News @ M-Media
Author: Ko Lay
  • ဆော်ဒီမှ ကင်ဆာတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ် ကွယ်လွန်
    ဆော်ဒီမှ ကင်ဆာတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ် ကွယ်လွန်
    ဇွန် ၃၊ ၂၀၁၇
    M-Media
    – ဆော်ဒီအာရေဗျနိုင်ငံမှ ကင်ဆာရောဂါတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ဟန်နာ အစ္စကန်ဒါမှာ ကြာသာပတေးနေ့က ဘုရင်အဘ်ဒူလ် အဇစ်တက္ကသိုလ် ဆေးရုံတွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။
    အသက် ၂၄ နှစ်အရွယ် ဟန်နာမှာ ကင်ဆာရောဂါသည်တစ်ဦးဖြစ်ပြီး နေမကောင်းသည့်ကြားမှ နိုင်ငံအတွင်း ကင်ဆာရောဂါတိုက်ဖျက်ရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူမအား ဆုံးရှုံးမှုအတွက် ဆော်ဒီပြည်သူများက ဆိုရှယ်မီဒီယာတွင် ၀မ်းနည်းကြောင်း ထုတ်ဖော်ခဲ့ကြသည်။
    ဟန်နာမှာ ကင်ဆာရောဂါသည် အစ်ကိုဖြစ်သူ ဟမ်ဇာ အစ္စကန်ဒါ၏ ကင်ဆာတိုက်ဖျက်ရေး လှုပ်ရှားမှုကို ဆက်ခံခဲ့သူလည်းဖြစ်သည်။ ဟမ်ဇာမှာ လွန်ခဲ့သည့် ၄ လခန့်က ကွယ်လွန်သွားခဲ့သည်။ ဟမ်ဇာဆောင်ရွက်ခဲ့သည့် ကင်ဆာရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုများထဲမှ လူကြိုက်အများဆုံးမှာ I Fight Cancer With
    My Smile (ကျွန်တော့်ရဲ့အပြုံးနဲ့ ကင်ဆာကိုတိုက်ဖျက်မယ်) ဆိုသည့် အစီအစဉ်ဖြစ်သည်။
    အစ်ကိုဖြစ်သူ၏ ကင်ဆာရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုကို ဦးဆောင်ကာ ဆက်လက်ဆောင်ရွက်ခြင်းမှာ အစ်ကိုက ၎င်း၏ စံနမူနာယူစရာလူတစ်ဦး ဖြသည့်အတွက် ဖြစ်ကြောင်း၊ မိမိအနေဖြင့် ကင်ဆာရောဂါကို ကိုယ်စွမ်းကိုယ်စဖြင့် ကြံ့ကြံ့ခံနေသကဲ့သို့ အခြားသော ကင်ဆာဝေဒနာရှင်များကို ထိုသတ္တိမျိုးရရှိလာရေး တိုက်တွန်းအားပေးရန်ဖြစ်ကြောင်း ဟန်နာက ပြောကြားခဲ့ဖူးသည်။
    ဟန်နာမှာ ၎င်း၏အစ်ကို ဟမ်ဇာ၏ စိတ်ကူးဖြစ်သော ကင်ဆာရောဂါသည်များအား ကူညီပံ့ပိုးပေးသည့် စင်တာတစ်ခု ဖြစ်ပေါ်လာရေး ကြိုးပမ်းနေသူလည်းဖြစ်သည်။
    “ဒီစင်တာဟာ ကင်ဆာရောဂါသည်တွေအတွက် ဆေးရုံတစ်ခုထက်ပိုတဲ့ အရာမျိုး ဖြစ်မှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ လူနာတွေအနေနဲ့ ဒီရောဂါကိုလက်ခံပြီး၊ ဆက်လက်အသက်ရှင်ရပ်တည်သွားနိုင်ရေးအကူညီအညီဖြစ်စေဖို့၊ တွန်းအားဖြစ်စေဖို့ ဖြစ်ပါတယ်” ဟု ဟန်နာက စင်တာနှင့်ပတ်သက်၍ အင်တာဗျူး
    တစ်ခုတွင် ပြောကြားခဲ့သည်။
    Ref: Alarabiya
  • အိန္ဒိယရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုက မွတ်စလင်များအတွက် ၀ါဖြေပွဲပြုလုပ်ပေး
    အိန္ဒိယရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုက မွတ်စလင်များအတွက် ၀ါဖြေပွဲပြုလုပ်ပေး
    ဇွန် ၃၊ ၂၀၁၇
    M-Media
    – ပြည်နယ်အတွင်းမှာ ဘာသာရေး သဟဇာတဖြစ်မှုကို ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က ဟိန္ဒူဘုရားကျောင်းတစ်ခုဟာ မွတ်စလင်တွေအတွက် အစ်ဖ်သာရ်ဝါဖြေပွဲ ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။
