ်ကြဘူးလို့ ဖင်စီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “သူတို့ ခင်ဗျားကို ကြိုက်တယ်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအုပ်စု ၃ ခုဟာ သူတို့အချင်းအချင်း မုန်းတီးမှုတွေနဲ့ပဲ အလုပ်များနေကြတာပါ”

    Ref: Haaretz

     

  • ဆန့်ကျင်မှုရှိသော်လည်း တောင်ပိုင်းစစ်အုပ်ချုပ်ရေးကို ဖိလစ်ပိုင်က သက်တမ်းထပ်တိုး

    ဆန့်ကျင်မှုရှိသော်လည်း တောင်ပိုင်းစစ်အုပ်ချုပ်ရေးကို ဖိလစ်ပိုင်က သက်တမ်းထပ်တိုး

    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media

    – မငြိမ်မသက်ဖြစ်နေသည့် နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် စစ်အုပ်ချုပ်ရေးဥပဒေကို ထပ်တိုးရန်အတွက် ဖိလစ်ပိုင်လွှတ်တော်အမတ်များက ယနေ့တွင် မဲပေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

    IS နှင့်ဆက်နွယ်နေသည့် စစ်သွေးကြွများမှာ အဆိုပါဒေသရှိ မာရာဝီမြို့ကို မေလကတည်းက သိမ်းပိုက်ထားပြီး သမ္မတဒူတာတေးက ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးကို သက်တမ်းတိုးလိုက်ခြင်းမှာ သူပုန်ထမှုကို နှိမ်နှင်းရန် လိုအပ်ချက်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုသို့ဆောင်ရွက်ခြင်းက သမ္မတအနေဖြင့် အာဏာကို ပိုမိုဆုပ်ကိုင်ထားနိုင်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။

    စစ်အုပ်ချုပ်ရေးထုတ်ပြန်မှုမှာ ဖိလစ်ပိုင်တွင် အထိမခံသည့် ကိစ္စတစ်ခုဖြစ်ပြီး အာဏာရှင် ဖာဒီနန်မားကို့စ် အုပ်စိုးမှု အချိန်အများစုတွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။

    လက်ရှိ တောင်ပိုင်းတွင် စစ်အုပ်ချုပ်ရေးဥပေဒ ထုတ်ပြန်ထားမှုမှာ ရက်ပေါင်း ၆၀ ဖြစ်ပြီး ယနေ့တွင် ကုန်ဆုံးမည်ဖြစ်ကာ သက်တမ်းထပ်တိုးမှုကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်သည်။

    လွှတ်တော်မဲခွဲမှုအတွင်း လွှတ်တော်အမတ်တစ်ချို့က IS အဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် မာရာဝီမြို့ကိုသာမကဘဲ ကျွန်းတစ်ခုလုံးအပေါ် စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုအတွက် မေးခွန်းထုတ်ခဲ့သည်။

    ထို့ပြင် အစိုးရ၏ ထိုဆုံးဖြတ်ချက်အတွက်လည်း ပြည်သူအချို့က ဆန္ဒပြခဲ့ကြသည်။

    Ref: BBC

     

  • မြောက်ကိုရီးယားနှင့် ဆက်ဆံနေသည့် စစ်တပ်ကြောင့် ကန်၏အရေးယူမှုကို မြန်မာခံရဖွယ်ရှိနေ

    မြောက်ကိုရီးယားနှင့် ဆက်ဆံနေသည့် စစ်တပ်ကြောင့် ကန်၏အရေးယူမှုကို မြန်မာခံရဖွယ်ရှိနေ

    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media

    – အရပ်သားအစိုးရက မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ငြင်းထားပေမယ့် စစ်တပ်က ဆက်ဆံရေးဆက်ရှိနေပြီး အဲဒီအဆက်အသွယ်တွေ လုံးဝပြတ်တောက်သွားအောင် ထရမ့်အစိုးရက ဖိအားပေးနေတယ်လို့ အမေရိကန်အစိုးရက လက်ရှိတာဝန်ရှိသူတွေနဲ့ အရင်ဝန်ထမ်းဟောင်းတွေက ပြောကြားလိုက်ပါတယ်။

    အခုတစ်ပတ်အစောပိုင်းမှာ အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ဂျိုးဆက်ပ်ယန်ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ စစ်တပ်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

