News @ M-Media

Author: Ko Lay

  • မြန်မာမွတ်စလင်မ်များအတွက် အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၏ မိန့်ခွန်း(၄-၅-၁၉၄၁)

    မြန်မာမွတ်စလင်မ်များအတွက် အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၏ မိန့်ခွန်း(၄-၅-၁၉၄၁)

    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media

    (ဤမိန့်ခွန်းမှာ ၁၉၄၁ ခုနှစ် မေလ ၄ ရက်နေ့က ယင်းတော်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန့်ဖရင့်တွင် ဆရာကြီးဦးရာဇတ် ပြောကြားခဲ့သည့် မိန့်ခွန်းဖြစ်ပြီး ‘ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်’ ၏ ၀ဘ်စာမျက်နှာတွင် လွှင့်တင်ထားမှုကို ကူးယူဖော်ပြခြင်းဖြစ်သည်။)

    – ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော ဒုတိယ အကြိမ်မြောက်  ဗမာနိုင်ငံတော်လုံးဆိုင်ရာ ဗမာမွတ်စ်လင်မ်အဖွဲ့များ၏ အစည်း အဝေးကြီး ဥက္ကဋ္ဌအဖြစ် ကျွန်တော့အား ရွေးချယ်ခန့်ထားခြင်းကို ဗမာမွတ်စ်လင်မ် အချင်းချင်းပေးအပ်ချီးမြှင့်နိုင်သော ဂုဏ်ဒြပ် အပေါင်းတွင် အကြီးဆုံးသော ဂုဏ်ဒြပ်တစ်ခုဟု အောက်မေ့ပါသည်။ ဤချီးမြှင့်အပ်သော ၀တ္တရားကို ကျွန်ုပ်သည် အရှင်မြတ်၏ အလိုတော် နှင့် ကျွန်ုပ်တတ်စွမ်းသမျှ ဆောင်ရွက်ပါမည်။ ယင်းသို့ ဆောင်ရွက် ရာတွင် ကြွရောက်တော်မူကြကုန်သော ကိုယ်စားလှယ်အပေါင်းတို့ ကလည်း ကူညီ ထောက်ပံ့ကြလိမ့်မည်ဟု ယုံကြည် အားထား ပါကြောင်း…………..။

    ပါတီဝိုင်းအစည်းအဝေးမဟုတ်

    ကျွန်ုပ်သည် ဤအစည်းအဝေးကြီး၏ ဥက္ကဋ္ဌအဖြစ် ဥက္ကဋ္ဌ၏ မိန့်ခွန်းမြွက်ကြားရန် စဉ်းစားစီစဉ်ရာတွင် ဆင်ခြင်မိသည်ကား  ဤအစည်းအဝေးကြီးသည်  မြန်မာပြည်တွင် မကြာခဏ ပြုလုပ်နေကြ ဖြစ်သည့် နိုင်ငံရေးပါတီ အစည်းအဝေးမျိုးလော။

    နိုင်ငံရေးပါတီအစည်းအဝေးမျိုးလည်း မဟုတ်။

    အဘယ်ကြောင့်ဆိုသော် ဤကျွန်ုပ်တို့အစည်းအဝေးပွဲကြီးတွင် ဆင်းရဲသားဝါဒ  ပါတီ ကိုနှစ်သက်၍ ဆင်းရဲသားဝါဒပါတီဝင်များလည်းပါကြပေလိမ့်မည်။

    တို့ဗမာအစည်းအရုံးဂိုဏ်းဝင် ဗမာမွတ်စ်လင်မ်သခင်များလည်း ပါကြ ပေလိမ့်မည်။ မျိုးချစ်ပါတီဝင် မျိုးချစ်အသင်းသား ဗမာမွတ်စ်လင်မ် များ လည်းပါဝင်ကြပေလိမ့်မည်။အခြားဂိုဏ်းများကို နှစ်သက်သူများ လည်း ပါဝင်ကြပေလိမ့်မည်။

    ထို့ကြောင့် ဤအစည်း အဝေးကြီးသည် နိုင်ငံရေးပါတီဂိုဏ်း  အစည်းအဝေးမျိုးလည်း  မဟုတ်နိုင်ပေ။

    သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ရဟန်းပျိုအဖွဲ့နှင့် ယှဉ်ပြိုင် ရန်  အစ္စလာမ်ဘာသာရေး အစည်းအဝေး ပေလော။

    ဤသည်လည်းမဟုတ်သေး။ အဘယ်ကြောင့်ဆိုသော် ရဟန်းပျို ကိုယ်တော်များသည် နိုင်ငံရေးတွင်မည်သို့မျှ မစွက်ဖက်၊ ဘာသာရေးကို အဓိကထား၍ ဆောင်ရွက်ကြပေသည်။ ကျွန်ုပ်တို့က နိုင်ငံရေးကို ရှေးရှု၍ ဆောင်ရွက်ကြ၏။

