News @ M-Media
Author: Ko Lay
  • နံပါတ် ၉ ဂျာစီ မ၀တ်ရသည့်အတွက် မာရှယ် စိတ်ထိခိုက်ခဲ့
    နံပါတ် ၉ ဂျာစီ မ၀တ်ရသည့်အတွက် မာရှယ် စိတ်ထိခိုက်ခဲ့
    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media
    martial
    – မန်ယူက တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို နံပါတ် ၉ ဂျာစီ ပေးလိုက်သည့်အတွက် မာရှယ်အနေဖြင့် ထိခိုက်နာကျင်ခဲ့ရသည်ဟု အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။
    မာရှယ်မှာ ၂၀၁၅ ခုနှစ်က မိုနာကိုမှ မန်ယူသို့ ရောက်ရှိလာပြီးနောက်ပိုင်း နံပါတ် ၉ ဂျာစီကို ၀တ်ဆင်ခွင့်ရခဲ့သော်လည်း အီဗရာဟီမိုဗစ်ရောက်လာပြီးနောက် နံပါတ် ၁၁ ဂျာစီကို ပြောင်းဝတ်ခဲ့ရသည်။ အေးဂျင့်ဖြစ်သူ ဖီးလစ် လမ်ဘိုလေးကမူ ၎င်း၏ကစားသမားမှာ ထိုအပြောင်းအလဲကြောင့် စိတ်ထိခိုက်ခဲ့သည်ဟု ဆိုသည်။
    “အမှန်ပြောရရင် မန်ယူက နံပါတ် ၉ ဂျာစီကို ပေးမ၀တ်တော့တာက သူ့ကို နာကျင်စေခဲ့ပါတယ်။ ဒီအတွက်လည်း သူက အံ့သြခဲ့ပြီး ရက်အနည်းငယ်လောက် စိတ်ဓာတ်ကျခဲ့ပါတယ်။ ဒါပေမယ့် သူက ပရော်ဖက်ရှင်နယ် ကစားသမားယောက်ဖြစ်ပြီး ဒီနေရာအတွက် ပြန်လည် တိုက်ပွဲဝင်ရမယ်ဆိုတာ သိပါတယ်” ဟု အေးဂျင့်က ဆိုသည်။
    မာရှယ်မှာ မော်ရင်ဟိုလက်အောက်တွင် အကောင်းဆုံးပုံစံရရန် ရုန်းကန်နေရပြီး၊ အသင်းတွင် မပျော်ရွှင်တော့ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
    သို့သော်လည်း လမ်ဘိုလေးကမူ ၎င်း၏ ကစားသမားမှာ အိုးထရက်ဖို့ဒ်တွင် ပျော်ရွှင်နေကြောင်း၊ မောင်ရင်ဟိုနှင့် ဆက်ဆံရေးဆိုးရွားနေသည်ဆိုသည့် သတင်းများမှာ မမှန်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • လူနည်းစုကို စောင့်ရှောက်ကာ လူများစု၏ တာဝန်ကို ကျေပွန်ကြသည့် အလ်ဘေးနီးယားမွတ်စလင်များ
    လူနည်းစုကို စောင့်ရှောက်ကာ လူများစု၏ တာဝန်ကို ကျေပွန်ကြသည့် အလ်ဘေးနီးယားမွတ်စလင်များ
    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media
    al
    မွတ်စလင်များ တည်ဆောက်ပေးခဲ့သည့် စိန့်နီကိုလက်စ် ဘုရားကျောင်း
