News @ M-Media

Author: Ko Lay

  • ဆရာထက် လက်စောင်းပိုထက်နေတဲ့ ဒူဘိုင်းက မွတ်စလင်ဘောက်ဆာမယ်လေး

    ဆရာထက် လက်စောင်းပိုထက်နေတဲ့ ဒူဘိုင်းက မွတ်စလင်ဘောက်ဆာမယ်လေး

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    အသက် ၉ နှစ်အရွယ် မွတ်စလင် ဘောက်ဆာမယ်လေး အဇီဇာဟ် နူရ် လိုင်လာ

    – ဒူဘိုင်းက အသက် ၉ နှစ်အရွယ် မွတ်စလင် ဘောက်ဆာမယ်လေးတစ်ယောက်ဟာ အရွယ်နဲ့မလိုက်အောင် လက်သီးချက်တွေ လျင်လျင်မြန်မြန်ထိုးနိုင်တဲ့အတွက် နည်းပြရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။

    အဇီဇာဟ် နူရ် လိုင်လာလို့ အမည်ရတဲ့ မိန်းကလေးငယ်လေးဖြစ်ပြီး လွန်ခဲ့တဲ့တစ်နှစ်အရင်ကစလို့ နည်းပြ အဒမ် ကချီလ်ဆီမှာ လေ့ကျင့်ခဲ့တာပါ။

    လာရောက်လေ့ကျင့်ကြတဲ့ သင်တန်းသားတွေထဲမှာ အဇီဇာဟ်ဟာ အခြားသူတွေထက်ပိုပြီး မြန်မြန်ထိုးနိုင်တယ်ဆိုတာ အဒမ်က တွေ့ရှိခဲ့ပြီးနောက်မှာတော့ သီးသန့်လေ့ကျင်ပေးခဲ့ပြီး ၃ လအကြာမှာ အဇီဇာဟ်ဟာ ဆရာထက်တောင် လက်စောင်းပိုထက်လာခဲ့ပါတယ်။

    “ကောင်းလိုက်တာဗျာ။ ရိုးရိုးသားသားပြောရရင် သူဟာ လက်အိတ်ကိုင်ထားပေးတဲ့ ကျွန်တော့်ထက်တောင် မြန်မြန်ထိုးနိုင်ပါတယ်” လို့ နည်းပြ အဒမ်က ဖွင့်ဟခဲ့ပါတယ်။

    လက်အိတ်ကို ထိုးခိုင်းတဲ့ ဒီလေ့ကျင့်ခန်းဟာ လက်သီးချက်မြန်မြန်ထိုးနိုင်လာဖို့ ရည်ရွယ်တာဖြစ်ပြီး အဇီဇာဟ်ကတော့ အလိုအလျောက်ကို တုန့်ပြန်နေနိုင်တာဖြစ်ပါတယ်။

    အဒမ်ဟာ အဇီဇာဟ်ရဲ့ ဒီလိုထူးချွန်မှုကို သူ့ရဲ့ Facebook စာမျက်နှာမှာတောင် ဖော်ပြချီးကျူးခဲ့ပါတယ်။

    Ref: Insider

  • ထရမ့်ကို ဂုဏ်ပြုသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် အာဇန်ဆိုမည်

    ထရမ့်ကို ဂုဏ်ပြုသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် အာဇန်ဆိုမည်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    All Dulles Area Muslim Society စင်တာမှ အီမာမ် မိုဟာမက် မာဂျစ်

    – သမ္မတသစ် ဒေါ်နယ်ထရမ့် အာဏာရယူမှု အထိမ်းအမှတ်အဖြစ် ယနေ့တွင် ပြုလုပ်ရန်ရှိနေသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားတွင် မွတ်စလင် ရှေ့ဆောင်အီမာမ်တစ်ဦးက အာဇန် (၀တ်ပြုရန်နှိုးဆော်မှု) ကို ဟစ်ကြွေးသွားမည်ဟု အာဏာလွှဲပြောင်းရေးကော်မတီက ဆိုသည်။