    ကျွန်ုပ်တို့ အစည်းအဝေးကြီးသည် မည်သို့သဘောရှိသော အစည်း အဝေးကြီးပေနည်း။ ဖြေဆိုရန် မလွယ်။

    ယခု ကြွရောက်လာကြကုန်သော မင်းမိန်းမ၊ ယောက်ျား ပရိတ်သတ်ထဲတွင်- အချို့ကား  အဘသည်  နိုင်ငံခြားသားဖြစ်ပေလိမ့်မည်။

    အချို့ကား အဖိုးသာလျှင် နိုင်ငံခြားသားဖြစ်ပေလိမ့်မည် ။  အချို့ကား ဘီ၊ အချို့ကား ဘင်သာလျှင် ဖြစ်ပေလိမ့်မည်။  အချို့ကား မည်သည့် တိုင်းတပါးသားကိုမျှ ပြန်လည် ဆက် သွယ်နိုင်ခြင်းမရှိဘဲ နိုင်ငံခြားသွေး လုံးဝ ချောက်ခန်း ကွယ်ပျောက်၍  ဗမာ လူမျိုး စစ်စစ်သာလျှင် ဖြစ်ကြတော့၏။

    မှန်စီရွှေချဗလီ

    ဗမာမွတ်စ်လင်မ်တို့မှာ မြန်မာမင်းအဆက်ဆက်တို့က ချီးမြှင့် မြှောက်စား၊ ယုံကြည်သဒ္ဓါတော်မူခြင်းခံခဲ့ကြ၍ ကုန်းတပ်၊ အမြောက် တပ်များကိုအုပ်ချုပ်လျက် သက်စွန့် ကြိုးပမ်းအမှုတော်ကိုထမ်းဆောင် သော လူမျိုးများဖြစ်ခဲ့ကြ၏။

    အလောင်းမင်းတရား (ဦးအောင်ဇေယျ) သည် တလိုင်းတို့ ရန်ကို ဖြိုဖျက်ရာ၌ ဗမာမွတ်စ်လင်မ်တို့သည် အလုံး အရင်းနှင့်ဘုရင်မင်းမြတ်၏ ကျေးဇူး သစ္စာတော်ကိုစောင့်သိရိုသေစွာ အမှုတော်ထမ်းသဖြင့်မတူးနယ်၌ မှန်စီရွှေချ ဗလီကြီးများကို ဆောက်လုပ်ချီးမြှင့်ပေးသနားတော်မူခြင်း ခံရပေ၏ ။

    ယင်းကဲ့သို့ နှစ်ပရိစ္ဆေဒအဓွန့်ရှည်စွာ မြန်မာဗုဒ္ဓဘာသာများ နှင့် ဒိုးတူဘောင်ဖက် ဘုရင်အကျိုးကို သယ်ပိုးထမ်းဆောင်လာခဲ့ ကြသော ဗမာမွတ်စ်လင်မ်များကို

    လွန်ခဲ့သည့်(၁၃၀၀)ပြည့်နှစ် တွင်မှ အမှိုက်ကစ ပြသာဒ်မီးလောင်၊ တိမ်မြုတ်ငုပ်ကွယ်နေသော  စာအုပ် ဟောင်းတစ်အုပ်ကို ရိုးမယ်ဖွဲ့ကာ နိုင်ငံရေးသွေးစုပ်သမား အချို့၏ ပယောဂကြောင့် အဓိကရုဏ်းဖြစ်ခဲ့ရသည်။ ဗမာမွတ်စ်လင်မ်တို့မှာ စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။

    ဥစ္စာပစ္စည်းဆုံးရှုံးနစ်နာသည်ထက်ရှေးအခါက လုပ်ဖော် ကိုင်ဖက်၊ ပေါင်းဟောင်း သင်းဟောင်း၊ အချင်းချင်းတို့၏ မေတ္တာ ဓာတ်ကို မေ့လျော့လျက်၊ မြန်မာပြည်တွင် စီးပွားရှာရန်မျှသာ လာရောက်သော နိုင်ငံခြားသားများနှင့် မခြား၊ သူစိမ်းပြင်ပြင် ပြုလုပ်ထင်မှတ်ခြင်းခံရသည်ကို ပိုမို နစ်နာကြ၏။ ကျွန်ုပ်တို့သာလျှင် စိတ်မချမ်းမသာဖြစ်ရသည် မဟုတ်။

    တိုင်းပြည် ရာဇ၀င်နှင့် နိုင်ငံရေး အမြင်ကျယ်သော ဗုဒ္ဓ ဘာသာ ခေါင်းဆောင်ကြီးများလည်း စိတ်အပျက်ကြီး ပျက်ခဲ့ကြ၏။

