News @ M-Media

Author: Ko Lay

  • မနီလာရှိ ကာဆီနိုရုံတွင် လူဖြူတစ်ဦးက သေနတ်ဖြင့် ၀င်ပစ်မှု ဖြစ်ပွား

    မနီလာရှိ ကာဆီနိုရုံတွင် လူဖြူတစ်ဦးက သေနတ်ဖြင့် ၀င်ပစ်မှု ဖြစ်ပွား

    ဇွန် ၂၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကာဆီနိုရုံတစ်ခုတွင် သေနတ်သမားတစ်ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှု၊ လောင်းကစားစက်များကို မီးရှို့မှုတစ်ခု ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်အတွင်း လူ ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

    Resorts World Manila ကာဆီနိုရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၃၆ ဦးမှာ အသက်ရှုကြပ်ခြင်း၊ မီးခိုးမွှန်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ အော်စကာ အလ်ဘာယာလ်ဒီက ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့မှာ ထိုအဖြစ်အပျက်အား ဓားပြတိုက်မှုဟု စောစောပိုင်းက ပြောကြားခဲ့သည်။ သေနတ်သမားမှာ လက်နက်ကိုင် ရဲများကို ပစ်ခတ်ခြင်း၊ လောင်းကစားခုံများကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ပြီးနာက် မိမိကိုယ်ကိုယ် မီးရှို့သတ်သေခဲ့သည်။

    အလ်ဘာယာဒီကမူ သေနတ်သမားမှာ ကော့ကေးရှန်းလူမျိုးဖြစ်ပြီး၊ အင်္ဂလိပ်စကားပြောကြောင်း၊ လူကောင်ကြီးပြီး အသားဖြူသည့်အတွက် နိုင်ငံခြားသားတစ်ဦး ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ သေနတ်သမားထံမှ သေနတ်နှစ်လက်ကို သိမ်းဆည်းရမိခဲ့သည်။

    နိုင်ငံတောင်ပိုင်း မာရာဝီမြို့တွင် IS နှင့်ဆက်နွယ်သည့် သူပုန်အဖွဲ့နှင့် တိုက်ခိုက်နေရမှုကြောင့် ဖိလစ်ပိုင်မှာ လုံခြုံရေးကို မြှင့်ထားပြီး မင်ဒါနာအိုကျွန်းတွင်လည်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည်။

    Ref: Aljzeera

  • အိန္ဒိယရွာတစ်ရွာတွင် ၀တ်ပြုရာနေရာမရှိသည့် မွတ်စလင်များအတွက် ဆစ်ခ်နှင့် ဟိန္ဒူများက ဗလီဆောက်ပေး

    အိန္ဒိယရွာတစ်ရွာတွင် ၀တ်ပြုရာနေရာမရှိသည့် မွတ်စလင်များအတွက် ဆစ်ခ်နှင့် ဟိန္ဒူများက ဗလီဆောက်ပေး

    ဇွန် ၂၊ ၂၀၁၇
    M-Media

    – ဒေသအတွင်းမှာ လူမျိုးစုတွေအချင်းချင်း သဟဇာတဖြစ်မှု၊ ညီရင်းအစ်ကိုစိတ်ဓာတ်ကို ပြသဖို့အတွက် အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က ဆစ်ခ်နဲ့ ဟိန္ဒူဘာသာဝင်တွေဟာ အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုဖို့အတွက် ဗလီဝတ်ကျောင်းတစ်လုံး ဆောက်လုပ်ပေးခဲ့ကြတယ်လို့ သိပါတယ်။

    ဂါလစ်ဘ် ရက် ဆင်း ၀ါလ်ဆိုတဲ့ ရွာလေးမှာဖြစ်ပြီး အဲဒီရွာလေးမှာ ဆစ်ခ်၊ ဟိန္ဒူတွေ အများစု နေထိုင်ကြတာပါ။ အဲဒီရွာက မွတ်စလင်တွေဟာ အရင်က နေ့စဉ် ဘုရားဝတ်ပြုဖို့အတွက် အနားက တစ်ခြားရွာတစ်ရွာကို သွားရောက်ကြရပါတယ်။

