News @ M-Media

Author: Ko Lay

  • အမေရိကန်လူမည်းဘုရားကျောင်း မီးရှို့ခံရ၊ ‘ထရမ့်ကို မဲပေး’ ဟု ရေးသွား

    အမေရိကန်လူမည်းဘုရားကျောင်း မီးရှို့ခံရ၊ ‘ထရမ့်ကို မဲပေး’ ဟု ရေးသွား

    နိုဝင်ဘာ ၄၊ ၂၀၁၆
    M-Media

    3eabf6e3120d4c7e826c0ad3a1639922_18

    – အမေရိကန်ပြည်ထောင်စု မစ်စစ္စပီတွင် လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးရှို့သူများက ဘုရားကျောင်းနံရံတွင် ‘ထရမ့်ကို မဲပေးပါ’ ဟု ရေးသားခဲ့သည်။

    ဂရင်းဗီလီရှိ Hopewell MB ကျောင်းဖြစ်ပြီး အင်္ဂါနေ့ည ၉ နာရီက တိုက်ခိုက်ခံရခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် မီးဖိုဆောင်နှင့် သင်းအုပ်ဆရာရုံးခန်းအပါအ၀င် ဘုရားကျောင်းမှာ အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့သည်။ သို့သော် မီးရှို့တိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။

    FBI က ထုတ်ပြန်သာ ကြေငြာချက်တွင် ထိုအဖြစ်အပျက်အတွင်း နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်မှုသလားဆိုသည်နှင့်ပတ်သက်၍ ဒေသတွင်း၊ ပြည်နယ်နှင့် ဖက်ဒရယ်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြခဲ့သည်။

    ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိချေ။ ဂရင်းဗီလီမြို့တော်ဝန် အဲရစ် ဆင်မွန်ကမူ အဆိုပါ အဖျက်အပျက်မှာ အမုန်းအခြေခံပြီး သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဇွန်လက တောင်ကယ်ရိုလိုင်းနားပြည်ယန် ချာလ်စတန်ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နိုင်ငံတောင်ပိုင်းရှိ ထင်ရှားသော လူမည်းဘုရားကျောင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ချာလ်စတန်ပစ်ခတ်မှုအတွင်း လူ ၉ ဦး သေဆုံးခဲ့သည်။

    Ref : Aljazeera

  • ပါလက်စတိုင်းနိုင်ငံပျောက်မှုအတွက် ဗြိတိန်က တောင်းပန်ရေး လှုပ်ရှားမှု စတင်

    ပါလက်စတိုင်းနိုင်ငံပျောက်မှုအတွက် ဗြိတိန်က တောင်းပန်ရေး လှုပ်ရှားမှု စတင်

    နိုဝင်ဘာ ၃၊ ၂၀၁၆
    M-Media

    pales
    အစ္စရေးနိုင်ငံတည်ထောင်ရေး နောက်ဆက်တွဲအဖြစ် ပါလက်စတိုင်းများ ၎င်းတို့မြေမှ အစုလိုက်အပြုံလိုက် မောင်းထုတ်ခံရမှုမှ မြင်ကွင်းတစ်ခု

    – ပါလက်စတိုင်းတွေ နိုင်ငံပျောက်ကာ ဖိနှိပ်ချုပ်ချယ်မှုလက်တွင်း ဆင်းသက်ရဖို့ ဦးတည်စေခဲ့တဲ့ ပါလက်စတိုင်း နယ်မြေမှာ ဂျူးနိုင်ငံတည်ထောင်ရေး ထောက်ခံတဲ့ ဘဲလ်ဖိုး ကြေငြာစာတမ်းအတွက် (Balfour Declaration) ယူကေအနေနဲ့ ပါလက်စတိုင်းပြည်သူတွေကို တရားဝင်တောင်းပန်ဖို့ တိုက်တွန်းဆော်သြတဲ့ လှုပ်ရှားမှုကို ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူတွေက အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။