    ကျွန်ုပ်၏ ထင်မြင်ယူဆချက်ကား ထို(၁၃၀၀)ပြည့်နှစ် အဓိ ကရုဏ်းသည်  ဤအစည်းအဝေးကြီးဖြစ်ပေါ်စေသော အကြောင်းများ အနက် အကြောင်းတစ်ရပ်ဖြစ်၏။ထိုကဲ့သို့ အချင်းချင်း အထင်မှား၊ အမြင်မှား၊ သွေးကွဲခြင်းကို ကာကွယ်ရန်ဖြစ်၏။  ဤသို့ နှစ်စဉ်ကျင်းပလျက်ရှိသည့် ဗမာမွတ်စ်လင်မ် အစည်း အဝေးကြီး၏ ရည်ရွယ်ချက်ကား အဘယ်နည်းဟူသော ပုစ္ဆာ သည် ပေါ်ပေါက်လာပေ၏။

    သွေးခွဲအုပ်ချုပ်သောစနစ်

    ယခုခေတ်ကား ရှေးခေတ်မဟုတ်တော့ပြီ။ ယခုမင်းကား ရှေးမင်း မဟုတ်တော့ပြီ။ ငါ၏ ကျေးတော်မျိုး ကျွန်တော်မျိုးများဖြစ် ကုန်သော “ပသီ”တို့သည် ရပ်ခြား တိုင်းတစ်ပါးဖြစ်သော မက္ကဟ် မြို့တော်၌ မျက်နှာငယ်၍ ညိုးနွမ်းပင်ပန်းချိမ့်မည်ဟု၊ ဒေါင်းတံဆိပ်ခပ် သော ဇရပ်ကို မက္ကဟ်မြို့တော်တွင် ဆောက်လုပ်ချီးမြင့်ပေးသနား တော် မူသော ပဉ္စမသင်္ဂါယနာတင်(မင်းတရားကြီး) မရှိတော့ပြီ။

    ယခုအုပ်ချုပ်ရေးစနစ်ကား “ပသီ”တို့၏ လိုအင်ဆန္ဒကို အစဉ် သိရှိရန် ၊ “ပသီ”၀န် ကို ခန့်ထားသော နည်းစနစ် မဟုတ်။ နိုင်ငံရေးခေါင်းဆောင်ကြီးများ အစဉ်သတိပေးလျက်ရှိသည့် လူမျိုးချင်း သွေးခွဲ၍ အုပ်ချုပ်သော နည်းစနစ်ဖြစ်၏။  ထိုကြောင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကား လူမျိုးချင်း သွေး မကွဲစေမှုကို သတိပြု၍ ဆောင်ရွက်ရေးလည်းဖြစ်၏။

    ထို့ပြင် လူတို့မည်သည် ဂုဏ်ရှိသောသူ၊ ဥစ္စာဓနကုံလုံကြွယ် ၀သူ၊ အင်အားကြီးမားသောသူကိုသာလျှင် ခေါ်ချင်၊ ပေါင်းသင်းချင်၊ ဆက်ဆံချင်သော စိတ်အာသီသရှိကြ၏။

    ကျွန်ုပ်တို့ ဗမာမွတ်စ်လင်မ် များသည်  မညီမညွတ်၊ တစ်ကွဲတစ်ပြား၊ ကသီလင်တ နေကြပါလျှင် မည်သူကမျှ ဂရုမစိုက်၊ အသိအမှတ်ပြုကြမည် မဟုတ်။ သို့ဖြစ်ခြင်းကြောင့် ဤအစည်းအဝေးက ဤချွတ်ယွင်းချက် ကို လျစ်လျူမရှု။  အားကြိုးမာန်တက် ဆောင်ရွက်ရန်ကိုလည်း အာရုံ ပြုထိုက်၏။

    ကျွန်ုပ်အထက်က ဖော်ပြသည့်အတိုင်း အလောင်းဘုရား (ဦးအောင်ဇေယျ)သည် တလိုင်းတို့ ရန်ကို ဖြိုဖျက်၍  မြန်မာအင်ပါယာ နိုင်ငံကြီး ထူထောင်ရာ၌ မြေထူး(၇)ရွာမှ တို့ဗမာမွတ်စ်လင်မ်တို့သည် အလုံးအရင်းနှင့် စစ်မှုကို ထမ်းခဲ့၏။

    စစ်သားအမျိုး

    ထို့ပြင်ဘကြီးတော်ဘုရားလက်ထက် မဟာဗန္ဓုလစစ်သူကြီး အင်္ဂလိပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့် ပထမစစ်ပွဲတွင်လည်း တို့ဗမာ မွတ်စ်လင်မ်တို့  ရဲမက်စစ်သည်တော်အဖြစ် စစ်မှုထမ်းခဲ့ကြသည်။

    ထို့ဗမာမွတ်စ်လင်မ်တို့သည် စစ်ရေးစစ်ရာ၌ နှစ်ပရိစ္ဆေဒ အဓွန့်ရှည်ကြာစွာ အခါသမယမှ  ရင်းနှီးဆက်ဆံလေ့လာလိုက်စား ၀ါသနာထုံခဲ့သည်ကို ရာဇ၀င်တွင် ထင်ရှားခဲ့သည်သာ မဟုတ်၊ သာဓက အထူးလိုငြားအံ့  မန္တလေးရွှေမြို့တော်ကိုသာ ရှုလော့။