    အာဇန်ဆိုမည့် အီမာမ်မှာ ဗာဂျီးနီးယားပြည်နယ် စတာလင်မြို့ရှိ All Dulles Area Muslim Society စင်တာမှ မိုဟာမက် မာဂျစ်ဖြစ်ပြီး၊ သမ္မတသစ် ကျမ်းကျိန်ပြီးနောက်ပိုင်း ပြုလုပ်နေကြဖြစ်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲသို့ တက်ရောက်မည့် ဘာသာရေးခေါင်းဆောင် ၂၆ ဦးထဲမှ တစ်ဦးလည်းဖြစ်သည်။

    Washington National Cathedral ဘုရားကျောင်းတွင် ပြုလုပ်မည့် အဆိုပါအခမ်းအနားတွင် ဘာသာရေးခေါင်းဆောင်များမှာ ဆုမွန်ကောင်းတောင်းခြင်း၊ ကျမ်းစာအသီးသီးမှ ကျမ်းချက်များ ဖတ်ကြားခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။

    ထရမ့်က မိမိမှာ ‘အစွန်းရောက် အစ္စလာမ်ဝါဒ’ ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည်ဟုဆိုပြီး အချို့သော မွတ်စလင်အသင်းအဖွဲ့များက ၎င်း၏ ထိုစကားကြောင့် အစ္စလာမ်ဘာသာဝင်အားလုံး ပစ်မှတ်ထား ခံနေရသည်ဟု ပြောကြားခဲ့သည်။ ထရမ့်ကမူ မိမိမှာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိသည်ဟုလည်း ပြောကြားထားသည်။

    အီမာမ်မာဂျစ်မှာ IS က သိမ်းသွင်းသော မွတ်စလင်လူငယ်များအား ကယ်တင်ရေးလုပ်ငန်းကို လုပ်ဆောင်နေပြီး All Dulles Area Muslim Society စင်တာမှာလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် မွတ်စလင်လူ့အဖွဲ့အစည်းနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အကြား မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရာတွင် ခေါင်းဆောင်မှု အခန်ကဏ္ဍ၌ ပါဝင်မှုအတွက် FBI ၏ ချီးကျူးမှုကို ခံထားရသည်။

    ဗလီဝတ်ကျောင်းတော်များမှ တစ်နေ့လျှင် ၅ ကြိမ် ဟစ်ကြွေးနေသည့် မွတ်စလင်တို့၏ ၀တ်ပြုရန်နှိုးဆော်မှု စာသား၏ အာရဘီအသံထွက်နှင့် အဓိပ္ပါယ်

    Ref: CNN

  • အမေရိကန်တွင် သမ္မတသစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

    အမေရိကန်တွင် သမ္မတသစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ ၄၅ ယောက်မြောက် သမ္မတသစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနား ကျင်းပနေစဉ် တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝှမ်းတွင် ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ထရမ့်မှာ မဲဆွယ်စဉ်ကာလအတွင်း မက္ကဆီကန်များ၊ လူမည်းများ၊ မွတ်စလင်များ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများကို ခွဲခြားစော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်ကိုလည်း ‘ရိုင်းစိုင်းသည့် အမျိုးသမီး’ ဟု ပြောကြားခဲ့သည်။

    ယမန်နေ့ ကျမ်းကျိန်ပွဲအခမ်းအနားတွင် ၀ါရှင်တန်မြို့လယ်ကောင်၌ တပ်ဖွဲ့ဝင် ၂၈၀၀၀ ခန့်ဖြင့် လုံခြုံရေးကို တင်းကျပ်စွာ ချထားခဲ့သည်။

    သို့သော်လည်း မြို့လယ်ကောင်တွင် လူ ၅၀၀ ခန့်မှာ ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများမှာ ဈေးဆိုင်များ၊ ကားမှန်များ ရိုက်ခွဲခြင်းတို့လည်း ရှိခဲ့သည်။ ရဲတပ်ဖွဲ့က ငရုပ်ကောင်း စပရေးများဖြန်းကာ ဆန္ဒပြသူများကို နှိမ်နှင်းခဲ့ပြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ဆန္ဒပြသူ ၉၅ ဦးခန့်ကို ဖမ်ဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

