News @ M-Media

Author: Ko Lay

  • အမေရိကန်မြို့နယ်တစ်ခုက ဗလီဆောက်ခွင့်မပေးသည့် ဆုံးဖြတ်ချက် မှားယွင်းကြောင်း တရားရေး ဆုံးဖြတ်

    အမေရိကန်မြို့နယ်တစ်ခုက ဗလီဆောက်ခွင့်မပေးသည့် ဆုံးဖြတ်ချက် မှားယွင်းကြောင်း တရားရေး ဆုံးဖြတ်

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – မွတ်စလင်လူ့အဖွဲ့အစည်းအား ၀တ်ပြုရာနေရာ ဆောက်လုပ်ခွင့်မပေးမှုအတွက် အမေရိကန်ပြည်ထောင်စု နယူးဂျာဆီပြည်နယ် ဘားနဒ်မြို့က လျော်ကြေး ကန်ဒေါ်လာ ၃.၂၅ ဒေါ်လာ ပေးဆောင်ရန် အမေရိကန် ပြည်ထောင်စုတရားရုံးက အင်္ဂါနေ့တွင် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

    လွန်ခဲ့သည့် ၄ နှစ်အရင် ဘက်စကင်းရစ်ဂ်ျ အစ္စလာမ့်လူ့အဖွဲ့အစည်းမှာ ၀တ်ပြုရာနေရာ ဆောက်လုပ်ခွင့်ပြုထားသည့် ရပ်ကွက်တွင် ဗလီဝတ်ကျောင်းတော်အတွက် မြေ၀ယ်ခဲ့ပြီး ဆောက်လုပ်ရန် လျှောက်ထားမှုကို ဘားနဒ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပယ်ချခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် ၂၀၁၆ ခုနှစ် မတ်လတွင် မွတ်စလင်လူ့အဖွဲ့အစည်းက မြို့နယ်အား တရားစွဲဆိုခဲ့သည်။ နိုဝင်ဘာတွင် အမေရိကန်တရားရေးဌာနကလည်း အဆိုပါမြို့နယ်ကို စွဲချက် ၂ ခုဖြင့် တရားစွဲဆိုခဲ့ပြီး အင်္ဂါနေ့တွင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

    “ဘာသာရေးအတွက် မြေယာအသုံးပြုခွင့် လျှောက်ထားမှုကို အခြားသော ရည်ရွယ်ချက်အတွက် လျှောက်ထားမှုလိုမျိုး မြို့နယ်က ခွင့်ပြုရမယ်လို့ ပြည်ထောင်စုဥပဒေမှာ သတ်မှတ်ထားပါတယ်။ ဘားနဒ်မြို့ နယ်ဟာ အခြားသော ဘာသာရေးအဆောက်အဦးတွေနဲ့ မတူညီတဲ့ နည်းလမ်းမျိုးနဲ့ ဘက်စကင်း ရစ်ဂ်ျ အစ္စလာမ့်လူ့အဖွဲ့အစည်းကို ဆက်ဆံဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီနေ့ချမှတ်တဲ့အမိန့်မှာ အဲဒီဆုံးဖြတ်ချက်အမှားတွေကို ပြင်ဆင်ပေးပြီး ဒီဘာသာရေးလူ့အဖွဲ့အစည်းဝင်တွေဟာ အခြားသော ဘာသာရားတွေလိုပဲ သူတို့ရဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးနိုင်ခွင့် ရရှိရမယ်လို့ ဆုံးဖြတ်ပါတယ်” ဟု နယူးဂျာဆီပြည်နယ်
    ရှေ့နေ ၀ီလီယန် အီး ဖစ်ဇ်ပက်ထရစ်က ပြောကြားခဲ့သည်။

    အမေရိကန် တရားရေးဌာနက ဘားနဒ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှာ အခြားသော ဘာသာရေးအဆောက်အဦးအများအပေါ် သတ်မှတ်ထားခြင်းမရှိသည့် စံနှုန်းများကို ဗလီအတွက် သတ်မှတ်ကာ ဆောက်လုပ်ခွင့် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်ဆိုသော စွဲချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    တရားစွဲဆိုမှုတွင် လူ့အဖွဲ့အစည်းအတွင်း ခြိမ်းခြောက်မှု၊ အရှက်ရစေမှု အသေးစိတ်အချက်အလက်များကို ဖော်ပြထားပြီး ‘ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုကို ဆန့်ကျင်ရန်အတွက် လှုံ့ဆော်သော လက်ကမ်း စာစောင်များ၊ ဆိုရှယ်မီဒီယာများနှင့် ၀ဘ်ဆိုက်များတွင် မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားများ ပြည့်နှက်နေခြင်း၊ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုကို ကိုးကားဖော်ပြခြင်း’ တို့ ရှိခဲ့သည်ဟု တရားရုံးအထောက်အထားများတွင် တွေ့ရသည်။

