News @ M-Media
Author: Ko Lay
  • အလ်-အက်ဆာဗလီကိစ္စကြောင့် အစ္စရေးနှင် အဆက်အသွယ်ဖြတ်မည်ဟု ပါလက်စတိုင်း ကြေငြာ
    အလ်-အက်ဆာဗလီကိစ္စကြောင့် အစ္စရေးနှင် အဆက်အသွယ်ဖြတ်မည်ဟု ပါလက်စတိုင်း ကြေငြာ
    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media
    ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်
    – အလ်-အက်ဆာဗလီအား ထိန်းချုပ်ရန် အစ္စရေး၏ ကြိုးစားမှုကို ပါလက်စတိုင်းများက ဆန္ဒပြမှုတွင် ဆိုးဆိုးဝါးဝါး ဖြစ်လာခဲ့ပြီးနောက် အစ္စရေးနှင့် အဆက်အသွယ်အားလုံး ဖြတ်တောက်မည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    “အလ်-အက်ဆာဗလီမှာ လုပ်ထားတဲ့ သူတို့ရဲ့ ဆောင်ရွက်မှုတွေ ရပ်တန့်ပြီး လက်ရှိအနေအထားအတိုင်း ထားတဲ့အချိန်အထိ အစ္စရေးနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်သွားမယ်လို့ ကျွန်တော် ကြေငြာပါတယ်” ဟု အဘတ်စ်က ရုပ်သံမှထုတ်လွှင့်သည့် မိန့်ခွန်းအတိုတွင် ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က အလ်-အက်ဆာဗလီအပြင်ဘက် အစ္စရေးစစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဗလီဝတ်ကျောင်းတော် ဂိတ်ပေါက်ဝတွင် အစ္စရေးက သတ္တုရှာဖွေရေးစက်များ၊ ကင်မရာများ တပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းများကို ထိုလုပ်ရပ်ကို မကျေနပ်သောကြောင့် မနေ့က အကြီးအကျယ် ဆန္ဒပြခဲ့သည်။
    အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့ကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် တစ်ဦးမှာ ဂျူးအခြေချနေထိုင်သူတစ်ဦး၏ ပစ်သတ်မှုကြောင့် ဖြစ်သည်။
    ထိုကိစ္စနှင့်ပတ်သက် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အခြေချအိမ်ယာတွင် ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဂျူး ၃ ဦး သေဆုံးခဲ့သည်။
    အစ္စရေးကို ကုလက ရှုတ်ချ
    ပါလက်စတိုင်း ဆန္ဒပြသူများကို အစ္စရေးက အင်အားသုံးနှိမ်နင်းသည့်မြင်ကွင်း
    ဆန္ဒပြသူများအား အစ္စရေးက အင်အားသုံး နှိမ်နင်းမှုအတွ အလွန်အမင်း စိတ်ထိခိုက်ရသည်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယနေ့တွင် ပြောကြားခဲ့သည်။
    ထို့ပြင် အစ္စရေး၏ ထိုသတ်ဖြတ်မှုများကို ရှုတ်ချခဲ့ကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လည်း ဆော်သြခဲ့သည်။
    ဂျေရုစလင်မြို့ဟောင်းရှိ မတည်ငြိမ်သောအခြေအနေကို ပိုမိုဆိုးဝါးစေည့် လုပ်ရပ်များ မလုပ်ရန် အစ္စရေးနှင့် ပါလက်စတိုင်းခေါင်းဆောင်များကို အထွေထွေအတွင်းရေးမှူးက တိုက်တွန်းခဲ့ပြီး အဆိုပါ ဘာသာရေးဆိုင်ရာ နေရာများမှာ အကြမ်းဖက်မှုမဟုတ်ဘဲ အပြန်အလှန်နားလည်မှုထားရာ နေရာဖြစ်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။