    –  ဥရောပ နိုင်ငံငယ်လေးဖြစ်သည့် အလ်ဘေးနီးယားတောင်တန်းတစ်ခုပေါ်တွင် ထီးထီးကြီးတည်ရှိနေသည့် စိန့်နီကိုလက်စ် ခရစ်ယာန်ဘုရားကျောင်းကို ကွန်မြူနစ်ဝါဒ ကျဆုံးသွားပြီးနောက် ပြို ကျပျက်ဆီးသွားသည့်အနေအထားမှ ဒေသခံမွတ်စလင်များ၏ အကူအညီဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။ နိုင်ငံ၏ ဘာသာရေးသည်းခံမှု ပြယုဂ်ဖြစ်သည့် အဆိုပါ ခရစ်ယာန်ဘုရားကျောင်းသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၄ ခုနှစ်တွင် သွားရောက်လည်ပတ်ခဲ့သည်။
    မွတ်စလင်အများစုရှိပြီး ကက်သလစ်နှင့် အော်သိုဒေါ့စ်ခရစ်ယာန်အနည်းစုရှိသည့် အလ်ဘေးနီးယားကို ၁၉၆၇ ခုနှစ်တွင် အကြင်နာမဲ့သည့် အာဏာရှင် အန်ဗာရ် ဟော့စ်ဟာက ကမ္ဘာ့ပထမဆုံး ဘာသာမဲ့နိုင်ငံအဖြစ် ကြေငြာခဲ့သည်။
    ထိုကာလအတွင်း မရေမတွက်နိုင်သော ဗလီဝတ်ကျောင်းတော်များ၊ ခရစ်ယာန်ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရပြီး ဗာတီကန်ကတော့ ဖျက်ဆီးခံခဲ့ရသည့် ကက်သလစ်နှင့် အော်သိုဒေါ့စ်ဘုရားကျောင်းပေါင်း ၁၈၂၀ ရှိခဲ့သည်ဟု ဆိုသည်။ အသတ်ခံရသူ၊ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးသူ ခရစ်ယာန်ဘုန်းတော်ကြီးများလည်း အများအပြားရှိခဲ့သည်။
    တီရာနာမြို့မြောက်ဖက် ကီလိုမီတာ ၆၀ အကွာရှိ မာလ်ဘာ့ဒ်မွတ်စလင်ရွာတွင် မည်သူကမှ စိန့်နီကိုလက်စ်ဘုရားကျောင်းမှာ မည်သည့်အချိန်တွင် မည်သူကဆောက်လုပ်ခဲ့သည်ကို မသိရှိကြ။ ကွန်မြူနစ်များအာဏာရချိန်တွင် ဆင်းရဲသည့်တိုင်းပြည် ဖြစ်နေခဲ့သည့် အလ်ဘေးနီးယားမှ အဆိုပါ ဘုရားကျောင်းမှာ ပြုပြင်ထိန်းသိမ်းသူမရှိ ပျက်ဆီးသည့်ဘ၀ ရောက်ခဲ့ရသည်။
    သို့သော်လည်း ၁၉၉၂ ခုနှစ် ကွန်မြူနစ်အာဏာရှင် ကျဆုံးပြီးနောက်ပိုင်း မာလ်ဘာ့ဒ်မှ မွတ်စလင်များမှာ ၎င်းတို့၏ ကက်သလစ်ညီအစ်ကိုများနှင့်အတူ ခရစ်ယာန် သာသနာပိုင်များထံသို့ ချဉ်းကပ်ကာ ယခင်အုတ်မြစ်နေရာတွင် ဘုရားကျောင်းသစ်တစ်ခု ဆောက်လုပ်ရန် ခွင့်တောင်းခဲ့သည်။
    “ကျွန်တော်တို့ တစ်ကယ်လုပ်လိမ့်မယ်လို့ သူတို့မထင်ဘူးဗျ။ လူမြင်ကောင်းအောင် ကြိုးစားတယ်လို့ သူတို့ ထင်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်တို့က ဒီဘုရားကျောင်းတည်ဆောက်ဖိုအတွက် ကုန်ကျစားရိတ်အားလုံးကို တာဝန်ယူချင်တာပါ” ဟု အသက် ၇၇ နှစ်အတွယ် မွတ်စလင်အဘိုးအိုတစ်ဦးဖြစ်သူ ဟဂ်ျဒါ လီကာက တက်ကြွစွာ ပြောကြားခဲ့သည်။
    လူနည်းစုများအပေါ် မွတ်စလင်များ၏ ကာကွယ်မှု
    ထိုဘုရားကျောင်းသို့ ရောက်ရှိရန်အတွက် ကားတစ်တန်၊ မြည်းတစ်တန်ဖြင့်သွားရသလို၊ မတ်ဆောက်သည့် တောင်ပေါ်ရွာလမ်းကိုလည်း ဘုရားဖူးများက ခက်ခက်ခဲခဲ တက်ကြရသည်။
    မွတ်စလင်ပတ်ဝန်းကျင်တွင်နေထိုင်သည့် အသက် ၆၀ အရွယ် ကက်သလစ်ခရစ်ယာန် နီကိုလ် ဂဂျီနီက ၀က်သစ်ချပင်များ ထူထဲစွာ ဖုံးအုပ်နေသည့် ဘုရားကျောင်းသစ်ကြီးဆီသို့ ဂုဏ်ယူဝင့်ကြွားစွာ ညွှန်ပြသည်။
    “ဆောက်လုပ်ရေးပစ္စည်းအကူအညီ၊ လုပ်အားအကူအညီတွေသာ သူတို့ (မွတ်စလင်တွေရဲ့) မပေးရင် ဒီဘုရားကျောင်းကြီးကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်ဆောက်နိုင်မှာမဟုတ်ပါဘူး” ဟု ဂဂျီနီက ပြောကြားခဲ့သည်။ ၎င်းမှာ ဓာတု စက်ရုံ အလုပ်သမားတစ်ဦးလည်းဖြစ်သည်။
    အဆိုပါ ဘုရားကျောင်းငယ်လေးတွင် ဘုန်းတော်ကြီးများက ခရစ္စမတ်နှင့် အီစတာပွဲတော်တို့ကဲ့သို့ အခါကြီးရက်ကြီးများကိုသာ ဆင်နွှဲကြသော်လည်း လူနည်းစုခရစ်ယာန်လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် အရေးပါသည့် ‘မြင့်မြတ်ရာနေရာ’ ဖြစ်လေသည်။
    လူဦးရေ ၂၅၀၀ ရှိသော အဆိုပါ မာလ်ဘာ့ဒ်ရွာတွင် ၉၀ ရာခိုင်နှုန်းက မွတ်စလင်များဖြစ်ကြပြီး ကျန် ၁၀ ရာခိုင်နှုန်းက ခရစ်ယာန်ကက်သလစ်ဘာသာဝင်များဖြစ်သည်။
    နိုင်ငံ၏ လူဦးရေ ၃ သန်းတွင် ၅၆ ရာခိုင်နှုန်းက မွတ်စလင်များဖြစ်ပြီး ခရစ်ယာန်ကက်သလစ်က ၁၅ ရာခိုင်နှုန်း၊ ခရစ်ယာန်အော်သိုဒေါ့စ်က ၁၁ ရာခိုင်နှုန်းရှိသည်။
    ဥရောပ၏ ပထမဆုံး ခရီးစဉ်အဖြစ် ၂၀၁၄ ခုနှစ်က ပုပ်ရဟန်းမင်းကြီးမှာ အလ်ဘေးနီးယားသို့ ၁ ရက်တာ အလည်အပတ်လာရောက်ခဲ့ပြီး နိုင်ငံအတွင်းရှိ မွတ်စလင်၊ အော်သိုဒေါ့စ်နှင့် ကက်သလစ်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ဂုဏ်ပြုသောအားဖြင့် အလ်ဘေးနီးယားသို့ ဦးစွာ လာရောက်ခဲ့ခြင်းဖြစ်သည်။ ‘ညီညွတ်သော အမျိုးသားအစိုးရ’ တွင်လည်း မွတ်စလင်၊ ကက်သလစ်နှင့် အောfသိုဒေါ့စ်တို့က အာဏာများကို ခွဲဝေယူထားကြသည်။
