News @ M-Media
Author: Ko Lay
  • လန်ဒန်တွင် အနည်းဆုံး တိုက်ခိုက်မှု ၂ ခုဖြစ်ပွား
    လန်ဒန်တွင် အနည်းဆုံး တိုက်ခိုက်မှု ၂ ခုဖြစ်ပွား
    ဇွန် ၄၊ ၂၀၁၇
    M-Media
    – ယူကေမြို့တော် လန်ဒန်ရှိ လူစည်ကားရာ နေရာနှစ်ခုတွင် ယမန်နေ့ညနှောင်းပိုင်းက တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    လန်ဒန်တံတားပေါ်တွင် ဗန်ကားတစ်ဦးက လူအုပ်ထဲသို့ ၀င်တိုက်မှုတစ်ခုနှင့် အနီးရှိ ဘိုရိုဈေးတွင် အနည်းဆုံး လူ ၃ ဦးက ဓားဖြင့်လိုက်ထိုးခြင်းတို့ ဖြစ်သည်။
    ဈေးထဲတွင် ဓားဖြင့်ဝင်ခုတ်သူ ၃ ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ်နိုင်ခဲ့သည်။ ၎င်းတို့တွင် အသေခံဗုံးခွဲဝတ်စုံကဲ့သို့ ၀တ်စုံမျိုး ၀တ်ဆင်ထားသည်ကို မြင်တွေ့ရသော်လည်း ရဲတပ်ဖွဲ့ကမူ ထိုဝတ်စုံမှာ အတုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    မျက်မြင်သက်သေများက ဓားသမားများတွင် အချို့မှာ ဓားရှည်များကို ကိုင်ထားပြီး၊ အချို့မှာ ဓားမများကို ကိုင်ထားကြောင်း၊ လန်ဒန်တံတားတွင် လူများအား လိုက်တိုက်သည့်ကားမှာ အဖြူရောင်ဗန်ကားဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဗြိတိန်၏ အကြမ်းဖက်တိုက်ဖျက်ရေး ထိပ်တန်းအရာရှိ မာ့ခ် ရိုလေးက လူ ၆ ဦးနှင့် တိုက်ခိုက်သူ ၃ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။
    လန်ဒန်မြို့ရှိ Vauxhall ဒေသတွင်လည်း ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး ပထမ တိုက်ခိုက်မှုနှစ်ခုနှင့် ဆက်စပ်မည်ဟု စောစောပိုင်းက ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်စပ်မှုမရှိဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက အဆိုပါတိုက်ခိုက်မှုများမှာ ‘အပြစ်မဲ့ လန်ဒန်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ၊ သူရဲဘောကြောက်စွာ’ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့၏ တောင်းဆိုမှုကြောင့် လန်ဒန်ရှိ ရထားဘူတာများနှင့် ဆေးရုံ ၃ ခုကို ပိတ်ပစ်ခဲ့သည်။
    Ref: Aljazeera
  • မြန်မာ့ကာကွယ်ရေးမူဝါဒမှာ အဓိကရန်သူကို ဘယ်သူလို့ သတ်မှတ်ထားလဲ
    မြန်မာ့ကာကွယ်ရေးမူဝါဒမှာ အဓိကရန်သူကို ဘယ်သူလို့ သတ်မှတ်ထားလဲ
    ဇွန် ၃၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံဟာ ဥရောပတိုက် မြောက်ဘက်က ဆွီဒင်လို အနောက်ဘက်စွန်းစွန်းနိုင်ငံတစ်ခုနဲ့ တော်တော်လေး သွားတူတယ်လို့ပြောရင် နားလည်နိုင်မှ နားလည်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနှစ်နိုင်ငံစလုံးဟာ နိုင်ငံတကာရေးရာကိစ္စတွေမှာ ကြားနေ၀ါဒကို ခိုင်ခိုင်မာမာကျင့်သုံးမယ်လို့ အတိအလင်း ကြေငြာထားကြပါတ
    ယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ သမိုင်းကြောင်းနဲ့ချီတဲ့ သက်ဆိုင်ရာ ရန်ဘက်တွေကို တရားဝင် ကာကွယ်ရေးမူဝါဒမှာ ဖော်ပြခြင်းမရှိတာကိုလည်း ထင်ထင်ရှားရှားတွေ့ရပါတယ်။
    ဆွီဒင်မှာတော့ ဘယ်သူဘယ်ဝါလို့ ဖော်ပြထားခြင်းမရှိတဲ့ ရန်သူကို ‘ဖီ’ (fi) လို့သိကြပြီး ရန်သူ (fiende) ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ဆွီဒင်ရဲ့ ကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေအားလုံးဟာ အရှေ့ဘက်ကလာတဲ့ ဒီ အမည်မသိ ‘ဖီ’ ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ ဆိုလိုတာက ရုရှားပါ။ ၁၈ ရာစုနဲ့ ၁၉
    ရာစုတွေမှာ ဆွီဒင်နဲ့ ရုရှားတို့ဟာ စစ်ပွဲတော်တော်များများ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ဆွီဒင်ကတော့ သူတို့ထက် အင်အားကြီးပြီး၊ နိုင်ငံလည်းကြီးတဲ့ ရုရှားကို ‘ဖီ’ လို့ အခုအချိန်အထိ အမည်တပ်ခြင်း မရှိပါဘူး။
    မြန်မာနိုင်ငံရဲ့ ‘ဖီ’ ဟာ အမြဲတမ်း မြောက်ဖက်ပိုင်းက အင်အားကြီးအိမ်နီးချင်း တရုတ်နိုင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးမူဝါဒမှာတော့ ဒီလို အမည်တပ် ဖော်ပြထားတာမျိုး မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ စစ်ရေးစစ်ရာကို ကိုင်တွယ်သူတွေက ၁၈ ရာစုအတွင်း ကျူးကျော်မှုတော်တော်များများအပါအ၀င် သိပ်မကြာခင်က သမိုင်းကြောင်းတွေအရ ဘယ်လိုကျူးကျော်မှုမျိုးမဆို နိုင်ငံအရှေ့မြောက်ဖက်က ဖြစ်လာနိုင်ချေအရှိဆုံးဆိုတာ သိကြပါတယ်။
    မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၉ ခုနှစ်မှာ မော်စီတုန်းနောက်လိုက် ကွန်မြူနစ်တွေရဲ့ ချေမှုန်းခြင်းခံလိုက်ရတဲ့ ကူမင်တန်တပ် အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တောင်တန်းတွေဘက်ကို ဆုတ်လာပြီး အဲဒီနေရာမှာ စခန်းချခဲ့ကြပါတယ်။
    ၁၉၆၈ ခုနှစ်မှာလည်း တရုတ် အပျော်တမ်းတပ်သားတွေ ပါဝင်ပြီး အကြီးအကျယ် လက်နက်တပ်ဆင်ထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) က သူပုန်တွေဟာ အရှေ့မြောက်ဖက်က နယ်စပ်ကို ကျော်ဝင်လာပြီး မြန်မာ-တရုတ်နယ်စပ်က စကွဲယားကီလိုမီတာ ၂ သောင်းလောက်ကို သိမ်းလိုက်ကြပါတယ်။
    ဒီနေ့မှာတော့ အဲဒီဒေသကို CPB ကို အဓိကအမွေခံထားတဲ့ ၀,သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားပါတယ်။ ဒီအဖွဲ့ဟာ တရုတ်နိုင်ငံကနေ ရုပ်ပိုင်းဆိုင်ရာရော၊ နိုင်ငံရေးအရပါ ကြီးကြီးမားမား ထောက်ပံ့မှုရထားတဲ့ အဖွဲ့ပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို မျက်နှာနှစ်ဖက်ထား ကစားနေပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ သံတမန်ရေး ထောက်ပံ့မှုတွေက ‘မုန့်’ ဖြစ်ပြီး၊ UWSA ကို တစ်ဖက်လှည့်နဲ့ အားပေးနေတာက ‘တုတ်’ ဖြစ်ပါတယ်။
    ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာကွယ်ရေးမူဝါဒစာတမ်း (Defense White Paper) အရ နိုင်ငံရဲ့ ကာကွယ်ရေးမှာ ‘သမိုင်းနောက်ခံ၊ လူမှုစီးပွားရေးအခြေအနေနဲ့ ပြည်ထောင်စုရဲ့ ပထ၀ီအနေအထား ရှုထောင့်တွေကို ထည့်သွင်းစဉ်းစားဖို့’ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
    တကယ်တော့ ဒီစာတမ်းမှာ တရုတ်နိုင်ငံကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် ၁၉၅၀ ပြည့်နှစ်တွေမှာ စစ်မှုထမ်းဟောင်း ဗိုလ်မှူးကြီးမောင်မောင် ရေးဆွဲတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာကွယ်ရေးမူဝါဒစာတမ်းမှာတော့ ဖော်ပြခဲ့ပါတယ်။
    အမေရိကန်က မြန်မာ့စစ်တပ်ရေးရာ ကျွမ်းကျင်သူ မေရီ ကာလာဟန်က သူမရဲ့ စာအုပ် Making Enemies: War and State Building in Burma ထဲမှာ “မောင်မောင်ရဲ့ ရန်သူကို အဓိပ္ပါယ်ဖွင့်တာက ရိုးရှင်းပါတယ်။ ‘တရုတ်က ရန်သူဆိုတာ မေးခွန်းထုတ်စရာကို မလိုပါဘူး။ အိန္ဒိယတွေဟာ ပြဿနာသိပ်မရှိဘူး။ ထိုင်းေ
    တွကလည်း မတောင့်တင်းဘူး။ လက်တွေ့ကျကျဆိုရရင် ပင်လယ်ပြင်ကနေ ဘယ်သူကမှ ငါတို့ကို ကျူးကျော်မှာမဟုတ်ဘူး’” လို့ ရေးသားထားပါတယ်။
    အမေရိကန်ဦးဆောင်တဲ့ ကုလတပ်တွေနဲ့၊ တရုတ်က အပျော်တမ်းတပ်ဖွဲ့တွေ ပံ့ပိုးတဲ့ မြောက်ကိုရီးယားတပ်တွေ တိုက်ကြတဲ့ ကိုရီးယားစစ်ပွဲကာလမှာ ဗိုလ်မှူးကြီးမောင်မောင်က အဲဒီလိုအဖြစ်မျိုး မြန်မာနိုင်ငံမှာ ပေါ်ထွက်လာနိုင်တယ်လို့ ရှုမြင်ခဲ့ပါတယ်။ ဒါ့ကြောင့် ‘ပင်လယ်ကနေ ကုလရဲ့ စစ်ကူတွေ ရောက်လာနိုင်မယ့်
    အချိန်ကို သူက ခန့်မှန်းပြီး တရုတ်ရဲ့ ကျူးကျော်မှုကို ၃ လလောက် တားနိုင်မယ့် ခံစစ်မဟာဗျူဟာတစ်ခု ချမှတ်ထားဖို့ စစ်တပ်ကို အဆိုပြုခဲ့’ ပါတယ်။
    စစ်ဖက်ဆိုင်ရာ အခြားသော လေ့လာသူတွေက ဧရာတီမြစ်ဟာ နိုင်ငံခြားကျူးကျော်မှုကို ကာကွယ်ဖို့ အကောင်းဆုံး ခံစစ်လိုင်းဖြစ်ပြီး၊ မြန်မာစစ်တပ်ဟာ ပြင်ပက အကူအညီလာတဲ့အထိ ဒီလိုင်းကနေ တောင့်ခံထားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ တရုတ်က ကျူးကျော်မှုဆိုတာ ဖြစ်လာနိုင်စရာ အလားအလာ မရှိပေမယ့် အတိတ်ကာလက ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်က ပံ့ပိုးပေးခဲ့တာကို မေ့ထားလို့ မရပါဘူး။