    ဗြိတိန်အထက်လွှတ်တော်မှာ စတင်လိုက်တာဖြစ်ပြီး ပါလက်စတိုင်းအရေး လှုပ်ရှားသူ အဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံသူတွေက ဒီနေ့ ပါလက်စတိုင်းတွေ ကြုံတွေ့နေရတဲ့ ဒုက္ခ၊ သုက္ခတွေဟာ ပါလက်စတိုင်းနယ်မြေမှာ ဂျူးနိုင်ငံတည်ထောင်ဖို့ ခွင့်ပြုခဲ့တဲ့ ဗြိတိန်ရဲ့ကတိနဲ့ ဒေသတွင်း ကျယ်ပြန့်တဲ့ ဗြိတိန်ကိုလိုနီဝါဒကြောင့် ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုခဲ့ပါတယ်။

    ဒီတောင်းဆိုလွှာကို ထောက်ခံတဲ့လက်မှတ်ပေါင်း ၁ သိန်းလောက် ရခဲ့မယ်ဆိုရင်တော့ ဗြိတိန်ပါလီမန်ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပေးရမှာ ဖြစ်ပါတယ်။

    ဗြိတိန်အထက်လွှတ်တော်ရဲ့ လွှတ်လပ်သော အဖွဲ့ဝင်ဖြစ်တဲ့ ဘာရိုနက်စ် ဂျန်နီ တွန်ဂီကတော့ လွှတ်တော်က ပါလက်စတိုင်းအရေးထောက်ခံတဲ့ လွှတ်တော်အမတ်တွေအနေနဲ့ တောင်းဆိုလွှာကိစ္စ ဘယ်လိုပဲဖြစ်လာပါစေ ဒီလှုပ်ရှားမှုကို တွန်းအားပေးရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

    “ဒီကိစ္စကို အခုအချိန်ကနေစပြီး နောက်နှစ်အထိ ဆက်လက်တွန်းအားပေးသွားမယ့်လူတွေ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ ရှိမှာပါ” လို့ တွန်ဂီက ဆိုပါတယ်။

ူယူကေက ပါလက်စတိုင်းသံအဖွဲ့ရဲ့ ထောက်ခံမှုရရှိထားတဲ့ ဒီ တက်ကြွလှုပ်ရှားသူတွေဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ဘဲလ်ဖိုးကြေငြာစာတမ်း နှစ် ၁၀၀ ပြည့်တော့မယ့်အချိန်မှာ ဗြိတိန်အနေနဲ့ ဒီကိစ္စအတွက် တရားဝင် ၀န်ချတောင်းပန်ရေး ဖိအားပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ၁၉၁၇ ခုနှစ်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အာသာ ဂျိမ်းစ် ဘဲလ်ဖိုးက ဂရိတ်ဗြိတိန်နဲ့ အိုင်ယာလန်ဆိုင်ရာ ဇီယွန်ဖက်ဒရေးရှင်းအကြီးအကဲ လော့ဒ် ရော့သ်ချိုင်းကို ပါလက်စတိုင်းမှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းက မနှစ်မြို့တာမျိုး မရှိဘူးဆိုရင် ပါလက်စတိုင်းနယ်မြေအတွင်း ဂျူးနိုင်ငံတည်ထောင်ရေး ထောက်ခံမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။

    “ပါလက်စတိုင်းမှာ ဂျူးလူမျိုးတွေအတွက် အမျိုးသားနိုင်ငံ တည်ထောင်ရေးကို သင့်လျော်တယ်လို့ ဘုရင့်အစိုးရက ရှုမြင်ပြီး ဒီစီမံကိန်းအောင်မြင်ဖို့အတွက် အကောင်းဆုံး ကြိုးပမ်းအားထုတ်မှုတွေကို စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး ပါလက်စတိုင်းက ဂျူးမဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ တည်ရှိမှုအခွင့်အရေး၊ အခြားနိုင်ငံတွေက ဂျူးတွေ ခံစားနေရတဲ့ အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ အဆင့်အတန်းတွေကို ယုတ်လျော့စေမယ့် ဘယ်လိုအရာမှ မလုပ်ရဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်” လို့ ဒီကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    ဒီကြေငြာချက် ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ ပါလက်စတိုင်းကို အုပ်စိုးနေတဲ့ အော်တိုမန်အင်ပါယာဟာ ပထမကမ္ဘာစစ်မှာ မဟာမိတ်တပ်တွေကို အရှုံးပေးလိုက်ရပြီး ဗြိတိန်က ပါလက်စတိုင်းကို အုပ်စိုးဖို့ အခွင့်အရေး ရခဲ့ပါတယ်။