    “ပုပ်ရဟန်းမင်းကြီး လာရောက်လည်ပတ်မှုဟာ အလ်ဘေးနီးယားက ဘာသာစုံလူမျိုးစုံ ပြည်သူအားလုံးအတွက် ဂုဏ်ယူစရာအကြောင်းအရင်း တစ်ရပ်ပါပဲ။ ကက်သလစ်ဘာသာဝင်နည်းနည်းလေးနဲ့ သေးငယ်တဲ့နိုင်ငံတစ်ခု ဖြစ်ပေမယ့် ပုပ်ရဟန်းမင်းကြီးက ဥရောပရဲ့ ပထမဆုံးခြေချရာအဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” ဟု အသက် ၄၂ နှစ်အရွယ် မြို့တော်ဝန် အေဂျင် လီကာက ပြောကြားခဲ့သည်။
    မာလ်ဘာ့ဒ်မှ ဒေသခံများမှာ ၎င်းတို့ဒေသမှ ကွဲပြားခြားနားသော လူ့အဖွဲ့အစည်းများ ညီညွတ်ရေးအတွက် ယခင်ကတည်းက အားတက်သရော ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မွတ်စလင်လူများစုက ခရစ်ယာန်လူနည်းစုကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိနေသည်ဟုလည် မှတ်ယူထားကြသည်။
    “ကျွန်တော်တို့ရွာမှာ တစ်ယောက်ယောက်လက်ထက်မယ်ဆိုရင် ဘာသာတရားနှစ်ခုစလုံးက သက်သေအဖြစ် ဆောင်ရွက်ပေးရတဲ့ ဓလေ့တစ်ခု ရှိပါတယ်” ဟု မီးရထားလုပ်သားဟောင်းတစ်ဦးဖြစ်သူ ဟဂ်ျဒါက ပြောကြားခဲ့သည်။
    မာလ်ဘာ့ဒ်ရွာနှင့် ကီလိုမီတာ ၂၀ ခန့်ဝေးကွာသည့် ဒါဗန်ရွာလေးတွေလည်း ၁၉၆၇ ခုနှစ် ကွန်မြူနစ်လက်ထက် ဖျက်ဆီးခံခဲ့ရသည့် ကက်သလစ်ခရစ်ယာန်များ၏ ဘုန်းကြီးကျောင်းကို မွတ်စလင်များကပင် ပြန်လည်တည်ဆောက်ပေးခဲ့သည်။
    “ဘုန်းကြီးရဲ့ အဓိကတာဝန်ကတော့ အာဏာရှင်ဝါဒ၊ ဘုရားမဲ့ဝါဒကြောင့် စွန်းထင်းခဲ့တဲ့ အဆိပ်အတောက်တွေကို သန့်စင်ဖို့ပါပဲ” ဟု ဘုန်းတော်ကြီး ကာမိုင်း လူဇီက ယခင်ခုနှစ်များကို ပြန်ပြောင်းရည်ညွှန်း၍ ပြောကြားခဲ့သည်။
    အီတလီနိုင်ငံ ဘာရီမြို့မှ အလ်ဘေးနီးယားသို့ စေလွှတ်ထားသည့် အဆိုပါဘုန်းတော်ကြီးမှာ ဒါဗန်မြို့ရှိ ခရစ်ယာန်ကက်သလစ်မိသားစုဝင် ၅၀၀ ကျော်ကို လွန်ခဲ့သည့် ၁၈ နှစ်လုံးလုံး ကြည့်ရှုစောင့်ရှောက်နေသူလည်း ဖြစ်လေသည်။
    Ref: Yahoo.com
  • ဆော်ဒီရှိ မြို့တစ်မြို့ ကမ္ဘာ့အဆန်းပြားဆုံးမြို့အဖြစ် သတ်မှတ်ခံရ
    ဆော်ဒီရှိ မြို့တစ်မြို့ ကမ္ဘာ့အဆန်းပြားဆုံးမြို့အဖြစ် သတ်မှတ်ခံရ
    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media
    saudi
    – ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ အလ်-အဟ်ဆာမြို့ကို ကမ္ဘာ့အဆန်းပြားဆုံးမြို့အဖြစ် ကုလသမဂ္ဂက ရွေးချယ်ခဲ့သည်ဟု သိရသည်။
    ‘ကမ္ဘာ့မြို့တော်များနေ့’ (World Cities Day) အထိမ်းအမှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါ ကမ္ဘာ့မြို့တော်များနေ့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို သတိပြုမိစေရန်နှင့် တိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများ ပြည့်မီရေးအတွက် လိုအပ်ချက်များကို မီးမောင်းထိုးပြရန်ဖြစ်သည်။
    အလ်-အဟ်ဆာ မြို့မှာ စိမ်းလမ်းသော နေရာများ၊ ရေပန်းများနှင့် အိုအေစစ်ဒေသဖြစ်ပြီး၊ သဘာဝအလှတရားနှင့်လည်း ပြည့်စုံကာ၊ ပြည်သူများကလည်း ဖော်ရွေကြသည်။ အရှေ့ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးဆိုင်ရာ မြို့လည်းဖြစ်သည့် အလ်-အဟ်ဆာမှာ သမိုင်းဝင် လူ့အဖွဲ့အစည်းများ၏ အထိမ်းအမှတ်နေရာများ၊ ရှေးဟောင်း သမိုင်းဝင်နေရာများစွာလည်း ရှိနေသည်။ ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာလည်းဖြစ်သည်။
    လက်ရှိ ကမ္ဘာ့လူဦးရေ၏ ၅၄ ရာခိုင်နှုန်မှာ မြို့ပြဒေသများတွင် နေထိုင်နေရပြီး ၂၀၅၀ ခုနှစ်တွင် ၆၆ ရာလိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်ထားသည်။ ၁၉၅၀ ခုနှစ်တွင် မြို့ပြနေဦးရေမှာ ၇၄၆ သန်း ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၃.၉ ဘီလီယံအထိ ရှိလာခဲ့သည်။
    Ref: Saudigazette
    saudi-2
  • မွတ်စလင်များနှင့် ထိတွေ့မှုမရှိဘဲ အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့သူ စကော့တစ်ရှ် လူဖြူတစ်ဦး
    မွတ်စလင်များနှင့် ထိတွေ့မှုမရှိဘဲ အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့သူ စကော့တစ်ရှ် လူဖြူတစ်ဦး
    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media
    scot
    – စတော့တလန် တောင်ပေါ်ဒေသက သက်လက်ပိုင်း အမျိုးသားတစ်ဦး ဘ၀တစ်လျှောက်လုံးမှာ မွတ်စလင်တစ်ဦးတစ်ယောက်ကိုမှ မတွေ့ဆုံဖူးဘဲ၊ အစ္စလာမ့်အသိုင်းအ၀ိုင်းနဲ့ ထိတွေ့ဖူးခြင်းမရှိဘဲ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်လာတယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။
    ကျွန်တော့်အတွက်ကတော့ ဒီအဖြစ်အပျက်ဟာ တူရကီမှာ အားလပ်ရပ်ခရီးထွက်နေချိန် အနားက ဗလီတစ်လုံးက ၀တ်ပြုရန်နှိုးဆော်သံကို ကြားတဲ့အချိန်မှာ စတင်ခဲ့ပါတယ်။ ဒီအသံက ကျွန်တော့်နှလုံးသားကို လှုပ်နှိုးလိုက်သလိုဖြစ်ခဲ့ပြီး နာမ်ပိုင်းဆိုင်ရာ စူးစမ်းရှာဖွေမှုလုပ်ဖို့ တွန်းအားလည်း ဖြစ်စေခဲ့ပါတယ်။
    ကျွန်တော့်ဇာတိ အင်ဗားရ်နက်စ်ကို ပြန်ရောက်တဲ့အခါ စာအုပ်ဆိုင်သွားပြီး ကုရ်အာန်တစ်အုပ်ဝယ်ကာ စတင် ဖတ်ရှုခဲ့ပါတယ်။ အဲဒီလို ဖတ်ရှုနေရင်းမှာပဲ ကျွန်တော် စတင်ခဲ့တဲ့ ခရီးတစ်ခုအတွက် လမ်းညွှန်းပေးဖို့ ဘုရားသခင်ထံမှာ တောင်းဆိုခဲ့တယ်။
    ကုရ်အာန်ကျမ်းတော်မြတ်က ကျွန်တော့်ကို တကယ် တုန်လှုပ်စေခဲ့ပါတယ်။ ကိုယ့်ရဲ့ အတွင်းစိတ်အကြောင်းကို ပြောပြထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရတာဟာ တော်တော်လေး တုန်လှုပ်စရာ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာမျိုးတွေ တွေ့တယ်။ ဒါ့ကြောင့် ပြောင်းလဲမှုအချို့လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
    ကုရ်အာန်ဖတ်နေတာကို ရပ်ပြီး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အချိန်မရွေး ရပ်ပစ်လိုက်လို့ရတယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ဒီလိုလုပ်မယ်ဆိုရင် တကယ်အရေးပါတဲ့အရာတစ်ခုကို စွန့်လွှတ်လိုက်သလို ဖြစ်သွားမယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။
    ဒီပြုပြင်ပြောင်းလဲမှုရဲ့ နောက်ဆုံးရလဒ်က မွတ်စလင်တစ်ယောက် ဖြစ်သွားမယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။
    ဒါ့ကြောင့် ကျွန်တော် ကုရ်အာန်ကိုဆက်ဖတ်တယ်။ ၃ ကြိမ်တိတိ ဖတ်ခဲ့ပြီး ချို့ယွင်းချက်ကိုရှာတယ်။ ဒါပေမယ့် ချို့ယွင်းချက်မတွေ့ရဘဲ အရာအားလုံးနဲ့ပတ်သက်ပြီး သက်တောင့်သက်သာ ဖြစ်ခဲ့ပါတယ်။
    ဒါတွေအားလုံးရဲ့ အခက်ခဲဆုံးအပိုင်းက ကျွန်တော် ဘယ်လိုဖြစ်လာမလဲလို့ တွေးမိတာပါပဲ။ သူများတွေရဲ့ မျက်လုံးထဲမှာ လူစိမ်းတစ်ယောက်၊ အများနဲ့မတူအောင် ၀တ်ဆင်တဲ့သူတစ်ယောက်၊ စကားပြောဆိုသူတစ်ယောက် ကျွန်တော် ဖြစ်လာမှာလား။
    ကျွန်တော့်မိသားစု၊ မိတ်ဆွေတွေ၊ လုပ်ဖောင်ကိုင်ဖက်တွေက ဘာထင်ကြမလဲ။
    အရေးအကြီးဆုံးက ကျွန်တော်ကိုယ့်ကျွန်တော် ဘယ်လိုထင်မြင်လာမလဲ ဆိုတာပါပဲ။ ဖြစ်လာမယ့်ပုံစံကို ကျွန်တော် ကြိုက်နှစ်သက်ပါ့မလား – စသဖြင့်ပေါ့လေ။