    ဒီခရီးစဉ်ဟာ စစ်အာဏာရှင်လက်ထက် မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ ဆက်ဆံရေးအပေါ် အမေရိကန်က သောကဆက်ရှိနေတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ အမေရိကန်အစိုးရက အကြီးတန်းတာဝန်ရှိသူတစ်ဦးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    “အထူးသဖြင့် စစ်တပ်ချင်းဆက်ဆံရေးလို မြောက်ကိုရီးယားနဲ့ ဘယ်လို ထိတွေ့ဆက်ဆံရေးမျိုးမဆို မြောက်ကိုရီးယားရဲ့ ဒေသတွင်းနဲ့ ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်မှုကို အဆုံးသတ်ရေး ကြိုးစားမှုနဲ့ ဆန့်ကျင်နေတယ်ဆိုတာကို သတင်းစကားတစ်ခု ပေးလိုက်တာပါပဲ”

    မြောက်ကိုရီးယားနဲ့ မြန်မာတို့အကြား ဘယ်လို စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေလဲဆိုတာကိုတော့ ဒီ အမည်မဖော်လိုသူ အကြီးတန်းအရာရှိက ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ဒီနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးရုံး (DDI) အပေါ် ပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်နဲ့ ပြုံးယမ်တို့အကြား ဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး ‘အရင်ကတည်းကရှိနေတဲ့ စိုးရိမ်မှုတွေကို’ ရောင်ပြန်ဟပ်နေတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    မြန်မာကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ ၂၀၁၁ ခုနှစ်မတိုင်ခင်ကတည်းက မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဟာ အရင်က မြောက်ကိုရီးယားလုပ် လက်နက်တွေ တင်သွင်းတာ၊ မြောက်ကိုရီးယားကလူတွေကို မြန်မာနိုင်ငံခေါ်ပြီး အလုပ်ခိုင်းတာတွေ ရှိခဲ့ပြီး လက်ရှိမှာလည်း နှစ်ဖက်စစ်တပ်ဟာ ဆက်ဆံရေး အကြွင်းအကျန်တွေ ရှိနေသေးတယ်လို့ အမေရိကန်အစိုးရအဖွဲ့ဝင်ဟောင်းနှစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နျူကိစ္စက ပူးပေါင်းဆောင်ရွက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

    ပိတ်ဆို့မှုတွေ ရှိလာနိုင်

    မြောက်ကိုရီးယားကိစ္စနဲ့ စက်ဆပ်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူမယ့် အခြေအနေမျိုး ဖြစ်လာနိုင်မှုကိုလည်း လက်ရှိ အမေရိကန်အစိုးရအဖွဲ့ဝင်က ငြင်းဆိုခဲ့ခြင်းမရှိပါဘူး။

    “ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် အခြေအနေက ထူးထူးခြားခြား ဆိုးဆိုးရွားရွား ဖြစ်လာမယ်ဆိုရင်တော့ ပိတ်ဆို့မှုအပါအ၀င် အခြားနည်းလမ်းတွေ ရှိနေပါတယ်”

    မြောက်ကိုရီးယားနဲ့ဆက်ဆံရေးအတွက် လက်ရှိအချိန်အထိ အမေရိကန်ဟာ မြန်မာနိုင်ငံကို သံတမန်နည်းနဲ့ပဲ အဓိ့ထားလုပ်ဆောင်နေပါတယ်။

    အမေရိကန်အစိုးရ တာဝန်ရှိသူကတော့ မြန်မာအနေနဲ့ မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ဖြတ်တောက်တယ်လို့ အမေရိကန်က မယုံကြည်မချင်း အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ ပုံမှန်ဖြစ်ဖို့ ခက်ခဲမယ်လို့ ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဂျိုးဆက်ပ်ယန် မြန်မာနိုင်ငံကို မလာခင်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက မြောက်ကိုရီးယားနဲ့ မြန်မာတို့ဟာ ပုံမှန်ဆက်ဆံရေးသာရှိပြီး စစ်တပ်ချင်းဆက်ဆံရေး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်အစိုးရ တာဝန်ရှိသူကတော့ ယခင် မြောက်ကိုရီးယားနဲ့ဆက်ဆံရေး အကြွင်းအကျန်တွေ ရှိနေသေးတယ်ဆိုတာ မြန်မာအာဏာပိုင်တွေက ယတိပြတ်ငြင်းဆိုတာမျိုး မရှိဘူးလို့ဆိုပြီး ရှိနေတဲ့ဆက်ဆံရေးက အရင်ကလောက်မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: Reuters