News @ M-Media

Author: Ko Lay

  • ကိုင်ရိုရှိ အစ္စလာမ့်အနုပညာပြတိုက် ပြန်လည် ဖွင့်လှစ်

    ကိုင်ရိုရှိ အစ္စလာမ့်အနုပညာပြတိုက် ပြန်လည် ဖွင့်လှစ်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၇
    M-Media

    Museum of Islamic Art (MIA) တွင် ပြသထားသည့် ၉ ရာစု အဘ္ဘာစစ်မင်းဆက်လက်ထက်မှ ကုရ်ကျမ်းတော်မြတ် လက်ရေးမူ

    – ၂၀၁၄ ခုနှစ်က ကားဗုံးခွဲမှုကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့သည့် ကိုင်ရိုရှိ ‘အစ္စလာမ့် အနုပညာပြတိုက်’ ကို ယမန်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အီဂျစ်သမ္မ အလ် စီစီနှင့် အခြားသော ထိပ်တန်းတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

    Museum of Islamic Art (MIA) ဟု အမည်ပေးထားသည့် အဆိုပါပြတိုက်မှာ ကိုင်ရိုမြို့လယ်ကောင် Bab El-Khalq ရပ်ကွက်တွင် တည်ရှိပြီး ဧည့်သည်များမှာ သောကြာနေ့မှစတင်၍ လာရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

    ပြတိုက်ဘေးကပ်ရပ်တွင်ရှိနေသည့် အစိုးရအဆောက်အဦးတစ်ခုရှေ့တွင် ပေါက်ကွဲခဲ့သည့် ကားဗုံးကြောင့် ပြတိုက် မျက်နှာစာမှာ လုံးဝ ပြိုကျခဲ့ပြီး အနုပညာလက်ရာ ၁၇၉ ခု ပျက်ဆီးခဲ့သည်။ သို့သော် ၁၆၉ ခုကို ပြန်လည် ရယူနိုင်ခဲ့သည်။ ဗုံးဒဏ်ကို အနီးရှိ ‘အီဂျစ် အမျိုးသား စာကြည့်တိုက်နှင့် မော်ကွန်းတိုက်’ အဆောက်အဦးလည်း ခံစားခဲ့ရသည်။

    ပြတိုက် ပြန်လည်ပြင်ဆင်ရေးအတွက် ယူအေအီး၊ ယူနက်စကိုနှင့် အီတလီနိုင်ငံတို့က ငွေကြေးများ လှူဒါန်းခဲ့ပြီး အီတလီ၊ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုရှိ ကျွမ်းကျင်သူများက ပူးပေါင်းကာ ပြုပြင်ခဲ့သည်။

    ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကြာသာပတေးနေ့တွင် ပြတိုက်၌ ဂီတအခမ်းအနားတစ်ခုကို ပြုလုပ်သွားရန် ရှိနေသည်။

    အဆိုပါပြတိုက်တွင် ကမ္ဘာတစ်ဝှမ်း အစ္စလာမ့်သမိုင်းကြောင်းတစ်လျှာက်တွင် အသုံးပြုခဲ့သည့် ငွေကြေးများ၊ ဘာသာရေး၊ ၀ိဇ္ဇာ သိပ္ပံဆိုင်ရာ ရှားပါလက်ရေးမူများ၊ ကြွေထည်မြေထည်၊ သစ်သားထည်၊ သံထည်များ၊ ဖန်ထည်မှန်ထည်မျာ၊ ချည်ထည်များ၊ အီဂျစ်သမိုင်းကြောင်းဆိုင်ရာ ပစ္စည်းများ စသည့် သမိုင်းဆိုင်ရာ ရှားပါးပစ္စည်းပေါင်းများစွာကို ပြသထားသည်။

    Ref: english.ahram.org

  • မွတ်စလင်အမျိုးသမီးငယ်နှစ်ဦး ပါဝင်သည် သြဇီအမျိုးသားနေ့ကြော်ငြာကို နိုင်ငံတစ်ဝှမ်း စိုက်ထူမည်

    မွတ်စလင်အမျိုးသမီးငယ်နှစ်ဦး ပါဝင်သည် သြဇီအမျိုးသားနေ့ကြော်ငြာကို နိုင်ငံတစ်ဝှမ်း စိုက်ထူမည်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၇
    M-Media