    ဒါ့ပေမယ့် ဆစ်ခ်နဲ့ ဟိန္ဒူဘာသာဝင်တွေဟာ အခုနှစ် ရမ်ဇာန်ဥပုသ်လအမီ ‘ဟရဇသ် အဘူဘာကာရ်’ ဆိုတဲ့ အမည်နဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ပေးခဲ့ပြီး မွတ်စလင်ကို အပ်နှံခဲ့ပါတယ်။

    ဒီရွာမှာနေထိုင်သူ လီယာကသ် အလီက မိမိတို့ရဲ့ အချိန်အတော်ကြာကတည်းက မျှော်လင့်ခဲ့တဲ့ လိုလားချက်ဟာ အခုအချိန်မှာတော့ ပြည့်ဝသွားပြီး၊ ဒီဗလီဝတ်ကျောင်းတော်ဟာ မိမိတို့အတွက် ဆစ်ခ်၊ ဟိန္ဒူညီအစ်ကိုတွေရဲ့ ၀ါကျွတ်အီးဒ်နေ့လက်ဆောင်လည်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါလစ်ဘ် ရက် ဆင်း ၀ါလ်ရွာမှာ လူဦးရေပေါင်း ၁၃၀၀ လောက်ရှိပြီး ဆစ်ခ်လူမျိုးက ၇၀၀ ရှိကာ၊ ဟိန္ဒူကတော့ ၂၀၀ ရှိပါတယ်။ မွတ်စလင်လူဦးရေးကတော့ ၁၅၀ သာ ရှိပါတယ်။

    ပန်ဂျပ်ပြည်နယ်က အီမာမ်တစ်ပါးဖြစ်တဲ့ မောင်လာနာ ဟာဘစ် အွရ် ရဟ်မန်၊ ဆာနီ လူဒီယန်ဗီက ဒီလုပ်ရပ်ဟာ ရွာသားတွေရဲ့ ညီရင်းအစ်ကို စိတ်ဓာတ်ကို ထင်ဟပ်နေတယ်လို့ ကြေားခဲ့ပါတယ်။

    ဒီရွာမှာ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်ကို အစိုးရက ၁၉၉၈ ခုနှစ်မှာ ချပေးခဲ့ပေမယ့် ရွာသားတွေရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့နှစ်ကမှ စတင် ဆောက်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရွာသူကြီး ဂျက်ဒီပ် ကူရ်က သူ့ရဲ့ရွာဟာ လူမျိုးရေး သဟာဇတဖြစ်မှုရဲ့ စံနမူနာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Huffington Post

  • အကြမ်းဖက်မှုအန္တရာယ် အမြင့်ဆုံးရှိနေသည်ဟု စင်ကာပူ ပြော

    အကြမ်းဖက်မှုအန္တရာယ် အမြင့်ဆုံးရှိနေသည်ဟု စင်ကာပူ ပြော

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – စင်ကာပူနိုင်ငံတွင် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုမှာ အမြင့်ဆုံးအဆင့်တွင် ရှိနေပြီး IS အကြမ်းဖက်အဖွဲ့၏ အဓိကပစ်မှတ် ဖြစ်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ‘၂၀၁၇ ခုနှစ် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု အကဲဖြတ်အစီရင်ခံစာ’ တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး IS မှာ တိုင်းပြည်အတွက် အဆိုးရွားဆုံး ခြိမ်းခြောက်မှုဖြစ်နေကာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ထိုအဖွဲ့ကို အခြေခံ၍ မိမိတို့၏ လုံခြုံရေး အစီအစဉ်ကို ပုံဖော်နေရသည်ဟုလည်း ဆိုသည်။

    စိုးရိမ်ရမှု အမြင့်ဆုံးအဆင့် ဖြစ်နေသော်လည် လတ်တလော တိုက်ခိုက်နိုင်ချေ မရှိကြောင်း၊ လုံခြုံရေးအဖွဲ့များမှာ သတိဝိရိယဖြင့် ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အရှေ့တောင်အာရှ ဒေသအတွင်း ၂၀၁၆ ခုနှစ် ဇန်န၀ါရီတွင် အင်ဒိုနီးရှား၊ ဇွန်လတွင် မလေးရှားတို့၌ IS နှင့် ဆက်နွယ်သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယခုနှစ် မေလအထိ အင်ဒိုနီးရှားနိုင်ငံအတွင် ဗုံးခွဲမှုများ၊ သေနတ်ဖြင့် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