    ဂူတာရက်စ်၏ ပြောကြားမှုကို ကိုးကား၍ ကုလ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာရ်ဟန် ဟက်က ကုလအနေဖြင့် ‘လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို နားလည်သော်လည်း အလ်-အက်ဆာဗလီ၏ လက်ရှိအခြေအနေကို ထိန်းသိမ်းရန်မှာ အရေးကြီးသည်’ ဟု ပြောကြားခဲ့သည်။
    Ref: Aljzeera
  • နာမည်ကြီး ၀ရမ်းပြေးဘုန်းကြီး ၀ီရပိုကို ထိုင်းက လိင်အပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲ
    နာမည်ကြီး ၀ရမ်းပြေးဘုန်းကြီး ၀ီရပိုကို ထိုင်းက လိင်အပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲ
    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media
    သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာသည့် ၀ီရပို
    – အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်မှုအပါအ၀င် ပြစ်မှုများစွာကြောင့် အမေရိကန်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ထိုင်းနာမည်ကြီးဘုန်းကြီးမှာ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် စွဲချက်များစွာဖြင့် တရားစွဲဆိုခံထားရသည်ဟု သိရသည်။
    အသက် ၃၈ နှစ်အရွယ်ရှိပြီး သာသနာ့ဘွဲ့ Nen Kham ဟု အမည်ရသည့် ၀ီရပို ဆူက်ဖိုလ်မှာ အမေရိကန်တွင် လူဝတ်လဲထားသော်လည်း ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အချိန်တွင် သင်္ကန်းကို ၀တ်ဆင်ထားခဲ့သည်။
    ထို့နောက် ကြာသာပတေးနေ့တွင် အစိုးရရှေ့နေများက ရာဇ၀တ်မှုဆိုင်ရာ ခုံရုံး၌ အမှု ၂ ခုဖွင့်ကာ ကွန်ပျူတာအက်ဥပဒေချိုးဖောက်မှု၊ လိမ်လည်မှု၊ ငွေကြေးခါဝချမှု၊ အသက်မပြည့်သေးသူနှင့် လိင်ဆက်ဆံမှု၊ ကလေးပြန်ပေးဆွဲမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။
    တရားရုံးက အမှုများကိုလက်ခံခဲ့ပြီး ၀ီရပို ဆူက်ဖိုလ်က စွဲချက်များကို ငြင်းဆိုခဲ့သည်။ စက်တင်ဘာ ၁၈ ရက်နေ့တွင် တရားစွဲဆိုမှု၊ အထောက်အထားများနှင့် သက်သေစာရင်းများအတွက် အကြိုကြားနားမှုတစ်ခုပြုလုပ်ရန် သတ်မှတ်ထားသည်။
    ၀ီရပို ဆူက်ဖိုလ်ကို လက်ရှိတွင် လူဝတ်လဲကာ Remand အကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး အကျဉ်းထောင်အတွင်း အခြားအကျဉ်းသားများအား တရားဟောကြားမှုမပြုရန် ထောင်ပိုင် Krit Krasaethip က အမိန့်ထုတ်ထားသည်။
    Krit က ၀ီရပိုမှာ ၎င်း၏ တရားဟောစွမ်းရည်ကို အသုံးပြုကာ အခြားသောအကျဉ်းသားများအား စွဲဆောင်နိုင်ကြောင်း၊ ယခုကဲ့သို့ တရားဟောခွင့် ပိတ်ထားသော်လည်း မနက်နှင့် ညနေ ဘုရားဝတ်တက်ချိန်များတွင် သွားရောက်ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။
    Nen Kham အမည်ခံထားသည့် ဘုန်းကြီးဘ၀တွင် ၀ီရပိုမှာ စည်းဇိမ်ခံမှုကြောင့် ကျော်ကြားပြီး အကောင်းစားတံဆိပ်များကို အသုံးပြုခြင်း၊ ကိုယ်ပိုင်လေယာဉ်ဖြင့် ခရီးထွက်ခြင်းတို့ကြောင့် သတင်စာခေါင်းကြီးပိုင်းတွင် ပါဝင်ခဲ့သည်။
    တရားစွဲဆိုခံထားရသည့် ၀ီရပို
    Ref: Bnagkok Post
  • သတင်းစာရှင်းလင်းပွဲမှာ ယန်ဟီးလီ ဘာတွေပြောခဲ့သလဲ