    – ဟီဂျဘ် ခေါင်းဆောင်းပုဝါ ၀တ်ဆင်ထားသည့် မွတ်စလင်အမျိုးသမီးငယ်နှစ်ဦး၏ ရုပ်ပုံဖြင့် အမျိုးသားနေ့အထိမ်းအမှတ် ကြော်ငြာဘီလ်ဘုတ်များကို သြစတေးလျနိုင်ငံတစ်ဝှမ်းတွင် စိုက်ထူသွားမည်ဟု သိရသည်။

    ကနဦးတွင် အဆိုပါ ဘီလ်ဘုတ်ကို မြို့တော် မဲလ်ဘုန်း အရှေ့တောင်ပိုင်း ကရန်ဘုန်းဒေသ၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စိုက်ထူခဲ့ရာ မွတ်စလင်အမျိုးသမီးငယ်နှစ်ဦး၏ပုံ ပါဝင်နေသောကြောင့် လူတစ်ချို့က ဘီလ်ဘုတ်ကုမ္ပဏီအား ခြိမ်းခြောက်ခြင်း၊ စော်ကားပြောဆိုခြင်းတို့ ပြုလုပ်ခဲ့သည်အတွက် နောက်ပိုင်းတွင် ပြန်ဖြုတ်ခဲ့ရသည်။

    သို့သော်လည်း လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက ဘီလ်ဘုတ် ပြန်လည် စိုက်ထူရန်အတွက် ရန်ပုံငွေရရှိရေး ဆော်သြခဲ့ကြပြီး ၂၄ နာရီအတွင်း ဒေါ်လာ ၁၂၅၀၀၀ ရရှိခဲ့သည်။

    လှုပ်ရှားမှုကိုစီစဉ်သူ ဒီ မာဒီဂန်က ရက်ပိုင်းအတွက် ကရန်ဘုန်းရှိ ယခင်နေရာတွင် ဘီလ်ဘုတ်ကို ပြန်လည်စိုက်ထူသွားမည်ဖြစ်ပြီး အခြား မြို့ကြီးများတွင်လည်း ထပ်မံထားရှိသွားမည်ဟု ပြောကြားခဲ့သည်။

    “ဒီလို ကျက်သတုန်းတွေ တစ်ချိန်ချိန်မှာ အနိုင်ရသွားမလားဆိုတာမျိုး ခံစားရတာကြောင့် ကျွန်မ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဒါမျိုးဖြစ်လာရင် ‘နိုး-သူတို့ပဲမဟုတ်ဘူး။ လူကောင်းသူကောင်းတွေလည် အများကြီးရှိသေးတာပဲ’ လို့ တွေးမှာပါ။ သူတို့က ဒီဘီလ်ဘုတ်ဖြုတ်ချဖို့ ဖိအားပေးတယ်။ ကျွန်မတို့က အခုနှစ်ဆယ် ပြန်စိုက်သွားပါမယ်”

    ထို့ပြင် အဆိုပါ အမျိုးသားနေ့အထိမ်းအမှတ် ကြော်ငြာကို သသတင်းစာများတွင်လည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း၊ ထိုဘီလ်ဘုတ်ကို ဖြုတ်ချမှုက ၎င်းတို့၏ မျှတမှုစိတ်ဓာတ်ကို စော်ကားသည်ဟု မြင်သောကြောင့် ပြည်သူများက မိမိတို့လှုပ်ရှားမှုတွင် အလှူငွေထည့်ခြင်းဖြစ်မည်ဟု ယူဆကြောင်း မာဒီဂန်က ထည့်သွင်းပြောဆိုခဲ့သည်။

    “သြဇီမွတ်စလင်တွေနဲ့ပတ်သက်ပြီး အကောင်းမမြင်တဲ့သူတွေနဲ့ သြစတေးလျ အမျိုးသားနေ့ကို နိုင်ငံတော်အလံကိုင်ပြီး ဆင်နွှဲနေကြတဲ့ ဒီမွတ်စလင်ကောင်မလေး နှစ်ဦးနဲ့ပတ်သက်ပြီး စောဒကတက်ကြတဲ့သူတွေဟာ အတူတူပါပဲ။ သူတို့ မနိုင်စေရဘူး”

    Ref: Mobile.abc.net

  • အာဏာရှင် ရာထူးမှမဆင်းပေးသည့် ဂမ်ဘီယာအခြေအနေ မတည်ငြိမ်

    အာဏာရှင် ရာထူးမှမဆင်းပေးသည့် ဂမ်ဘီယာအခြေအနေ မတည်ငြိမ်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၇
    M-Media