    မာလာပူရမ်မြို့က Lekshmi Narasimha Murthy Vishnu ဘုရားကျောင်းဖြစ်ပြီး လက်ရှိမှာ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ အဲဒီလိုပြင်ဆင်တဲ့ အထိမ်းအမှတ်အနေနဲ့ မေလ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိပြုလုပ်ဖို့ရှိနေတဲ့ Punaprethishta ဘာသာရေးအခမ်းအနား အစိတ်အပိုင်းအဖြစ် မွတ်စလင်တွေအတွက် အစ်ဖ်သာရ်ဝါဖြေပွဲကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
    မွတ်စလင်အများစုရှိရာ ရပ်ကွက်မှာရှိတဲ့ ဒီဘုရားကျောင်း ပြန်လည်ပြင်ဆင်ရေးအတွက် မွတ်စလင်မိသားစု ၃၀၀ လောက်က ငွေကြေးမတည်ပေးခဲ့တာ ဖြစ်ပါတယ်။
    “ကျွန်တော်တို့ဟာ ဘာသာရေးသဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတာက လူသားဝါဒပါ။ ဘာသာတရား မဟုတ်ပါဘူး။ လူတိုင်းက သူကြိုက်ရာ ဘာသာတရား၊ လမ်းစဉ်ကို လေးစားလိုက်နာခွင့်ရှိတယ်။ ဒါက အခြားဘာသာဝင်တွေနဲ့ ကျွန်တော်တို့ကြားမှာ ဆက်ဆံရေး မပြေစ်စရာ အကြောင်းအရင်းမရှိပါဘူး။ အခြားဘာသာဝင်တွေကို ကြိုဆိုမှုကနေ ကျွန်တော်တို့ရဲ့ နှလုံးသားကို ပိတ်မထားသင့်ပါဘူး” လို့ ဘုရားကျောင်းဂေါပကအဖွဲ့က အတွင်းရေးမှူး ပီတီ မိုဟာနန်က ပြောကြားခဲ့ပါတယ်။
    ဘုရားကျောင်းမှာ နေရာမလောက်တာကြောင့် အစ်ဖ်သာရ်ဝါဖြေပွဲကို အခြားအိမ်တစ်အိမ်မှာ ကျင်းပပေးခဲ့တာပါ။
    အစားအသောက်တွေက သက်သက်လွတ်ဖြစ်ပြီး ပြည်နယ်က နာမည်ကျော် ဟင်းလာတွေလည်း ပါဝင်ပါတယ်။ ၀ါဖြေပွဲအတွက် ဘုရားကျောင်းတစ်ဝိုက်မှာရှိတဲ့ မွတ်စလင်အိမ်တွေကို အသိပေးခဲ့ပြီး မွတ်စလင်တွေကလည်း တစ်ခဲနက် ပါဝင်ခဲ့ကြပါတယ်။
    “ဘယ်သူမှ ရှက်မနေကြဘူးဗျ။ ပါဝင်မှုကတော့ အံ့မခန်းဘဲ” လို့ မိုဟာနန်က ပြောကြားခဲ့ပါတယ်။
    Ref: The News Minute
  • မြောက်ကိုရီးယားကို ကမ္ဘာကြီး၏ လတ်တလောအန္တရာယ်အဖြစ် အမေရိကန်သတ်မှတ်
    မြောက်ကိုရီးယားကို ကမ္ဘာကြီး၏ လတ်တလောအန္တရာယ်အဖြစ် အမေရိကန်သတ်မှတ်
    ဇွန် ၃၊ ၂၀၁၇
    M-Media
    – မြောက်ကိုရီးယားအနေဖြင့် အမေရိကန်သို့ ရောက်ရှိနိုင်မည့် နျူလက်နက် ပိုင်ဆိုင်ရန် အရှိန်တင်လုပ်ဆောင်နေပြီး၊ ထိုလုပ်ရပ်ကို ‘လတ်တလောကျရောက်မည့် အန္တရာယ်အဖြစ်’ မိမိတို့က မှတ်ယူကြောင်း ကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က ယနေ့တွင် ပြောကြားလိုက်သည်။
    စင်ကာပူတွင်ပြုလုပ်သည့် နိုင်ငံတကာ လုံခြုံရေးညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုတစ်ပတ်တွင် အမေရိကန်က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည့် ဒုံးခွင်းစနစ်မှာ မြောက်ကိုရီးယားကို ရည်ရွယ်၍ ဖန်တီးခဲ့ခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
    အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ စမ်းသပ်မှုမှာ တိုက်ကြီးတစ်တိုက် အကွာအဝေးမှပစ်သော ဒုံးကျည်ကိုပစ်ခတ်ဖျက်ဆီးနိုင်မည့် ဒုံးခွင်းစနစ်ကို ပထမဆုံး စမ်းသပ်မှုလည်းဖြစ်သည်။
