News @ M-Media

Author: Ko Lay

  • မဲလ်ဘုန်းတွင် လူတစ်ဦးက ကားဖြင့်လိုက်တိုက်မှုကြောင့် ၃ ဦးသေဆုံး

    မဲလ်ဘုန်းတွင် လူတစ်ဦးက ကားဖြင့်လိုက်တိုက်မှုကြောင့် ၃ ဦးသေဆုံး

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မဲလ်ဘုန်းတွင် ကားတစ်စီးက လူများအား လိုက်တိုက်မှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    Bourke Street ရှော့ပင်းမောလ်နားရှိ လူသွားလူလာများသောနေရာတွင် တိုက်ခဲ့ခြင်းဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ်၏ ရဲတပ်ဖွဲ့အကြီးအကဲ စတူအာတ် ဘာတီဆန်ကမူ ထိုအဖြစ်အပျက်မှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိဟု ပြောကြားခဲ့သည်။

    “ဒီအဖြစ်အဖြစ်အပျက်ဟာ ဆောက်သမ်းအီလက်ထရို ဒေသမှာ စောစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုနဲ့ ဆက်နွယ်လိမ့်မယ်လို့ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ကျူးလွန်သူကို ကျွန်တော်တို့ ထိန်းသိမ်းထားပါပြီ။ အခုအချိန်မှာ ပြည်သူတွေအပေါ် နောက်ထပ် ခြိမ်းခြောက်မှု မရှိတော့ပါဘူး” ဟု ဘာတီဆန်က ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့မှာ မြို့အား ပိတ်ထားပြီး မြို့တွင်း ဓာတ်ရထားလိုင်းကိုလည်း ရပ်ဆိုင်းခဲ့ကာ မြို့လယ်ကောင်တွင် လက်နက်အပြည့်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထူထပ်စွာ ချထားသည်။ မဲလ်ဘုန်း၌ လက်ရှိတွင် သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကို ကျင်းပနေပြီး ယခုအဖြစ်ကြောင့် ပြိုင်ပွဲအား ရပ်တန့်သွားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွားမည်ဟု တာဝန်ရှိသူများက ကြေငြာခဲ့သည်။

    Ref : Aljazeera

  • မွတ်စလင်အမျိုးသမီးများ ၀တ်ပြုရာတွင် စောင့်ရှောက်ပေးရန် အိန္ဒိယတရားရုံး ညွှန်ကြား

    မွတ်စလင်အမျိုးသမီးများ ၀တ်ပြုရာတွင် စောင့်ရှောက်ပေးရန် အိန္ဒိယတရားရုံး ညွှန်ကြား

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်နေ့တွင် အိန္ဒိယမွတ်စလင်အမျိုးသမီများ စုပေါင်းဝတ်ပြုနေပုံ

    – မွတ်လင်အမျိုးသမီးများ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ဝတ်ပြုရာတွင် စောင့်ရှောက်ပေးရန်အတွက် ဟိုက်ဒရာဘတ် တရားရုံးချုပ်က အန်ဒါပရာဒက်ရှ်ပြည်နယ် ခရိုင်အချို့၏ ရဲတပ်ဖွဲ့နှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့တို့အား ညွှန်ကြားခဲ့သည်ဟု သိရသည်။

    ချစ်တူးရ်ခရိုင် ဂါရမ်ကွန်ဒါရွာမှ မွတ်စလင်အမျိုးသမီး အမ် ဆာဟီရာက မိမိအနေဖြင့် အဘူဘာကာ ဗလီဝတ်ကျောင်းတော်သို့ ၀တ်ပြုဆုတောင်းရန် သွားရောက်ရာတွင် ရွာသူကြီး နောင်စ်ဟဒ်နှင့် ၎င်း၏ အစ်ကို ပြန်ကြားရေးကော်မရှင် အင်မ်တီယက်ဇ် အဟ်မဒ်တို့က တားမြစ်ခဲ့ပြီး၊ ကဒါပါခရိုင်၊ ပါကာရှမ်ခရိုင်တို့တွင်လည်း မွတ်စလင်အမျိုးသမီးများကို ထိုကဲ့သို့ တားမြစ်မှုများ ရှိသည်ဟု တိုင်ကြားခဲ့ပြီးနောက် တရားရုံးက ကြားနာက ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    သူကြီးနှင့် ပြန်ကြာရေးကော်မရှင်နာ နှစ်ဦးစလုံးမှာ မွတ်စလင်များဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကမူ အဆိုပါ ၀တ်ပြုရာနေရာမှာ လူနေအိမ်ဖြစ်ပြီး တာဝန်ရှိသူများထံမှ ခွင့်ပြုချက်မရသောကြောင့် ၀တ်ပြု၍ မရဟု လျှောက်လဲခဲ့သည်။

