News @ M-Media

Author: Ko Lay

  • အိုင်ယာလန်တွင် ကလေးများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော နေရာနှစ်ခု တွေ့ရှိ

    အိုင်ယာလန်တွင် ကလေးများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော နေရာနှစ်ခု တွေ့ရှိ

    မတ် ၄၊ ၂၀၁၇
    M-Media

    – အိုင်ယာလန်နိုင်ငံ အနောက်ပိုင်း ဂါလ်ဝေးဒေသ တူအမ်မြို့ရှိ ခရစ်ယာန်ကက်သလစ်အသင်းတော်မှ ဖွင့်လှစ်ပေးခဲ့သော မိခင်နှင့်ကလေး စောင့်ရှောက်ရေးစင်တာဟောင်းတစ်ခုတွင် သန္ဓေသားများနှင့် ကလေးငယ်များ အစုလိုက်အပြုံလိုက် စွန့်ပစ်ထားသည့် နေရာနှစ်ခုအား တွေ့ရှိခဲ့သည်ဟု သိရသည်။

    စင်တာ၏ မြေအောက်ခန်းများတွင် ကလေးငယ်များ၏ အလောင်းများ အစုလိုက်အပြုံလိုက် စွန့်ပစ်ထားသည်ဟု သတင်းများ၂၀၁၄ ခုနှစ်တွင် ထွက်ပေါ်လာပြီးနောက် ရှာဖွေဖော်ထုတ်မှုများကို ၂၀၁၆ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတို့တွင် ပြုလုပ်ခဲ့ပြီး သေဆုံးသူများ၏ ရုပ်ကလပ် အကြွင်းအကျန်များ ရှိနေရာ နေရာ ၂ ခုကို တွေ့ခဲ့ခြင်းဖြစ်သည်။

    တစ်ခုမှာ အမှိုက်သရိုက်များကို စွန့်ပစ်ထားသော ဧရာမ မိလ္လာတိုင်ကီကြီးဖြစ်ပြီး၊ အခြားတစ်ခုမှာ အခန်းပေါင်း ၂၀ ပါဝင်သော မြေအောက်ခန်းများဖြစ်သည်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့က ၃၅ ပတ်ရှိ သေန္ဓသားမှ ၃ နှစ်အထိရှိသော ကလေးငယ်များ၏ ရုပ်ကြွင်း ၉၀၀ ကျော်ကို တွေ့ရကြောင်း၊ ထိုကဲ့သို့ ရှာဖွေတွေ့ရှိမှုအတွက် တုန်လှုပ်ရပြီး တာဝန်ရှိသူကို ဖော်ထုတ်ရန် ဆက်လက် စုံစမ်းမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ မိခင်နှင်ကလေး စောင့်ရှောက်ရေးစင်တာမှာ ၁၉၂၅ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ အသုံးပြုခဲ့ပြီး ယခုတွေ့ရသည့် ရုပ်ကြွင်းများမှာ ၁၉၅၀ ပြည့်နှစ်များက ဖြစ်မည်ဟုလည်း စုံစမ်းရေးအဖွဲ့က ထည့်သွင်းပြောဆိုခဲ့သည်။ ထိုကိစ္စတွင် ရဲတပ်ဖွဲ့က ပါဝင်ပတ်သက်မှုရှိလားဆိုသည်ကို စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။

    ထိုစင်တာမှာ တရားဝင်လက်ထပ်ထားခြင်းမရှိဘဲ ကိုယ်ဝန်ရသောကြောင့် ခရစ်ယာန် ကက်သလစ်အသိုင်းအ၀ိုင်း၏ ဖယ်ကျဉ်ခြင်းခံရသည့် မိခင်များနှင့် ကလေးငယ်များ နေထိုင်သည့်နေရာဖြစ်သည်။

    မိခင်များမှာ လုပ်ခ လစာနည်းသော သို့မဟုတ် လုံးဝမရသော အလုပ်ကြမ်းများကို လုပ်ရခြင်း၊ မိမိတို့၏ ကလေးငယ်များနှင့် တစ်ပတ်လျှင် နာရီအနည်းငယ်သာ တွေ့ရခြင်း၊ မိခင်များကို အသိပေးခြင်းမရှိဘဲ ကလေးများအား နိုင်ငံခြားတိုင်းပြည်များရှိ မိသားစုများထံ မွေးစားရန် ပေးပစ်ခြင်းတို့ကြောင့် အဆိုပါ နေရာများမှာ မကောင်းသတင်းဖြင့် ကျော်ကြားသည်။

    Ref: RT

  • အမျိုးသမီးများမှာ အသိဉာဏ်နည်းသည်ဟု ဥရောပပါလီမန်မှ လက်ယာနိုင်ငံရေးသမားတစ်ဦး ပြော

