News @ M-Media

Author: Ko Lay

  • ပြည်သူများကို သတ်မှုဖြင့် စွဲချက်တင်ခံရသည့် အီဂျစ်အာဏာရှင်ဟောင်း တရားသေလွတ်မြောက်

    ပြည်သူများကို သတ်မှုဖြင့် စွဲချက်တင်ခံရသည့် အီဂျစ်အာဏာရှင်ဟောင်း တရားသေလွတ်မြောက်

    မတ် ၃၊ ၂၀၁၇
    M-Media

    – ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုအတွင်း ရာနှင့်ချီသော ဆန္ဒပြသူများကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူအဖြစ် စွဲချက်တင်ခံထားရသည့် အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်အား အီဂျစ်တရားရုံးက ယမန်နေ့တွင် တရားသေ လွှတ်ပေးလိုက်သည်ဟု သိရသည်။

    ကိုင်ရို တရားရုံး၌ ကြားနာမှုအတွင်း တရားသူကြီး အဘ်ဒဲလ် ကွာဝီက မူဘာရက်မှာ အပြစ်မရှိဟု ဆုံးဖြတ်ခဲ့ပြီး၊ တရားလိုရှေ့နေများက အရက်ဖက်ကြားနာမှုကို ပြန်လည် ပြုလုပ်ရန် တောင်းဆိုမှုကိုလည်း တရားရုံးက ပယ်ချခဲ့သည်။

    ၂၀၁၁ ခုနှစ် ဇန်န၀ါရီမှ စတင်ကာ ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုအတွင်း အီဂျစ်ပြည်သူ ၉၀၀ နီးပါး သေဆုံးခဲ့ပြီး မူဘာရက်မှာ ထိုအတွက် တာဝန်ရှိသည်ဟု မှတ်ယူခံထားရသည်။ ၁၈ ရက်တာ ကြာမြင့်ခဲ့သည့် ထို လူထုအုံကြွမှုကြောင့် မူဘာရက်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရာထူးမှ ဆင်းပေးခဲ့ရသည်။

    ၂၀၁၂ ခုနှစ်တွင် ၎င်းမှာ ထိုစွဲချက်များဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသော်လည်း အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရက တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ကာ ၎င်း၏အမှုအား ပြန်လည်ကြားနာရန် အယူခံခုံရုံးက အမိန့်ပေးခဲ့သည်။ ထို့နောက် ယခုကဲ့သို့ တရာသေ လွတ်မြောက်သွားခြင်းဖြစ်သည်။

    ၂၀၁၁ ခုနှစ် ဖမ်းဆီးခံခဲ့ရပြီးကတည်းက အသက် ၈၈ နှစ်အရွယ် မူဘာရက်မှာ စစ်တပ်ဆေးရုံတွင် သာ အချိန်အများစုကို ကုန်ဆုံးခဲ့ရသည်။

    ၂၀၁၆ ခုနှစ်တွင် အယူခံခုံရုံးက မူဘာရက်နှင့် ၎င်း၏ သားနှစ်ဦးကို ခြစားမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သော်လည်း ပြစ်ဒဏ်တွင် ဖမ်းဆီးစစ်ဆေးခံရသည့် အချိန်များကို ထည့်သွင်း ခံစားခွင့်ပြုခဲ့သောကြောင့် ၎င်းတို့ ၃ ဦးစလုံး လွတ်မြောက်သွားခဲ့သည်။

    Ref: Aljazeera

  • တရုတ်သိုင်းပညာသမိုင်းတွင် အဓိကနေရာမှ ပါဝင်နေသည့် ဟွေမွတ်စလင်များ

    တရုတ်သိုင်းပညာသမိုင်းတွင် အဓိကနေရာမှ ပါဝင်နေသည့် ဟွေမွတ်စလင်များ

    မတ် ၂၊ ၂၀၁၇
    M-Media

    – အနောက်တိုင်းမီဒီယာတွေဟာ ဘရုစ်လီ၊ ဂျက်ကီချန်း၊ ဂျက်လီ စတဲ့ တရုတ်သရုပ်ဆောင်တွေရဲ့ တိုက်ခိုက်ရေးပညာတွေကို အဓိကထား အာရုံစိုက် ဖော်ပြကြပြီး တရုတ်မွတ်စလင်တွေနဲ့ တရုတ်သိုင်းပညာအကြား ဆက်နွယ်မှုတွေကိုတော့ ကြားဖူးကြသူ သိပ်မရှိပါဘူး။ ရှေးခေတ် ကုန်သွယ်မှုလုပ်ငန်းဟာ အာရပ်မွတ်စလင်တွေနဲ့ တရုတ်လူမျိုးတွေအကြား ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကို ဖြစ်ထွန်းစေခဲ့ပြီး၊ ကမ္ဘာ့အရှေ့ခြမ်းမှာ အစ္စလာမ်သာသနာ ပြန့်နှံ့ဖို့အတွက်၊ တရုတ်မွတ်စလင်ဆိုတဲ့ အမှတ်သညာတစ်ခု ခိုင်ခိုင်မာမာ ပေါ်ထွက်လာဖို့အတွက် အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ကျော်အရင်ကို ပြန်ကြည့်မယ်ဆိုရင် အစောပိုင်း တရုတ်မွတ်စလင်တွေရဲ့ စစ်ရေးစစ်ရာ ခေါင်းဆောင်မှုပိုင်းမှာ အဓိကကျနေမှုက တရုတ်မွတ်စလင်တွေနဲ့ ကိုယ်ခံပညာအကြား ထူးခြားတဲ့ ဆက်နွယ်ပတ်သက်မှုရဲ့ အစ ဖြစ်လာပါတယ်။