    ရွေးကောက်ပွဲရှုံးသော်လည်း ရာထူးမှ ဆင်းမပေးသေးသည့် ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်

    – ဒီဇင်ဘာ ၁ ရက်နေ့တွင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သော်လည်း ရာထူးမှ မဆင်းပေးသည့် ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်ကြောင့် နိုင်ငံအတွင်း မတည်ငြိမ်မှုများ ဖြစ်လာနေပြီး ပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသည်။

    ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အတိုက်အခံခေါင်းဆောင် အဒါမာ ဘာရိုးမှာ ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ကျမ်းကျိန်အာ အာဏာလွှဲပြောင်းရယူမည်ဖြစ်သော်လည်း ဂျာမေဟ်ကမူ ရာထူးမှ ဆင်းပေးရန် ယခုအချိန်အထိ ငြင်းဆန်နေသည်။

    ဂျာမေဟ်၏ ထိုလုပ်ရပ်အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချမှုများရှိခဲ့ပြီး အနောက်အာဖရိက နိုင်ငံများကလည်း စစ်ရေးဖြင့် ကြားဝင်ဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။

    လက်ရှိတွင် အိမ်နီးချင်း ဆီနီဂေါလ်နိုင်ငံမှ စစ်တပ်မှာ နယ်စပ်တွင် နေရာယူထားပြီး ဂမ်ဘီယာနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် အဆင်သင့် ရှိနေသည်။

    “ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီး သက်တမ်းကုန်မယ့် (၁၈ ရက်နေ့) သန်းခေါင်ယံအချိန်ကို စောင့်နေတာပါ။ နိုင်ငံရေးအဖြေတစ်ခုကို မတွေ့ရဘူးဆိုရင်တော့ ကျွန်တော် ကြားဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဆီနီဂေါစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ကာနယ် အဘ်ဒူ အန်ဒီယာယီက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဂမ်ဘီယာနိုင်ငံအတွင်းရှိ ကမ္ဘာလှည့်ခရီးသွားများမှာ ထိုင်းပြည်မှ ထွက်ခွာနေကြပြီး၊ ပြည်သူများမှာလည်း အိမ်နီးချင်း ဆီနီဂေါနိုင်ငံတွင် သွားရောက်ခိုလှုံနေကြသည်ဟု UNHCR က ပြောကြားခဲ့သည်။

    အတိုက်အခံခေါင်းဆောင် အဒါမာဘာရိုး၏ ပြောရေးဆိုခွင့်ရှိသူ ဟာလီဖာ ဆာလာကမူ ဘာရိုးမှာ ဇန်န၀ါရီ ၁၉ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသွားမည်ဖြစ်ပြီး ဂျာမေဟ်အနေဖြင့် ရာထူးမှ ဆင်းမပေးပါက ဆီနီဂေါနိုင်ငံ မြို့တော်ဒါကာရှိ ဂမ်ဘီယာသံရုံးတွင် ကျမ်းကျိန်ပွဲ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် ဂျာမေဟ်ကလည်း ၎င်း၏ စစ်တပ်ကို တပ်ဖြန့်ထားသည်ဟု သတင်းများက ဖော်ပြကြသည်။

    Ref: Aljazeera

  • ပြည်တွင်းဖြစ် လျှပ်စစ်ယာဉ်များကို အီရန်သမ္မတ သွားရောက်လေ့လာ

    ပြည်တွင်းဖြစ် လျှပ်စစ်ယာဉ်များကို အီရန်သမ္မတ သွားရောက်လေ့လာ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    – ဒီဇင်ဘာ ၁၈ ရက်နေ့ (မနေ့က) ကျရောက်ခဲ့သည့် ‘အမျိုးသား လေထုသန့်ရှင်းမှုနေ့’ တွင် အီရန်သမ္မတ ရူဟာနီမှာ ပြည်တွင်းထုတ် လျှပ်စစ်ကားများနှင့် မော်တော်ဆိုင်ကယ်များကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်ဟု သိရသည်။

    ကက်ဘိနတ်အဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် Azad အစ္စလာမ့်တက္ကသိုလ်မှထုတ်လုပ်သည့် Yooz နှင့် အခြား သုတေသနစင်တာ ၂ ခုမှ ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များ ပါဝင်သည်။