    အစီရင်ခံစာတွင် IS ထောက်ခံသူ စစ်သွေးကြွများမှာ အရှေ့တောင်အာရှဒေသအတွင်း ရင်ဆိုင်ရန် ပိုမိုခက်ခဲမည့် အခြေစိုက်စခန်းများကို ဖန်တီးလာနိုင်ကြောင်း ဖော်ပြခဲ့ပြီး ‘IS အရှေ့အာရှအဖွဲ့’ က ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့အား လတ်တလော စီးနင်းထားမှုကို ထောက်ပြခဲ့သည်။

    ထို့ပြင် စင်ကာပူမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နိုင်ငံတကာ မဟာမိတ်အဖွဲ့တွင် ပါဝင်မှုအတွက် အကြမ်းဖက်အဖွဲ့၏ ပစ်မှတ်ထားခြင်းကို ဆက်လက် ခံနေရမည်ဟု ၀န်ကြီးဌာနက ဆိုသည်။

    IS အဖွဲ့မှာ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်က တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်မှုကို စင်ကာပူ အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံက ဘာတမ်ကျွန်းမှ အကြမ်းဖက်သမားများက စင်ကာပူ မရီနာဘေးကို ဒုံးကျည်ဖြင့် ပစ်ခတ်ရန် စီစဉ်မှုကိုလည်း အင်ဒိုနီးရှားက ဖော်ထုတ်နိုင်ခဲ့သည်။

    အရှေ့တောင်အာရှ ဒေသအတွင်း IS အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများ

    Ref: CNA

  • ယူအေအီးတွင် ပထမဆုံး စက်ရုပ်ရဲ စတင် တာဝန်ထမ်းဆောင်

    ယူအေအီးတွင် ပထမဆုံး စက်ရုပ်ရဲ စတင် တာဝန်ထမ်းဆောင်

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းရဲတပ်ဖွဲ့မှာ ပထမဆုံး စက်ရုပ်ရဲတပ်ဖွဲ့ဝင်တစ်ဦး မနေ့က စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    ကမ္ဘာ့အမြင့်ဆုံး နာမည်ကျော် Burj Khalifa တာဝါအောက်မှာ လှည့်ကင်းအဖြစ် တာဝန်ထမ်းဆောင်တာဖြစ်ပြီး ကမ္ဘာ့လှည့် ခရီးသွားတွေ၊ ဖြတ်သွားဖြတ်လာ ပြည်သူတွေက အဲဒီ စက်ရုပ်ရဲနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

    ရဲတပ်ဖွဲ့ဝင်ဦးထုပ် ဆောင်ထားပြီး ဘီးနဲ့ ရွေ့လျားတဲ့ ဒီစက်ရုပ်ရင်ဘတ်မှာ ကွန်ပျူတာ touch-screen ထားရှိပြီး ရာဇ၀တ်မှုအတွက် သတင်းပို့တာ၊ သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းတဲ့ကားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နိုင်မှာပါ။

    ၅ ပေ ၅ လက်မမြင့်ပြီး ၁၀၀ ကီလိုဂရမ်လောက်လေးတဲ့ ဒီစက်ရုပ်ဟာ ဘာသာစကား ၆ မျိုးကို ပြောနိုင်သလို မျက်နှာအမူအရာကိုလည်း စကန်ဖတ်နိုင်ပါတယ်။

    “၂၀၃၀ ကျရင် ရဲတပ်ဖွဲ့ရဲ့ ၂၅ ရာခိုင်နှုန်းကို စက်ရုပ်တွေနဲ့ အစားထိုးဖို့ ကျွန်တ်ာတို့ ရည်ရွယ်ပါတယ်” လို့ ဒူဘိုင်းရဲတပ်ဖွဲ့ နည်းပညာဌာန အကြီးအကဲ ခါလစ် အလ် ရာဇူကီက ပြောကြားခဲ့ပါတယ်။