    အမျိုးသမီးများမှာ အသိဉာဏ်နည်းသည်ဟု ဥရောပပါလီမန်မှ လက်ယာနိုင်ငံရေးသမားတစ်ဦး ပြော

    မတ် ၄၊ ၂၀၁၇
    M-Media

    အမျိုးသမီးများမှာ အသဉာဏ်နည်းသည်ဟု ပြောကြားခဲ့ ပိုလန် လက်ယာနိုင်ငံရေးသမား ဂျန်နူဇ် ကိုရ်ဝင်-မိုက်ကီ

    – အမျိုးသမီးများကို အသိဉာဏ်နည်းသည်ဟု ပြောကြားခဲ့သည့် ပိုလန် နိုင်ငံရေးသမားတစ်ဦးကို ဥရောပပါလီမန်က အမုန်းစကားပြောဆိုမှုဖြင့် စုံစမ်းစစ်ဆေးမှု စတင် ပြုလုပ်နေသည်ဟု သိရသည်။

    ဥရောပပါလီမန်၏ လွတ်လပ်သော အဖွဲ့ဝင် ဂျန်နူဇ် ကိုရ်ဝင်-မိုက်ကီဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီးများအကြား လုပ်ခလစာ မညီမျှမှုနှင့်ပတ်သက်၍ ဗုဒ္ဓဟူးနေ့က ဥရောပပါလီမန်တွင် ဆွေးနွေးရာ ၎င်းက “မိန်းမတွေဟာ ယောက်ျားတွေလောက် မသန်မာဘူး၊ ယောက်ျာတွေလောက် အရေးမပါဘူး။ ပြီးတော့ သူတို့ဟာ အသိဉာဏ်လည်း ပိုနည်းပါတယ်” ဟု ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်တွင် Feedom and Hope ပါတီကို တည်ထောင်ခဲ့သူ မိုက်ကီမှာ ယခင်ကလည်း အမျိုးသမီးများအား မဲပေးခွင့်မရသင့်ဟု ပြောဆိုခဲ့ပြီး၊ ဥရောပပါလီမန်တွင် ပြောကြားသည့် မိန့်ခွန်းတွင် အမျိုးသမီးများအား အဓမ္မပြုကျင့်ရန် လှုံ့ဆော်မှုအတွက်လည်း ၂၀၁၄ ခုနှစ်တွင် စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရသည်။

    ယခုမှတ်ချက်အတွက် စပိန်ဆိုရှယ်လစ်အလုပ်သမားပါတီမှ ဥရောပါလီမန် အမတ်ဖြစ်သူ အီရက်ဇီ ဂရာစီယာ ပီရက်ဇ်က “အမျိုးသမီးတွေဟာ ဒီပါလီမန်မှာထိုင်ပြီး၊ ရှင့်နဲ့ အခွင့်အရေးတန်းတူရှိနေတဲ့ ဥရောပသားတွေကို ကိုယ်စားပြုနေတာအတွက် ရှင် မခံချိမခံသာဖြစ်နေတာ ကျွန်မသိတယ်။ ကျွန်မ ဒီမှာရှိနေတာက ဥရောပအမျိုးသမီးတွေကို ရှင့်လိုလူတွေရဲ့ လက်ကနေ ကာကွယ်ဖို့ပဲ” ဟု ချက်ခြင်း ပြန်လည် တုန့်ပြန်ခဲ့သည်။

    ဆိုရှယ်လစ်နှင့် ဒီမိုကရက်အဖွဲ့ ဥက္ကဌကလည်း ထိုကဲ့သို့ ရှက်စရာကောင်းသည့် မှတ်ချက်အတွက် ဥရောပပါလီမန်အနေဖြင့် မိုက်ကီအား အရေးယူရန် တိုက်တွန်းခဲ့သည်။

    ကြာသာပတေးနေ့က ဥရောပပါလီမန်မှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွက် ပါလီမန်ဥက္ကဌ တာဂျာနီက ထိုမှတ်ချက်များမှာ ‘အမတ်များအနေဖြင့် ပါလီမန်ဆွေးနွေးမှုများတွင် အသရေဖျက်သော၊ လူမျိုးရေးခွဲခြားသော၊ နိုင်ငံခြားသားကြောက်သော စကားများ၊ အပြုအမူများ မပြောရ၊ မလုပ်ရ’ ဟူသည့် စည်းကမ်းချက် Rule 11 ကို ဖောက်မှု ရှိလားဆိုသည်နှင့်ပတ်သက်၍ စုံစမ်းစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။