    “မြောက်ကိုရီးယားက နျူလက်နက် ရရှိဖို့အတွက် ဆက်လက်ကြိုးစားနေပြီး၊ သူတို့ကိစ္စကို ဒီလိုပြောတာ အသစ်အဆန်းမဟုတ်ပေမယ့် ဒီအုပ်စုဟာ သူတို့ရဲ့ ကြိုးပမ်မှု အရှိန်နဲ့ နယ်ပယ်ကို တိုးမြှင့်ခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ သံတမန်တွေကို သတ်ဖြတ်တာ၊ သင်္ဘောသားတွေကို ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာ၊ ရာဇ၀တ်မှုလုပ်ရပ်တွေလုပ်တာ စတဲ့မှတ်တမ်းတွေ ရှိတာကြောင့် သူတို့ရဲ့ နျူလက်နက် အစီအစဉ်ဟာ အားလုံးအတွက် ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးအရ အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ထင်ရှားပြီး လတ်တလောကျရောက်မယ့် အန္တရာယ်အဖြစ် မှတ်ယူပါတယ်” ဟု မာတစ်က ပြောကြားခဲ့သည်။
    နျူလက်နက်နှင့် ဒုံးကျည်အစီအစဉ်များကြောင့် ကုလမှာ မြောက်ကိုရီးနှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ် ၁၅ ဦး၊ အသင်းအဖွဲ့ ၄ ခုကို ပိတ်ဆို့မှုပြုလုပ်ရန် ယမန်နေ့တွင် တစ်ညီတစ်ညွတ်တည်း မဲပေးခဲ့သော်လည်း၊ တရုတ်၏ ကန့်ကွက်မှုကြောင့် အမေရိကန်က လိုလားသည့် ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများကို မပြုလုပ်နိုင်ခဲ့ပေ။
    Ref: Aljazeera
  • အီရတ်တွင် IS ကြောင့် ပျက်ဆီးသွားသည့် ခရစ်ယာန်ဘုရားကျောင်းကို မွတ်စလင်များ ပြန်ဆောက်ပေး
    အီရတ်တွင် IS ကြောင့် ပျက်ဆီးသွားသည့် ခရစ်ယာန်ဘုရားကျောင်းကို မွတ်စလင်များ ပြန်ဆောက်ပေး
    ဇွန် ၂၊ ၂၀၁၇
    M-Media
    – အီရတ်နိုင်ငံ မူဆိုးလ်မြို့ကို IS က သိမ်းပိုက်စဉ်အတွင်းမှာ ဖျက်ဆီးခံခဲ့ရတဲ့ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ပြန်လည်တည်ဆောက်ရေး မွတ်စလင်တွေက ပါဝင်ကူညီနေကြပါတယ်။
    အီရတ်နိုင်ငံမှာ ခရစ်ဘာသာဝင် အနည်းစုသာရှိပေမယ့်၊ အရှေ့အလယ်ပိုင်းမှာ သက်တမ်းရင့် ခရစ်ယာန်လူ့အဖွဲ့အစည်းဖြစ်ပြီး မူဆိုးလ်ကို IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်လိုက်ချိန်မှာတော့ ခရစ်ယာန်တွေဟာ ငြှင်းပမ်းနှိပ်စက် ခံခဲ့ရပါတယ်။
    ဘုရားကျောင်းတွေ ဖျက်ဆီးခံခဲ့ရသလို ခရစ်ယာန်တွေရဲ့ ဓမ္မစာအုပ်တွေနဲ့ အခြား အထွဋ်အမြတ်ထားရာတွေလည်း အဂါရ၀ပြုခံခဲ့ရပါတယ်။
    အီရတ်အစိုးရတပ်ဖွဲ့တွေနဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး မူဆိုးလ်မြို့သိမ်းပိုက်ရေး ထိုးစစ်ဆင်မှုအတွင်းမှာ မြို့ရဲ့ အစိတ်အပိုင်း တော်တော်များများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒီလအကုန်လောက်မှာ တစ်မြို့လုံးကို သိမ်းပိုက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
    မူဆိုးလ်မြို့ရဲ့ အလ်-အာရဘီရပ်ကွက်မှာ တည်ရှိတဲ့ Chaldean ခရစ်ယာန်ဘုရားကျောင်းဟာ ၁၀ ရာစုကတည်းက ဘုရားကျောင်းဖြစ်ပြီး IS အကြမ်းဖက်သမားတွေရဲ့လက်အောက်မှာ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပါတယ်။