    ဒီစက်ရုပ်တွေကို ကမ္ဘာ့လှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေမှာ ချထားမှာဖြစ်ပြီး စက်ရုပ်မှာပါတဲ့ ကင်မရာကနေ ထိန်းချုပ်ရေးခန်းကို အရုပ်၊ အသံတွေကို တိုက်ရိုက်ပို့မှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီစက်ရုပ်ဟာ ရဲတပ်ဖွဲ့ အလိုရှိနေသူတွေကိုလည်း ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

    ရာဇူကီက စက်ရုပ်ရဲတွေရဲ့ အဓိကရည်ရွယ်ချက်ဟာ လူတွေနဲ့ ဆက်သွယ်နိုင်ဖို့ နည်းလမ်းသစ် ရှာဖွေရေးဖြစ်ပြီး တရားခံကို ဖမ်းဆီးတာမျိုးတွေလို ကိစ္စမှာတော့ လူသားတွေနေရာကို အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဒူဘိုင်းရဲတပ်ဖွဲ့ဟာ Lamborghini နဲ့ Ferrari လို တန်ဖိုးကြီးကားတွေကို ပတ္တယောင်ရဲကားအဖြစ် အသုံးပြုမှုအတွက်လည်း ကျော်ကြားပါတယ်။

    Ref: Telegraph

  • IS အကြမ်းဖက်အဖွဲ့က မူဆိုးလ်ရှိ ရှေးဟောင်းဗလီကြီးတစ်လုံးကို အပိုင်စီး

    IS အကြမ်းဖက်အဖွဲ့က မူဆိုးလ်ရှိ ရှေးဟောင်းဗလီကြီးတစ်လုံးကို အပိုင်စီး

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – အီရတ်စစ်တပ်က မူဆိုးလ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အရှိန်မြှင့်နေချိန်တွင် IS အကြမ်းဖက်အဖွဲ့က အလ်-နူရီဗလီဝတ်ကျောင်းတော်ကြီးကို သိမ်းပိုက်ကာ ခံတပ်အဖြစ် ပြုလုပ်နေသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

    အလယ်ခေတ်က တည်ဆောက်ခဲ့သည့် အဆိုပါ ဗလီကြီး ၂၀၁၄ ခုနှစ်က IS ခေါင်းဆောင် အလ်-ဘဂ္ဂဒါဒီက ခလီဖိတ်အဖြစ် ကြေငြာခဲ့သည့် နေရာဖြစ်ပြီး ပြီးခဲ့သည့် ၄၈ နာရီအတွင်း IS တိုက်ခိုက်ရေးသမားများမှာ ထိုဗလီတစ်ဝိုက်တွင် နေရာယူနေကြသည်ဟု မျက်မြက်သက်သေများက ဆိုသည်။

    အရှေ့အလယ်ပိုင်း အစိုးရများစွာ၏ အကြံပေးအဖြစ် ဆောင်ရွက်သော ဟီရှမ် အလ်-ဟာရှီမီက IS တိုက်ခိုက်ရေးသမားများမှာ ထိုဗလီဝတ်ကျောင်းတော်ကြီး၏ အရေးပါပုံကို သိရှိပြီး ထိုနေရာတွင် အဓိက တိုက်ပွဲဆင်နွှဲရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီရတ်တပ်ဖွဲ့များက မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် ထိုးစစ်အတွင်း ဒေသတော်တော်များများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး IS က ကျန်ရှိသည့်နယ်မြေများ မစွန့်လွှတ်ရရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုကာ ခုခံနေသည်။

    လက်ရှိ မူဆိုးလ်ရှိ IS ထိန်းချုပ်ရာ ဒေသများတွင် ပိတ်မိနေသူ ၂ သိန်းခန့် ရှိနေပြီး အစားအသောက်၊ သောက်သုံးရေ၊ ဆေးဝါးများနည်းပါးမှုနှင့် ရင်ဆိုင်နေရသည်။

    Ref: Aljazeera