    တရုတ်နိုင်ငံက အစ္စလာမ့်သမိုင်းကို ခိုင်ခိုင်မာမာ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဟွေလူမျိုး မွတ်စလင်တွေကလည်း နိုင်ငံအတွင်းမှာ အကြီးဆုံး မွတ်စလင်လူနည်းစု လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အစ္စလာမ်သာသနာကို စတင်ဟောကြားသူ တမန်တော်မုဟမ္မဒ်သခင် ကွယ်လွန်ပြီး ၁၉ နှစ်လောက် အကြာမှာပဲ အာရေဗျနဲ့ တရုတ်အကြား ဆက်ဆံရေးဟာ တည်ငြိမ်နေပြီဖြစ်ပါတယ်။ အာရပ်ဒေသအတွင်း စနစ်ကျတဲ့ အစ္စလာမ်သာသနာပြုလုပ်ငန်းကို အစ္စလာမ့်အင်ပါယာရဲ့ တတိယ
    သမ္မတ အွတ်စ်မန်သခင်လက်ထက်မှာ စတင်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်း ကုန်သွယ်မှုလုပ်ငန်းက အစ္စလာမ်သာသနာ ပြန့်နှံ့မှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ်။

    ဟွေမွတ်စလင်တွေကတော့ အာရေဗျနဲ့ တရုတ်တို့ရဲ့ ပေါင်းစည်းမှုကနေ ပေါ်ထွက်လာတာဖြစ်ပြီး အစ္စလာမ့်ထုံးတမ်းတွေ စီးဝင်နေတဲ့ တရုတ်ယဉ်ကျေးမှုစစ်စစ်တစ်ခုကို ဖြစ်တည်စေခဲ့ပါတယ်။ ဒီလို ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို အဓိကအားဖြင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံအနှံ့အပြားမှာ ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေဟာ အစ္စလာမ့်သိပ္ပံဆိုင်ရာ ပညာရပ်တွေကို သင်ကြားရာနေရာဖြစ်သလို တ
    ရုတ်သိုင်းပညာရပ်တွေကို ထိန်းသိမ်းရာနေရာတွေလည်း ဖြစ်လို့နေပါတယ်။

    အချိန်ရှည်ကြာပြီး ကုန်တစ်တန်၊ ရေတစ်တန်သွားရတဲ့ ကုန်သွယ်ခရီးတွေမှာ မိမိကိုယ်ကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ယူလေ့လာခြင်းသာမကဘဲ ဒီသိုင်းပညာတွေဟာ မွတ်စလင် သူတော်စင်ကြီးတွေအတွက် နာမ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း နည်းလမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ မိမိရဲ့မနောကို ချုပ်တည်းထိန်းချုပ်မှုဆိုတာ သိုင်းပညာနဲ့ အစ္စလာမ့်သွန်သင်မှုတို့ကို ရောင်ပြန်ဟပ်စေတဲ့ ကျင့်ကြံမှုတစ်ခု ဖြစ်ပါတယ်။

    မိမိရဲ့ အကုသိုလ်စိတ်ကို ထိန်းချုပ်ခြင်းဆိုတဲ့ အစ္စလာမ့်ရဲ့ သွန်သင်ချက်ကို တရုတ်မွတ်စလင် သိုင်းပညာရှင်ကြီးတွေက ရုပ်ပိုင်းဆိုင်ရာနယ်ပယ်မှာပါ အသုံးပြုခဲ့ကြပါတယ်။ လက်တွေ့လိုက်နာကြသူတွေဟာ ဒီသွန်သင်ချက်ကို ရုပ်ပိုင်းရော၊ နာမ်ပိုင်းဆိုင်ရာမှာပါ အဓိကထား ကျင့်သုံးခဲ့ကြပါတယ်။ မွတ်စလင်တွေဟာ အေးဆေးတည်ငြိမ်ပြီး စိတ်ခံစားချက်ကို ရှေ့တန်းမတင်ဘဲ ဆုံးဖြတ်ချက် မှန်မှတ်ကန်ချရမယ်ဆိုတဲ့ သွန်သင်ချက်ဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ “လူတို့အား လှဲချနိုင်သူသည် သူရဲကောင်းအစစ်အမှန်မဟုတ်၊ သူရဲကောင်းအစစ်မှန်ဆိုသည်မှာ ဒေါသထွက်ချိန်၌ ထိုဒေါသကို ချုပ်တည်းနိုင်သူသာဖြစ်သည်” ဆိုတဲ့ သြ၀ါဒတော်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။

    ဆီလတ်နဲ့ ၀ူရှူးတို့လို အမျိးမျိုးသော သိုင်းပညာတွေကို လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်းမှာ တရုတ်မွတ်စလင်တွေက ပြည့်စုံစေခဲ့တာပါ။ တရုတ်မွတ်စလင်တွေ စတင်ဖန်တီးခဲ့တဲ့၊ ပြုပြင်ခဲ့တဲ့ သိုင်းပညာတွေလည်း များစွာရှိနေပြီး ကျောက်ချွမ် (Zhaquan) နဲ့ ပီဂွာချွမ် (Piguquan) တို့လို ကွန်ဖူးပညာတွေလည်း ဒီအထဲမှာ ပါဝင်ပါတယ်။ ဒီလို သိုင်းပညာတွေကို တစ်ခါတစ်ရံ စစ်တပ်အရာရှိတွေက ဒါမှမဟုတ် တရုတ်နိုင်ငံက မွတ်စလင်တွေ လုံခြုံမှုရှိစေဖို့ တီထွင်ဖန်တီးခဲ့ကြတာဖြ
    စ်ပြီး မျိုးဆက်ပေါင်းများစွာ လျှို့ဝှက် လက်ဆင့်ကမ်းလာခဲ့ကြတာပါ။

