News @ M-Media

Author: Ko Lay

  • မိုဟာမက် ရစ်ဒ်ဝမ် (သို့) စင်ကာပူဂုဏ်ဆောင် မွတ်စလင်အားကစားသမားတစ်ဦး

    မိုဟာမက် ရစ်ဒ်ဝမ် (သို့) စင်ကာပူဂုဏ်ဆောင် မွတ်စလင်အားကစားသမားတစ်ဦး

    မေ ၃၀၊ ၂၀၁၇
    M-Media

    – ‘ရွေးချယ်ခံရသူ’ လို့ ချစ်စနိုးနာမည်ရနေတဲ့ စင်ကာပူလက်ဝှေ့သမား မိုဟာမက် ရစ်ဒ်ဝမ်ဟာ ကမ္ဘာ့အဆင့် ချန်ပီယံဘွဲ့ကို ရရှိတဲ့ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဖြစ်ပါတယ်။

    အသက် ၂၉ နှစ်အရွယ် ရစ်ဒ်ဝမ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ WBA ရဲ့ ပန်အာဖရိက ချန်ပီယံ တန်ဇန်းနီးယားက ဖဒ်ဟီလီ မာဂျီဟာကို ၄ ချီမှာ အလဲထိုး အနိုင်ရပြီး UBO ရဲ့ ဆူပါဖယ်သာဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့တာပါ။

    “အခုအချိန်မှာ စိတ်ထဲမှာ အမျိုးမျိုး ခံစားနေရတယ်ဗျ။ ဒါပေမယ့် အရေးပါဆုံးက ပရိတ်သတ်တွေ၊ စင်ကာပူပြည်သူတွေ ဂုဏ်ယူရအောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တာပါ။ သိပ်ကို ထူခြားတဲ့ ခံစားမှုပါပဲ။ သူတို့ကို ဒီလိုအောင်ပွဲ ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တာ် အရမ်းဂုဏ်ယူပါတယ်” လို့ ရစ်ဒ်ဝမ်က ပွဲအပြီးမှာ ပြော
    ကားခဲ့ပါတယ်။

    ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘ၀မှာ ၇ ပွဲကစား ရှုံးပွဲမရှိသေးတဲ့ ရစ်ဒ်ဝမ်တစ်ယာက် ပွဲ ၂၀ နိုင်၊ ၈ ပွဲရှုံး၊ ၄ ပွဲ သရေကျထားတဲ့ အသက် ၂၃ နှစ်အရွယ် မာဂျီဟာကို ရင်ဆိုင်ရာမှာ လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။

    “အစီအစဉ်က သူ့ကို တစ်ချီပြီးတစ်ချီ မောအောင်လုပ်ဖို့ပါ။ သူ မြန်တယ်ဆိုတာ ကျွန်တော့်အသင်းက သိတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သူ့ရဲ့ ခန္ဓာကိုယ်ကို ပစ်မှတ်ထားဖို့ လျှပ်တပျက် လက်သီးတွေ ပစ်သွင်းဖို့၊ သူ့ကို ဟန်ချက်ပျက်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ အဆင်ပြေခဲ့ပါတယ်။ စတုတ္ထအချီမှာ သူဟာ အမှားတစ်ခု လုပ်ခဲ့ပြီး အဲဒါကတော့ နောက်ဆုံး ၁၀ စက္ကန့်မှာ အားမထည့်တော့တာပါ။ ကျွန်တော်က ဒါကို အသုံးချနိုင်ခဲ့ပါတယ်” လို့ ရစ်ဒ်ဝမ်က ဆိုပါတယ်။

    နောက်ပြီး အစီအစဉ်အတိုင်း သွားမယ်ဆိုရင် နောက်ဆုံးမှာ အလဲထိုးနိုင်မယ်ဆိုတာ အသင်းက သိနေကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပြည်သူတွေရဲ့ အားပေးမှုကလည်း သူ့ကို ယုံကြည်မှု ပိုရှိလာစေကြောင်း ရစ်ဒ်ဝမ်က ဖွင့်ဟခဲ့ပါတယ်။

    “ပရိတ်သတ်က တော်တော်လေး အံ့သြစရာကောင်းပါတယ်။ သူတို့ဟာ ကွန်ပျူဂိမ်းကစားနေသလိုပဲ ‘နောက်ထပ်တစ်ချက်လောက်’ ဆိုပြီး အဆက်မပြတ် အော်နေကြပါတယ်။ ဒါက ကျွန်တော့်ရဲ့ အစီအစဉ်အတိုင်း ရှေ့ဆက်ဆောင်ရွက်ဖို့ အွန်းအားဖြစ်စေခဲ့ပြီး ပြိုင်ဘက်အပေါ် နိုင်လိုစိတ်တွေ၊ ဖိအားတွေ ပိုပေးဖို့လည်း
    အကူအညီ ဖြစ်စေခဲ့ပါတယ်။ ပရိတ်သတ်တွေရဲ့ အားပေးမှုက ပြိုင်ပွဲတစ်လျှောက်လုံး ကျွန်တော့်ကို အားဖြစ်စေခဲ့ပါတယ်”