    သို့သော်လည်း တရားရုံးက အမျိုးသမီးများ အိမ်တွင် ၀တ်ပြုဆုတောင်းမှုကို တားမြစ်သည့် ဥပဒေ ရှိသလားဟု ပြန်လည် မေးခွန်ထုတ်ခဲ့ပြီး အမျိုးသမီးများ ၀တ်ပြုမှုတွင် ကာကွယ်စောင့်ရှောက်မှုပေးရန် အုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားခဲ့သည်။ ထို့ပြင် ထပ်မံ နှောက်ယှက်ပါက ရွာသူကြီးကိုလည်း ဥပဒေအရ ရေးယူသွားရန် အမိန့်ပေးခဲ့သည်။

    ရွာသူကြီးကလည်း ထိုကိစ္စတွင် ၀င်ရောက်စွက်ဖက်မှု မပြုလုပ်တော့ဟု ရုံးတော်တွင် ထွက်ဆိုခဲ့ပြီး တရားရုံးက ထိုထွက်ဆိုချက်ကို မှတ်တမ်းတင်ခဲ့သည်။

    Ref : The Hindu

  • အာဏာရှင်ကို ဖြုတ်ချရန် ဂမ်ဘီယာသို့ ဒေသတွင်းတပ်ဖွဲ့များ ၀င်ရောက်

    အာဏာရှင်ကို ဖြုတ်ချရန် ဂမ်ဘီယာသို့ ဒေသတွင်းတပ်ဖွဲ့များ ၀င်ရောက်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    ဒီဇင်ဘာရွေးကောက်ပွဲအနိုင်ရပြီး ဆီနီဂေါတွင် ကျမ်းကျိန်ခဲ့သည့် ဂမ်ဘီယာ သမ္မသစ် ဘာရိုး

    – ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်မှာ ရာထူးမှဆင်းပေးရန် ငြင်းဆိုခဲ့ပြီနောက် အနောက်အာဖရိကနိုင်ငံများမှ တပ်ဖွဲ့များက ဂမ်ဘီယာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့သည်ဟု သိရသည်။

    ဒီဇင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အဒါမာ ဘာရိုး အနိုင်ရခဲ့ပြီး ဂျာမေဟ်မှာ စောစောပိုင်းက ရွေးကောက်ပွဲရလဒ်ကို လက်ခံသည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ရာထူးမှ ဆင်းပေးရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

    ၁၉၉၄ ခုနှစ် အာဏာသိမ်းပြီးကတည်းက နိုင်ငံကို အုပ်စိုးလာခဲ့သည့် ဂျာမေဟ်၏ သက်တမ်းမှာ ဒီဇင်ဘာ ၁၈ နေ့ည သန်းခေါင်ယံအချိန်တွင် ကုန်ဆုံးခဲ့ပြီး ဘာရိုးက အိမ်နီးချင်း ဆီနီဂေါနိုင်ငံရှိ ဂမ်ဘီယာသံရုံးတွင် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

    ဆီနီဂေါစစ်တပ်မှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အနောက်အာဖရိကနိုင်ငံများအဖွဲ့ဖြစ်သော ECOWAS မှ တပ်များမှာ ရွေးကောက်ပွဲရလဒ်ကို ထိန်းသိမ်းရန်အတွက် စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် တိုက်ခိုက်မှုများ စတင်ဆောင်ရွက်နေပြီဟု ဖော်ပြထားသည်။