    တရုတ်နိုင်ငံက အစ္စလာမ်သာသနာနဲ့ ဒီလိုသိုင်းပညာတွေ ပေါင်းစည်းကြတဲ့ သမိုင်းကြောင်းမှာ ထင်ရှားတဲ့ တရုတ်မွတ်စလင် သိုင်းဆရာကြီးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဥပမာအားဖြင့် မာစတာ ၀မ်ဇီဖျင် (၁၈၈၁-၁၉၇၃)၊ မာစတာ ချန်တုံရှန်း (၁၉၀၈-၁၉၈၆) တို့ဖြစ်ပြီး ဘာသာတရားကို နှလုံးသားထဲကိန်းဝပ်စေကာ ဒီသိုင်းပညာတွေကို လေ့ကျင့် ထိန်းကျောင်းခဲ့ကြတာပါ။ ပြီးတော့ အလ္လာဟ်အရှင်မြတ်နဲ့ နီးကပ်စေဖို့ ကျင့်ကြံအားထုတ်ရာမှာနဲ့ အစ္စလာမ်သာသနာကို သွန်သင်ဖြန့်ချီရာမှာလည်း ဒီသိုင်းပညာကို နည်းလမ်းတစ်ခုအဖြစ် အသုံးချခဲ့ပါတယ်။

    မာစတာ ၀မ်ဇီဖျင်ကတော့ ၀ူရှူး သိုင်းပညာရှင်ကြီးဖြစ်ပြီး ဘာသာတရားနဲ့တွဲကာ အဲဒီသိုင်းပညာကို ကျင့်ကြံ အားထုတ်ခဲ့တာပါ။ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို မ,လျက်နဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်မှုဟာ သူ့ရဲ့ကျော်ကြားတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ ကျင်ကျိုးဗလီဝတ်ကျောင်းတော်ကို သိမ်းပိုက်ဖို့ ဂျာမန်တပ်ဖွဲ့တွေရဲ့ ကြိုးစားမှုကို ဆန့်ကျင်ခဲ့တဲ့ သူ့ရဲ့ ဇာတ်ကြောင်းဟာ တရုတ်မွတ်စလင်သမိုင်းမှာ ထင်ထင်ရှားရှား မှတ်တမ်းတင်ခြင်း ခံထားရပါတယ်။ မာစတာဝမ်ဟာ တရုတ်မွတ်စလင်တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်သညာကို ထိန်းသိမ်းခဲ့ရုံသာမက စစ်သားတွေကို စိန်ခေါ်ကာ ၀ိတ်မပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူပါ။

    အခြားသော တရုတ်သိုင်းပညာတွေကို ထုံးလိုချေ ရေလိုနှောက်ခဲ့တဲ့ မာစတာဝမ်ဟာ တရုတ်ပြည်သူတွေ လေးစားအားကျရသူတစ်ယောက်လည်းဖြစ်ပါတယ်။

    အမျိုးမျိုးသော သိုင်းပညာတွေမှာ တစ်ဖက်ကမ်းခပ်တော်ခဲ့တဲ့ မာစတာဝမ်ဟာ နိုင်ငံခြား ပြိုင်ဘက်ပေါင်းများစွာကို အနိုင်ယူနိုင်ခဲ့တဲ့ သမိုင်းရှိပါတယ်။ တပည့်တပန်းပေါင်းများစွာရှိပြီး တရုတ်ပြည်သူတွေကြားထဲ အစ္စလာမ်သာသနာ ပြန့်ပွားရေးကိုလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

    တကယ်တော့ တရုတ်နိုင်ငံမှာ သိုင်းပညာတွေနဲ့ အစ္စလာမ့် သွန်သင်မှုဟာ ထူးခြားတဲ့ ဆက်နွယ်ပတ်သက်မှုနဲ့ သမိုင်းကြောင်း ရှိနေပြီး နှစ်ခုစလုံးဟာ ပိုမိုကြီးမားတဲ့ ရည်ရွယ်ချက်မျိုး အောင်မြင်ပေါက်ရောက်နိုင်တဲ့ နည်းလမ်းတွေလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံက အစ္စလာမ်သာသနာသမိုင်းမှာ ဒီလို တစ်ခုအပေါ်တစ်ခု ရောင်ပြန်ဟပ်နေခြင်းက ကမ္ဘာ့အရှေ့စွန်းစွန်းမှာ အစ္စလာမ်သာသနာပြန့်ပွားမှုကို ဦးတည်စေခဲ့သလို၊ ဒီသိုင်းပညာကို လက်တွေ့ ကျင့်သုံး ထိန်းသိမ်းမှုကလ
    ည်း စစ်မှန်တဲ့အစ္စလာမ်သာသနာနဲ့အတူ တရုတ်ယဉ်ကျေးမှုရဲ့ ထူးခြားဆန်းကျယ်မှု မပျောက်ပျက်စေတဲ့ ဓလေ့တစ်ခုကို ကာကွယ်ရာမှာ အကူအညီဖြစ်စေခဲ့ပါတယ်။

    ကမ္ဘာကျော် ဟောင်ကောင် သိုင်းရုပ်ရှင်ဖြစ်တဲ့ IP Man ဇာတ်ကားမှာ အဓိကဇာတ်ဆောင် မင်းသားကို ၀မ်ချွမ် သိုင်းပညာ သင်ကြားပေးသူက အစ္စလာမ်ဘာသာဝင် အမ်ဂျစ် အလီဖြစ်ပြီး၊ အလီဟာ အစ္စလာမ်သာသနာနဲ့ သိုင်းပညာတို့အကြားတူညီမှုတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အယူအဆတွေကို ဖွင့်ပေးခဲ့သူလည်းဖြစ်ပါတယ်။

    Ref: themuslimvibe.com

  • ဒေါ်အောင်ဆန်းစုကြည်၏ မဟာမျှော်လင့်ချက်များ ပြိုလဲတော့မည်လော ?