    တို့ဗမာမွတ်စ်လင်မ်တို့ ယခုတိုင် နေထိုင်ကြသည့် ရပ်ကွက် များ၏အမည်များကို ဆင်ခြင်သည်ရှိသော် – မြန်မာမင်းတို့၏ အမြောက်တပ်ကို စီးနင်းအမှုထမ်းခဲ့ကြသူ အမြောက်တပ်သားများနေရာ အမြောက်တန်းဖြစ်၏။ ဘုရင့် ဗုံးတပ်တွင် အမှုထမ်းခဲ့သည် ဗုံးတပ်သားများ ဖြစ်ကြ ကုန်သော တို့ဗမာမွတ်စ်လင်မ်တို့သည် ဗုံးအိုး ရပ်၌ နေကြ၏။

    တို့ဗမာမွတ်စ်လင်မ်များနေကြသော စင်္ကြာနွယ်စဉ် အရပ် ကား စင်္ကြာ အမြောက်တပ်သားများ၏ နေထိုင်ရာအရပ်ဖြစ်၏။ မြန်မာဘုရင်များ ယုံကြည်သဒ္ဓါတော်မူခြင်းတည်းဟူသော ဂုဏ်ကိုရရှိခဲ့၍ ဘုရင်မင်းမြတ်၏အသက်စည်းစိမ်ကိုသက်စွန့်ကြိုးပမ်း ဆောင်ရွက်ရန် ရွေးချယ်ခန့်ထား သနားတော်မူခြင်း ခံစားကြရသော ကိုယ်ရံတော်ဗိုလ်မှူးများဖြစ်ကြကုန်သော တို့ဗမာမွတ်စ်လင်မ်များ၏ နေထိုင်ရာအရပ်သည် ကိုယ်ရံတော်ရပ်ဟု ယခုတိုင် ထင်ရှားရှိ၏။

    ဤမျှ သာဓကထင်ရှားသည့် တို့ဗမာမွတ်စလင်မ်တို့သည် ရှေးမင်းတို့လက်ထက်က စစ်မှုရေးရာဝါသနာထုံ၍ ကျင်လည် ကုန်သော Martial Race ဖြစ်သည်။

    တို့ဗမာမွတ်စ်လင်မ်များ၏တန်ခိုး

    အရှိန်မှေးမှိန်နေခိုက်ဖြစ်၍ ယခုအခါ ချင်း၊ ကရင်၊ ကချင် တို့ကို သာလျှင် စစ်တပ်များတွင် လက်ခံ၍ တို့ဗမာမွတ်စ်လင်မ် များကို စစ်တပ်များတွင် လျှောလျှောလျှူလျှူ ၀င်ခွင့်မပြုခြင်းကား ၀မ်းနည်း ဖွယ်ပင်ဖြစ်၏။ အင်္ဂလိပ်မင်းတို့ အမြင်မကျယ်ရာလည်းကျရောက်၏။

    လူနည်းစု ပြဿနာ လုံးဝ မပေါ်ထိုက်။ ထို့ပြင် ၀မ်းနည်းဖွယ်ရာ တစ်ရပ်ကားဤမျှလောက် ဘုရင်၏ အကျိုး တိုင်းပြည်အကျိုးကို သယ်ပိုး ရွက် ဆောင်ခဲ့သော ဗမာမွတ်စ်လင်မ်တို့အတွင်းမှ ယခုလက်ရှိ အောက် လွှတ်တော်တွင် ဗမာမွတ်စ်လင်မ်အမတ် တစ်ဦး တစ်ယောက်မျှ  မရှိ ခြင်း ပင်ဖြစ်၏။

    ဘိလပ်မြို့ မျက်နှာစုံညီအစည်းအဝေးကြီးတွင် ဗမာ မွတ်စ်လင်မ်တို့၏ ကိုယ်စားရွေးချယ်ခန့်ထားခြင်းခံရသော ယခု အထက်လွှတ်တော်အမတ်ကြီး ဦးအောင်သင်းသည် ဗမာမွတ်စ်လင်မ်များအဖို့ သီးသန့်နေရာရရှိရန်ကို အားတက်သရောတောင်းဆိုခဲ့၏။ ကျွန်ုပ်ကိုယ်တိုင်လည်း လူများစုအခြေမှ လူနည်းစုအခြေသို့ ဆိုက် ရောက်ခြင်းကို မနှစ်မြို့ပါ။

    သို့သော် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ကြီး ဦးအောင်သင်းကားအခြားအခြားသော လူနည်းစုများကို သီးခြား နေရာပေးလျှင် ဗမာမွတ်စ်လင်မ်များလည်း ထိုအရေးကို လိုလား၏။

    ကျွန်ုပ်၏ ယူဆချက်ကား ဦးအောင်သင်း ယူဆသကဲ့သို့ မြန်မာပြည် တွင် လူနည်းစု ပြဿနာ လုံးဝ  မပေါ်ထိုက်။ ကျွန်ုပ်တို့သည် (၁၉၄၁) ခု နှစ် သန်းကောင်စာရင်းကောက်ရာတွင် ဗမာမွတ်စ်လင်မ်တို့၏  လူဦး ရေ စာရင်းကို သီးခြား ကောက်ယူရန် တောင်းဆိုရာ၌ ဤလူနည်းစု ပြဿနာနှင့် သီးခြားရွေးကောက်ခွင့်ပေးခြင်းကို ပပျောက် စေရန် ရည်ရွယ်ခဲ့၏။

    ဒီမိုကရေစီစနစ်၏အခြေခံအုတ်မြစ်

    မြန်မာပြည်တွင် လက်ရှိ အုပ်ချုပ်ရေးစနစ်ကား ဒီမိုကရေစီ နည်းစနစ်ဖြစ်၏။ ဒီမိုကရေစီနည်းစနစ်၏ အခြေခံအုတ်မြစ်ကား မဲဆန္ဒသာလျှင်ဖြစ်၏။ ထိုမဲဆန္ဒကိုအဖိုးထိုက်တန်အောင် အသုံးပြု နိုင် လျှင် ကိုယ်စားလှယ်နှင့်တကွ အုပ်ချုပ်ရေးသည်လည်း အဖိုးတန်၏။

    ဗမာမွတ်စ်လင်မ်တို့၏ မဲဆန္ဒများကား မြန်မာပြည်၌ အနှံ့ အပြား အစုလိုက်အအုပ်လိုက်မြို့တိုင်းနယ်တိုင်း၌ရှိ၏။ ထိုမဲဆန္ဒများ၏တန်ဖိုးကိုရရှိရန် ယခု ကွန်ဖရင့်အစည်းအဝေးကြီး ၊ ဗမာမွတ်စလင်မ် အစည်းအရုံးအားလုံးတို့၏ အသင်းချုပ်ကြီးက စီမံခန့်ခွဲနိုင်သင့်၏။

    သို့ စီမံခန့်ခွဲနိုင်သော အခြေရှိလျှင် ဗမာမွတ်စ်လင်မ် အမတ်များ သော်လည်း ရနိုင်ဖွယ်ရှိ၏။  ဗမာမွတ်စ်လင်မ်အမတ် မရနိုင်သည့် နယ်ပယ် များ၌ ဗမာမွတ်စ်လင်မ်တို့၏ အကျိုးကို စောင့်ရှောက်ပါမည်ဟု အာမ၀န်တာခံယူသော အမတ်များကိုသော်လည်းကောင်း စေ လွှတ်နိုင်ရန် အကြောင်းရှိ၏။

    နိဂုံးချုပ်ပြောလိုသည်ကား မြန်မာပြည်အတွင်း အယူဝါဒကွဲ ပြားခြင်းကို အကြောင်းပြု၍ လူမျိုး၏စည်းလုံးမှု၊ တိုင်းပြည်၏ တိုးတက်မှု၊  ချမ်းသာမှုကို မပျက်စီး စေရာ။သဘောထားကြီးခြင်း၊ တိုင်းပြည်ကို ချစ်ခြင်း စသော မေတ္တာတရားတို့ဖြင့်  လူမျိုးစည်လုံးမှုကို ဖြစ်စေလျက်၊ ငါကား သူနှင့်မတူ သီးခြားလူမျိုးဟူသော စိတ်ထားကို တိုင်းပြည်နှင့် လူမျိုးအတွက် ဖိနှိပ်ထားရာသည်။

    ငါတို့သည် လူမျိုးအားဖြင့် မြန်မာ ၊

    ဘာသာအားဖြင့် မွတ်စ်လင်မ် ၊

    နေထိုင်ရာဌာန မြန်မာပြည်၊

    သယ်ပိုးရန်ကိစ္စ မြန်မာ့အကျိုးဟူ၍

    စွဲစွဲလန်းလန်း ကြိုးစား ကြရန်ဖြစ်၏ ။   ။

    ဆရာကြီး  A ရာဇတ်  (B.A)

    (သဘာပတိ

    ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဖရင့်

    (၁၉၄၁)ခုနှစ်၊မေလ(၄)ရက်၊နံနက်(၉း၁၅)နာရီ

    ယင်းတော်မြို့)

  • အမျိုးဘာသာစောင့်ရှောက်ရေးအမည်ခံ အစွန်းရောက်အဖွဲ့ကို အင်ဒိုအစိုးရက တရားဝင်ပယ်ဖျက်

    အမျိုးဘာသာစောင့်ရှောက်ရေးအမည်ခံ အစွန်းရောက်အဖွဲ့ကို အင်ဒိုအစိုးရက တရားဝင်ပယ်ဖျက်

    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media

    HTI အဖွဲ့၏ ဆန္ဒထုတ်ဖော်မှုတစ်ခု

    – ဘာသာသာသနာစောင့်ရှောက်မည်ဆိုသည့် သဘောထားတင်းမာသော အစ္စလာမ့်မစ်အဖွဲ့ Hizb ut-Tahrir Indonesia (HTI) ၏ တရားဝင်ရပ်တည်မှုကို အင်ဒိုနီးရှားအစိုးက ပယ်ဖျက်လိုက်ပြီး ထိုအဖွဲ့အား ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

    ဥပဒေနှင့် လူအခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနမှ အထွေထွေဥပဒေ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးချုပ် ဖရက်ဒီဟာရစ်က ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရအနေဖြင့် တိုင်းပြည်တည်ထောင်သည့် အခြေခံမူဖြစ်သော ‘လူမျိုးစုံသဟဇာတဖြစ်ရေး အယူအဆကို ထိန်းသိမ်းရန်’ နှင့် ‘တစ်ပြည်ထောင် အင်ဒိုနီးရှားသမ္မတနိုင်ငံဖြစ်ဆိုသည့် ညီညွတ်မှုကို ထိန်းသိမ်းရန်’ အဆိုပါ HTI အဖွဲ့၏ တရားဝင်ရပ်တည်မှုကို ပယ်ဖျက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Hizb ut-Tahrir အဖွဲ့မှာ နိုင်ငံအတွင်း လူများစုကိုးကွယ်ရာ ဘာသာတရားဖြစ်သော အစ္စလာမ်ဘာသာကို အစိုးရက ကာကွယ်စောင့်ရှောက်ရန်နှင့် အစ္စလာမ့်ဥပဒေများကို နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေများတွင် ထည့်သွင်းရန် တောင်းဆိုနေသည့်အဖွဲ့ဖြစ်သည်။

    တိုင်းပြည်၏ အခြေခံဥပဒေ၊ အယူအဆများနှင့် မကိုက်ညီသည့် အဖွဲ့အစည်းများကို ပိတ်ပင်ရန် ရည်ရွယ်သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ခုကို ပြီးခဲ့သည့် သီတင်းပတ်၌ သမ္မတ ဂျိုကိုဝီဒိုဒိုက လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ယခုဆောင်ရွက်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

    ဖရဒ်ဒီက HTI ၏ တရားဝင်ရပ်တည်မှုကို ပယ်ဖျက်ခြင်းမှာ တစ်ဖက်သက်ဆုံးဖြတ်ချက်မဟုတ်ဘဲ အစိုးရ၏ နိုင်ငံရေး၊ ဥပဒေရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးမှု၏ ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှား၏ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနမှာ နိုင်ငံအတွင်းရှိ အသင်းအဖွဲ့များ၊ ပြည်သူအခြေပြုအဖွဲ့များအတွက် ခွင့်ပြုချက်ပေးရသည့် ဌာနဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ပါက ပယ်ဖျက်ခွင့်လည်း ရှိနေသည်။

    HTI က ၎င်းတို့မှာ အင်ဒိုနီးရှား၏ လူမျိုးစုံသဟဇာဖြစ်ရေး အယူအဆကို လေးစားသည်ဟုဆိုသော်လည်း အဖွဲ့၏ မြေပြင်လုပ်ငန်းများမှာ ထိုအယူအဆနှင့် ဆန့်ကျင်နေကြောင်း၊ အစိုးရ၏ ယခုဆုံးဖြတ်ချက်ကို ထိုအဖွဲ့အနေဖြင့် ဥပဒေအကြောင်းအရ တုန့်ပြန်နိုင်ကြောင်း ဖရက်ဒီက ထည့်သွင်းပြောဆိုခဲ့သည်။

    HTI မှာ ပြီးခဲ့သည့်တစ်ပတ် သမ္မတ ဂျိုကိုဝီဒိုဒို ထုတ်ပြန်သည့်အမိန့်ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

    Ref: CNA

  • အငြင်းပွားပိုင်နက်မှ တပ်များရုပ်သိမ်းရန် အိန္ဒိကို တရုတ် ထပ်မံသတိပေး

    အငြင်းပွားပိုင်နက်မှ တပ်များရုပ်သိမ်းရန် အိန္ဒိကို တရုတ် ထပ်မံသတိပေး

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    – နှစ်နိုင်ငံတင်းမာမှုများကို ရှောင်ရှားလိုပါက ဟိမ၀န္တာတောင်တန်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော ဒေသတွင် ချထားသည့် တပ်ဖွဲ့များကို ပြန်ရုပ်သိမ်းရန် တရုတ် အိန္ဒိယကို ထပ်မံ တိုက်တွန်းလိုက်သည်။

    တရုတ်၊ အိန္ဒိယနှင့် ဘူတန်တို့ ၃ နိုင်ငံဆုံရာ ဒွတ်ကလန် ကုန်းပြင်မြင့်နှင့် ပတ်သက်၍ ဘူတန်နှင့် တရုတ်တို့မှာ ပိုင်ဆိုင်မှု အငြင်းပွားနေပြီး အိန္ဒိယကမူ ဘူတန်ပိုင်နက်ဖြစ်သည်ဟု ပြောကြားထားသည်။

    အဆိုပါကုန်းပြင်မြင့်တွင် တရုတ်အဖွဲ့များက ဇွန်လ ၁၆ ရက်နေ့တွင် လမ်းတစ်ခု စတင်ဖောက်လုပ်သည့်အချိန် ဘူတန်က အိန္ဒိယကို အကူအညီတောင်းရာမှ ထိုနယ်စပ်သို့ အိန္ဒိယတပ်များ ရောက်လာပြီးနောက် တရုတ်နှင့် အိန္ဒိယတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ လူကန်က နယ်စပ်တွင် ရောက်နေသည့် ၎င်းတို့၏တပ်များကို ရုပ်သိမ်းရန် အိန္ဒိယကို တိုက်တွန်းခဲ့သည်။

    “အိန္ဒိယအနေနဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပြီး၊ တရားမ၀င် နယ်ကျော်လာတဲ့ အိန္ဒိယတပ်တွေ အိန္ဒိယဖက် ချက်ခြင်းပြန်ဆုတ်ပေးဖို့ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု လူကန်က ပြောကြားခဲ့ကာ ပိုင်နက်အငြင်းပွားမှုအတွက် ဆွေးနွေးမှုမလုပ်ခင် အိန္ဒိယတပ်ဖွဲ့များအနေဖြင့် လုံးဝ ဆုတ်ပေးရမည်ဟုလည်း ဆိုသည်။

    အိန္ဒိယကမူ တရုတ်က ဖောက်လုပ်နေသည့် အဆိုပါလမ်းမှာ နိုင်ငံမြောက်ပိုင်း ပြည်နယ် ၇ ခုနှင့် ချိတ်ဆက်နေသည့် ဒေသသို့ ၀င်ရောက်ခွင့်ရမည် ဖြစ်သောကြောင့် လုံခြုံရေးကို ဆိုးဆိုးဝါးဝါး စိုးရိမ်စရာဖြစ်သည်ဟု သတိပေးခဲ့သည်။

    တရုတ်မှာ ဒွတ်ကလန် ကုန်းပြင်မြင့်နှင့် ကပ်နေသည့် တိဘက်တွင် တနင်္လာနေ့က ၁၁ နာရီကြာ ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး၊ အိန္ဒိယ၏လုပ်ရပ်ကို တုန့်ပြန်သောအနေဖြင့် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ တိဘက်ရှိ ကိုင်လက်ရှိတောင်ကို ရောက်ရှိနိုင်သော တောင်ကြားလမ်းကို ပိတ်ပစ်ခဲ့သည်။

    Ref: RT

  • ရေချိုးခန်းတွင် ဖုန်းသုံးသော ကန်ဆယ်ကျော်သက်တစ်ဦး ဓာတ်လိုက်သေဆုံး

    ရေချိုးခန်းတွင် ဖုန်းသုံးသော ကန်ဆယ်ကျော်သက်တစ်ဦး ဓာတ်လိုက်သေဆုံး

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ ရေစိမ်ချိုးစဉ် အားသွင်းထားသော ဖုန်းကို အသုံးပြုရာမှ ဓာတ်လိုက်သေဆုံးမှုတစ်ခု ပြီးခဲ့သည်ရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူမှာ နယူးမက္ကဆီကိုပြည်နယ် လိုဗင်တန်မြို့မှ မာဒီဆန်ကိုး ဆိုသူဖြစ်ပြီး ရေးချိုးစဉ် ဖုန်းသုံးနေသည့်အကြောင်း သူငယ်ချင်းဖြစ်သူအား နောက်ဆုံးပေးပို့ခဲ့သည့်ပုံကိုလည်း အခြားသူများကို သတိပေးသည့်အနေဖြင့် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

    ဖုန်းအားသွင်းကြိုးကို ပလပ်တွင် တပ်ထားသည့် အဆိုပါပုံနှင့်အတူ “ဖုန်းသုံးတဲ့အခါ ပလပ်နဲ့ အားသွင်းကြိုး ထိုးထားမယ်ဆိုရင် ရေချိုးနေရင်းလည်း သုံးလို့ရပါတယ်” ဟု စာတိုတစ်စောင်ကို မာဒီဆန်ကိုးက ပေးပို့ခဲ့ပြီး သိပ်မကြာခင်မှာပင် ဓာတ်လိုက်သေဆုံးခဲ့သည်။

    သူမ အားသွင်းကာ အသုံးပြုနေသည့် Samsung Edge Plus ဖုန်း ရေချိုးဇလုံထဲကို ကျသွားရာမှ ဓာတ်လိုက်ခဲ့သည်ဟု စောစောပိုင်းက ယူဆထားသော်လည်း စုံစမ်းစစ်ဆးမှုများအရ ဖုန်းမှာ ရေစိုခြင်းမရှိဘဲ မာဒီဆန်ကိုးမှာ အားသွင်းကြိုး ပလပ်ထိုးထားသည့် မီးဘုတ်၏ ကျိုးပဲ့နေသောအပိုင်းကို သတိမမူမိဘဲ ကိုင်မိသေြာေ
    ကာင့် ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။