    IS လက်က လွတ်မြောက်လာပြီးတဲ့နောက်မှာ ဒီ ဘုရားကျောင်းကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပြီး ဒေသခံ မွတ်စလင်စေတနာ့ဝန်ထမ်းအဖွဲ့တစ်ခုက ဒီဆောက်လုပ်ရေးလုပ်ငန်းမှာ ၀င်ရောက်ကူညီကာ ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်ကို ပြသခဲ့ကြပါတယ်။
    ဘုရားကျောင်းကို သန့်ရှင်းရေးလုပ်တာ၊ ပျက်ဆီးနေတဲ့ ၀တ်ပြုခန်းတွေ၊ အခြား အခန်းတွေကို မွတ်စလင်တွေ ပြင်ဆင်ပေးနေတဲ့ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပါတယ်။
    မူဆိုးလ်မြို့ခံတွေက သူတို့ရဲ့ ဒီလိုကူညီမှုဟာ ‘မိမိတို့အနေနဲ့ တစ်မြို့တဲ့သားချင်းဖြစ်ပြီး ဘာသာမတူမှုကအ ရေးမပါကြောင်း၊ မတူကွဲပြားမှုဆိုတာ အင်အားတစ်ခုဖြစ်ကြောင်း’ ပြသဖို့အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : Metro
  • ပဲရစ် ရာသီဥတု သဘောတူညီချက်မှ အမေရိကန်ထွက်မည်
    ပဲရစ် ရာသီဥတု သဘောတူညီချက်မှ အမေရိကန်ထွက်မည်
    ဇွန် ၂၊ ၂၀၁၇
    M-Media
    – အမေရိကန်မှာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်မှ ထွက်တော့မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် အိမ်ဖြူတော်၌ ကြေငြာခဲ့သည်။
    ထိုသို့ မကြေငြာခင် ၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ထရမ့်က ကွန်ဂရက်သို့ အကြောင်းကြားခဲ့ပြီး ရီပက်ဘလစ်ကန်အမတ်များက ငြင်းခုံမှုများ ရှိလာနိုင်သည်။
    ထရမ့်ကမူ ၎င်း၏ တစ်ခုတည်းသော တာဝန်မှာ ‘အမေရိကနှင့် ပြည်သူများအား’ ကာကွယ်ရန်ဖြစ်ပြီး အမေရိကန်အနေဖြင့် ‘ပဲရစ် ရာသီဥတု သဘောတူညီချက်မှ ထွက်မည်ဖြစ်သော်လည်း ပြန်လည်လက်ခံရေး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ရေး၊ သို့မဟုတ် အမေရိကန်အတွက် မျှတမည့် သတ်မှတ်ချက်များ ပါဝင်သော သေ
    ဘာတူညီချက် အသစ် ရရှိရေး’ စတင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    အဆိုပါ ပဲရစ်သဘောတူညီချက်မှာ အမေရိကန်အတွက် အကျိုးမရှိဘဲ အခြားတိုင်းပြည်များအတွက်သာ အကျိုးဖြစ်ထွန်းစေကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။
    ထိုသို့ နှုတ်ထွက်ခြင်းတွင် Green Climate Fund တွင် အမေရိကန်က ထည့်ဝင်နေသည့် ငွေကြေးများ ရပ်တန့်ခြင်းလည်း ပါဝင်မည်ဖြစ်သည်။ ထရမ့်က ထိုကဲ့သို့ ငွေကြေးထည့်ဝင်ရခြင်းမှာ အမေရိကန်ကို အကုန်အကျများစေသည်ဟု ပြောကြားဖူးသည်။
    ၂၀၁၆ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့သည့် အဆိုပါ သဘောတူညီချက်အရ နှုတ်ထွက်သည့် လုပ်ငန်းစဉ်မှာ ၄ နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။
    ထရမ့်၏ ထိုဆုံးဖြတ်ချက်ကြောင့် နိုင်ငံ့ခေါင်းဆောင်အချို့နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ရှုတ်ချခဲ့ကြသည်။
    Ref: Aljazeera