    သတင်းစာရှင်းလင်းပွဲမှာ ယန်ဟီးလီ ဘာတွေပြောခဲ့သလဲ
    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media
    – NLD အစိုးရသစ်လက်ထက်မှာ ၃ ကြိမ်မြောက် မြန်မာနိုင်ငံကို လာရောက်ကာ နိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို ၁၂ ရက်ကြာ လေ့လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီဟာ ခရီးစဉ်နဲ့ပတ်သက်ပြီး မနေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
    စစ်အာဏာရှင်အတိုင်း ကန့်သတ်မှုတွေရှိဆဲ
    လီက အစိုးတပ်နဲ့ တိုင်းရင်းသားသူပုန်တွေအကြား တိုက်ခိုက်မှုတွေအတွင်း စစ်တပ်က အရပ်သားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံအရှေ့မြောက်ပိုင်း သူသွားလိုတဲ့နေရာတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ သွားရောက်ခွင့်မရခဲ့ဘဲ အရင်လာရောက်မှုတွေထက်ကို ပိုပြီး ကန့်သတ်ချုပ်ချယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
    ပြီးခဲ့တဲ့လမှာ ဂျာနယ်လစ် ၃ ဦးကို စစ်တပ်က ထိန်းသိမ်းခဲ့တဲ့နေရာကိုလည်း ယန်းဟီးလီ သွားရောက်ခွင့်မရခဲ့ဘဲ ဒီ ဂျာနယ်လစ်တွေဟာ တရားမ၀င်အသင်းအဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ပုဒ်မနဲ့ တရားစွဲဆို ခံထားရပါတယ်။ ယန်ဟီးလီကတော့ ဒီလူ ၃ ဦး ထိန်းသိမ်းခံထားရတဲ့နေရာဟာ ခရီးသွားတွေနဲ့ လူသိများတဲ့နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
    သူမနဲ့ တွေ့ဆုံတဲ့သူတွေကို စောင့်ကြည့်တာ၊ ရဲတပ်ဖွဲ့ အထူးဌာနကလို့ ထင်ရတဲ့ ထောက်လှမ်းရေးတွေက လိုက်နေတာဟာလည်း လက်ခံနိုင်စရာမရှိဘူးလို့ အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
    “အရင်အစိုးရက ချမှတ်ခဲ့တဲ့ နည်းလမ်းတွေကို အခုအစိုးရက ဆက်လက်အသုံးပြုနေတာကို မြင်ရတဲ့အတွက် စိတ်ပျက်တယ်လို့ ပြောပါရစေ။ အရင်ခေတ်တွေတုန်းက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ ဂျာနယ်လစ်တွေ၊ အရပ်သားတွေဟာ နောက်ကလိုက် စောင့်ကြည့်ခံရတယ်၊ စစ်ဆေးမေးမြန်းခံခဲ့ရတာတွေ ရှိပါတယ်။ ဒါတွေဟာ အခုအချိန်အထိ ဆက်ဖြစ်နေတုန်းပါပဲ” လို့ ယန်းဟီလီက ပြောကြားခဲ့ပါတယ်။
    ရခိုင်ကိစ္စ
    ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ယန်ဟီးလီက ယခင်က မလုပ်ပေးခဲ့တဲ့ ရိုဟင်ဂျာကလေးငယ်တွေကို မွေးစာရင်းထုတ်ပေးရေးအပါအ၀င် ကိုဖီအန်နန်ကော်မရှင်ရဲ့ အကြံပေးချက်တစ်ချို့ကို အစိုးရက အကောင်အထည်ဖော်နေမှုအတွက် ချီးကျူးခဲ့ပေမယ့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းရဲ့ အခြေအနေက တိုးတက်မှု မဆိုစလောက်သာ ရှိတယ်လို့ ဆိုပါတယ်။
    “ပြီးခဲ့တဲ့ဇန်န၀ါရီက ကျွန်မလာရောက်ခဲ့တဲ့အချိန်ကနဲ့ယှဉ်ရင် ရိုဟင်ဂျာတွေရဲ့ ယေဘူယျအခြေအနေက မတိုးတက်သလောက်ဖြစ်နေပြီး ရခိုင်မြောက်ပိုင်းက အခြေအနေက ပိုပြီး ရှုပ်ထွေးလာပါတယ်”
    အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုတွေရှိနေတာ၊ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သူတွေကို ရိုဟင်ဂျာစစ်သွေးကြွလို့ ဆိုတဲ့သူတွေက သတ်ဖြတ်နေတာတွေဟာ နှစ်ဖက်အဖွဲ့ကြားမှာ ညပ်နေတဲ့ ရိုဟင်ဂျာတော်တော်များများကို တုန်လှုပ်ခြောက်ခြားစေတယ်လို့လည်း အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
    မြန်မာအစိုးရ၏ တုန့်ပြန်မှု
    ဇူလိုင် ၂၁ ရက် ရက်စွဲနဲ့ ဒီနေ့မနက်မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ခရီးစဉ်အဆုံးသတ် ထုတ်ပြန်ချက်အပေါ်မှာ မိမိတို့အနေနဲ့ စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။
    “ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသော ပြည်တွင်းပဋိပက္ခ၊ အထီးကျန်မှုနှင့် ဖွံဖြိုးတိုးတက်မှု နောက်ကျခဲ့မှုတို့ကြောင့် ဖြစ်ပေါ်သည့် ပြဿနာများကိုဖြေရှင်းရာ၌ တွေ့ကြုံရသည့် အခက်အခဲများကို အထူးအစီရင်ခံစာတင်သွင်းသူ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြလိမ့်မည်ဟု မျှော်လင့်ခဲ့ပါသည်။ သို့သော် အထူးအစီရင်ခံစာတင်သွင်းသူ၏ ထုတ်ပြန်ချက်တွင် ယေဘုယျဆန်သောစွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များစွာပါဝင်နေပါသည်” လို့ အချက် ၉ ချက်ပါဝင်တဲ့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    ဒီမိုကရေစီထွန်ကားတဲ့နိုင်ငံဖြစ်ပေါ်ရေး ကြိုးပမ်းဆောင်ရွက်ရာမှာ စိန်ခေါ်မှုများစွာ ရှိနေပြီး အဲဒီစိန်ခေါ်မှုတွေကို ချက်ခြင်းဖြေရှင်းနိုင်မှာမဟုတ်တာကို လက်ခံထားကြောင်း၊ အားလုံးအတွက် လွတ်လပ်ပြီး ညီမျှတဲ့အခွင့်အရေး၊ တရားမျှတမှုရှိရေးအပေါ် အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်တစ်ရပ်ကို တည်ဆောက်ရန် အစိုးရက သန္ဓိဌာန်ချထားပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနရဲ့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။
    Ref: Reuters, State Counsellor Office
  • ဗလီထဲမ၀င်ရသည့်အတွက် အပြင်တွင်ဝတ်ပြုနေသည့် ပါလက်စတိုင်းတစ်ဦးကို အစ္စရေးစစ်သားက ကန်ကျောက်
    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media
    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်က အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးရဲ့ သိမ်းပိုက်လိုတဲ့ လုပ်ရပ်တွေကို မကျေနပ်လို့ မနေ့က ဆန္ဒပြမှုအတွင်း ဗလီဝတ်ကျောင်းတော်အပြင်ဘက်မှာ ၀တ်ပြုနေတဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ကန်ကျောက်ခဲ့တာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့သောကြာနေ့က အလ်-အက်ဆာ ဗလီအပြင်ဘက် အစ္စရေးစစ်ဆေးရေးဂိတ်မှာ ပါလက်စတိုင်း ၃ ဦးက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အစ္စရေးရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး၊ ပါလက်စတိုင်း သေနတ်သမားတွေလည်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။