    ပါလက်စတိုင်းအရေး လှုပ်ရှားနေတဲ့ Palestinian Return Centre (PRC) အဖွဲ့အကြီးအကဲ မဂျစ် အလ်-ဇီးရ်ကတော့ ဒီ ဘဲလ်ဖိုးကြေငြာချက်ဟာ ရာစုနှစ်တစ်ခု ကြာညောင်းနေပြီဖြစ်တဲ့ ပါလက်စတိုင်းတို့ရဲ့ ထိခိုက်ခံစားရမှု အစဖြစ်တယ်လို့ ဆိုပါတယ်။

    “ဗြိတိန်ရဲ့ အခန်းကဏ္ဍက ပါလက်စတိုင်းတွေ မောင်းထုတ်ခံရမှုမှာ တိုက်ရိုက် သက်ရောက်ခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ ကြုံနေရတဲ့ ခံစားမှုဟာလည်း ဘဲလ်ဖိုးနောက်ဆက်တွဲ ရလဒ်ကြောင့်ပါပဲ။ ဒါ့ကြောင့် လွတ်လပ်ရေးရမယ့်အစား ပါလက်စတိုင်းတွေဟာ စစ်ပွဲတွေ၊ ဒုက္ခသည်စခန်းတွေ၊ ဒုက္ခသည်တွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ၊ အခြားသော နာကျင်စရာအဖြစ်အပျက် အမြောက်အများကိုသာ ရရှိခဲ့ပါတယ်” လို့ ဇီးရ်က ဖွင့်ဟခဲ့ပါတယ်။

    ဗြိတိန်-ပါလက်စတိုင်း စာရေးဆရာတစ်ဦးဖြစ်တဲ့ ကာရာလ် ဆဘ်ဘက်ဂ်က ဇီယွန်လှုပ်ရှားမှုအတွက် ဘဲလ်ဖိုး ကတိက၀တ်ဟာ ဂျူးတွေနဲ့ အာရပ်တွေကို ပေးခဲ့တဲ့ ရှေ့နောက်မညီတဲ့ ကတိက၀တ်တွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်ပြီး ဗြိတိန်ဟာ ဂျူးလူမျိုးတွေအတွက် အမျိုးသားနိုင်ငံတော် တည်ထောင်နိုင်ရေး ကြိုးပမ်းပေးသွားမယ်လို့ ကနဦး ကတိဝတ်ကို နောက်ပိုင်းအစိုးရတွေက နိုင်ငံခြားရေးပေါ်လီအဖြစ် သတ်မှတ်ခဲ့တယ်လို့လည်း ဆာဘတ်ဒ်က ပြောကြားပါသေးတယ်။