    ယခုဆုံးဖြတ်ချက်အရ ဘက်စကင်းရစ်ဂ်ျ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဘားနဒ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ကန်ဒေါ်လာ ၃.၂၅ သန်း ရရှိမည့်အပြင်၊ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်လည်း ရရှိမည်ဖြစ်သည်။

    ဘားနဒ်မြို့နယ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ပြောရေးဆိုခွင့်ရှိသူ မီခေးလ် တာနာက ယခုဖြေရှင်းမှုကို ‘ရှေ့ကို ပိုမိုထိရောက်စွာ သွားနိုင်ရန်အတွက်’ လက်ခံခြင်းဖြစ်ပြီး၊ ဗလီဝတ်ကျောင်းတော်ဆောက်လုပ်ရေး မြေယာအသုံးပြုရန် လျှောက်ထားမှုကို အခြားသော မြေယာလျှောက်ထားမှု သတ်မှတ်ချက်များအတိုင်း အခြေ
    ခံကာ ပယ်ချခဲ့ခြင်းဖြစ်ပြီး ခွဲခြားဆက်ဆံမှု မပါဟု ပြောကြားခဲ့သည်။

    ဘက်စကင်း ရစ်ဂ်ျ မွတ်စလင်လူ့အဖွဲ့အစည်းမှ ဥက္ကဌဖြစ်ပြီး တရားလိုလည်းဖြစ်သူ ဒေါက်တာ မိုဟာမက် အလီ ချောင်ဒရီက ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    “ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့် ချက်ခြင်းရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ဗလီဝတ်ကျောင်းတော်မှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကလူတွေကို ကြိုဆိုသွားမှာ ဖြစ်ပါတ်။ လူ့အဖွဲ့အစည်းမှာ သဟဇာတြ
    ဖစ်မှုကို မြှင့်တင်ဖို့၊ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှု မြှင့်တင်ဖို့အတွက် ပေါင်းကူရေးလုပ်ငန်းမှာ စိတ်ဝင်စားသူ ဘယ်သူ့ကိုမဆို ကျွန်တော်တို့ တံခါးတွေ ဖွင့်ပေးမှာ ဖြစ်ပါတယ်” ဟု ချောင်ဒရီက ပြောကြားခဲ့သည်။

    Ref: CNN

  • ပဲရစ်သဘောတူညီချက်နှင့်ပတ်သက်၍ ထရမ့်ကို အီးယူဥက္ကဌ ပြင်းပြင်းထန်ထန် ဝေဖန်

    ပဲရစ်သဘောတူညီချက်နှင့်ပတ်သက်၍ ထရမ့်ကို အီးယူဥက္ကဌ ပြင်းပြင်းထန်ထန် ဝေဖန်

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်ရန် သမ္မတထရမ့်က ဆုံးဖြတ်ပါက အမေရိကန်ကို ရင်ဆိုင်သွားရမည်မှာ ဥရောပ၏ တာဝန်ဖြစ်သည်ဟု ဥရောပသမ္မဂ ဂျန် ကလုဒ် ဂျန်ကာက ပြောကြားလိုက်သည်။

    ယမန်နေ့က ဘာလင်ရှိ အလုပ်သမားများသမဂ္ဂ အခမ်းအနားတစ်ခုတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ‘နိုင်ငံတကာ သဘောတူညီချက်များတွင် ရေးသားထားသည်များက လုပ်ကြံသတင်းများမဟုတ်’ ဟုလည်း ထရမ့်အစိုးရကို ဝေဖန်ခဲ့သည်။

    ထို့ပြင် မကြာသေးမီက အီတလီနိုင်ငံတွင် ပြုလုပ်ခဲ့သည့် G7 ထိပ်သီးအစည်းအဝေးတွင် အဆိုပါ ပဲရစ်သဘောတူညီချက်နှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်နားလည်အောင် အခြား ခေါင်းဆောင်များက ရှင်းပြခဲ့ကြပြီး ထိုကြိုးပမ်းမှု အောင်မြင်လျှင်လည်း ဥပဒေမှာ ဥပဒေသာလျှင်ဖြစ်ကြောင်း၊ သဘောတူညီချက်မှ နှုတ်ထွက်ရန်မှာ ချက်ခြင်း ဖြစ်လာမည်မဟုတ်ဘဲ ၃၊ ၄ နှစ် ကြာမည်ဖြစ်ကြောင်း ဂျန်ကာက ထည့်သွင်း ပြောဆိုခဲ့သည်။