    အဲဒီနောက်ပိုင်းမှာ အစ္စရေးက သောကြာနေ့ဝတ်ပြုမှုကို ပိတ်ပင်ကာ ဗလီဝတ်ကျောင်းတော်ကို ပိတ်ပစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် အာရပ်နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ရှုတ်ချမှုတွေ ရှိလာတာကြောင့် တနင်္ဂနွေနေ့မှာ ဗလီကို ပြန်ဖွင့်ပေးခဲ့ပေမယ့် သတ္တုရှာဖွေရေးစက်တွေ၊ လုံခြုံရေးကင်မရာတွေ မြောက်များစွာ တပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းတွေကတော့ ဒါကို လက်မခံတဲ့အတွက် ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး ဒဏ်ရာရှိသူတွေ တော်တော်များများ ရှိခဲ့ပါတယ်။
    မနေ့က သောကြာနေ့ဝတ်ပြုမှုအတွက်လည်း အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်အတွင်း အသက် ၅၀ အောက် အမျိုးသားတွေကို အစ္စရေးက ၀င်ခွင့်မပြုတဲ့အတွက် ပါလက်စတိုင်းပြည်သူတွေဟာ ဗလီအပြင်ဘက်မှာ ၀တ်ပြုခဲ့ရပါတယ်။
    စနေနေ့မနက်မှာ ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းက အစ္စရေးရဲ့ တရားမ၀င်အခြေချနေအိမ်ယာမှာ နေထိုင်သူတွေကို ပါလက်စတိုင်းတစ်ချို့က ဓားနဲ့လိုက်ထိုးတာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။
  • အာရှချန်ပီယံရှစ်ခြေစစ်ပွဲတွင် မြန်မာ ယူ၂၃ အသင်း နှစ်ပွဲဆက်နိုင်ပွဲရယူ
    အာရှချန်ပီယံရှစ်ခြေစစ်ပွဲတွင် မြန်မာ ယူ၂၃ အသင်း နှစ်ပွဲဆက်နိုင်ပွဲရယူ
    ဇူလိုင် ၂၁၊ ၂၀၁၇
    M-Media
    – အာရှ ယူ ၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု F ဒုတိယပွဲစဉ်တွေကို ဒီကနေ့ညနေက သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားရာမှာ မြန်မာအသင်းက ဘရူးနိုင်းအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် အခြေအနေကောင်းသွားပြီဖြစ်ပါတယ်။
    အဓိက ကစားသမား ၄ ဦးကို အနားပေးထားပေမယ့် မြန်မာသင်းဟာ ဒီပွဲမှာ အခက်အခဲသိပ်မရှိခဲ့ဘဲ ပထမပိုင်းမှာတင် ငြိမ်းချမ်းအောင်၊ နိုင်လင်းထွန်းတို့ရဲ့ဂိုးတွေနဲ့ ၂ ဂိုးပြတ်ခဲ့တာပါ။ ဘရူးနိုင်းအသင်းဟာ ပထမပိုင်း နောက်ဆုံးမိနစ်မှာ တစ်ယောက်အထုတ်ခံခဲ့ရပါတယ်။
    ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ခြေအသာရခဲ့ပြီး ငြိမ်းချမ်းအောင်က နောက်ထပ်တစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။ မြန်မာအသင်းဟာ ၂ ပွဲကစားပြီး ၂ ပွဲစလုံး အနိုင်ရထားတာကြောင့် ၆ မှတ်ရရှိထားပါတယ်။
    မြန်မာနည်းပြချုပ် ဇီစီက အသင်းရဲ့ ကစားပုံကို အားမရသေးဘဲ သြစတေးလျနဲ့ပွဲမှာ တန်းတူကစားဖို့အတွက် နည်းလမ်းရှာရမှာဖြစ်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    စောစာပိုင်းကကစားခဲ့တဲ့ သြစတေးလျနဲ့ စင်ကာပူတို့ပွဲမှာ သြစတေးလျက ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး မြန်မာအသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။
    Ref: AFC.com