    သမ္မတသစ်အဖြစ် ကျမ်းကျိန်ခဲ့သည့် ဘာရိုးကမူ မိမိ၏ အစိုးရအား နိုင်ငံတကာမှ ထောက်ခံအားပေးရန် တောင်းဆိုခဲ့ပြီး ဂမ်ဘီယာစစ်တပ်အနေဖြင့် ၎င်းတို့၏ တပ်တွင်း၌သာ ရှိနေကြရန်လည်း အမိန့်ပေးခဲ့သည်။

    “ဒီနေ့ဟာ ဂမ်ဘီယာပြည်သူတွေ ဘ၀တစ်လျှောက်လုံးမှာ ဘယ်သူမှ မေ့လို့မရမယ့် နေ့တစ်နေ့ပါပဲ” ဟု ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဘာရိုးက ပြောကြားခဲ့သည်။

    ကုသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဘာရိုးကို ထောက်ခံသည့် ဆုံးဖြတ်ချက်တစ်ခုကို တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera

  • အီရန်ရှိ မိုးမျှော်အဆောက်အဦးတစ်ခု မီးလောင် ပြိုကျ

    အီရန်ရှိ မိုးမျှော်အဆောက်အဦးတစ်ခု မီးလောင် ပြိုကျ

    ဇန်န၀ါရီ ၁၉၊ ၂၀၁၇
    M-Media

    – အီရန်နိုင်ငံ မြို့တော်တီဟီရန်တောင်ပိုင်းရှိ သက်တမ်းအရင့်ဆုံး မိုးမျှော်အဆောက်အဦးတစ်ခုမှာ ယနေ့မနက်ပိုင်းက မီးလောင်ပြိုကျခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ သေဆုံးခဲ့ကာ လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ၁၇ ထပ်မြင့်သည့် အဆိုပါအဆောက်အဦး၏ အပေါ်ဆုံးအထပ်များတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက နာရီပေါင်းများစွာ ငြိမ်းသက်ခဲ့သော်လည်း ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ပြိုကျခဲ့သည်။ တီဟီရန်ရှိ အရေးပေါ် အကူအညီပေးရေးအဖွဲ့ အကြီးအကဲကမူ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၇၀ ဒဏ်ရာရရှိခဲ့ပြီး ၂၃ ဦးကို ဆေးရုံတင်ထားရသည်ဟု ပြောကြားခဲ့သည်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ချက်ခြင်းဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးကို ညွှန်ကြားခဲ့သည်။

    တီဟီရန်အုပ်ချုပ်ရေးမှူးရုံးမှ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ မိုဟ်ရှန် ဟာမီဒါနီကမူ ကနဦး စုံစမ်းစစ်ဆေးမှုများအရ မီးလောင်မှုမှာ အဆောက်အဦး၏ လျှပ်စစ်စနစ်မှတစ်ဆင့် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မီးလောင်မှုကြောင့် တူရကီ၊ ဂျာမနီနှင့် ယူကေသံရုံးတို့အပါအ၀င် အနီးအနားရှိ အဆောက်အဦးများမှ လူများကိုလည်း ကယ်ထုတ်ခဲ့သည်။

    အဆိုပါ မိုးမျှော်တိုက်ကို ၁၉၆၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က တီဟီရန်မြို့တွင် အမြင့်ဆုံးအဆောက်အဦး ဖြစ်ခဲ့သည်။ ထိုအဆောက်အဦးတွင် ဈေးဝယ်စင်တာများနှင့် ဒီဇိုင်းလုပ်ငန်းများ ဖွင့်လှစ်ထားသည်။