    “ပါလက်စတိုင်းကို အုပ်ချုပ်ခွင့်ရသွားတဲ့အခါ (ဂျူးအမျိုးသားနိုင်ငံ) တည်ထောင်ရေး သေချာစေမယ်လို့ ဗြိတိန်က ပြောကြားခဲ့ပါတယ်။ ဒါက ဒီကိစ္စအတွက် စိတ်ဝင်စားမှု၊ ထောက်ခံမှု သိပ်မပြတဲ့ စာလေးတစ်စောင်ကနေ မဖြစ်မနေလုပ်ပေးမယ့် ကတိက၀တ်အဖြစ်သတ်မှတ်တဲ့ ကြေငြာချက်တစ်ခုအသွင် ရုတ်တရုတ်ပြောင်းသွားတာ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ ပါလက်စတိုင်းကို ထိန်းချုပ်ခွင့် ရှိနေမှုနဲ့ ကြေငြာချက်က သဘောထားတွေကို ပါလက်စတိုင်းကနေ ဂျူးတိုင်းပြည်ဖြစ်သွားအောင် နိုင်ငံရေး သဘောတရားရေးရာအဖြစ် နောက်ပိုင်း ဗြိတိန်အစိုးရတွက အသုံးပြုခဲ့တာ ဖြစ်ပါတယ်”

    နောက်ပြီး ဆဘ်ဘက်ဂ်က ပါလက်စတိုင်းတွေ နိုင်ငံလက်မဲ့ဖြစ်သွားမှုမှာ သူ့ရဲ့ တာဝန်ရှိမှုကို ဗြိတိန်က လက်ခံလိုက်ခြင်းအားဖြင့် အစ္စရေး-ပါလက်စတိုင်းပြဿနာမှာ ရေရှည်တည်တံ့တဲ့အဖြေထွက်ရေးအတွက် ဆောင်ရွက်ဖို့ တိုင်းပြည်ကို ဖိအားပေးရာ ရောက်နိုင်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တရားမဲ့တဲ့လုပ်ရပ်အတွက် တာဝန်ယူလိုက်ရင် နောက်ပိုင်းအစိုးရတွေအနေနဲ့ ဒီပြဿနာကို ထပ်ပြီး ရှောင်လွှဲလို့မရဘူးဆိုတဲ့ သဘော သက်ရောက်သွားမှာပါ။ နောက်ပြီး ဒီနေ့ဖြစ်နေတဲ့ အခြနေတွေကို မျှဝေခံစားရေး တာဝန်ရှိနေတယ်ဆိုတာကိုလည်း အဆင့်တစ်ခုမှာ ဗြိတိန်က လက်ခံသွားစေမှာဖြစ်ကာ၊ အသက်မ၀င်တော့တဲ့ နှစ်နိုင်ငံတည်ရေးအဖြေအတွက် သံယောင်လိုက်နေတာထက် ပိုပြီး လုပ်ဆောင်ရမယ့် သဘောလည်း သက်ရောက်သွားမှာ ဖြစ်ပါတယ်”

    ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာရုံးက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့အစိုးရအနေနဲ့ ဘဲလ်ဖိုးကြေငြာချက်ရဲ့အပေါ် မနှစ်မြို့မှုတွေကို အသိအမှတ်ပြုပေမယ့် တောင်းပန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “ဘဲလ်ဖိုးကြေငြာစာတမ်းဟာ သမိုင်းဝင်ကြေငြာချက်တစ်ခုဖြစ်ပြီး ဗြိတိန်အစိုးရက အဲဒီအတွက် တောင်းပန်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို ပိုမိုဆောင်ကျင်းပေးနိုင်မယ့် ခြေလှမ်းတွေ လှမ်းနိုင်ရေး အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို တိုက်တွန်းဖို့ အဓိကထား လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် ဘဲလ်ဖိုးကြေငြာစာတမ်းနဲ့ပတ်သက်ပြီး လူတော်တော်များများက မနှစ်မြို့တာကို ကျွန်တော်တို့ အသိအမှတ်ပြုပြီး သင့်လျော်တဲ့ ရာပြည့်အခမ်းအနားကိုလည်း လုပ်ဆောင်သွားမှာပါ။ ယူကေ ရပ်တည်လာခဲ့တဲ့ အခြေအနေကတော့ ရှင်းပါတယ်။ နယ်မြေလွှဲပြောင်းမှု၊ ဂျေရုစလင်ကို နှစ်နိုင်ငံစလုံးရဲ့ မြို့တော်အဖြစ်၊ ဒုက္ခသည်တွေ နေထိုင်ရာအဖြစ် မျှဝေသုံးစွဲမှုနဲ့အတူ ၁၉၆၇ ခုနှစ် နယ်မြေပိုင်းခြားမှုကို အခြေခံကာ တည်ငြိမ်ပြီး အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံနဲ့ လုံခြုံတဲ့ အစ္စရေးနိုင်ငံတို့ အတူယှဉ်တွဲတည်ရှိရေး ဆွေးနွေးအဖြေရှာမှုကို ကျွန်တော်တို့ ထောက်ခံပါတယ်”