    ကျွန်တော်ဟာ အွန်လိုင်းမှာ အချိန်ပေးပြီး ဒီလိုအတွေ့အကြုံမျိုး ရှိသူတွေရဲ့ ဇာတ်လမ်းတွေကို ရှာဖွေခဲ့ပါတယ်။ ထပ်တူတော့ မကြပါဘူး။ တစ်ယောက်ချင်းဆီရဲ့ အစ္စလာမ့်အေးရိပ်ဆာယာအောက်ကို ရောက်ရှိတဲ့ပုံစံဟာ တကယ့်ကို ထူးခြားပါတယ်။ ကျွန်တော်လိုပဲ တစ်ခြားလူတွကလည်း ဒီလမ်းကို လျှောက်ခဲ့ဖူးတယ်ဆိုတာကို သိရတာ မဆိုးပါဘူး။ သူများနဲ့မတူ တစ်မူထူးတယ်လို့ မြင်ကြမှာ ကြောက်တဲ့အခါတိုင်း ဒီဇာတ်လမ်းတွေကို ကျွန်တော် ပြန်စဉ်းစားပါတယ်။
    အာရဘီလို ၀တ်ပြုဆုတောင်းတတ်ဖို့၊ ကုရ်အာန်ကို သဲသဲကွဲကွဲနားထောင်ဖို့၊ အစ္စလာမ့်ဓမ္မတွေးတွေ နားထောင်ဖို့ အွန်လိုင်းက တော်တော်လေး အလုပ်ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ သုံးချင်တဲ့စကားလုံးတွေ ရဖို့အတွက် ဂီတဟာ အကြီးမားဆုံး အထောက်အကူ ဖြစ်ခဲ့ပါတယ်။
    ဒီကိစ္စတွေအားလုံးမှာ အရေးပါတာက ကြားရသမျှကို မေးခွန်းထုတ်တာပါပဲ။ ဒါဟာ ဘာသာရေးစကာစမြည်မှာ လုံးဝ အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်မေးခွန်း ထုတ်တယ်။ ကြားသမျှ၊ ဖတ်သမျှကိုလည်း မေးခွန်းထုတ်ပါတယ်။
    စိတ်ထဲမှာ စနိုးစနှောင့်ဖြစ်နေတယ်ဆိုရင် ဒါဟာ ခင်ဗျားအတွက်မဟုတ်ဘူးဆိုတာကို သိသိသာသာ ဖော်ပြနေတာပါပဲ။ ကိုယ့်ရဲ့မသိစိတ်နဲ့ နှလုံးသားကို သေချာချာနားထောင်ဖို့ လိုပါတယ်။
    ဒီကိစ္စတွေအတွက် ကျွန်တော် ၁၈ လလောက် ကြာခဲ့ပါတယ်။ တစ်ချို့လူတွေက အချိန် ဒီထက်နည်းရင်နည်းမယ်၊ များရင်လည်း များမှာပါ။ ဒီကာလအတွင်းမှာ ကျွန်တော်ဟာ ကိုယ့်အားကိုယ်ကိုးပြီး ဘယ်သူ့အကူအညီမှ မယူခဲ့ပါဘူး။ ဘယ်မွတ်စလင်နဲ့မှလည်း မတွေ့ခဲ့ပါဘူး။
    ၁၈ လနောက်ပိုင်းမှာတော့ ကျွန်တော် အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်နေပြီလို့ မှတ်ယူလာပါတယ်။ တစ်နေ့ကို ငါးကြိမ်ဝတ်ပြုတယ်။ ရမ်ဇာန်ဥပုသ်လမှာလည်း ဥပုသ်သီလစောင့်တယ်။ စားတာ၊ သောက်တာတွေအားလုံးကိုလည်း ကုရ်အာန်ရဲ့ သင်ကြားချက်အတိုင်း စားလို့ရတာတွေကိုသာ စားပါတယ်။
    အဲဒီအချိန်မှာ ကျွန်တော်မြို့က ဗလီသေးသေးလေးတစ်လုံးကို ကျွန်တော် သွားတွေ့တယ်။ ဗလီကိုသွား၊ တံခါးခေါက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ခဲ့ပါတယ်။
    သူတို့ ကျွန်တော့်ကိုမြင်ပြီး အံ့သြနေတယ်။ ပထမတော့ ကျွန်တော့်နဲ့ပတ်သက်ပြီး ဘာလုပ်ရမလဲ သူတို့ မသိဘူး။ တံခါးဖွင့်ပေးတဲ့ မွတ်စလင်အသိုင်းအ၀ိုင်းနဲ့ မိတ်ဆက်ပေးတယ်။ သူတို့ နွေးထွေးစွာ ကြိုဆိုကြပြီး အခုတော့ ကျွန်တော်လည်း ဒီလူ့အဖွဲ့အစည်းမှာ နေသားကျသွားပါပြီ။
