News @ M-Media
Author: Ko Lay
  • တန်းဆင်းလျှင် သတ်မည်ဆိုသောကြောင့် ဘရာဇီးလ်ကလပ်အသင်းဥက္ကဌ ရာထူးမှ နှုတ်ထွက်
    တန်းဆင်းလျှင် သတ်မည်ဆိုသောကြောင့် ဘရာဇီးလ်ကလပ်အသင်းဥက္ကဌ ရာထူးမှ နှုတ်ထွက်
    ဇူလိုင် ၇၊ ၂၀၁၇
    M-Media
    အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုကြောင့် အသင်းဥက္ကဌရာထူးမှ နှုတ်ထွက်သွားသည့် ဆာဂျီယို
    – အသင်းတန်းဆင်းပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုကြောင့် ဘရာဇီးလ်မြောက်ပိုင်း နာမည်ကြီးကလပ်အသင်းတစ်ခု၏ ဥက္ကဌမှာ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။
    ဒုတိယတန်းကလပ် Paysandu Sport အသင်း၏ ဥက္ကဌဖြစ်သူ ဆာဂျီယို ဆာရာဖြစ်ပြီး တနင်္ဂနွေနေ့က မိသားစုနှင့်အတူ လမ်းလျှောက်နေစဉ် လက်နက်များကိုင်ဆောင်ထားသည့် ဆိုင်ကယ်သမားများက လာရောက်ကာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
    နိုင်ငံမြောက်ပိုင်း နာမည်ကြီးအသင်းများထဲမှ တစ်သင်းဖြစ်သော်လည်း Paysandu Sport အသင်းမှာ ဘရာဇီးလ် စီးရီးဘီတွင် အဆင့် ၁၆ နေရာ ရောက်နေပြီး တန်းဆင်းဇုန်နှင့် တစ်ဆင့်သာ ကွာတော့သည်။
    ဆာဂျီရို၏ ညီမဖြစ်သူ ခရစ္စတီးနား ဆာရာကလည်း ၎င်း၏အစ်ကိုမှာ ဇနီး၊ ကလေးများနှင့်အတူ လမ်းလျှောက်နေစဉ် ထိုကဲ့သို့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရသောကြောင့် ဥက္ကဌအဖြစ်မှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
    ဘရာဇီးလ်တွင် ဘောလုံးပရိတ်သတ်များ၏ အကြမ်းဖက်မှုများ၊ ကစားသမားများကို အသက်အန္တရာယ်ခြိမ်းခြောက်မှုများမှာ ဆယ်စုနှစ်ချီ၍ ရှိခဲ့သည်။
    Ref: BBC
  • မြန်မာနိုင်ငံက ဒုက္ခသည်နှင့် နိုင်ငံမဲ့ပြဿနာအတွက် အဖြေထုတ်ရန် ကုလအကြီးအကဲ တိုက်တွန်း
    မြန်မာနိုင်ငံက ဒုက္ခသည်နှင့် နိုင်ငံမဲ့ပြဿနာအတွက် အဖြေထုတ်ရန် ကုလအကြီးအကဲ တိုက်တွန်း
    ဇွန် ၇၊ ၂၀၁၇
    M-Media
    ရခိုင်ရှိ ဒုက္ခသည်စခန်းမှ ကလေးများ
    – မြန်မာနိုင်ငံအတွင်းက ကာလကြာရှည်နေပြီဖြစ်တဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ၊ နိုင်ငံမဲ့ဖြစ်နေမှုတွေအတွက် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်တဲ့ အဖြေမျိုး ရှာဖွေကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက မေတ္တာရပ်ခံလိုက်ပါတယ်။
    အခုတစ်ပတ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ UNHCR ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလိုပြောကြားခဲ့တာတာဖြစ်ပြီး ကိစ္စတွေက ရှုပ်ထွေးပေမယ့် ဖြေရှင်းလို့မရတဲ့ ကိစ္စမျိုးမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
    စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့အချိန်မှာ ဒုက္ခသည်တွေက သူတို့အနေနဲ့ ယခင် နေထိုင်ရာနေရာတွေကို အလွန်ပြန်ချင်နေကြောင်း ပြောကြားခဲ့တယ်လို့လည်း ဂရန်ဒီက ဆိုပါတယ်။ မဟာမင်းကြီးဟာ မောင်တောမြို့က ရခိုင်နဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတွေကို သွားရောက်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ လုံခြုံရေးနဲ့ အသက်ရှင်ရပ်တည်မှုဆိုင်ရာ စိုးရိမ်မှုတွေကို နားထောင်ခဲ့ပါတယ်။
    ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ရောက်ခွင့်ရရေးအတွက်လည်း အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
    “ပထမဆုံး အရေးတကြီးဆောင်ရွက်ရမှာက လူတိုင်း လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ အစိုးရ၀န်ဆောင်မှုတွေ ရရှိခွင့်၊ အသက်မွေးဝမ်းကြောင်းနိုင်ခွင့်တွေ ရရှိဖို့ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ရေး လမ်းကြောင်းတွေကို အရှိန်မြှင့်ဖော်ဆောင်ရေးကလည်း အဖြေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ဒါတွေဟာ ဘေးဖယ်ခံထားရမှု၊ ဆင်းရဲမွဲတွေမှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းမှုတွေလည်း ဖြစ်ပါတယ်” လို့ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရမှုကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။
    ဂရန်ဒီဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် အစိုးရ အကြီးတန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံက ဒုက္ခသည်တွေကို ကြိုဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားမှုအတွက် ကျေးဇူးတင်ကြောင်း၊ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ ရှေ့သွားဖို့အတွက် အရေးပါတဲ့ မူဝါဒလမ်းစဉ်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    မဟာမင်းကြီးဟာ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို လာမယ့်တစ်ပတ်မှာ သွားရောက်ပြီး သူ့ရဲ့ အာရှခရီးစဉ်ကို အဆုံးသတ်မှာပါ။
    Ref: UN
  • ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ် အကြမ်းဖက်တိုက်ခိုက်ခံရ
    ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ် အကြမ်းဖက်တိုက်ခိုက်ခံရ
    ဇူလိုင် ၇၊ ၂၀၁၇
    M-Media
    – အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုတွင် ယနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးတစ်ဦးအပါအ၀င် အနည်းဆုံး စစ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    ရာဖာတောင်ပိုင်း အလ်-ဘာ့သ်ရွာရှိ စစ်တပ်ဝန်းမှ စစ်ဆေးရေးဂိတ်သို့ အသေခံဗုံးခွဲသမားမှာ ကားဖြင့် ၀င်ရောက်ဗုံးခွဲခဲ့ပြီး နောက်ပိုင်းတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင်များနှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ လက်နက်ကိုင် ၄၀ သေဆုံးခဲ့သည်ဟု အီဂျစ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတ်ဦးက ပြောကြားခဲ့သည်။
    သေဆုံးသွားသည့် ဗိုလ်မှူးကြီးမှာ အဟ်မဒ် အလ်-မန်ဆီဖြစ်ပြီး အနည်းဆုံး အခြား ၂၀ ဦးမှာ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သည်။
    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးသော်လည်း ကျွမ်းကျင်သူများက IS ကို သစ္စာခံသည့် ၀ီလာယတ် ဆိုင်းနိုင်းအဖွဲ့၏ လက်ချက်ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ ထို့အဖွဲ့မှာ စစ်တပ်နှင့် ရဲတပ်တပ်ဖွဲ့ဝင်များကို ထိုနည်းလမ်းမျိုးဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
    ပြီးခဲ့သည့်ရက်များအတွက် IS အကြမ်းဖက်အဖွဲ့မှာ အီဂျစ်နိုင်ငံအတွင်းရှိ လူနည်းစုခရစ်ယာန်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး တိုက်ခိုက်မှု ၄ ခုအတွင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။
    Ref: Aljazeera
  • ပါကစ္စတန်တွင် စက်ရုပ်စားပွဲထိုးများကို စတင်အသုံးပြု
    ပါကစ္စတန်တွင် စက်ရုပ်စားပွဲထိုးများကို စတင်အသုံးပြု
    ဇူလိုင် ၇၊ ၂၀၁၇
    M-Media
    စာပွဲထိုးနေသည့် စက်ရုပ်
    – မွတ်စလင်သူတော်စဉ်တွေရဲ့ ဂူဗိမာန်တွေ၊ သရက်သီးခြံတွေနဲ့ လက်မှုပညာတွေကြောင့် နာမည်ကျော်တဲ့ ပါကစ္စတန်က မူလ်တန်ဆိုတဲ့မြို့လေးမှာ နိုင်ငံရဲ့ ပထမဆုံး စက်ရုပ်စားပွဲထိုးတွေကို အသုံးပြုနေပါတယ်။
    ရာဘီ၊ အန်နီနဲ့ ဂျန်နီလို့ အမည်ပေးထားတဲ့ အဲဒီ အမျိုးသမီး စက်ရုပ်စာပွဲထိုးတွေဟာ နာမည်ကြီး Pizza.com ပီဇာစားသောက်ဆိုင်တစ်ခုမှာ စာပွဲးထိုးနေတာပါ။ ဒီစက်ရုပ်တွေကို တီထွင်ခဲ့တဲ့ ပီဇာဆိုင်ပိုင်ရှင် အိုစာမာ ဂျာဖာရီကတော့ စားသုံးသူတွေရဲ့ တုန့်ပြန်မှုတွေက အားရစရာကောင်းတယ်လို့ ဆိုပါတယ်။
    “ကျွန်တော်တို့ ဆိုင်တွေအများကြီးကို သွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့ ဦးလေးက ဒီဆိုင်မှာ စက်ရုပ်တွေ ၀န်ဆောင်မှုပေးနေတယ်လို့ ပြောတယ်။ စက်ရုပ်က ပီဇာလာပေးတော့ ကျွန်တော်တို့ အရမ်းပျော်ရွှင်မိပါတယ်” လို့ အသက် ၁၂ နှစ်အရွယ် စားသုံးသူ အိုစာမာ အဟ်မဒ်က ပြောကြားခဲ့ပါတယ်။
    နောက်ထပ် စားသုံးသူတစ်ယောက်ဖြစ်တဲ့ ဟာမစ် ဘရှီးရ်က “ဒါဟာ တီထွင်ဆန်းသစ်မှုတစ်ခုပါ။ ဒီလိုဝန်ဆောင်မှုပေးတဲ့အတွက် ကျေနပ်သလို ကလေးတွေအတွက်လည်း ဖျော်ဖြေမှုကောင်းတစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
    အသက် ၂၄ နှစ်အရွယ် ဂျာဖာရီက တရုတ်နိုင်ငံမှာ စက်ရုပ်စားပွဲထိုးတွေကို အသုံးပြုတဲ့ ဗီဒီယိုတွေဟာ သူ့ကို တွန်းအားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အစ္စလာမ်မာဘတ် အမျိုးသား သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မိသားစုတွေရဲ့ အားပေးမှုနဲ့အတူ ဒီစက်ရုပ်တွေကို တီထွင်တာဖြစ်ပါတယ်။
    “တုန့်ပြန်မှုက တကယ့်ကို မယုံနိုင်စရာပဲဗျ။ လူတွေက ဒါကိုနှစ်သက်ကြတယ်။ ကျွန်တော့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ဒီဒေသကလူတွေလည်း နှစ်သက်ကြပါတယ်”
    ဒီစက်ရုပ်တွေဟာ ပြည်တွင်းဖြစ် ဖြစ်ပြီး တစ်ရုပ်ကို ရူပီး ၆ သိန်း (ကန်ဒေါ်လာ ၆၀၀၀) လောက် ကုန်ကျခဲ့တယ်လို့ ဂျာဖာရီက ဆိုပါတယ်။
    စွမ်းဆောင်ရည်ပိုမြင့်တဲ့ နောက်ထပ် စက်ရုပ်မျိုးဆက်တစ်ခုကို တီထွင်နေကြောင်း၊ အဲဒီစက်ရုပ်တွေက စားသုံးသူတွေရဲ့ မေးခွန်းကို တုန့်ပြန်နိုင်မှာဖြစ်ကြောင်း၊ ဒီစက်ရုပ်တွေကို သူတို့မိသားစုပိုင်တဲ့ ဟိုက်ဒရာဘတ်က အခြားစားသောက်ဆိုင်တွေမှာ အသုံးပြုသွားဖို့ မျှော်လင့်နေကြောင့် ဂျာဖာရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    စက်ရုပ်များနှင့်အတူ တွေ့ရသည့် ဂျာဖာရီ
    Ref: Phys.org
  • အထောက်အထားမဲ့ နိုင်ငံခြားအလုပ်သမားများ လာရောက်အဖမ်းခံရန် မလေးရှားကြေငြာ
    အထောက်အထားမဲ့ နိုင်ငံခြားအလုပ်သမားများ လာရောက်အဖမ်းခံရန် မလေးရှားကြေငြာ
    ဇူလိုင် ၇၊ ၂၀၁၇
    M-Media
    – မလေးရှားအစိုးရက ထုတ်ပေးသည့် E-card လျှောက်ထားခြင်းမရှိသော နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံကြရန် မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် မွတ်စ်တာဖာ အလီက တိုက်တွန်းလိုက်ပြီး သို့မဟုတ်ပါက ထောင်ဒဏ်၊ ငွေဒဏ် ကျခံရမည်ဟု သတိပေးလိုက်သည်။
    မလေးရှား လူဝင်မှုကြီးကြပ်ရေးမှာ တရားမ၀င်အလုပ်သမားများအတွက် အထောက်အထားအဖြစ် E-card များကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အခမဲ့ထုတ်ပေးခဲ့သည်။ အဆိုပါ E-card ကိုင်ဆောင်ထားသူများမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အလုပ်လုပ်ကိုင်ခွင့် ပါမစ်များကို လျှောက်ထားရမည်ဖြစ်သည်။
    မွတ်စ်တာဖာ အလီက E-card လျှောက်ထားခြင်း မရှိသော နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ရဲတပ်ဖွဲ့တွင် အလိုအလျောက် လာရောက်အဖမ်းခံပါ ဒဏ်ကြေး ရင်းဂစ် ၄၀၀ သာ ဆောင်ရမည်ဖြစ်ပြီး၊ ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးတွင် ဖမ်းဆီးခံရလျှင် ရင်းဂစ် ၅၀၀၀ အထိ ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း၊ တရားရုံးတွင် ဖြေရှင်းပါက တစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ယမန်နေ့ ကွာလာလမ်ပူ၌ ပြုလုပ်ခဲ့သည့် APEC Business Travel Card အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
    “သူတို့ (နိုင်ငံခြားအလုပ်သမား) တွေ လာအဖမ်းခံလို့ရပြီး ချက်ခြင်း နယ်နှင်မှာပါ။ ဒါပေမယ့် အဲဒီမတိုင်ခင်တော့ စုံစမ်းစစ်ဆေးခံရပါမယ်။ 3-Plus-1 အစီအစဉ်အရ သူတို့ဟာ ဒဏ်ကြေး ၄၀၀ ပေးရမှာဖြစ်ပြီး ပြီးရင် လေယာဉ်လက်မှတ်ဝယ်ကာ သူတို့မူရင်းတိုင်းပြည်ကို ပြန်ရမှာပါ။ သူတို့ဟာ နောက် ၅ နှစ်အတွင်း မလေးရှားကို
    ထို့ပြင် E-card လျှောက်ထားမှုလုပ်ငန်းကို သက်တမ်းတိုးပေးတော့မည် မဟုတ်ကြောင်း၊ E-card ကုန်ဆုံးရက်ပြီးနောက် နေ့စဉ်လိုလို ပြုလုပ်နေသည့် အထူးစစ်ဆင်ရေးများကြောင့် ထိန်းသိမ်းရေးစခန်းများ ပြည့်သွားမည်ဟု မျှော်လင့်ကြောင်း၊ ဖမ်းဆီးခံရသူများအား စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုကို အလျင်အမြန်ပြုလုပ်သွားမည်ဖြစ်ပြီး နယ်နှင်ဒဏ်ပေးခြင်းက တရားမ၀င်နေထိုင်သူပြဿနာကို ဖြေရှင်းရေး အထောက်အကူဖြစ်မည်ဖြစ်ကြောင်း အလီက ထည့်သွင်းပြောကြားခဲ့သည်။
    ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း နိုင်ငံခြားအလုပ်သမား ၂၀၀၀ ကျော်နှင့် အလုပ်ရှင် ၄၄ ဦးကို ဖမ်းဆီးထားသည်ဟုလည်း သိရသည်။
    Ref: Malaysiakini