    ဒေါ်အောင်ဆန်းစုကြည်၏ မဟာမျှော်လင့်ချက်များ ပြိုလဲတော့မည်လော ?

    မတ် ၂၊ ၂၀၁၇

    M-Media

    ၂၀၁၆ ခုနှစ် ဇူလိုင် ၁၉ ရက်၊ ၆၉ နှစ်မြောက်အာဇာနည်နေ့၊ ကျဆုံးခဲ့သော လွတ်လပ်ရေးသူရဲကောင်းများ၏ အာဇာနည်ဗိမာန်တွင် တက်ရောက်ဂါရ၀ပြုနေသော မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

    – စစ်တပ်၏မတရားအုပ်ချုပ်မှုအောက်၌ ဆယ်စုနှစ်များစွာ ခံစားရပြီးနောက် မြန်မာလူထုအများအပြားသည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အာဏာရလာပါက ထူးခြားအံ့ဖွယ်(အပြောင်းအလဲ)များ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြ၏။

    နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံအစိုးရ၏ သက်တမ်းမှာ တစ်နှစ်ခန့်သာရှိသေး၏။ သို့သော် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ တမ်းတမ်းစွဲထောက်ခံရပ်တည်သူများအနက်မှပင်လျှင် စိတ်ပျက်လာနေမှုအား ထင်ရှားစွာ တွေ့လာရပေသည်။

    ဖေဖော်ဝါရီ ၂၈ ရက်၊ ပါတီ၏ ထိပ်တန်းရှေ့နေကြီး ဦးကိုနီ ကျဆုံးခြင်းအတွက် အမှတ်တရအခမ်းအနားမိန့်ခွန်း၌ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စုရုံးတက်ရောက်လာသူများအား သည်းညည်းခံကြရန် တိုက်တွန်းခဲ့သဖြင့် အနည်းငယ် စိတ်ပျက်စရာ အသွင်ဆောင်သွားခဲ့ရသည်။ “၁၀ လ သို့မဟုတ် တစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ မများလွန်းသေးပါဘူး။ အလွန်တိုတောင်းသေးတဲ့ ကာလအပိုင်းအခြားသာဖြစ်တယ်” ဟူ၍ သူမက ဆိုခဲ့သည်။ စစ်အုပ်ချုပ်ရေးအောက် ဆယ်စုနှစ်များစွာ လွန်မြောက်လာပြီးမှ သူမ၏ ရွေးချယ်တင်မြှောက်ခံအစိုးရအဖွဲ့အား ဖွဲ့စည်းရကြောင်း၊ သို့အတွက် အပြောင်းအလဲအတွက် အချိန်ယူရဦးမည်ဖြစ်ကြောင်း အလေးထားပြောကြားလိုက်၏။

    သူမ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ခရီးမတွင် ထစ်ငေါ့နေခြင်းနှင့်အတူ သူမ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် အားတက်သရော မရှိလှခြင်း၊ နိုင်ငံတစ်ဝှမ်း တိုင်းရင်းသားနယ်မြေများတွင် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် နိုင်ငံတကာဝေဖန်မှု ကြီးမားလာခြင်းတို့ကြောင့် ဒေါ်စုကြည်နှင့် သူမ၏ NLD ပါတီအနေဖြင့် သူတို့၏ ဒီမိုကရေစီလမ်းစဉ်အောင်မြင်ရေးသို့ ပြန်လည်ဖော်ဆောင်ရန် အချိန်မည်မျှ ယူဦးမည်နည်းဟု မေးစရာ ဖြစ်လာပေသည်။

    ပြည်တွင်းမှာလည်း ၂၀၁၁ ခုနှစ်က စစ်တပ်ကြီးစိုးသည့် အရပ်သားတစ်ပိုင်းအစိုးရဟောင်းမှ အစပျိုးခဲ့သော လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များစွာနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကိုင်တွယ်မှုလွဲမှားခြင်းကြောင့် ဒေါ်စုကြည်မှာ ဝေဖန်ခံနေရသည်။ နည်းလမ်းသစ်သုံး၍ ချဉ်းကပ်ရမည့်အစား ဒေါ်စုကြည်သည် အရပ်သားတစ်ပိုင်းစစ်အစိုးရဟောင်း၏လမ်းဟောင်းအတိုင်း လက်နက်ကိုင်အုပ်စုများအား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကိုသာ တိုက်တွန်းအားထုတ်လျက်ရှိ၏။

    နိုင်ငံတကာမျက်နှာစာတွင်လည်း မြန်မာနိုင်ငံအနောက်ပိုင်းရှိ လူနည်းစုဝင် ရိုဟင်ဂျာမွတ်စ်လင်မ်များ၏ ဒုက္ခခံစားရမှုများအပေါ် သူမသည် စာနာမှုတရား မပြသသူအဖြစ် အသံထွက်နေသည်။ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ထိုဒေသအတွင်း စစ်တပ်၏ အလွန်အကျွံ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ စီးပွားရေးလုပ်ဆောင်မှု ရလဒ် မကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း အနှုတ်လက္ခဏာပြနေပြီး ဆင်းရဲမွဲတေမှုမှာ ယခင်ကထက် ကျယ်ပြန့်နေပေသည်။

    ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ၌ NLD သည် သောင်ပြိုကမ်းပြိုအနိုင်ရရှိကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က ပေါ်လွင်ထင်ရှားသွားခဲ့သည်။ ရန်ကုန်မြို့တော်ရှိ လမ်းမများပေါ် မဲဆန္ဒရှင်များ ပျော်ရွှင်စွာကခုန်ခဲ့စဉ်က ရေပန်းစားခဲ့သော မျှော်လင့်ချက်များမှာ ယခုအခါမှာတော့ မယုံကြည်စရာကောင်းလောက်အောင် မှိန်ဖျော့သွားပေသည်။

    သို့သော် နိုင်ငံရေးသရုပ်မှန်သည်ကား ပို၍ပင် အနှစ်သာရ ကင်းမဲ့လာခဲ့သည်။ အဓိကအကျဆုံး အစိုးရ၀န်ကြီးဌာန သုံးခုမှာ စစ်တပ်၏ထိန်းချုပ်မှုအောက်၌ တည်ရှိနေဆဲဖြစ်သောကြောင့်ပင်။ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို စစ်တပ်ကသာ ခန့်အပ်သည်။ တစ်ခါ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံအနှံ့ အစိုးရ၀န်ထမ်းများကို ခန့်အပ်တာဝန်ပေးရသော အထွေထွေအုပ်ချုပ်ရေးဌာနအပေါ် ထိန်းချုပ်ထားပြန်သည်။

    “သူမအနေနဲ့ နေပြည်တော်မှာ အကြွင်းမဲ့သစ်လွင်တဲ့ အဖွဲ့သစ်တစ်ရပ်ကို ဖော်ဆောင်ခဲ့ရမှာပါ။ အဲ့ဒီအစား သူမက ၀န်ကြီးဌာနများရဲ့ အမြဲတမ်းအတွင်းဝန်တွေ အပါအ၀င် ဗျူရိုကရေစီစံနစ်ဟောင်းကို ထိန်းသိမ်းကိုင်စွဲထားတယ်။ သူတို့ဟာ ကျစ်လစ်တဲ့ စစ်တပ်ထိန်းချုပ်မှုစနစ်ထဲ ဦးလည်မသုန် ဆောင်ရွက်နေကြသူဖြစ်တယ်၊ လူထုကို တာဝန်ခံတဲ့/အရေးစိုက်တဲ့ အစိုးရအဖွဲ့မဟုတ်ပါဘူး” ဟု အမည်မဖော်လိုသူ အစိုးရအတွင်းလူတစ်ဦးက ဆိုသည်။

    စီးပွားရေးကဏ္ဍ အားလုံးနီးပါးကို ကြီးစိုးလွှမ်းမိုးထားဆဲ စစ်တပ်အားပေး စီးပွားရေးလုပ်ငန်းရှင်များကို ရည်ညွှန်းလျက် ခရိုနီတို့၏သြဇာကို တွန်းလှန်အာခံရန် တွန့်ဆုတ်လျက်ရှိကြောင်း အဆိုပါသူက ထပ်မံပြောကြားသည်။ ဆိုးဆိုးဝါးဝါး လိုအပ်နေသည့် နိုင်ငံခြားငွေပင်ငွေရင်း၌ ဆွဲဆောင်အားပေးသည့် မူဝါဒများလည်း မရှိချေ။ နှိုင်းယှဉ်ပြရပါလျှင် ဗီယက်နမ်နိုင်ငံသည် ၁၉၉၀ ခုနှစ်များတွင် ၎င်း၏စီးပွားရေးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံနမှုများအတွက် တံခါးဖွင့်လှပ်ပေးခဲ့သည်။ ပထမဆုံး ဆုံးဖြတ်ချက်များအနက် တစ်ခုသည်ကား နိုင်ငံခြားဘဏ်များကို ထူထောင်လည်ပတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းက စက်ရုံ၊ ရုံး၊ ဟိုတယ်ကဲ့သို့သော အကြီးစားရင်းနှီးမြှုပ်နှံမှုများအား ပံ့ပိုးကျားကန်ပေးထား၏။

    မြန်မာနိုင်ငံတွင် ပြည်ပဘဏ်များကို လုပ်ခွင့်လိုင်စင်များ ပေးသော်လည်း ငွေလွှဲလုပ်ငန်းများ၌ ကန့်သတ်ချက် မြှင့်တင်ထား၏။ သို့ဖြစ်၍ ဘဏ္ဍာရေးကဏ္ဍမှာ အုပ်စုတစ်စု (စစ်တပ်ဆက်နွှယ်လုပ်ငန်းရှင်အားလုံးနီးပါး)၏ လက်ထဲ၌သာ တည်ရှိနေ၏။ ပြည်ပဘဏ်ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ တမင်စိစစ်ထားသလော၊ မျက်စေ့လျှမ်းလေသလော ဟူသည်မှာ ကွဲကွဲပြားပြား မသိရှိနိုင်။ အကြောင်းမှာ သဘာ၀၀န်းကျင်နှင့် နိုင်ငံရေးအရ အကဲဆတ်လှသည့် သတ္ထုတူးဖော်ရေးစီမံကိန်းများနှင့် ရေအားလျှပ်စစ်တည်ဆောက်ခြင်းလုပ်ငန်းများအတွက်မူ ယင်းကန့်သတ်ချက်များက စိတ်ကြိုက်စီမံဆောင်ရွက်နိုင်အောင် အကျယ်တ၀င့် အထောက်အကူပြုနေခြင်းကြောင့် ဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား အကြပ်ရိုက်အခက်တွေ့နေစေသည့် အဓိကပြဿနာမှာ ကိုယ်ပိုင်သြဇာဖြင့် ရပ်တည်နေသော စစ်တပ်နှင့် ရွေးကောက်ခံအစိုးရတို့အကြား အာဏာချိန်ခွင်လျှာ မညီမျှမှု ဖြစ်ကြောင်း သုတေသီများက ဆိုသည်။ “ကျွန်တော်တို့ တွေ့မြင်ရသလောက်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဒါမှမဟုတ် ဒီမိုကရေစီဖက် ရွေ့လျောမှု မဟုတ်နေဘဲ နှစ်ပင်လိမ်စနစ်တစ်ရပ် ထွက်ပေါ်လာခြင်းပါပဲ။ အဲ့ဒီစနစ်မှာ အစိုးရက နေ့စဉ်လုပ်ငန်းဆောင်တာများကို တာဝန်ယူပြီး၊ စစ်တပ်က အုပ်ချုပ်ရေးပိုင်းအပေါ် ထဲထဲဝင်ဝင် ကိုင်တွယ်ထိန်းချုပ်ထားပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံနိုင်ငံရေးပညာရှင်တစ်ဦးက ပြောပြ၏။