    လူအုပ်ကြီးမှာ ‘လူမျိုးရေးခွဲခြားသူတွေကို ကြောက်အောင် ထပ်လုပ်ကြစို့’ ဟုလည်း ကြွေးကြော်ခဲ့ကြသည်။

    “ကျွန်တော်ပေးချင်တဲ့ သတင်းစကားက ထရမ့်ဟာ ဒီနိုင်ငံကို ကိုယ်စားမပြုဘူး ဆိုတာပါပဲ။ သူဟာ အရင်းရှင် အကျိုးစီးပွားကိုပဲ ကိုယ်စားပြုပါတယ်” ဟု ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုတွင် ပါဝင်ခဲသည့် အိုင်အိုဝါပြည်နယ်မှ ကက်သလစ် အကူအညီပေးရေး ၀န်ထမ်း ဒက်စ် မိုနက်စ်က ပြောကြားခဲ့သည်။

    အိမ်ဖြူတော်နှင့် မနီးမဝေးတွင်လည်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး လမ်းဘေးကော်ဖီဆိုင်များမှ ထိုင်ခုံများဖြင့် ပစ်ပေါက်မှုများလည်း ရှိခဲ့သည်။

    စောစောပိုင်းက Disrupt J20 ဟုခေါ်သည့် လစ်ဘရယ် တက်ကြွလှုပ်ရှားသူအဖွဲ့က ကျမ်းကျိန်ပွဲအခမ်းအနား ကြည့်ရှုရာ ရင်ပြင်သို့ သွားရောက်သည့် အဓိကလမ်းမရှိ စစ်ဆေးရေးဂိတ်များကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ခဲ့ကြသည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၎င်းတို့အား ဖယ်ရှားခဲ့သည်။

    Disrupt J20 လှုပ်ရှားမှုကို စီစဉ်သူ ၀ါရှန်တန်မှာ အဲလ်လီ မက်ခရက်ကန်က မိမိတို့အုပ်စုမှာ ထရမ့်က အမျိုးသမီးများ၊ အထောက်အထားမရှိသည့် ပြောင်းရွှေ့အခြေချသူများနှင့် မွတ်စလင်များအပေါ် ခွဲခြားစော်ကားသော မှတ်ချက်များကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ‘အမေရိကကို ကြီးကျယ်အောင်ထပ်လုပ်ပါ’ ဆိုသည့် စားတမ်းများပါဝင်သည့် အင်္ကျီများ၊ ဦးထုပ်များကို ၀င်ဆင်ထားသည့် ထရမ့်ထောက်ခံသူများကလည်း ၀ါရှန်တန်သို့ ချီတက်ခဲ့ကြသည်။

    ထရမ့်အား ဆန့်ကျင်သော ဆန္ဒပြမှုနှင့် ထောက်ခံသော ချီတက်မှုတို့မှာ နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သည်။

    Ref: Aljazeera

  • ဂမ်ဘီယာအာဏာရှင် အာဏာစွန့်ရန် သဘောတူပြီ

    ဂမ်ဘီယာအာဏာရှင် အာဏာစွန့်ရန် သဘောတူပြီ

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    အာဏာစွန့်ရန် သဘောတူခဲ့သည့် ယဟ်ယာ ဂျာမေဟ်

    – ဒေသတွင်းနိုင်ငံများက စစ်ရေးအရ အရေးယူရန် နောက်ဆုံး ရာဇသံပေးပြီးနောက် ဂမ်ဘီယာအာဏာရှင် ယဟ်ယာဂျာမေဟ်မှာ ရာထူးမှဆင်းပေးရန် သဘောတူခဲ့သည်ဟု သမ္မသစ် ဘာရိုးက ပြောကြားလိုက်သည်။

    ဒီဇင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲတွင် ဘာရိုးအား ရှုံးနိမ့်ခဲ့သော်လည်း ဂျာမေဟ်မှာ သမ္မတရာထူးကို မစွန့်လွှတ်သောကြောင့် ဒေသတွင်းနိုင်ငံများအဖွဲ့မှ စစ်တပ်က ကြာသာပတေးနေ့တွင် ဂမ်ဘီယာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့သည်။ ထို့နောက် ဂျာမေဟ်အား သောကြာနေ့ မွန်းတည့်ချိန် နောက်ဆုံးထား၍ ရာထူးမှဆင်းပေးရန် ရာဇသံပေးခဲ့သည်။

    ကြာသာပတေးနေ့က အိမ်နီးချင်း ဆီနီဂေါနိုင်ငံ မြို့တော် ဒါကာရ်ရှိ ဂမ်ဘီယာသံရုံးတွင် ကျမ်းကျိန်ခဲ့သည့် သမ္မတသစ် ဘာရိုးက ဂျာမေဟ်မှာ နိုင်ငံမှ ထွက်သွားလိမ့်မည်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    “ယဟ်ယာဂျာမေဟ်ဟာ ရာထူးကနေဆင်းဖို့ သဘောတူညီခဲ့ပြီလို့ အသိပေးချင်ပါတယ်။ သူ ဒီနေ့မှာ ဂမ်ဘီယာကနေ ထွက်သွားမှာပါ”

    မြို့တော်ဘန်ဂျူလ်ရှိ လေဆိပ်တွင် ဂျာမေဟ် မိန့်ခွန်းပြောကြားရန်နှင့် ထွက်ခွာသွားရန် စီစဉ်ထားရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

    ယမန်နေ့က ဂမ်ဘီယာ၏ လက်နက်ကိုင်တပ်ဖွဲ့များအကြီးအကဲ အူစ်မနီ ဘဒ်ဂျီက သမ္မတသစ်အပေါ် သစ္စာခံကြောင်း ကြေငြာခဲ့ပြီး၊ ထိုသို့ကြေငြာမှုကာ ဂျာမေဟ် အာဏာစွန့်ရေး ညှိနှိုင်းရာတွင် အဓိကအပြောင်းအလဲ ဖြစ်ခဲ့သည်။

    Ref: Aljazeera

  • ရခိုင်အရေး မြန်မာအစိုးရနှင့် စေ့စပ်ဆောင်ရွက်ခြင်းကသာ အကျိုးရှိမည်ဟု အင်ဒိုပြော

    ရခိုင်အရေး မြန်မာအစိုးရနှင့် စေ့စပ်ဆောင်ရွက်ခြင်းကသာ အကျိုးရှိမည်ဟု အင်ဒိုပြော

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီ

    – မြန်မာနိုင်ငံက ရခိုင်ပြဿနာကို ဖြေရှင်းရာမှာ နိုင်ငံတွေစုပေါင်းပြီး ဖြစ်စေချင်တာ တောင်းဆိုတဲ့ ဒီပလိုမေစီနည်းလမ်းထက် မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေက ပိုပြီး အကျိုးဖြတ်ထွန်းလိမ့်မယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက CNA နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

    “ကျွန်မအခု ကြိုးစားနေတာက ပြဿနာကို ဖြေရှင်းရေးမှာ မြန်မာနိုင်ငံကို အမှန်တကယ်ကူညီပေးဖို့ပါ။ တစ်ခါတစ်ရံမှာ မရည်ရွယ်ဘဲနဲ့ အပြစ်တင်တာ၊ အရှက်ခွဲတာမျိုးတွေမှာ ကျွန်မတို့ ပိတ်မိသွားတတ်ပါတယ်။ ဒါက ပြဿနာကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေမှာ မဟုတ်သလို၊ ဖြစ်ဖြစ်မြောက်မြောက်အဖြေလည်း ရမှာမဟုတ်ပါဘူး။ အပြု သဘောဆောင်တဲ့ ဆွေးနွေးအဖြေရှာမှုက ဖြစ်ချင်တာကို ကျယ်ကျယ်လောင်လောင်တောင်းဆိုတဲ့ ဒီပလိုမေစီ (megaphone diplomacy) နည်းလမ်းထက် ပိုပြီး အကျိုးဖြစ်ထွန်းပါလိမ့်မယ်” လို့ မာဆူဒီက ပြောကြားခဲ့ပြီး မိမိတို့အနေနဲ့ မြန်မာအစိုးရနဲ့ အတူတကွ လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့လည်း အလေးထား ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် မနေ့က မလေးရှားနိုင်ငံမှာ အိုအိုင်စီနိုင်ငံတွေ အထူးအစည်းအဝေးတစ်ခု ကျင်းပပြီးတဲ့နောက် အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို တစ်ရက်တာခရီးစဉ်အဖြစ် ဒီကနေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။