    တကယ်တော့ နိုင်ငံမြောက်ပိုင်းက UWSA၊ သူ့ရဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့နဲ့ တရုတ်ရဲ့ ဆက်ဆံရေး ခိုင်မာနေတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမှုကို ရှုပ်ထွေးစေမယ့်၊ ပျက်ဆီးကောင်းပျက်ဆီးနိုင်မယ့် လုံခြုံရေးဆိုင်ရာ အဓိကစိုးရိမ်မှုတစ်ခု ဖြစ်နေပါတယ်။
    မြန်မာနိုင်ငံတစ်ဝှမ်း ကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင်လည်း ဗိုလ်မှူးကြီးမောင်မောင်လက်ထက်ကနဲ့ သိပ်မကွာတာကို တွေ့ရပါတယ်။ အစောပိုင်းအဆင့်မှာ မြန်မာနိုင်ငံက စစ်လက်နက်ပစ္စည်းတွေ ကိုယ်တိုင် စထုတ်တယ်။ နောက်ပိုင်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကွန်ယက်တစ်ခုပေါ်လာခဲ့ပြီ။ စက်ရုံအားလုံးကို ဧရာဝတီမြစ်ရဲ့ အနောက်ဖက်မှာ တည်ဆောက်ထားပါတယ်။
    ၁၉၉၀ ပြည့်နှစ်တွေမှာ မြန်မာနိုင်ငံဟာ တရုတ်ကနေ လက်နက်တွေကို အဓိကတင်သွင်းခဲ့ပေမယ့် ကပစ စက်ရုံသစ်တွေ ဧရာဝတီမြစ်ရဲ့အနောက်မှာ တည်ရှိနေမှုဟာ ဖြစ်လာနိုင်တဲ့ တရုတ်ရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့ ဖြစ်ပုံရပါတယ်။ မစ်ဆိုင်းဒုံးကျည်တွေအပါအ၀င် အခြားသော လက်နက်သစ်တွေကို ထုတ်လုပ်နေတဲ့ သုတေသနဌာနတွေကလွဲလို့ လက်ရှိမှာ စက်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေဟာ ၂၀ ကျော်လောက် ရှိပါတယ်။
    တရားဝင် ပူးပေါင်းဆောင်ရွက်မှုတွေ၊ မိတ်ဖက်ဆောင်ရွက်မှုတွေ ရှိနေပေမယ့်လည်း တရုတ်-မြန်မာဆက်ဆံရးဟာ ကျူးကျော်လိုတဲ့ စူပါပါဝါနိုင်ငံကြီးနဲ့ ချည့်နဲ့တဲ့ အိမ်နီးချင်းနိုင်ငံဆိုတဲ့ လိုင်းတွေကြားမှာ ချိန်ညှိနေရပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဟာ ဒီမိုကရေစီကို လိုလားနှစ်သက်တယ်ဆိုတာထက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေလုပ်ထားချိန် မြင့်တက်လာတဲ့ တရုတ်အပေါ် မှီခိုအားထားမှုကို လျော့ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စစ်တပ်က အားပေးခဲ့တာ ဖြစ်ပါတယ်။
    ဒီလို ပြုပြင်ပြောင်းလဲမှုတွေက မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ‘ဖီ’ ဆိုတဲ့ရန်သူအပေါ် စိုးရိမ်မှု ဘယ်လောက်ဖြစ်လာလဲဆိုတာနဲ့၊ ဖွင့်မပြောပေမယ့် သိနေတဲ့ သူတို့ရဲ့ရန်သူက သေးငယ်ပြီး၊ အားနည်းတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ အနာဂတ်ကို ဘယ်လို ပုံဖော်မှုမျိုး ရှိလာနိုင်လဲဆိုတာကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။
    Ref Asia Times
    (Asia Times တွင် Bertil Lintner ရေးသားသည့် Myanmar’s unspoken northern enemy ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ကမ္ဘာ့ဖလားပြိုင်ပွဲကို ဈေးကြီးပေးသူအား မရောင်းသင့်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပြော
    ကမ္ဘာ့ဖလားပြိုင်ပွဲကို ဈေးကြီးပေးသူအား မရောင်းသင့်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပြော
    ဇွန် ၃၊ ၂၀၁၇
    M-Media
    ၁၉၆၆ ခုနှစ် အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ရရှိစဉ်က
    – ၂၀၃၀ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေးအတွက် ဗြိတိန်၏ လျှောက်ထားမှုကို အခိုင်အမာ ထောက်ခံသွားမည်ဖြစ်ပြီး ပြိုင်ပွဲအား ဈေးအများဆုံးပေးသူကို မရောင်းချသင့်သည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ ဥက္ကဌ အလက်ဇန်းဒါး စီဖီရင်က ပြောကြားလိုက်သည်။
    ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို ဖီဖာ၏ အလှည့်ကျပေါ်လစီမှ ဖောက်ထွက်ကာ ကာတာနိုင်ငံအား ကျင်းပခွင့်ပေးခဲ့ပြီး၊ ယခုတစ်ပတ်တွင်လည်း တရုတ်မိုဘိုင်းဖုန်းထုတ်လုပ်ရေးကုမ္ပဏီ Vivo က ဖီဖာ၏ တတိယမြောက် တရုတ်စပွန်ဆာဖြစ်လာက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား တရုတ်နိုင်ငံ၌ ကျင်းပခွင့်ရရေး အကြံပြုထားသည်။
    စီဖီရင်ကမူ စပွန်ဆာကြီးများကြောင့် စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲ၍မရဟု ဆိုသည်။
    “၂၀၃၀ ကမ္ဘာ့ဖလားဟာ ကျွန်တော်တို့ (ဥရောပက) ကျင်းပရမယ့်အချိန်ပါ။ ဥရောပ ဘယ်နိုင်ငံက လျှောက်ထားမလဲဆိုတာ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် ပိုက်ဆံအများကြီးပေးတဲ့သူကို ကမ္ဘာ့လားပြိုင်ပွဲ ရောင်းလို့ မရပါဘူး” ဟု စီဖီရင်က ပြောကြားခဲ့သည်။
    ဖီဖာအား ငွေကြေးနှင့် တရုတ်က ချုပ်ကိုင်ထားမှုအကြောင်း မေးမြန်းရာတွင် မိမိအနေဖြင့် တရုတ်အကြောင်း မပြောလိုကြောင်း၊ အကောင်းဆုံး စီစဉ်ပေးနိုင်သူကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ပေးသင့်ကြောင်း၊ အင်္ဂလန် သို့မဟုတ် ဗြိတိန်အနေဖြင့် လျှောက်ထားမည်ဆိုလျှင် မိမိတို့က ကြိုဆိုသွားမည်ဖြစ်ကြောင်း ယူအီး
    အက်ဖ်အေ ဥက္ကဌက ထည့်သွင်းပြောဆိုခဲ့သည်။
    အင်္ဂလန်မှာ ၁၉၆၆ ခုနှစ်တွင် တစ်ကြိမ်သာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ရရှိခဲ့ပြီး ထိုပြိုင်ပွဲတွင် ၎င်းတို့၏ တစ်ခုတည်းသော ကမ္ဘာ့ဖလားကို ရရှိခဲ့သည်။
    Ref: BBC
  • ရီးယဲလ်မှာ သမိုင်း၏ အချိန်းအချက်ကာလကို ရောက်နေသည်ဟု ရာမို့စ်ပြော
    ရီးယဲလ်မှာ သမိုင်း၏ အချိန်းအချက်ကာလကို ရောက်နေသည်ဟု ရာမို့စ်ပြော
    ဇွန် ၃၊ ၂၀၁၇
    M-Media
    ရီးယဲလ်အင်း ယမန်နှစ် ချန်ပီယံလိဂ်ဖလား ရခဲ့စဉ်က
    – မိမိတို့မှာ ‘သမိုင်းနှင့် အချိန်းအချက်ကာလတစ်ခု’ ကို ရောက်ရှိနေပြီး ဂျူဗင်တပ်စ်နှင့် ယနေ့ညကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် စိတ်လှုပ်ရှားနေသည်ဟု ရီးယဲလ်နောက်ခံလူ ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်သည်။
    ဝေးလ်နိုင်ငံ ကာဒစ်ဖ်တွင် ကစားမည့် ထိုဗိုလ်လုပွဲတွင် ရီးယဲလ် အနိုင်ရပါက ချန်ပီယံလိဂ်ဟု အမည်ပြောင်းပြီးနောက်ပိုင်း ပထမဆုံး ၂ ကြိမ်ဆက်ချန်ပီယံဖြစ်သည့် အသင်းအဖြစ်လည်းကောင်း၊ ချန်ပီယံလိဂ်ကို ၁၂ ကြိမ်ရရှိသည့် အသင်းအဖြစ်လည်းကောင်း မှတ်တမ်းသစ် ရေးထိုးနိုင်မည်ဖြစ်သည်။
    “ကျွန်တော်တို့ ဒီလိုအခွင့်အလမ်းမျိုးကို ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ဒီလိုဖြစ်နေပါပြီ။ ဖလားကို အိမ်ပြန်သယ်သွားရမှာ သိပ်ကို အံ့သြဖွယ်ရာကောင်းတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ပြီးရင်တော့ သမိုင်းက ကျွန်တော်တို့အတွက် စကားပြောပါလိမ့်မယ်။ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်ဆက်ရဖို့အတွက် ကျွန်တော်တို့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်” ဟု ရာမို့စ်က ပြောကြားခဲ့သည်။
    ရီးယဲလ်နည်းပြ ဇီဒန်းက ယနေ့ညပြိုင်ပွဲတွင် မည်သည့်အသင်းကမှ ရေပန်းစားခြင်းမရှိဘဲ နှစ်ဖက်စလုံး ၅၀-၅၀ သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဂျူဗီနှင့် ရီးယဲလ်တို့မှာ ၁၉၉၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်တွင် တွေ့ဆုံဖူးပြီး အမ်စတာဒမ်ကွင်းတွင် ရီးယဲလ်က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
    “ကျွန်တော်တို့ပုံစံအတိုင်း ကစားသွားမှာပါ။ ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့အသင်းတစ်သင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး၊ ဘောလုံးကိုနှစ်သက်တဲ့ ဘယ်သူမဆို အင်မတန်ကောင်းတဲ့ ဖိုင်နယ်ပွဲကို ကြည့်ချင်ကြမှာပါပဲ။ ဒီလိုကြည့်ရမယ်လို့လည်း ကျွန်တော်ထင်ပါတယ်” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။
    Ref : BBC
  • မြန်မာ-ဗာတီကန် ဆက်ဆံရေးက လူနည်းစုများကို အကူအညီဖြစ်မည်ဟု ကန် ကက်သလစ်ဘုန်းတော်ကြီးပြော
    မြန်မာ-ဗာတီကန် ဆက်ဆံရေးက လူနည်းစုများကို အကူအညီဖြစ်မည်ဟု ကန် ကက်သလစ်ဘုန်းတော်ကြီးပြော
    ဇွန် ၃၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတည်ဆောက်ရန် ဗာတီကန်က ဆုံးဖြတ်လိုက်ခြင်းမှာ မြန်မာက ရိုဟင်ဂျာကဲ့သို့ နိုင်ငံအတွင်းရှိ လူနည်းစုများအပေါ် ဆက်ဆံမှုအား ပြောင်းလဲရန် အကူအညီ ဖြစ်နိုင်သည်ဟု အမေရိကန် ကက်သလစ်ဘုန်းတော်ကြီး ဖာသာ ဂျူလီယို ဂူလီယက်တီက ပြောကြားလိုက်သည်။
    ဖာသာ ဂျူလီယိုမှာ ရန်ကုန်ရှိ ကာဒီနယ် ချားလ်စ်မောင်ဘိုနှင့် ပူးပေါင်းကာ မြန်မာပြည်သူများအား ခေါင်းဆောင်မှု အရည်အချင်းများ သင်ကြားပို့ချနိုင်မည့် Myanmar Leadership Institute ပေါ်ပေါက်ရေး ဆောင်ရွက်နေသူလည်း ဖြစ်သည်။
    ဗာတီကန်၏ ထိုဆုံးဖြတ်ချက်က မြန်မာခေါင်းဆောင်များမှာ လူနည်းစု လူ့အဖွဲ့အစည်းများအပေါ် ပိုမိုကောင်းမွန်စွာဆက်ဆံရေး ဆောင်ရွက်ရန် ကတိပြုခဲ့မှုကို ပြသနေသည်ဟုလည်း ဖာသာ ဂျူလီယိုက မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
    “Holy See နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ဆိုရင် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ ပြောရမှာပါ။ ဒီလို ကျယ်ပြန့်တဲ့ဒေသတွေက အခြေအနေတွေ၊ လူတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဖို့အတွက် မြန်မာပြည်သူတွေကြားထဲမှာ တရားပြီး၊ သာတူညီမျှဖြစ်တဲ့၊ စာနာဖေးမလိုတဲ့ နားလည်မှုမျိုး ပိုပြီး ဖြစ်လာရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ကတိမျိုး မပေးရင် ဒါမျိုးက ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဖာသာဂျူလီယိုက ဆိုသည်။
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ မေလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ရောမတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံက သံတမန်ဆက်ဆံရေး တည်ဆောက်ရန် သဘောတူခဲ့သည်။
    ဂျပန်တွင် ၈ နှစ်၊ ဗီယက်နမ်တွင် ၆ နှစ် တာဝန်ထမ်းဆောင်ပြီး လွန်ခဲ့သည့် ၂ နှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် ဖာသာ ဂျူလီယိုက မြန်မာနိုင်ငံရှိ ခရစ်ယာန်ကက်သလစ်ဘာသာဝင်များမှာပင် အခြားသော လူနည်းစုများအပေါ် အမျဉ်ကျဉ်းမြောင်းမှုရှိကြောင်း၊ ကက်သလစ်ဘာသာဝင်အများစုမှာ ဘာသာတရားနှင့် ပတ်သက်၍ သင်ယူခွင့် မရရှိခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    “ဒီလို ပညာမသင်ရတာက သူတို့ရဲ့ ပျင်းရိမှုကြောင့် မဟုတ်ပါဘူး။ နှစ်ပေါင်း ၅၆ နှစ်လောက် ဘယ်သူကိုမှ တိုင်းပြည်ကနေ ထွက်ခွာခွင့် မပေးတာကြောင့်ပါ။ မြန်မာနိုင်ငံက ဘယ် ဘစ်ရှာ့မှ ဗာတီကန်ကောင်စီ အစည်းအဝေးကို မတက်ရဘူး။ စစ်တပ်က ၁၉၆၂ ခုနှစ် မတ်လမှာ အာဏာသိမ်းတယ်။ အောက်တိုဘာလမှာ
    ဗာတီကန် ဒုတိကောင်စီစတယ်။ ဘယ်သူမှ သွားခွင့်မရပါဘူး”
    ရန်ကုန်ရှိ ကက်သလစ်ဘုန်းတော်ကြီး ဆရာတော် ချားလ်စ်မောင်ဘိုအား ၂၀၁၅ ခုနှစ်တွင် ကာဒီနယ်အဖြစ် ပုပ်ရဟန်းမင်းကြီးက ခန့်အပ်မှုမှာ မြန်မာနိုင်ငံမှ ကက်သလစ်အသင်းတော်ကို ပို၍ ထင်ရှားသွားစေကြောင်းလည်း ဖာသာ ဂျူလီယိုက ပြောကြားခဲ့သည်။
    Ref: National Catholic Reporter