    ယမန်နေ့မနက် အစောပိုင်းတွင် အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက သမ္မတထရမ့်အနေဖြင့် ပဲရစ်သဘောတူညီချက်မှ နှုတ်ထွက်ရန် စဉ်စားနေပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်း မရှိသေးဟု ပြောကြားခဲ့သည်။

    ထရမ့်ကလည်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်မှ နှုတ်ထွက်ခြင်းမှာ အမေရိကန်စီးပွားရေးအတွက် အောင်ပွဲတစ်ခု ဖြစ်မည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဥရောပနှင့် တရုတ်နိုင်ငံတို့ကမူ ထိုသဘောတူညီချက်တွင် အမေရိကန် ပါဝင်သည်ဖြစ်၊ မပါဝင်သည်ဖြစ်စေ မိမိတို့အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။
    Ref: Aljazeera

  • မန်ယူကွင်းလယ်လူပေါ့ဘာ တမန်တော်မြတ်ဗလီမှာ ၀ါဖြေ

    မန်ယူကွင်းလယ်လူပေါ့ဘာ တမန်တော်မြတ်ဗလီမှာ ၀ါဖြေ

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့ရက်အတွင်းက ဆော်ဒီအာရေဗျနိုင်ငံကို အွမ္မရာဟ်ခရီးစဉ်အတွက် ရောက်ရှိနေတဲ့ ကမ္ဘာ့ ကြေးအကြီးဆုံး မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ မဒီနာမြို့က တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်မှာ ၀ါဖြေနေတဲ့ ဗီဒီယိုတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

    ပေါ့ဘာဟာ သူ အွမ္မရာဟ်သွားတဲ့ ခရီးစဉ်ပုံရိပ်တွေနဲ့ ဗီဒီယိုတွေကို သူ့ရဲ့ Instagram စာမျက်နှာမှာ လွှင်တင်လေ့ရှိပါတယ်။

    ခရီးစဉ် မစတင်မီ မန်ချက်စတာက သူ့ရဲ့အိမ်ရှေ့မှာ ရိုက်ထားတဲ့ ဗီဒီယိုမှာ ပေါ့ဘာက ဒီခရီးစဉ်ဟာ တစ်နှစ်တာအတွင်း သူရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပေါ့ဘာဟာ မိခင်ဖြစ်သူကြောင့် ငယ်ရွယ်စဉ်ကတည်းက အစ္စလာမ်သာသနာနဲ့ ထိတွေ့ခဲ့တာဖြစ်ပြီး၊ သာသနာကို လက်တွေ့လိုက်နာကျင့်သုံးသူအဖြစ် လူသိများပါတယ်။

    Ref: Al Arabiya

  • အလ္လာဟ်အရှင်မြတ်ကို ချစ်ခြင်းမေတ္တာဖြင့် ယုံကြည်ကိုးကွယ်ပါ (အကြမ်းဖက်တိုက်ဖျက်ရေး ပညာပေး ဗီဒီယို)

    အလ္လာဟ်အရှင်မြတ်ကို ချစ်ခြင်းမေတ္တာဖြင့် ယုံကြည်ကိုးကွယ်ပါ (အကြမ်းဖက်တိုက်ဖျက်ရေး ပညာပေး ဗီဒီယို)

    မေ ၃၁၊ ၂၀၁၇
    M-Media

    – “အလ္လာဟ်အရှင်မြတ်ကို ချစ်ခြင်းမေတ္တာဖြင့် ယုံကြည်ကိုးကွယ်ပါ။ အကြမ်းဖက်မှုနဲ့ မကိုးကွယ်ပါနဲ့” (Worship your God with love, not terror) ဆိုတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ပညာပေး ဗီဒီယိုအတိုလေးတစ်ခုဟာ လက်ရှိ အရှေ့အလယ်ပိုင်းမှာ ရေပန်းစားနေပါတယ်။

    ကူဝိတ်ဆက်သွယ်ရေးကုမ္ပဏီ Zain က ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် ဒီ ဂီတဗီဒီယိုလေးကို ထုတ်ပြန်လိုက်တာဖြစ်ပြီး၊ အကြမ်းဖက်သမားတွေက ဘာသာတရားကို အလွဲသုံးစား လုပ်နေတယ်ဆိုတာ ပြည်သူတွေသိဖို့၊ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ စာသားတွေကို ထည့်သွင်းထားပါတယ်။

    ဒီဗီဒီယိုထဲမှာ ကူဝိတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ လွတ်မြောက်လာသူတွေလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