    ကျွန်တော် သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။
    အစ္စလာမ်ဆိုတာဘာလဲ။ အဲဒီဘာသာတရားကို တစ်ခြား ယဉ်ကျေးမှုကနေ ဘယ်လို ခွဲထုတ်ယူသလဲ။ တစ်ကယ်တော့ ကမ္ဘာပေါ်က ယဉ်ကျေးမှုမတူညီတာတွေကို ကြည့်တာထက် အစ္စလာမ်ကိုသာ ခင်ဗျားလက်ခံရမှာလို့ ကျွန်တော် ထောက်ပြချင်ပါတယ်။ ကုရ်အာန်က သင်ကြားပြသထားတဲ့ အမှန်တရားပေါ်မှာ ရပ်တည်နေသမျှကာလပတ်လုံး ခင်ဗျားရဲ့ ကိုယ်ပိုင်အမှတ်သညာကို ကိုယ်တိုင်သတ်မှတ်ဖို့အတွက် ခင်ဗျားမှာ အခွင့်အရေး ရှိပါတယ်။
    အခုဆိုရင် ကျွန်တော်ဟာ လူဖြူစကော့တစ်ရှ်မွတ်စလင် တစ်ယောက်ဖြစ်ပြီး အဲဒီအတွက်လည်း ကျေနပ်ပါတယ်။
    Ref : independent
  • ဂျော်ဒန်ဘုရင်နှင့် အာရပ်လိဂ်အကြီးအကဲတို့ တွေ့ဆုံ
    ဂျော်ဒန်ဘုရင်နှင့် အာရပ်လိဂ်အကြီးအကဲတို့ တွေ့ဆုံ
    နိုဝင်ဘာ ၄၊ ၂၀၁၆
    M-Media
    jordan
    – အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းနိုင်ရေးနှင့် ၂၀၁၇ မတ်လ၊ အန်မမ်မြို့တွင် ကျင်းပမည့် ၂၈ ကြိမ်မြောက် အာရပ်လိဂ် ထိပ်သီးညီလာခံ ဖြစ်မြောက်ရေးတို့အတွက် ဂျော်ဒန်ဘုရင် ဘဘ်ဒူလာနှင့် အာရပ်လိဂ် အထွေထွေအတွင်းရေးမှူး အဟ်မဒ် အဘူလ်ဂီအစ်တို့ ဂျော်ဒန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
    အလ်ဟူစိန်နီယာ နန်းတော်တွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြေီး အအရှေ့အလယ်ပိုင်းတွင် ရင်ဆိုင်နေရသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ငံရန်အတွက် အာရဗ်ဘုံရည်မှန်းချက် အောင်မြင်ရေးနှင့် လာမည့်နှစ် ထိပ်သီးညီလာခံ ဖြစ်မြောက်ရေးအတွက် မိမိအနေဖြင့် အစွမ်းကုန်ကူညီမည် ဖြစ်ကြောင်း ဂျော်ဒန်ဘုရင် အဘ်ဒူလာက ပြောကြားခဲ့သည်။
    ၎င်းတို့၏ ဆွးနွေးမှုများမှာ ဆီးရီးယား၊ အီရတ်၊ ယီမင်နှင့် လစ်ဗျားတို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအထိ ကျယ်ပြန့်သည်။ အဘူဂီအစ်ကမူ ဘုရင်အဘ်ဒူလာ၏ ဦးဆောင်မှုအောက်တွင် အာရပ်ရေးရာကိစ္စများအတွက် ဂျော်ဒန်၏ ရပ်တည်မှုများကိုလည်း ချီးကျူးခဲ့သည်။
    Ref : IINA