    Ref: Press TV

  • ရိုဟင်ဂျာပြဿနာဖြေရှင်းရေး ကူညီရန် အိုအိုင်စီနိုင်ငံများကို မလေးရှား တိုက်တွန်း

    ရိုဟင်ဂျာပြဿနာဖြေရှင်းရေး ကူညီရန် အိုအိုင်စီနိုင်ငံများကို မလေးရှား တိုက်တွန်း

    ဇန်န၀ါရီ ၁၉၊ ၂၀၁၇
    M-Media

    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်

    – မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်လူနည်းစုတွေ ညှင်းပမ်းနှိပ်စက်ခံနေရမှုကို လုံးဝရပ်တန့်ဖို့အရေး မွတ်စလင်တွေနိုင်ငံတွေက ကူညီဆောက်ရွက်ပေးဖို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာပြုလုပ်တဲ့ အိုအိုင်စီ အထူးအစည်းအဝေးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးလာတာက ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်စေတာကြောင့် ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် ပြုလုပ်နေတဲ့ အကြမ်းဖက်မှုတွေကို လုံးဝ ရပ်တန့်ရမှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင် IS အကြမ်းဖက်အဖွဲ့အပါအ၀င် အခြား လက်နက်ကိုင်အဖွဲ့တွေက ရိုဟင်ဂျာတွေကို သွေးဆောင်ဖျားယောင်းသွားနိုင်တယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။

    “IS လို အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ဒီအခြေအနေကို အမြတ်ထုတ်နိုင်တယ်ဆိုတာ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေ ကောင်းကောင်းသိပါတယ်”

    နောက်ပြီး မြန်မာအစိုးရအနေနဲ့ ခွဲခြားဆက်ဆံမှု၊ တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့ နာဂျစ်က တိုက်တွန်းခဲ့ပြီး အကူအညီတွေဝင်ရောက်ခွင့်ပေးဖို့၊ ဒုက္ခသည်တွေကို အန္တရာယ်ကင်းစွာ အိမ်ပြန်ခွင့်ပေးဖို့လည်း ဆော်သြခဲ့ပါတယ်။

    “ဒါမျိုးက လက်ရှိမှာ လုပ်ကိုလုပ်ရမှာပါ။ မြန်မာအစိုးရက ‘လူမျိုးတုန်းသတ်ဖြတ်မှု’၊ ‘လူမျိုးစုလိုက် သုတ်သင်မှု’ ဆိုတဲ့ စကားလုံးတွေအတွက် ငြင်းချက်ထုတ်ပါတယ်။ ဘယ်လိုအသုံးအနှုန်းပဲဖြစ်ဖြစ် ရိုဟင်ဂျာတွေက စောင့်လို့မရတော့ပါဘူး”

    ရခိုင်ပြည်နယ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ စီမံကိန်းတွေအတွက် မလေးရှားက ရင်းဂစ် ၁၀ သန်း (ကန်ဒေါ်လာ ၂.၂၅ သန်း) ထပ်မံလှူဒါန်းသွားမယ်လို့လည်း ၀န်ကြီးချုပ်နာဂျစ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အောက်တိုဘာ လဆန်းပိုင်းက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ စစ်သားတွေဟာ ရိုဟင်ဂျာပြည်သူတွေအပေါ် တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မြန်မာအစိုးရကတော့ ဒါဟာ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်က ရိုဟင်ဂျာရွာသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ထိုးကြိတ်ကန်ကျောက် ရိုက်နှက်တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့တာကြောင့် နိုင်ငံတကာက ဝေဖန်သံတွေ ပိုမိုထွက်လာခဲ့ပါတယ်။ အစိုးရကတော့ ဒီလို အပြစ်ကျူးလွန်သူတွေကို အရေးယူထားပြီးပြီလို့ ပြောဆိုခဲ့ပါတယ်။

    နာဂျစ်က မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းစေတယ်လို့လည်း ဆိုပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက မိမိတို့အနေနဲ့ ရိုဟင်ဂျာပြဿနာဖြေရှင်းရေး အခန်းကဏ္ဍတစ်ခုကနေ ပါဝင်သွားဖို့ အဆင်သင့်ဖြစ်တာထက်တောင် ပိုနေပြီလို့ ပြောကြားခဲ့ပါတယ်။

    မာဆူဒီဟာ သောကြာနေ့မှာ မြန်မာနိုင်ငံကိုလာရောက်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖိုရှိနေပြီး စနေနေ့မှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပါတယ်။

    အိုအိုင်စီအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ယူစွဖ် အလ် အိုထိုင်မင်ကလည်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှု၊ စနစ်တကျ ညှင်းပမ်းနှိပ်စက်မှုတွေကို လုံးဝရပ်တန့်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera