News @ M-Media
Author: Ko Lay
  • ကန်သမ္မတရွေးကောက်ပွဲ နောက်ဆုံးစစ်တမ်းတွင် ကလင်တန်က အနည်းငယ်သာ အသာရ
    ကန်သမ္မတရွေးကောက်ပွဲ နောက်ဆုံးစစ်တမ်းတွင် ကလင်တန်က အနည်းငယ်သာ အသာရ
    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media
    clinton
    – အင်္ဂါနေ့တွင် ပြုလုပ်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ၀ါရှန်တန်ပို့စ်နှင့် ABC သတင်းဌာနတို့က ကောက်ယူပြီး ယနေ့တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်က ရီပက်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်ထက် အနည်းငယ်သာ အသာရနေသည်ဟု သိရသည်။
    ကလင်တန်ကို ထောက်ခံသူမှာ ၄၇ ရာခိုင်နှုန်းရှိပြီး ထရမ့်ကို ထောက်ခံသူမှာ ၄၄ ရာခိုင်နှုန်းရှိနေခြင်းဖြစ်သည်။ ကလင်တန်အား ထောက်ခံသူများတွင် အမာခံအရေအတွက်မှာ ၅၅ ရာခိုင်နှုန်းရှိပြီ ထရမ့်အတွက် အမာခံအရေအတွက်မှာ ၄၃ ရာခိုင်နှုန်း ရှိနေသည်။ ပြိုင်ဘက်သမ္မတလောင်းအား ဆန့်ကျင်သူများတွင် ထရမ့်ကိုထောက်ခံသူများက ပိုများနေသည်။
    အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ယမန်နေ့က သမ္မတလောင်းနှစ်ဦးမှာ ၎င်းတို့၏ နောက်ဆုံးမဲဆွယ်မှုကို ပြုလုပ်ခဲ့သည်။ နီဗာဒါတွင် ပြုလုပ်ခဲ့သည့် ထရမ့်၏ မဲဆွယ်ပွဲတွင် လူဖြူအမျိုးသားတစ်ဦးက ‘သေနတ်’ ဟု အော်ခဲ့သောကြောင့် လုံခြုံရေးများမှာ ထရမ့်အား စတိတ်စင်နောက်ဖက်သို့ ခေတ္တ ခေါ်ဆောင်သွားခဲ့ရသည်။
    သို့သော်လည်း အဆိုပါ အမျိုးသားနှင့် ပတ်ဝန်းကျင်အား ရှာဖွေစစ်ဆေးမှုအရ မည်သည့်လက်နက်မှ မတွေ့ခဲ့ပေ။
    Ref: Aljazeera
  • မူးယစ်မှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံရသူ ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦး သေနစ်ပစ်မှုအတွင်း သေဆုံး
    မူးယစ်မှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံရသူ ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦး သေနစ်ပစ်မှုအတွင်း သေဆုံး
    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media
    duterte
    – ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် ပြစ်မှုများဖြင့် အကျဉ်းချခံထားရသည့် မြို့တော်ဝန်တစ်ဦးသည် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတစ်ခုအတွင်း အခြားအကျဉ်းသားတစ်ဦးနှင့်အတူ သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    လေတီပြည်နယ် အလ်ဗျူရာမြို့တော်ဝန် ရိုလန်ဒို အက်စ်ပင်နိုဆာဖြစ်ပြီး သမ္မတရိုဒရီဂိုဒူတာတေးက ၎င်းနှင့် ၎င်း၏သား ကာဝင်ကို မူးယစ်ဆေးရောင်းဝယ်မှု၌ ပါဝင်ပက်သက်နေသည့်အပေါ် လက်နက်ချအဖမ်းခံရန် တောင်းဆိုခဲ့သည့်အတွက် သြဂုတ်လတွင် ၎င်းကိုယ်တိုင် ရဲချုပ်ထံ အဖမ်းခံခဲ့ခြင်းဖြစ်သည်။
    နောက်ပိုင်းတွင် အက်စ်ပင်နိုဆာကို အိမ်ပြန်ခွင့်ပြုခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့က မူးယစ်ဆေးဝါးတရားမ၀င်လက်ဝယ်ထားရှိမှုဖြင့် ပြန်လည်ဖမ်းဆီးခဲ့သည်။ ၎င်းသည် ဒူတာတေး ထုတ်ပြန်ခဲ့သော မူးယစ်လုပ်ငန်းတွင် ပါဝင်သူ အစိုးရ၀န်ထမ်းများစာရင်းမှ ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးတွင် သေဆုံးခဲ့သော ဒုတိယမြောက် ဒေသဆိုင်ရာ အကြီးအကဲလည်း ဖြစ်သည်။
    ဖမ်းဆီးခံထားရသူများတွင် လက်နက်ခဲယမ်းနှင့် တရားမ၀င် မူးယစ်ဆေးဝါးများ ရှာဖွေရေး ၀ရမ်းထုတ်ရန် ဆောင်ရွက်နေသည့် ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးနှင့် ထောက်လှမ်းရေးဌာနမှ အဖွဲ့တစ်ခုကို အက်စ်ပီနိုစာနှင့် အတူနေအကျဉ်းသား ရာအူးလ် ယက်ပ်တို့က ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
    ထို့နောက် ၎င်းတို့ထားရှိရာ အချုပ်ခန်းအား ရှာဖွေရာတွင် ပစ္စတို ၂ လက်နှင့် မူယစ်းဆေးဝါးများကို တွေ့ရှိခဲ့ပြီး သမ္မတရုံးကမူ အက်စ်ပီနိုဆာ သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟုပြောကြားခဲ့သည်။
    Ref; CNA
  • အီရတ်စစ်တပ်က မူဆိုးလ်အရှေ့ပိုင်းသို့ ၀င်ရောက်နိုင်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်နေ
    အီရတ်စစ်တပ်က မူဆိုးလ်အရှေ့ပိုင်းသို့ ၀င်ရောက်နိုင်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်နေ
    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media
    musoul
    – IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခြေကုပ်မြို့ဖြစ်သော မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး အီရတ်စစ်တပ်က ထိုးစစ်ဆင်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူများမှာ လမ်းဘေးတွင်ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးမှုရှိနေသည်ဟု သိရသည်။
    ယမန်နေ့နှောင်းပိုင်းက မူဆိုးလ်တောင်ဘက် ဟာဝီဂျာမြို့မှ ထွက်ပြေးလာသူများကို တင်ဆောင်လာသည့် ထရပ်ကားတစ်စီး လမ်းဘေးဗုံးထိမှန်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    အီရတ်စစ်တပ်မှာ ယမန်နေ့က မူဆိုးလ်မြို့ အရှေ့ပိုင်းသို့ ၀င်ရောက်နိုင်ခဲ့ပြီး နှစ်ဖက်တိုက်ခိုက်မှုများမှာ ပြင်းထန်နေသည်။ အလ်-ဘာကာရ်ရပ်ကွက်တွင်လည်း လူနေအိမ်ယာများပေါ်တွင် IS က စနိုက်ပါများ ချထားသည်ဟုဆိုသည်။
    “(IS က) မြို့လယ်ကောင်မှာပါ။ ကျွန်တော်တပ်တွေ အရှေ့တိုးတဲ့အခါ တော်တော်လေးကို သတိထားနေရပါတယ်” ဟု အီရတ်အထူးတပ်ဖွဲ့မှ ဗိုလ်ချုပ် ဆာမိ အလ်-အရီဒီက ပြောကြားခဲ့သည်။
    ထို့ပြင် ရှေ့ဆက်ရမည့် ဒေသများမှာ လူနေထူထပ်ပြီး စစ်ဖက်နှင့် အရပ်ဖက် သေဆုံးဒဏ်ရာရမှုများ မရှိစေရေးအတွက် မိမိတို့အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ရော်ဒရီဂက်စ်မှာ အသင်းအတွက် အရေးပါဆဲဟု ဇီဒိန်းပြော
    ရော်ဒရီဂက်စ်မှာ အသင်းအတွက် အရေးပါဆဲဟု ဇီဒိန်းပြော
    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media
    ror
    – တိုက်စစ်မှူး ဂျိမ်းစ် ရော်ဒရီဂက်စ်က ပိုမိုကစားခွင့်ပေးရန် တောင်းဆိုမှုကို အသိအမှတ်ပြုပြီး ၎င်းကို အသင်းအတွက် အရေးပါသောကစားသမားအဖြစ် မိမိက မှတ်ယူထားဆဲဖြစ်သည်ဟု ရီးယဲလ်နည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။
    မိုနာကို တိုက်စစ်မှူးဟောင်း ရော်ဒရီဂက်စ်မှာ ယခုနှစ်တွင် လာလီဂါတွင် ၄ ပွဲသာ ကစားရသေးပြီး ၎င်းကမူ အသင်းတွင် ပါဝင်ခွင့်မရသည့်အတွက် စိတ်ပျက်မိသည်ဟုဆိုကာ မိမိအနေဖြင့် ပွဲထွက်လူစာရင်းနှင့် ပို၍ ထိုက်တန်သည်ဟု ပြောကြားခဲ့သည်။
    ဇီဒိန်းကမူ မိမိအနေဖြင့်လည်း ရော်ဒရီဂက်စ် ပုံမှန်ကစားခွင့်ရမှုကို မြင်စေချင်သည်ဟု ပြောကြားခဲ့သည်။
    “ဒါက ထူးခြားတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ကစားသမားတိုင်းဟာ တစ်နည်းနည်းနဲ့တော့ ကောင်းကြတာပါပဲ။ ကျွန်တော် ကြိုးစားဆေင်ရွက်နေတာကာ အသင်းတစ်ခုဟာလည်း တစ်ယောက်ချင်းစီလိုပဲ အရေးကြီးတာကို ပြသဖို့ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ဖြေနိုင်တာက ဂျိမ်းစ်ဟာ အခြားကစားသမားတွေလောက် မကစားရဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားပါ။ ကျွန်တော်တို့အတွက် အထောက်အကူဖြစ်သူတစ်ယောက်ပါ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။
    ထို့ပြင် ရော်ဒရီဂက်စ်အနေဖြင့် ပွဲများများ ကစားလိုသည်ကို မိမိက သိရှိကြောင်း၊ မိအနေဖြင့် ပွဲတစ်ပွဲချင်းစီအတွက် အသင်းတစ်ခုကို ကြိုးစားတည်ဆောက်နေရပြီး မည်သူကိုမှ လေးစားမှု မလျော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • တောင်ကိုရီယားပြည်သူများ သမ္မတနှုတ်ထွက်ရန် ဆန္ဒထပ်ပြ
    တောင်ကိုရီယားပြည်သူများ သမ္မတနှုတ်ထွက်ရန် ဆန္ဒထပ်ပြ
    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media
    south
    – မိတ်ဆွေဖြစ်သူကို နိုင်ငံ့ရေးရာများတွင် ၀င်ရောက်စွက်ဖက်ခွင့် ပေးမှုအတွက် တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးမှာ ယမန်နေ့က တိုင်းပြည်အား တောင်းပန်ခဲ့သော်လည်း ပြည်သူလူထုကမူ ယနေ့တွင် ၎င်းနှုတ်ထွက်ပေးရန် ထပ်မံ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    မြို့တော်ဆိုးလ်တွင်ပြုလုပ်သည့် အဆိုပါဆန္ဒပြပွဲတွင် လူပေါင်း ၄ သောင်းကျော်ပါဝင်ခဲ့ပြီး ပတ်ဂျုံဟေး၏ တောင်းပန်မှုကို လက်မခံကြောင်း ဟစ်ကြွေးခဲ့ကြကာ ရာထူးမှ နှုတ်ထွက်ရန်လည်း တောင်းဆိုခဲ့သည်။ အဓိက အတိုက်အခံပါတီကလည်း ထိုကိစ္စအတွက် နိုင်ငံရေးသမားများ၊ လွတ်လပ်သော အဖွဲ့တစ်ခုနှင့်အတူ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
    ပတ်ဂျုံဟေး၏ မိတ်ဆွေဖြစ်သူ ချိုဆွန်ဆီလ်မှာ သာမန်နိုင်ငံသားတစ်ယောက်သာ ဖြစ်သော်လည်း သမ္မတ၏ နိုင်ငံရေးဆိုင်ရာ ခန့်အပ်မှုများနှင့် ပေါ်လစီချမှတ်မှုများတွင် ကူညီပေးခဲ့ပြီး သမ္မတနှင့် သိကျွမ်းမှုကို အလွဲသုံးစားလုပ်ခဲ့သည်ဟု ပြီးခဲ့သည့် ရက်များတွင် သတင်းများထွက်ပေါ်လာမှုကြောင့် ပြည်သူလူထု၏ ပတ်ဂျုံဟေးအပေါ် မကျေနပ်မှု မြင့်တက်လာခဲ့ပြီး ဆန္ဒပြမှုများ နေ့စဉ်လိုလို ဖြစ်လာခဲ့ခြင်းဖြစ်သည်။
    လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ချိုဆွန်ဆီလ်က မိမိအနေဖြင့် မှားယွင်းကြောင်း ၀န်ခံခဲ့ပြီး၊ ပတ်ဂျုံဟေးကလည်း ယမန်နေ့တွင် တောင်းပန်ခဲ့သည်။
    Ref: Aljazeera