News @ M-Media

Author: Ko Lay

  • မွတ်စလင်အမျိုးသမီးကာတွန်းပုံတွင် စော်ကားသည့်မှတ်ချက် ရေးသားထားမှု စင်ကာပူ စုံစမ်းနေ

    မွတ်စလင်အမျိုးသမီးကာတွန်းပုံတွင် စော်ကားသည့်မှတ်ချက် ရေးသားထားမှု စင်ကာပူ စုံစမ်းနေ

    ဇွန် ၅၊ ၂၀၁၇
    M-Media

    – စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ဆဲ ရထားဘူတာ၌ ရေးဆွဲထားသည့် ဂရက်ဖက်တီပုံတွင် ဟီဂျဘ်ဝတ်မွတ်စလင်အမျိုးသမီး၏ ဦးခေါင်း၌ လက်သည်းဖြင့် ‘အကြမ်းဖက်သမား’ (terrorist) ဟု ရေးသားမှုအတွက် စင်ကာပူအစိုးရက စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

    Marine Parade MRT ရထားဘူတာတွင်ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ဟိုင်ကာလ် လတ်စ်ဖ်က ဇွန်လ ၁ ရက် ကြာသာပတေးနေ့တွင် ထိုရေးသားမှုကို တွေ့မြင်ခဲ့ပြီးနောက်ပိုင်း ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့ကာ CNA သတင်းဌာနကိုလည်း သတင်းပေးခဲ့သည်။

    “ကာတွန်းတစ်ခုက ဒီလို မှတ်ချက်မျိုးကို ဖြစ်စေတယ်ဆိုတာနဲ့ပတ်သက်လို့ ကျွန်တော် တော်တော်လေး တုန်လှုပ်မိပါတယ်။ စင်ကာပူမှာတောင် အစ္စလာမ်ကြောက်ရောဂါက ဘယ်လောက်ပုံပေါ်လာနေလဲဆိုပြီး ကျွန်တော် တွေးမိပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဒီလိုဖြစ်တဲ့သတင်းမျိုးတွေကြားဖူးပြီး သိပ်မခံစားရပါဘူး။ ဒါပေမယ့် စင်ကာပူမှာဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါကြတော့ တကယ့်ကို နာကျင်ရပါတယ်” ဟု လတစ်ဖ်က ပြောကြားခဲ့သည်။

    စင်ကာပူ ကုန်လမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က ဆောက်လုပ်ရေးလုပ်ငန်းရှင်မှာ ထိုကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကို သောကြာနေ့က တိုင်ကြားထားပြီး ရဲတပ်ဖွဲ့ကလည်း ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဖြင့် စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။

    Ref: CNA

  • ကာတာနှင့် သံအဆက်အသွယ်ဖြတ်မည်ဟု ပင်လယ်ကွေ့ ၄ နိုင်ငံ ကြေငြာ

    ကာတာနှင့် သံအဆက်အသွယ်ဖြတ်မည်ဟု ပင်လယ်ကွေ့ ၄ နိုင်ငံ ကြေငြာ

    ဇွန် ၅၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီဂျစ်နှင့် ဘာရိန်းနိုင်ငံတို့က ၎င်းတို့အနေဖြင့် ကာတာနိုင်ငံနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်တော့မည်ဟု ပြောကြားလိုက်သည်။

    ဆော်ဒီက နိုင်ငံပိုင် Saudi Press Agency မှတစ်ဆင့် ယနေ့မနက်ပိုင်းတွင် ယခုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး၊ အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်အတွက် ထိုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ယီမင်စစ်ပွဲမှ ကာတာတပ်ဖွဲ့များအားလုံးကိုလည်း ထုတ်ပယ်လိုက်ပြီဟုလည်း ဆိုသည်။

    ဘာရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့မနက်အစောပိုင်းတွင် ထုတ်ပြန်သော ကြေငြာချက်၌ မိမိတို့၏ သံအဖွဲ့ကို ကာတာမြို့တော် ဒိုဟာမှ ၄၈ နာရီအတွင်း ပြန်လာခိုင်းမည်ဟုဆိုပြီး၊ ဘာရိန်းရှိ ကာတာ သံတမန်များကလည်း ထိုအချိန်အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရမည်ဟု ဖော်ပြထားသည်။

    ကာတာနှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများအကြား ယခုကဲ့သို တင်းမာမှုများမှာ ကာတာ အစိုးရသတင်းဌာန QNA တွင် ဟက်ကာများက ကာတာနိုင်ငံခေါင်းဆောင် ရှိခ် တာမင် ဘင် ဟာမဒ် အလ်သာနီ၏ ပြောကြားသော စကားများဟုဆိုသော မှတ်ချက်များကို လွှင့်တင်ခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

    အလ်သာနီမှာ အီရန်၊ ဟားမက်စ်၊ ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့အား ထောက်ခံကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ရာထူးကြာကြာခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဆိုသော အဆိုပါ သတင်းမှားများနှင့်ပတ်သက်၍ ကာတာအစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

    သို့သော်လည်း ယူအေအီးနှင့် ဆော်ဒီရှိ သတင်းဌာနများကမူ အဆိုပါသတင်းများကို ထပ်ဆင့်ဖော်ပြနေကြသည်။

    Ref: Aljazeera

  • ဖိလစ်ပိုင်တွင် အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးက ခရစ်ယာန် ၆၀ ကျော်ကို IS လက်မှ ကယ်ထုတ်

    ဖိလစ်ပိုင်တွင် အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးက ခရစ်ယာန် ၆၀ ကျော်ကို IS လက်မှ ကယ်ထုတ်

    ဇွန် ၅၊ ၂၀၁၇
    M-Media

    ခရစ်ယာန် ၆၄ ဦးကို IS လက်မှ ကယ်ထုတ်ခဲ့သည့် အစ္စလာမ့်ဓမ္မပညာရှင် နူရ် လူစ်မန်

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းက မာရာဝီမြို့မှာ အစိုးရတပ်ဖွဲ့တွေနဲ့ IS အကြမ်းဖက်သမားတွေအကြား တိုက်ခိုက်မှုတွေအတွင်း ဒေသတွင်းက ဘာသာမတူသူတွေဟာ အချင်းချင်း ဖေးမကူညီနေကြပါတယ်။

    စနေနေ့မှာ မာရာဝီမြို့ကနေ ကလေးငယ် ၅၀ နီးပါအ၀င် လူပေါင်း ၁၆၀ ကျော်လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။ တိုက်ပွဲတွေကြောင်း သေဆုံးသူဟာ အရပ်သား ၂၀၊ စစ်သား ၃၈ ဦးနဲ့ အကြမ်းဖက်သမား ၁၂၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ မရာဝီမြို့ဟာ တိုက်ပွဲဇုန်ဖြစ်နေပြီး အစိုးရကလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    အရပ်သားတွေကို ကယ်ထုတ်ဖို့ စနေနေ့က အပစ်ရပ်မှုအပြီးမှာ အစိုးရ တိုက်လေယာဉ်တွေဟာ မြို့လယ်ကောင်ကို ဗုံးတွေ ကြဲချခဲ့ပါတယ်။

    “ရဟတ်ယာဉ်က ကျွန်တော်တို့ကို ပစ်လိုက်မလား၊ ဂျီဟတ်ဝါဒီတွေက ကျွန်တော်တို့ သတ်လိုက်မလားဆိုပြီး စိုးရိမ်နေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဒီတစ်ပတ်အတွင်း လွတ်မြောက်လာတဲ့ သူတွေထဲမှာ အစ္စလာမ့်ရေးရာ စာရေးဆရာတစ်ဦးဖြစ်ပြီး နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်တဲ့ နူရ် လူစ်မန်လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ဆော်ဒီမှာ အိုစမာဘင်လာဒင်နဲ့အတူ ပညာသင်ဖူးပြီး မာရာဝီမြို့က ခရစ်ယာန်တွေကို သူ့အိမ်မှာဖွက်ထားကာ၊ အကြမ်းဖက်သမားတွေကို လှည်
့ဖျားပြီး ကယ်ထုတ်လာခဲ့တဲ့ အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေမဖြစ်ပွားခင် သူ့အိမ်နားမှာ ခရစ်ယာန် ဆောက်လုပ်ရေးလုပ်သားတွေ အလုပ်လုပ်ကိုင်နေကြပြီး၊ အဲဒီလူတွေက ‘မြို့ထဲကနေ အပြင်ထွက်လို့မရတာကြောင့် သူတို့ကို ကာကွယ်ဖို့ဟာ ကျွန်တော့်တာဝန် ဖြစ်လာတယ်’ လို့ လူစ်မန်က ဆိုပါတယ်။

    “တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်နေ့တွေမှာ ခရစ်ယာန်အလုပ်သမားတွေက ကျွန်တော့်အိမ်မှာ လာပုန်းနေကြပါတယ်။ ၆၄ ယောက်ရှိပါတယ်။ သူတို့ကို ဘာမှမဖြစ်အောင် စောင့်ရှောက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်” လို့ လူစ်မန်က ပြောကြားခဲ့ပြီး ဒီလူတွေကိုကယ်တင်ရေး သူ့ရဲ့အသက်ကို အသေခံဖို့အထိ တွေး
    ထားတယ်လို့ ဆိုပါတယ်။

    “IS တွေလာတဲ့အခါမှာ သူတို့ ကျွန်တော့်ကို မှတ်မိသွားတယ်။ သူတို့ကို ထွက်သွားဖို့ပြောတော့ ကျွန်တော့်ကို လေးစားတာကြောင့် ထွက်သွားကြတယ်။ ကျွန်တော် ခရစ်ယာန်တွေကို ဖွက်ထားတယ်ဆိုတာ သူတို့ မသိပါဘူး။ ခရစ်ယာန်တွေ ကျွန်တော့်အိမ်မှာ ရှိနေတယ်ဆိုတာသိရင် သူတို့ အားလုံးကို ခေါင်းဖြတ်သတ်လို
    က်ကြမှာ”

    အစားအသောက်တွေ ပြတ်လတ်လာပြီ စစ်တပ်ကလည်း တစ်မြို့လုံးကို ဗုံးကြဲတော့မယ်လို့ ကြားတဲ့အခါ လူစ်မန်က ဒီခရစ်ယာန်တွေနဲ့အတူ မြို့ထဲကနေထွက်ဖို့ ကြိုးစားခဲ့ပါတယ်။

    “ဒီလူတွေကို အိမ်ထဲကနေ ခေါ်ထုတ်မသွားဘူးဆိုရင် အစာငတ်ပြီး သေသွားလိမ့်မယ်လို့ ကျွန်တော်တွေးတယ်။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ထွက်လာဖို့ ကြိုးစားခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ စနိုက်ပါသမားတွေလည်း အများကြီးပဲ။ ဒီလူတွေဟာ ခရစ်ယာန်လား၊ မွတ်စလင်လားဆိုပြီး သူတို့ မမေးပါစေနဲ့လို့ ကျွန်တော်တို့ ဆုတောင်းလာရပါတယ်” လို့ လူစ်မန်က ပြောကြားခဲ့ပြီး ‘ကုရ်အာန်ဖတ်ခိုင်းလို့ မဖတ်တတ်ဘူးဆိုရင် သူတို့ သတ်ပစ်မှာ’ လို့လည်း ဆိုပါတယ်။

    လက်ရှိ မာရာဝီမြို့မှာ လူပေါင်း ၂၀၀၀ ကျော်လောက် ပိတ်မိနေပြီး အကြမ်းဖက်သမား ၂၅၀ လောက်က မြို့ကို စီးထားပါတယ်။

    စစ်တပ်ကလည်း ထိုးစစ်ဆင်ဖို့အခြေအနေရှိနေပြီး အကြမ်းဖက်သမားတွေဟာ ဖိလစ်ပိုင်ဒေသခံတွေအပြင် ဆော်ဒီ၊ ပါကစ္စတန်၊ ချေချင်းညာနဲ့ မော်ရိုကိုတို့ကလူတွေလည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

    Ref: RT

  • ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ စင်ကာပူမွတ်စလင်များနှင့် စုပေါင်း ၀ါဖြေ

    ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ စင်ကာပူမွတ်စလင်များနှင့် စုပေါင်း ၀ါဖြေ

    ဇွန် ၄၊ ၂၀၁၇
    M-Media

    စင်ကာပူ မွတ်စလင်များနှင့် စုပေါင်းဝါဖြေနေသည့် မင်းသားဟယ်ရီ

    – ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ အလည်အပတ်ခရီးစဉ်အဖြစ် ဒီနေ့မှာ စင်ကာပူနိုင်ငံကို ရောက်ရှိလာခဲ့ပြီး မလေးလူမျိုး အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်း အစ်ဖ်သာရ် ၀ါဖြေပွဲမှာ ပါဝင်ခဲ့ပါတယ်။

    စင်ကာပူ မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Jamiyah Singapore ရဲ့ Guillemard Crescent ရပ်ကွက်က ရုံးချုပ်ကို လာရောက်ခဲ့တာဖြစ်ပြီး မလေးလူမျိုးတွေရဲ့ ရိုးရာ အတီးအမှုတ်တွေနဲ့ ကြိုဆိုခဲ့ပါတယ်။

    မင်းသားကို စင်ကာပူက ဆီလတ်ကိုယ်ခံပညာ ကမ္ဘာ့ချန်ပီယံဟောင်း ရှိခ် အလူဒင် ယာကွဘ်က ဦးဆောင်ကာ ခေါ်ဆောင်လာတာဖြစ်ပြီး ကြိုဆိုမှုမှာ ဆီလတ်ကိုယ်ခံပညာနဲ့ အလှပြကစားမှုလည်း ပါဝင်ခဲ့ပါတယ်။

    နေ၀င်သွားချိန်မှာတော့ မင်းသားဟာ မွတ်စလင်လူငယ် ၈၀ နဲ့ အစ်ဖ်သာရ် ၀ါဖြေပွဲမှာ ပါဝင်စားသောက်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ မွတ်စလင်ငယ်တွေနဲ့ တစ်ဝိုင်းချင်း သွားရောက်တွေ့ဆုံကာ ရမ်ဇာန်ဥပုသ်လနဲ့ပတ်သက်လို့ စကားစမြည် ပြောဆိုခဲ့ပါတယ်။

    “ရမ်ဇာန်ဥပုသ်လဟာ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ရတဲ့လပါ။ မိသားစုတွေ၊ မိတ်ဆွေတွေကို အချိန်ပေးတာမျိုး၊ ကိုယ့်ထက်နိမ့်ပါးသူတွေကို ကူညီထောက်ပံ့တာမျိုးလည်း လုပ်ရပါတယ်။ အစ်ဖ်သာရ်ဝါဖြေပွဲမှာ မင်းသားဟယ်ရီ ပါဝင်လာတဲ့အတွက်၊ Jamiyah Singapore အဖွဲ့က အစိတ်အပိုင်းတွေဖြစ်တဲ့ လူငယ်တွေနဲ့
    တွေ့ဆုံတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်” လို့ Jamiyah Singapore ဥက္ကဌ ဒေါက်တာ မိုဟာမက် ဟက်စ်ဘီ အဘူ ဘာကာရ်က ပြောကြားခဲ့ပါတယ်။

    ဒီနေ့မနက်ပိုင်းကလည်း မင်းသား Action for AIDS အခမ်းအနားကို သွားရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက အိခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ပြဿနာအကြောင်းကို လေ့လာခဲ့ပါတယ်။

    Ref: CNA

  • မနီလာ ကာဆီနိုရုံတိုက်ခိုက်သူမှာ အကြမ်းဖက်သမားမဟုတ်ဟု ဖိလစ်ပိုင် ထုတ်ပြန်

    မနီလာ ကာဆီနိုရုံတိုက်ခိုက်သူမှာ အကြမ်းဖက်သမားမဟုတ်ဟု ဖိလစ်ပိုင် ထုတ်ပြန်

    ဇွန် ၄၊ ၂၀၁၇
    M-Media

    ကာဆီနိုရုံကို ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဂျက်ဆီ ဂျာဗီယာ ကားလို့စ်

    – သောကြာနေ့က မြို့တော် မနီလာရှိ ကာဆီနိုရုံအား ၀င်ရောက်ပစ်ခတ်မီးရှို့သူမှာ အကြမ်းဖက်သမားမဟုတ်ဘဲ အကြွေးပတ်လည်ဝိုင်းနေသည့် လောင်းကစားသမားဖြစ်သည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ကာဆီနိုရုံ မီးလောင်မှုကြောင့် မီးခိုးမွှန်ကာ လူပေါင်း ၃၆ ဦးထက်မနည်း သေဆုံးခဲ့သည့် အဆိုပါ အဖြစ်အပျက်ကို မိမိတို့၏ တပ်ဖွဲ့ဝင်တစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ကြေငြာခဲ့သည်။

    သို့သော်လည်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က တိုက်ခိုက်သူမှာ လောင်းကစားကြွေး အမြောက်အများရှိနေသည့် ဂျက်ဆီ ဂျာဗီယာ ကားလို့စ်ဆိုသူဖြစ်ပြီး အကြမ်းဖက်သမားမဟုတ်ကြောင်း၊ ၎င်းမှာ တစ်ဦးတည်း တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားအပြီး နာရီအနည်းငယ်အကြာတွင် ကားလို့စ်ကို သေဆုံးလျက် တွေ့ရှိခဲ့ရသည်။

    “သူ့မိသားစုက သူဟာ ကာဆီနိုလောက်ကစားကို စွဲလွန်းတာကြောင့် အကြွေးပတ်လည်ဝိုင်းနေတယ်လို့ ပြောပါတယ်” ဟု ရဲတပ်ဖွဲ့ အကြီးအကဲ မစ္စတာ အလ်ဘာယာလ်ဒီက ပြောကြားခဲ့သည်။

    ကားလို့စ်မှာ Resorts World Casino ရုံသို့ ၀င်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ ကာဆီနိုစက်များအား မီးရှို့ခဲ့သည်။

    ထို့နောက် ကန်ဒေါ်လာ ၂.၃ သန်း တန်ဖိုးရှိ ကာဆီနိုအ၀ိုင်းပြားများကို ကျောပိုးအိတ်ထဲ ထည့်ကာ အဆောက်အဦး၏ ဟိုတယ်ဇုန်ထဲသို့ သွားကာ အခန်းတစ်ခုထဲ ၀င်ရောက်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ကားလို့စ်မှာ ၎င်းကိုယ်ကို မီးရှို့သတ်သေခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: BBC