    အိုအိုင်စီအစည်းအဝေးနဲ့ပတ်သက်လို့တော့ မာဆူဒီက “ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုကို ဖော်ပြတာပါ။ လူတိုင်းက ရခိုင်ပြည်နယ်က အကြောင်းကို သိကြပြီး စိုးရိမ်ကြောင်းလည်း ပြောကြပါတယ်။ ဒါပေမယ့် ကျေနပ်ဖို့ကောင်းတာတစ်ခုက ကိုယ်စားလှယ်အဖွဲ့အားလုံးနီပါးဟာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မြန်မာအစိုးရကို ကူညီရေးမှာ မြန်မာအစိုးရနဲ့ အလုပ်တွဲလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားခဲ့ကြတာပါပဲ။ ကျွန်မရဲ့ အမြင်ကတော့ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ အရင်ကထက်ပိုပြီး ပုံပေါ်လာတယ်။ ဒါ့ကြောင့် ပြဿနာကို ဖြေရှင်းတဲ့အချိန်၊ စိုးရိမ်ကြောင်းပြောနေတဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ဟာ မြန်မာအစိုးရနဲ့ အပြုသဘောဆောင်စွာ ဆွေးနွေးရေး အသင့်ရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်း ပြသရပါမယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ ယခင်က ဒီလိုအတွေ့အကြုံမျိုးကို ကြုံတွေ့ခဲ့ရတာကြောင့် မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ပေါင်းကူးပေးမယ့်ကဏ္ဍမှာ ပါဝင်ချင်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မိမိတို့ရဲ့ အတွေ့အကြုံကို မျှဝေလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဒီပြဿနာကို ရှုထောင့်ပေါင်းစုံက ကျွန်မတို့ မဖြေရှင်းနိုင်ဘူးဆိုရင် ဒီအခြေအနေကနေ အစွန်းရောက်ဝါဒ ထွက်ပေါ်လာမှာကို ကျွန်မတို့ စိုးရိမ်ပါတယ်။ အိုအိုင်စီကလည်း ဒီလိုအလားအလာကို နားလည်နေတယ်။ အဓိကကတော့ အားလုံးပါဝင်နိုင်ရေးပါ။ တစ်ယောက်မှ ဖယ်ကျဉ်ထားတာ မခံရဘူးဆိုရင် ဘုရားသခင်အလိုတော်နဲ့ လူ့အဖွဲ့အစည်းမှာ အစွန်းရောက်ဝါဒ ပေါ်လာနိုင်ချေကို ကျွန်မတို့ တားဆီးနိုင်မှာပါ”

    အင်ဒိုနီးရှားအနေနဲ့ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်လက်ပေးပို့သွားမယ်လို့လည်း မာဆူဒီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အင်ဒိုနီးရှားဟာ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်း ၆ ကျောင်း ဆောက်ပေးထားတယ်။ ဆေးရုံတစ်ရုံလည်း ဆောက်ပေးသွားမှာပါ။ မွတ်စလင်၊ ဗုဒ္ဓဘာသာဆိုပြီး ကျွန်မတို့ မခွဲခြားပါဘူး။ ဆိုလိုတာက အောက်ခြေမှာ ကျွန်မတို့ဟာ သည်းခံမှု၊ သဟဇာတဖြစ်မှု စိတ်ဓာတ်ကို သွတ်သွင်းပေးချင်တာပါ။ မတူကွဲပြားတာဟာ ဘာမှ ပြဿနာမရှိဘူးဆိုတာ လူတွေနားလည်ဖို့ တော်တော်အရေးကြီးပါတယ်”

    ရခိုင်ပြဿနာကို မြန်မာနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ လိုအပ်တယ်ဆိုတာကို မာဆူဒီက အထူးအလေးထားပြောကြားခဲ့ပါတယ်။

    သူမဟာ မနက်ဖြန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့အတူ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို သွားရောက်ဖို့ရှိနေပါတယ်။

    Ref: CNA