    Ref: CNN

  • အကြပ်အတည်းဆိုသည့်စကား မိမိတွင်မရှိဟု ဇီဒိန်းပြော

    အကြပ်အတည်းဆိုသည့်စကား မိမိတွင်မရှိဟု ဇီဒိန်းပြော

    မတ် ၄၊ ၂၀၁၇
    M-Media

    – ထိပ်ဆုံးနေရာအား ဘာစီလိုနာကို လွှဲပေးလိုက်ရသော်လည်း မိမိအနေဖြင့် ပြာယာခတ်မနေဘဲ အကြပ်အတည်းဆိုသည့် စကားလုံးလည်း မိမိတွင်မရှိဟု ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် အိမ်ကွင်းတွင် ရီးယဲလ်မှာ လက်စ် ပါးလ်မက်စ်အသင်းအား ခက်ခက်ခဲခဲကစားကာ ၃ ဂိုးစီ သရေကျခဲ့ပြီး ဘာစီလိုနာထက် တစ်ပွဲလျော့ တစ်မှတ်အကွာဖြင့် ထိပ်ဆုံးနေရာအား ဘာစီလိုနာကို လွှဲပေးခဲ့ရသည်။

    ရီးယဲလ်မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထိုကဲ့သို့ နောက်မှ လိုက်ကစားရသည့် အခြေအနေမျိုး ရှိခဲ့သောကြောင့် အသင်းတွင် အကြပ်အတည်းပေါ်ပေါက်နေလားဆိုသည့် မေးခွန်များ ထွက်ပေါ်လာသည်။ ဇီဒိန်းကမူ ထိုပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး ဖလားရမည့် ယုံကြည်ချက်မျိုး ရှိနေသည်ဟု ဆိုသည်။

    “(အကြပ်အတည်းဆိုတဲ့စကားလုံး) ကျွန်တော့်မှာ မရှိပါဘူး။ ဘောလုံးလောကမှာလည်း မရှိပါဘူး။ ၃ ရက်တိုင်းမှာ အခြေအနေတွေပြန်ကောင်းအောင် လုပ်နိုင်ခြေ ရှိနေပါတယ်။ ကျွန်တော်တို့ နောက်ဆုံး ကစားခဲ့တဲ့ ၃၊ ၄ ပွဲဟာ ဒီရာသီမှာ အကောင်းဆုံးအချိန်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ တုန်လှုပ်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လာလီဂါရဖို့ဆိုရင် ပွဲအများကြီး ရှုံးလို့မရလို့ပါ။ ကျွန်တော်တို့ဟာ အမြဲတမ်း ဆင်ခြေဆင်လတ်တွေ ပေးမနေပါဘူး။ တိုက်ပွဲဝင်ခြင်းအားဖြင့်၊
    လေ့ကျင့်ကွင်းမှာ၊ ပွဲတွေမှာ ကြိုးစားခြင်းအားဖြင့် ဘာရမလဲဆိုတဲ့ အသိမှာပဲ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မှီခိုတာပါ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ ယခုတစ်ပတ်တွင် အိုက်ဘာအသင်းနှင့် ကစားရမည်ဖြစ်ပြီး အားထားရသည့် တိုက်စစ်မှူး ဘေးလ်နှင့် ရော်နယ်ဒိုတို့မှာ အနီကဒ်ပြစ်ဒဏ်၊ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။

    Ref: Goal

  • အမေရိကန်ကို ဗီဇာကင်းလွတ်ခွင့်ပေးထားမှု ဥရောပ ရုပ်သိမ်း

    အမေရိကန်ကို ဗီဇာကင်းလွတ်ခွင့်ပေးထားမှု ဥရောပ ရုပ်သိမ်း

    မေ ၄၊ ၂၀၁၇
    M-Media

    – နှစ်ဖက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို အမေရိကန်က မလိုက်နာသည့်အတွက် အမေရိကန်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးထားမှုကို ရုပ်သိမ်းရန် ဥရောပပါလီမန်က ယမန်နေ့တွင် မဲခွဲ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    အမေရိကန်မှာ ဥရောပအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရက်စ်၊ ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံတို့အား ဗီဇာကင်းလွတ်ခွင့်ပေးရန် သဘောမတူဟု ပြောကြားခဲ့ပြီးနောက် ဥရောပ ပါလီမန်၏ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    နိုင်ငံသားများ လွတ်လပ်ခွင့်ဆိုင်ရာ ကော်မတီက တင်သွင်ပြီး ပါလီမန်တွင် ယမန်နေ့က အတည်ပြုခဲ့သည့် အဆိုပါ ဗီဇာကင်းလွတ်ခွင့် ရုပ်သိမ်းမှုကို နှစ်လအတွင်း ဥရောပပါလီမန် အမတ်များက ပယ်ဖျက်နိုင်မည်ဖြစ်သည်။ ထို ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ ကောင်စီက အတည်ပြုခဲ့ပါက အမေရိကန်နိုင်ငံသားများမှာ ဥရောပတွင် ၁၂ လတာ နေထိုင်ခွင့်အတွက် ဗီဇာလျှောက်ထားရမည်ဖြစ်သည်။

    အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှာ ယခင်က ဗီဇာကင်းလွတ်ခွင့်အတွက် သဘောတူထားသောကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်သည်။ အဖွဲ့ဝင် ၅ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့် မပေးခြင်းမှာ နှစ်ဖက်သဘောတူညီချက်ကို ဖောက်ဖျက်ရာကြသည်ဟု ဥရောပသမဂ္ဂက သတိပေးထားသော်လည်း အမေရိကန်က လိုက်နာခဲ့ခြင်းမရှိပေ။

    အမေရိကန်မှာ ထိုသဘောတူညီချက်အား လိုက်နာမှုမရှိသည်ကို ဥရောပကော်မရှင်က လွန်ခဲ့သည့် ၃ နှစ်ကတည်းက တွေ့ရှိခဲ့သော်လည်း ယခုအချိန်မှ အရေးယူခြင်းဖြစ်သည်။

    သြစတေးလျ၊ ဘရူးနိုင်၊ ဂျပန်နှင့် ကနေဒါနိုင်ငံတို့မှာ ဥရောပနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထိုထဲမှ တစ်ချို့မှာ ဗီဇာကင်းလွတ်ခွင့် ပြန်ပေးခဲ့ပြီး တစ်ချို့မှာ မကြာမီ ပြန်လည်ခွင့်ပြုရန် ရှိနေသည်။

    Ref: Independent, Euro News

  • အီဗရာဟီမိုဗစ်မှာ Ballon d’Or ရသင့်သည်ဟု မော်ရင်ဟို မှတ်ချက်ပြု

    အီဗရာဟီမိုဗစ်မှာ Ballon d’Or ရသင့်သည်ဟု မော်ရင်ဟို မှတ်ချက်ပြု

    မတ် ၄၊ ၂၀၁၇
    M-Media

    – မိမိအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်မှာ ရော်နယ်ဒိုနှင့် မက်ဆီတို့ကိုကျော်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရရှိသင့်သည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယခုရာသီတွင် မန်ယူသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် အီဗရာဟီမိုဗစ်မှာ အသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၂၆ ဂိုး သွင်းယူပေးထားပြီး EFL Cup ဖိုင်နယ်တွင်လည်း ၂ ဂိုးသွင်းယူက မန်ယူအသင်း ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

    မော်ရင်ဟိုကမူ အသက် ၃၅ နှစ်အရွယ် အီဗရာဟီမိုဗစ်၏ မယုံကြည်နိုင်လောက်စရာ ဂိုးသွင်းစွမ်းရည်ကြောင့် ဘောလုံးလောကတွင် တစ်ဦးချင်း အမြင့်ဆုံး ဆုတံဆိပ် Ballon d’Or ကို ရရှိသင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။

    “သူလုပ်ခဲ့တာတွေက အံ့သြစရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူသွင်းခဲ့တဲ့ဂိုးတွေ၊ ၀င်ဘလေမှာ ကစားတဲ့ နှစ်ပွဲ၊ ဆုဖလားတွေ၊ အသင်းမှာသူ့ရဲ့အရေးပါမှုတွေ – သူဟာ လုံးဝ ထူးခြားတဲ့သူလို့ ကျွန်တော် ထင်ပါတယ်။ နောက်ထပ်ပြောစရာ မရှိပါဘူး။ ဖီဖာရွှေဘောလုံးဆု စတဲ့ ဆုကြီးတွေမှာ တာဝန်ယူမှု ကြီးကြီးမားမား ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ဆွီဒင်က မဂ္ဂဇင်းကြီးတစ်ခုကို ကျွန်တော် ဖြေကြားခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့၊ လီယွန်နယ်မက်ဆီတို့အကြောင်းလည်း ကျွန်တော် သိပါတယ်။ သူတို့ ဘယ်သူတွေလဲ၊ ဘာတွေလုပ်နေလဲဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကြီးကြီးမာစတာတစ်ယောက် (အီဗရာဟီမိုဗစ်) ရဲ့ လုပ်ခဲ့တာတွေအတွက် ကျွန်တော် မယုံကြည်နိုင်ပါဘူး။ ပြီးတော့ ဒီဆုတွေကို လုံးဝ မရခဲ့တာကိုလည်း မယုံကြည်နိုင်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ ဖေဖော်ဝါရီလအတွက် မန်ယူအသင်း၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး အသင်းသို့ ရောက်လာပြီးကတည်းက ၂ ကြိမ်မြောက် ရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။

    Ref : Goal