    ရစ်ဒ်ဝမ်ဟာ ဆီးဂိမ်းမှာ ကြေးတံဆိပ် ၃ ခု ရရှိထားသူဖြစ်ပြီး အခု WBO ဆူပါဖယ်သာဝိတ် ခါးပတ်ဟာ ပြီးခဲ့တဲ့ ၇ ပတ်အတွင်း ဒုတိယအကြိမ်မြောက် ရရှိတဲ့ ကမ္ဘာ့အဆင့် အောင်ပွဲဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က ရစ်ဒ်ဝမ်ဟာ အင်ဒိုနီးရှားက ၀ါလ်ဒို ဆာဘူကို အနိုင်ယူပြီး WBA ရဲ့ အာရှ ဆူပါဖယ်သာဝိတ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ပါတယ်။

    “အခု ကျွန်တော် ခဏနားမယ်။ ပလာတာနည်းနည်း စားမယ်။ နောက်ထပ်ဘာလုပ်ရမလဲဆိုတာ ကျွန်တော့်မန်နေဂျာ၊ နည်းပြနဲ့ ဆွေးနွေးမယ်။ အရှေ့မှာ ပွဲပြီးပွဲကောင်းတွေ၊ အောင်မြင်မှုတွေ ထပ်ရှိနေမယ်လို့ မျှော်လင့်ပါတယ်” လို့ ရစ်ဒ် ၀မ်က ပြောကြားခဲ့ပါတယ်။

    ရစ်ဒ်ဝမ်ဟာ လက်ဝှေ့လောကကနေ အနားယူမယ်ဆိုတဲ့ အတွေးမျိုးလည်း ၀င်ခဲ့ပြီး ဒီလောကမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့လည်း ဆိုပါတယ်။

    “အားကစားလောကမှာ ဆက်ရှိနေတဲ့အတွက် ကျွန်တော် တော်တော်လေး ပျော်ရွှင်ပါတယ်။ (အရင်က) လက်ဝှေ့ဆက်ထိုးရမလား၊ နားရမလားဆိုတဲ့ အတွေးတွေနဲ့ နေ့တိုင်း လုံးပမ်းရဖူးပါတယ်။ လူတိုင်းရဲ့ အားပေးမှု၊ PSB Academy ရဲ့ စပွန်ဆာပေးမှု၊ အဖွဲ့သားတွေရဲ့ ကူညီမှုနဲ့ ကြီးကျယ်တဲ့ ခရီးတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီး အောင်မြင်မှုတွေ ထပ်ရမယ်လို့လည်း မျှော်လင့်ပါတယ်”

    Ref : CNA

  • ပူတင်မှာ IS ထက် ကြောက်စရာကောင်းသည်ဟု ကန် အထက်လွှတ်တော်အမတ် ပြော

    ပူတင်မှာ IS ထက် ကြောက်စရာကောင်းသည်ဟု ကန် အထက်လွှတ်တော်အမတ် ပြော

    မေ ၃၀၊ ၂၀၁၇
    M-Media

    – ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်မှာ IS အဖွဲ့ထက် ပို၍ ကြောက်စရာကောင်းသည်ဟု အမေရိကန် အထက်လွှတ်တော်မှ သြဇာရှိ ရီပက်ဘလစ်ကန်အမတ် ဂျွန်မက်ကိန်းက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    သြစတေးလျ ရုပ်သံ ABC နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ရုရှားမှာ ‘ဒီမိုကရေစီ၏ အခြေခံကို ဖျက်ဆီးရန်’ ကြိုးစားနေသည်ဟုလည်း စွပ်စွဲခဲ့သည်။

    “IS က ဆိုးဆိုးဝါးဝါးအလုပ်တွေ လုပ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ရုရှားက ဒီမိုကရေစီရဲ့ အခြေခံကို ဖျက်ဆီးဖို့နဲ့ အမေရိကန်ရွေးကောက်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တာပါ” ဟု မက်ကိန်းက ဆိုသည်။

    သို့သော်လည်း ၎င်းတို့ အောင်မြင်သည်ဆိုသည့် အထောက်အထားကို မတွေ့ရကြောင်း၊ နောက်ထပ်လည်း ထိုသို့ ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲရန် ကြိုးစားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြင်သစ်ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးစေရန်လည်း ကြိုးစားခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ပူတင်ကလည်း ယမန်နေ့တွင် ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်နှင့် တွေ့ဆုံခဲ့ပြီး ပြင်သစ်ရွေးကောက်ပွဲတွင် မိမိတို့ ၀င်ရောက်စွက်ဖက်မှုမရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင် လက်ယာစွန်းသမ္မတလောင်း လီပန်နှင့် တွေ့ဆုံခြင်းမှာ ရွေးကောက်ပွဲကို လမ်းကြောင်းလွှဲရန် ကြိုးစားခြင်းမဟုတ်ကြောင်း မာခရွန်အားေ
    ပြာကြားခဲ့သည်။

    ရုရှားက ယူကရိန်းပြဿနာတွင် ပါဝင်မှုအတွက်လည်း မက်ကိန်းက ဝေဖန်ခဲ့ပြီး အမေရိကန်က ပိတ်ဆို့မှုများဖြင့် ရုရှားကို တုန့်ပြန်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Haaretz.com

  • ရမ်ဇာန်ဥပုသ်လကို ဟောလီးဝုဒ်မင်းသားက ဘယ်လိုမြင်လဲ

    မ ၃၀၊ ၂၀၁၇
    M-Media
    – The Fast and the Furious၊ XXX ရုပ်ရှင်ဇာတ်ကားတွေအပါအ၀င် ဟောလီးဝုဒ်ဇာတ်ကား တော်တော်များများမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ နာမည်ကြီးမင်းသား ဗင်ဒီဇဲလ်က မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လနဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ဒီဗီဒီယိုအတိုလေးမှာ ပြောပြထားပါတယ်။

  • ဂေါက်သီးအကျော်အမော်ဟောင်း တိုက်ဂါးဝုဒ် မူးပြီးမောင်းမှုအတွက် တရားစွဲခံရ

    ဂေါက်သီးအကျော်အမော်ဟောင်း တိုက်ဂါးဝုဒ် မူးပြီးမောင်းမှုအတွက် တရားစွဲခံရ

    မေ ၃၀၊ ၂၀၁၇
    M-Media

    ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် တိုက်ဂါးဝုဒ်၏ ဓာတ်ပုံ

    – ကမ္ဘာကျော် ဂေါက်သီးချန်ပီယံဟောင်း တိုက်ဂါးဝုဒ်မှာ တနင်္လာနေ့မနက် အစောပိုင်းက အရက်မူးပြီး ကားမောင်းသောကြောင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။

    ဖလော်ရီဒါရှိ ၎င်း၏ နေအိမ်အနီးတွင် ရဲတပ်ဖွဲ့က စစ်ဆေးရာ တိုက်ဂါးဝုဒ်က အလ်ကိုဟောတိုင်း ကိရိယာဖြင့် အစစ်ဆေးခံရန် ငြင်းဆန်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ၎င်း၏ မသပ်မရပ်ဖြစ်နေသော ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

    တိုက်ဂါးဝုဒ်က ၎င်းအနေဖြင့် အရက်မသောက်ခဲ့ဘဲ ဆရာဝန်ပေးသည့် ဆေးကို သောက်မိရာမှ မမျှော်လင့်ဘဲ အခြေအနေ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

    တိုက်ဂါးဝုဒ်မှာ ခရိုင်အကျဉ်းထောင်တွင် ၄ နာရီကြာ နေခဲ့ရပြီးနောက် လွတ်မြောက်လာခဲ့သည်။ တစ်ချိန်က လူငယ်များ၏ နမူနာယူစရာ လူတစ်ယောက်ဖြစ်ခဲ့သည့် အသက် ၄၁ နှစ်အရွယ် တိုက်ဂါးဝုဒ်မှာ ယခုအဖြစ်အပျက်ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    ယခုအဖြစ်အပျက်တွက် တိုက်ဂါးဝုဒ်မှာ တရားစွဲဆိုခံခဲ့ရပြီး ရဲတပ်ဖွဲ့ကမူ အသေစိတ် အချက်အလက်ကို ဖော်ပြခဲ့ခြင်း မရှိချေ။

    Ref: Telegraph

  • ဘဂ္ဂဒတ်တွင် ရေခဲမုန့်ဝယ်နေသူများကို IS က ကားဗုံးခွဲတိုက်ခိုက်

    ဘဂ္ဂဒတ်တွင် ရေခဲမုန့်ဝယ်နေသူများကို IS က ကားဗုံးခွဲတိုက်ခိုက်

    မေ ၃၀၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ရှိ နာမည်ကြီး ရေခဲမုန့်ဆိုင်တွင် ယနေ့မနက် အစောပိုင်းက အသေခံဗုံးခွဲသမားတစ်ဦးက ကားဗုံးခွဲ တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဘဂ္ဂဒတ်မြို့လယ်ကောင် ကာရာဒါရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၃၀ ဏ်ရာရရှိခဲ့သည်။ သေဆုံးဒဏ်ရာရသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်။

    အမည်မဖော်လိုသည့် တာဝန်ရှိသူများက ရပ်ထားသောကားတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တပ်ဆင်ကာ ဗုံးခွဲသမားတစ်ဦးက စနက်တံ ဖြုတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ အသေခံဗုံးခွဲသမားတစ်ဦးမှာ ရှီအာများ စုဝေးရာနေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် ရမ်ဇာန်ဥပုသ်လကလည်း IS အကြမ်းဖက်အဖွဲ့မှာ ထရပ်ကားဖြင့် ဗုံးခွဲခဲ့ပြီး လူရာချီ သေဆုံးခဲ့သည်။

    Ref: Aljzeera