    ထုတ်လုပ်တဲ့ ရည်ရွယ်ချက်၊ ပါဝင်တဲ့စာသားတွေက ကောင်းမွန်တဲ့အတွက် M-Media ပရိတ်သတ်တွေ ကြည့်ရှုခံစားနိုင်ဖို့ စာတမ်းထိုးကာ ပြန်လည်ဖော်ပြလိုက်ပါတယ်။

  • ကဘူးလ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ

    ကဘူးလ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ

    မေ ၃၁၊ ၂၀၁၇
    M-Media

    – ဒီနေ့မနက်က အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က သံတမန်ဧရိယာမှာ ကားဗုံးပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အရပ်သား ၈၀ ကျော် သေဆုံးခဲ့ကာ ၃၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ကဘူးလ်မြို့ရဲ့သမိုင်းမှာ အကြီးမားဆုံး ပေါက်ကွဲမှုတွေထဲကတစ်ခုဖြစ်တဲ့ အဲဒီအဖြစ်အပျက်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချပြောဆိုခဲ့ပါတယ်။

    အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂနီက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး “ရမ်ဇာန်လမြတ်၊ ကောင်းခြင်းဖျာဝေတဲ့လ၊ ၀တ်ပြုဆုတောင်းရတဲ့လမှာတောင်မှ အကြမ်းဖက်သမားတွေဟာ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ပြည်သူတွေကို ချမ်းသာမပေးကြဘူး” လို့ သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့
    ပါတယ်။

    တိုက်ခိုက်မှုကြောင့် အနီးအနားပတ်ဝန်းကျင်က သံရုံးတွေ၊ လူနေအိမ် အဆောက်အအုံတွေလည်း ပျက်ဆီးသွားခဲ့ပြီး ဘယ်အဖွဲ့က လုပ်လဲဆိုတာ အခုအချိန်အထိ မသိရှိရသေးပါဘူး။ တာလီဘန်ကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ ဆိုပါတယ်။

    ပါကစ္စတန်ကလည်း “ဒီနေ့မနက်က ကဘူးလ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ တန်ဖိုးရှိတဲ့ လူ့အသက်တွေကို ဆုံးရှုံးစေခဲ့ပြီး အများအပြားကို ဒဏ်ရာရစေခဲ့တယ်” လို့ ထုတ်ပြန်ကာ ရှုတ်ချခဲ့ပါတယ်။

    “ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးမိတ်သင်္ဂဟာတွေနဲ့အတူ ကျွန်တော်တို့ ၀မ်းနည်းကြေကွဲရပါတယ်။ ဒဏ်ရာရသူတွေအနေနဲ့ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့လည်း ကျွန်တ်ာတို့ ဆုတောင်းပါတယ်” လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂ်မာ ဂါဘရီယဲလ်က ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုအတွင်း ဂျာမနီသံရုံးစောင့်တဲ့ အာဖဂန်လုံခြုံရေးတပ်သားတစ်ဦး သေဆုံးခဲ့ပြီး သံရုံးဝန်ထမ်းတွေ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး ၀န်ကြီးက ဒီတိုက်ခိုက်မှုဟာ ‘နိုင်ငံတည်ငြိမ်ရေးအတွက် အာဖဂန်အစိုးရကို ဂျာမနီက ကူညီထောက်ပံ့မယ့်’ စိတ်ပိုင်းဖြတ်မှုကို တုန်လှုပ်စေမှာမဟုတ်ဘူးလို့လည်း ထည့်
    သွင်းပြောကြားခဲ့ပါတယ်။

    ကာတာနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဘင် ဂျက်ဆင် အလ်-သာနီက ဒီတိုက်ခိုက်မှုကို စက်ဆုပ်ဖွယ်ရာကောင်းတဲ့ တိုက်ခိုက်မှုအဖြစ် သမုတ်ကာ ရှုတ်ချခဲ့ပါတယ်။

    “အပြစ်မဲ့တွေအများသူတွေ အများကြီး သေဆုံးတဲ့ ကဘူးလ်က စက်ဆုပ်ဖွယ် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ကာတာဟာ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒ ဘယ်လိုပုံစံကိုမှ လက်မခံပါဘူး” လို့ အလ်-သာနီက သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီကလည်း ထိခိုက်ခဲ့သူတွေအတွက် ၀မ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

    “ကဘူးလ်က အကြမ်းဖက်ဗုံးခွဲမှုကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပြီး ဒဏ်ရာရသူတွေအတွက်လည်း ဆုမွန်ကောင်း တောင်းပါတယ်” လို့ မိုဒီက သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Aljzeera