    အဆိုပါ Yooz ကားမှာ တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မောင်းနှင်နိုင်ပြီး ဘတ္ထရီအားပြည့်ရန် ၂ နာရီခွဲသာ ကြာမြင့်သည်။ သမ္မတရူဟာနီကမူ အဆိုပါ ထုတ်ကုန်များကို ချီးကျူးခဲ့ပြီး အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    အီရန်မှာ နိုင်ငံ၏ မြို့ကြီးများတွင် လေထုညစ်ညမ်းမှု ပြဿနာကို မီးမောင်းထိုးပြရန် ရည်ရွယ်၍ ဇန်န၀ါရီ ၁၈ ရက်နေ့ကို ‘အမျိုးသား လေထုသန့်ရှင်းရေးနေ့’ အဖြစ် သတ်မှတ်ခဲ့သည်။

    ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မြို့တော် တီဟီရန်အပါအ၀င် နိုင်ငံရှိ မြို့ကြီးများတွင် လေထုညစ်ညမ်းမှုများ မြင့်တက်လာမှုကို ခံစားခဲ့ရပြီး ကားများမှ ထုတ်လွှတ်သည့် အမှုန်အမွှားများက ထိုပြဿနာ၏ အဓိကအကြောင်းအရင်းဖြစ်နေသည်။

    Ref : Press TV

  • အီတလီငလျင် သေဆုံး၊ ဒဏ်ရာရသည့် သတင်းများ ထွက်မလာသေး

    အီတလီငလျင် သေဆုံး၊ ဒဏ်ရာရသည့် သတင်းများ ထွက်မလာသေး

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    ငလျင်လှုပ်ပြီးနောက် အပြင်သို့ ထွက်လာကြသည့် အီတလီပြည်သူများ

    – အီတလီနိုင်ငံ အလယ်ပိုင်းတွင် ဒေသစံတော်ချိန် ယနေ့မနက်ပိုင်းက ငလျင် ၃ ခု ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် မြေအောက်ရထားများ၊ ကျောင်းများမှ လူများကို အရေးပေါ် ကယ်ထုတ်ခဲ့ရသည်ဟု သိရသည်။

    မနက် ၉ နာရီ ၂၅ မိနစ်က အမာထရစ်မြို့တွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ ပြင်းအား ၅.၅ မဂ္ဂနီကျုရှိခဲ့ပြီး နောက်ထပ် မိနစ် ၅၀ အကြာတွင် အဆိုပါ ဒေသတွင်ပင် ပြင်းအားတူသည့် နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။ နောက်ထပ်အနည်းငယ်အကြာ တတိယငလျင်မှာ ရောမမြို့မှ အရှေ့မြောက်ပဖက် ၁၁၀ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့သည်။

    လက်ရှိအချိန်အထိ သေဆုံးဒဏ်ရာရသည့်စာရင်းများ ထွက်မလာသေးသော်လည်း အမာထရစ်မြို့အနီးရှိ ရွာငယ်များတွင် နေအိမ်များ ပြိုကျမှု ရှိနေကာ၊ ပြည်သူများမှာလည်း ဆီနှင်းထူထပ်မှုကြောင့် နေအိမ်များတွင် ပိတ်မိနေသည့် သတင်းများ ရရှိထားသည်ဟု အီတလီကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

    ငလျင်ကြောင့် ရောမမြို့ရှိ မြေအောက်ရထားလိုင်းမှ ပြည်သူများ၊ စာသင်ကျောင်းများရှိ ကျောင်းသားများကိုလည်း ကယ်ထုတ်ခဲ့ရသည်။

    အီတလီနိုင်ငံမှာ ယူရေးရှန်းနှင့် အာဖရိကန်မြေလွှာချပ်ပြီးနှစ်ခုအပေါ်တွင် ခွ၍ တည်ရှိနေပြီး အဆိုပါ မြေလွှာချပ်ကြီးများ လှုပ်ရှားသည့်အခါတွင် ငလျင်ဒဏ်ကို ခံစားရလေ့ရှိသည်။

    နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ငလျင်ဒဏ်ခံရမှုမှာ ၁၉၀၈ ခုနှစ်တွင်ဖြစ်ပြီး ပြည်မနှင့် စစ္စလီကျွန်းအကြား ပင်လယ်ပြင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၉၅၀၀၀ ခန့် သေဆုံးခဲ့သည်။ အဆိုပါဖြစ်အပျက်မှာ ၂၀ ရာစုတွင် အဆိုးဝါးဆုံး ဖြစ်ရပ်ဆိုးကြီးလည်းဖြစ်သည်။

    Ref: Aljazeera