    နိုင်ငံတကာမီဒီယာအချို့၌ ဖော်ပြထားသကဲ့သို့ ပြေလည်သောဆက်ဆံရေး ဆိုသည်ထက် အပြန်အလှန် သံသယကြီးထွားမှု ဒီဂရီ ကြီးမားနေဆဲဖြစ်နေသည်။ နေပြည်တော်အတွင်းစကားတစ်ရပ်အရ ဒေါ်အောင်ဆန်းစုကြည်သည် လိုအပ်လာပါလျှင် ထောင်ပေါင်းများစွာသောလူထုကို လမ်းပေါ်ထွက်လာအောင် ပြုလုပ်နိုင်ကြောင်း စစ်တပ်က သိရှိထားသည်။ တစ်ချိန်တည်းမှာပင် ဒေါ်စုကြည်နှင့် NLD ကလည်း မိမိတို့၏ပြုပြင်ပြောင်းလဲရေး သိမ်မွေ့စွာ ပြီးမြောက်အောင်မြင်လိုလျှင် စစ်တပ်နှင့် လက်တွဲရန် လိုအပ်ကြောင်း သိရှိထားကြ၏။

    သူမသည် စစ်တပ်အား ပြတ်သားစွာ တွန်းအားပေးဆက်ဆံသင့်ကြောင်း လူပေါင်းများစွာက ယုံကြည်ထားသလို၊ ဒေါ်စုကြည်ကလည်း ချိန်ခွင်လျှာထိန်းညှိရေးနှင့် တည်ငြိမ်ရေးအတွက် သတိကြီးစွာ လျှောက်လှမ်းရမည်ဟု ပြတ်ပြတ်သားသား ခံယူထားသည်။ NLD ရှေ့နေကြီး ဦးကိုနီသည် သူမထက်ပင် ပို၍ပြတ်သားသော နည်းလမ်းကို အသုံးပြုသူ နာမည်ကျော် NLD ပါတီဝင်တစ်ဦးဖြစ်၏။ သူသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် နေ့ခင်းကြောင်တောင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရ၏။ NLD အစိုးရ၏ သမ္မတရုံးထုတ်ပြန်ချက်၌ ယင်းလုပ်ကြံမှုအတွက် အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးအား သံသယရှိသူအဖြစ် ဖော်ပြထား၏။ ထို့ထက် မပိုသေးချေ။

    စစ်တပ်လက်အောက်ခံအသိုင်းအ၀ိုင်းများ ရေးဆွဲပြီး အဓမ္မလူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ်များအားလုံး၏ ၇၅ ရာခိုင်နှုန်းထံမှ မဲရရှိမှသာ ဥပဒေအချက်တစ်ရပ်ရပ်ကို ပြောင်းလဲနိုင်၏။ ဥပဒေပြုအမတ်များအားလုံးအနက် စစ်တပ်မှ တိုက်ရိုက်ခန့်အပ်ထားသည့်သူများက ၂၅ ရာခိုင်နှုန်းအထိ ရှိနေသည်ဖြစ်ရာ စစ်တပ်၏အကျိုးစီးပွား သို့မဟုတ် သြဇာအာဏာအပေါ် ထိပါးနိုင်သော မည်သည့် အဆိုပြုချက်ပင်ဖြစ်စေ အောင်မြင်နိုင်စွမ်း မရှိပါလေတော့။

    သို့တစေ သီးခြားဆွေးနွေးမှုများတွင် ဦးကိုနီက လွတ်တော်တွင်း မဲအများစုဖြင့် ယတိပြတ်ဖျက်သိမ်းရန် မစွမ်းသာနိုင်သော ၂၀၀၈ ဖွဲ့စည်းပုံရှိ စစ်တပ်လက်အောက်ခံဥပဒေရေးဆွဲသူများ၏ အားနည်းလစ်ဟာချက်တို့ကို ထောက်ပြနိုင်ခဲ့သည်။ ဦးကိုနီသည် ယင်းသို့သောမြင်ကွင်းကို စနစ်တကျ လျင်မြန်စွာ အစားထိုးနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်တစ်ရပ်အား တိတ်တဆိတ် ရေးဆွဲဆောင်ရွက်နေစဉ် လုပ်ကြံခံရခြင်းဖြစ်သည်ဟု သတင်း ကျယ်ပြန့်စွာ ထွက်လာလေသည်။

    ဒေါ်စုကြည်၏အစိုးရအဖွဲ့မှာ လွှတ်တော်၏နှောင်ကြိုးမိနေခြင်း၊ ပြုပြင်ပြောင်းလဲရေး အထမမြောက်နိုင်မည့် ဗျူရိုကရက် ကြိုးနီစနစ်ဖြစ်နေခြင်း၊ သူမ၏ ဒီမိုကရက်အုပ်ချုပ်မှုအောက်မှ လူနည်းစုဝင် နိုင်ငံ့တိုင်းရင်းသားများမှာ လူရာမသွင်းမှုနှင့် ပဋိပက္ခဒဏ် ခံနေရခြင်းတို့ကြောင်း ထောက်ခံမှုကျဆင်းလာမှုနှင့်အတူ စစ်တပ်ကလည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံရေးအရ တစ်ကျော့ပြန်ဝင်ရောက်ရန် ပြင်ဆင်သည့် နိမိတ်လက္ခဏာများ ပေါ်လွင်လာပါသည်။

    စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ထိုအချိန်တွင် အငြိမ်းစားယူပြီဖြစ်ပြီး စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ခေါင်းစဉ်အောက်မှ သမ္မတ သို့မဟုတ် ဒုသမ္မတနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် အသင့်ပြင်ဆင်ထားပြီဖြစ်သည်။ ၎င်း၏စစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကြောင့် အကျယ်တ၀င့် ဝေဖန်ရှုတ်ချခံနေရသည့်တိုင် သူသည် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ထိုးဖောက်ဆက်ဆံနိုင်သူ ဖြစ်နေသည်။ ၎င်းအပြင် ယခင် စစ်ဦးစီးချုပ်များထက် ပိုမိုပွင့်လင်းပြီး နည်းလမ်းရှာကြံတတ်သူအဖြစ် လူအများအပြားက အမြင်ရှိကြသည်။

    သာယာဝပြောသော မြန်မာနိုင်ငံတော်သစ်သို့ အလျင်အမြန် တက်လှမ်းနိုင်အောင် လက်ရှိအစိုးရ၏ မစွမ်းဆောင်နိုင်မှုအပေါ် ဒေါ်စုကြည် တစ်ဦးတည်းသာလျှင် တာဝန်ရှိသည် မဟုတ်။ သူမ၏သြဇာ မလွှမ်းနိုင်သော စစ်တပ်က သူမ၏ ငြိမ်းချမ်းရေးမောင်းနှင်မှုကို လက်နက်ကိုင်တိုင်းရင်းသားများအပေါ် စော်ကားချက်အသစ်များဖြင့် – ပြန်လည်ပြုပြင်ရေးအပေါ် ဗျူရိုကရေစီစနစ်ကိုင်စွဲကျင့်သုံးနေခြင်းအားဖြင့် တားဆီးနှောင့်ယှက်ထိုးနှက်လျက် ရှိနေည်။

    အဆိုပါ နည်းဗျူဟာများ ရှေ့ဆက်သွားနေပါလျှင် – သို့သာမက မဲဆန္ဒရှင်အများအပြားက မျှော်လင့်စောင့်စားနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားညီညွတ်မှုကို အောင်မြင်အောင် မဖော်ဆောင်နိုင်ပါလျှင် – ရာစုနှစ်ဝက်မက စစ်သားများ လွှမ်းမိုးထားသည့ နိုင်ငံရေးဇာတ်စင်ထက်ဝယ် ဒေါ်စုကြည်မှ ကာလရှည် စောင့်စားနေခဲ့သော အုပ်ချုပ်ရေးစနစ်မှာ လိုရင်းပျောက်သည့် ကောက်ရိုးမီး ကြားဖြတ်ဖျော်ဖြေရေးတစ်ခုမျှသာ ဖြစ်သွားပေတော့မည်။
    ××××××××××

    (Bertil Lintner ၏ Suu Kyi falls short of great expectations ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • အိန္ဒိယရေတပ်က မြန်မာရေတပ်ကို ကူညီထောက်ပံ့မှုများ ပြုလုပ်မည်

    အိန္ဒိယရေတပ်က မြန်မာရေတပ်ကို ကူညီထောက်ပံ့မှုများ ပြုလုပ်မည်

    မတ် ၂၊ ၂၀၁၇
    M-Media

    – အိန္ဒိယရေတပ်မှာ မြန်မာရေတပ်အတွက် ရာသီဥတုဆိုင်ရာ စက်ကိရိယာများ အပါအ၀င် အခြားသော အထောက်အကူပြုပစ္စည်းများ ထောက်ပံ့သွားရန် ရှိနေသည်ဟု သိရသည်။

    နယူးဒေလီသို့ ရောက်ရှိနေသည့် မြန်မာရေတပ် ကိုယ်စားလှယ်အဖွဲ့၏ မေတ္တာရပ်ခံမှုကြောင့် ယခုကဲ့သို့ ထောက်ပံ့မှုများ ပြုလုပ်ရန် အိန္ဒိယရေတပ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရာသီဥတုဆိုင်ရာ စက်ကိရိယာများ အသုံးပြုနိုင်ရေး အိန္ဒိယက လေ့ကျင့်သင်ကြားပေးမှုများလည်း ပြုလုပ်မည်ဖြစ်သည်။

    မြန်မာရေတပ်မှ ကိုယ်စားလှယ်အဖွဲ့မှာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကိုလည်း ရှာဖွေနေပြီး ကိုချီမြို့ရှိ ရေတပ်လေ့ကျင့်ရေးစခန်း အပါအ၀င် အခြားသော လေ့ကျင့်ရေးစခန်းများကိုလည်း သွားရောက် ကြည့်ရှု လေ့လာခဲ့သည်။

    တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် အိန္ဒိယရေတပ်မှာ မြန်မာရေတပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဂိုအာ သင်္ဘောကျင်းမှ တည်ဆောက်သည့် ရေယာဉ် ပျက်ဆီးမှု ပြုပြင်ရေး လေ့ကျင့်စက် Damage Control Simulator ကို မြန်မာရေတပ်သို့ ပေးပိုခဲ့သည်။

    မြန်မာရေတပ်ကလည်း ပြည်တွင်းဖြစ် အောင်ဇေယျ ကိုယ်ပျောက် ဖရီးဂိတ်ရေယာဉ်တွင် အိန္ဒိယဆင်ဆာများကို တပ်ဆင်ခဲ့ပြီး၊ ကျန်စစ်သား ကိုယ်ပျောက်ဖရီးဂိတ် ရေယာဉ်တွင်လည်း အိန္ဒိယမှ ဆိုနာဆင်ဆာ တပ်ဆင်ထားသည်။

    Ref: Sputnik News

  • ဒုက္ခသည်များ မ၀င်စေချင်လျှင် အကြမ်းဖက်များအား မပံ့ပိုးရန် ထရမ့်ကို အမတ်တစ်ဦး တိုက်တွန်း

    ဒုက္ခသည်များ မ၀င်စေချင်လျှင် အကြမ်းဖက်များအား မပံ့ပိုးရန် ထရမ့်ကို အမတ်တစ်ဦး တိုက်တွန်း

    မတ် ၂၊ ၂၀၁၇
    M-Media

    ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် တူလ်ဆီ ဂဘ်ဘာ့ဒ်

    – အမေရိကန်နိုင်ငံသို့ ဒုက္ခသည်များ ၀င်ရောက်မှုကို မနှစ်မြို့ပါက အလ်ကိုင်းဒါးနှင့် IS တို့ကဲ့သို့ အစွန်းရောက်များကို လက်နက်ထောက်ပံ့နေခြင်းအား ရပ်တန့်ရန် ဒီမိုကရက်တစ်ပါတီမှ အမတ်တစ်ဦးဖြစ်သူ တူလ်ဆီ ဂဘ်ဘာ့ဒ်က ထရမ့်အစိုးရကို တိုက်တွန်းလိုက်သည်။

    အင်္ဂါနေ့တွင် သမ္မတထရမ့်က အောက်လွှတ်တော်၌ မိန့်ခွန်းပြောကြားပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့က လွှတ်တော်အဆောက်အဦးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂဘ်ဘာ့ဒ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    သမ္မထရမ့်၏ မိန့်ခွန်းပြောကြားမှုကို နားထောင်ရန် ဧည့်သည်တော်များအဖြစ် ဒီမိုကရက်တစ်အမတ်များမှာ ပြောင်းရွှေ့အခြေချသူများကို အင်္ဂါနေ့က အောက်လွှတ်တော်သို့ ဖိတ်ကြားခဲ့ပြီး ဂဘ်ဘာ့ဒ်မှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ရေနစ်သေဆုံးကာ တူရကီကမ်းခြေ၌ လာရောက်သောင်တင်ခဲ့သည့် ဆီးရီးယားမှ ၃ နှစ်အရွယ် ကလေးငယ် အလန်ကာဒီ၏ အဒေါ်ဖြစ်သူ တီမာ ကာဒီကို ဖိတ်ကြားခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် တီမာ ကာဒီက ဆီးရီးယားတွင် အစိုးရပြောင်းလဲရန် ကြိုးစားမှုဟာ ရပ်တန့်ရန် ထရမ့်ကို တိုက်တွန်းခဲ့သည်။

    ဂဘ်ဘာ့ဒ်ကလည်း “အရေးအကြီးဆုံးမေးခွန်းက လူတွေ ဒီလို အိုးအိမ်စွန်ခွာ ထွက်ပြေးရတဲ့ အကြောင်းအရင်းကို ကျွန်မတို့ ဘယ်လိုဖြေရှင်းမလဲဆိုတာပါ။ အလ်ကိုင်းဒါးနဲ့ IS တို့လို အုပ်စုတွေနဲ့ ပေါ်တင်ဆက်သွယ်နေတဲ့ ဒါမှမဟုတ် သူတို့ရဲ့ အမိန့်အောက်မှာ ရှိနေတဲ့ စစ်သွေးကြွအုပ်စုတွေကို ကျွန်မတို့အစိုးရဟာ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ နှစ်များစွာ ထောက်ပံ့ပေးနေခဲ့ပါတယ်။ သူတို့အားလုံးဟာ ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ ကြိုစားတိုက်ခိုက်နေကြတာပါ” ဟု ပြောကြားခဲ့သည်။

    ဂဘ်ဘာ့ဒ်မှာ အချက်အလက်ရှာဖွေရေးတာဝန်ဖြင့် ဇန်န၀ါရီလက ဆီးရီးယားသို့ သွားရောက်ခဲ့ပြီး ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်နှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် သူပုန်များသိမ်းပိုက်ထားပြီး ဒီဇင်ဘာလက အာဆတ်အစိုးမှ ပြန်သိမ်းနိုင်ခဲ့သည့် အဲလစ်ပိုမြို့ကိုလည်း သွားရောက်ခဲ့သည်။

    အမေရိကန်မှာ ဆီးရီးယားအစိုးရနှင့် IS အဖွဲ့အား တိုက်ခိုက်နေသည့် သူပုန်များအား လက်နက်တပ်ဆင်ပေးရန်နှင့် လေ့ကျင်ပေးရန် ဒေါ်လာ သန်း ၅၀၀ အသုံးပြုခဲ့ပြီး အဆိုပါတိုက်ခိုက်ရေးသမားများမှာ အမေရိကန်က ထောက်ပံ့ပေးထားသည့် လက်နက်များဖြင့် စစ်သွေးကြွအုပ်စုများနှင့် ပူးပေါင်းသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    Ref: RT