    မိသားများက ထိုအမျိုးသမီးငယ်မှာ ပလပ်ထိုးချိန်၊ သို့မဟုတ် အားသွင်းထားသည့်ဖုန်းကို ကိုင်သည့်အချိန်တွင် ဓာတ်လိုက်ခြင်းဖြစ်မည်ဟု ယုံကြည်နေသည်။

    သူငယ်ချင်းဖြစ်သူအား မာဒီဆန်ကိုး နောက်ဆုံးပေးပို့ခဲ့သည့် ဓာတ်ပုံကို အများပြည်သူ သိရှိအောင် ပြသရန် မိသားစုကလည်း သဘောတူခဲ့ပြီး အခြားသူများ ထိုကဲ့သို့အမှားမျိုး မပြုလုပ်ရေး သတိပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    “ရေချိုးခန်းဆိုတာ ရေချိုးဖို့နဲ့ ကိုယ့်ရဲ့ သီးသန့်အချိန်အတွက်ပါ။ ဖုန်းဆိုတာ ရေချိုးခန်းနဲ့ ဘာမှ မဆိုင်ပါဘူး။ လျှပ်စစ်နဲ့ ရေဆိုတာ ရောလို့မရပါဘူး။ တစ်စက်လောက်ထိတာနဲ့ သွားမှာပါ” ဟု မာဒီဆန်ကိုး၏ ဒုတိယအမေဖြစ်သူ ဖလီရှာအိုဝင်က ပြောကြားခဲ့သည်။

    Ref: Independent

  • ကုလအချက်အလက်ရှာရေးအဖွဲ့ ရခိုင်ပြဿနာကို ပိုဆိုးစေမည်ဟု မြန်မာထပ်ပြော

    ကုလအချက်အလက်ရှာရေးအဖွဲ့ ရခိုင်ပြဿနာကို ပိုဆိုးစေမည်ဟု မြန်မာထပ်ပြော

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာမွတ်စလင်တွေ အဓမ္မကျင့်ခံရတယ်၊ နှိပ်စက်ခံရတယ်၊ အသတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ကုလရဲ့ အချက်အလက်ရှာဖွေရေးကိစ္စဟာ အခြေအနေကို ပိုမိုဆိုးဝါးစေမယ်လို့ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဒီနေ့မှာ သံတမန်တွေကို ပြောကြားလိုက်ပါတယ်။

    ကုလက မေလအတွင်းမှာ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၃ ဦး ပါဝင်တဲ့ အဲဒီ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပေးဘူးလို့ မြန်မာနိုင်ငံက ပြီးခဲ့တဲ့လမှာ ပြောကြားထားတာပါ။

    “ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လက်မခံပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ အပြုသဘောမဆောင်ဘူးဆိုတာ ကျွန်တော်တို့ တွေ့ရလို့ပါ” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့ မာစီယဲလ်အပါအ၀င် ကုလတာဝန်ရှိသူတွေ၊ သံတမန်တွေနဲ့တွေ့ဆုံစဉ်မှာ ဦးသောင်းထွန်းက ပြောကြားခဲ့တာပါ။

    ဒီဆုံးဖြတ်ချက်ကို လက်မခံဖို့ မြန်မာနိုင်ငံရဲ့ သဘောထားကို တရုတ်နဲ့ အိန္ဒိယတို့က ထောက်ခံမှုကလည်း ‘လမ်းမှန်ကန်းမှန် ရပ်တည်ချက်’ ဖြစ်တယ်လို့လည်း လုံခြုံရေးအကြံပေးက ဆိုပါတယ်။

    “ဒီအဖွဲ့ဟာ မြေပြင်ကအခြေအနေကို ပိုလို့သာ ဆိုးဝါးစေနိုင်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်”

    ကုလရဲ့ ဒီ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ အကျိုးရှိမှာမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်က သွားရောက်ခဲ့တဲ့ ဥရောပခရီးစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ကျူးလွန်ခံရမှုနဲ့ ပတ်သက်ပြီး ကုလက အချက်အလက်ရှာဖွေမှုတွေလုပ်ဖို့ ဥရောပသမဂ္ဂက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ကိုလက်ခံဖို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးကလည်း ပြီးခဲ့တဲ့တစ်ပတ်မှာ မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။

    ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေရဲ့ ပြောကြားမှုကို အခြေခံပြီး ကုလက ဖေဖော်ဝါရီမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်လို့ရနေပြီလို့ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ကျူးလွန်မှုတွေရှိခဲ့ရင် အထောက်အထားပြပြီး လာရောက်တိုင်ကြားနိုင်ကြောင်း၊ ကျူးလွန်သူတွေကို ပြည့်ပြည့်၀၀ အပြစ်ပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    Ref: Reuters