    Ref: Aljazeera

  • တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဇကာတင်စာရင်းကို ဖီဖာ ထုတ်ပြန်

    တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဇကာတင်စာရင်းကို ဖီဖာ ထုတ်ပြန်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    coach

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုအတွက် ဇကာတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ရာနီယေးရီ၊ ဂွါဒီယိုလာနှင့် လူးဝစ်အန်းရစ်တို့ ပါဝင်လာသည်ဟု သိရသည်။

    Ballon d’Or ဆုအတွက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ခဲ့ပြီး The Best FIFA Football Awards အမည်ဖြင့် ယခုနှစ်တွင် ပထမဆုံးပေးအပ်မည့် ဘောလုံးလောက အကောင်းဆုံးဆုများအတွက် နည်းပြများစာရင်းကို ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ရာနီယေးရီမှာ လက်စတာစီးတီးအတွက် သမိုင်းဝင် ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့ပြီး၊ ဂွါဒီယိုလာကမူ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါနှင့် ဂျာမနီ ရှုံးထွက်ဖလားတို့ကို ရယူပေးခဲ့သည်။

    ၂၀၁၅ ခုနှစ်က တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည့် လူးဝစ်အန်းရစ်မှာမူ ဘာစီလိုနာအသင်းအား ပြီးခဲ့သည့် ဘောလုံးရာသီတွင် ပြည်တွင်းဖလား ၂ လုံးနှင့် ကမ္ဘာ့ကလပ်ချန်ပီယံ၊ စပိန်စူပါဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    ၎င်းတို့ ၃ ဦးအပြင် ရီးယဲလ်နှင့် ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားတို့ ရယူနိုင်ခဲ့သည့် နည်းပြ ဇီဒိန်း၊ အက်သလက်တီကို ကို ချန်ပီယံလိဂ် ဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဒီယေဂို ဆီမြွန်နီတို့လည်း အဆိုပါ ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။

    နိုင်ငံအသင်းမှ နည်းပြများတွင် ပေါ်တူဂီအသင်းအား ယူရိုဖလား ရရှိအောင်စွမ်းဆောင်ပေးခဲ့သည့် နည်းပြ ဖာနန်ဒို ဆန်းတို့စ်၊ ဒုတိယရခဲ့သည့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်၊ ဝေးလ်အသင်းအား သမိုင်းဝင်ခြေစစ်ပွဲအောင်စေကာ ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ခရစ် ကိုးလ်မန်းတို့လည်း ဖီဖာ၏ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ဇကာတင်စာရင်းတွင် ပါဝင်နေသည်။

    အင်္ဂလန် EFL ဖလား (လိဂ်ဖလားနှင့်) ယူရိုပါ ဖိုင်နယ်တွင် ကစားခွင့်ရခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည့် လီဗာပူးလ်အသင်း၏ နည်းပြ ယန်ဂန်ကလော့နှင့် စပါးနည်းပြ ပိုချက်တီနိုတို့မှာလည်း ထိုစာရင်းတွင် ပါဝင်ခဲ့သည်။

    ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးကစားသမား ဆုများအပါအ၀င် အမျိုးသားနှင့် အမျိုးသမီးဘောလုံးလောကအတွက် ဆုပေါင်း ၈ ခုပေးအပ်မည့် The Best FIFA Football Awards ဆုပေပွဲအခမ်းအနားကို လာမည့် ဇန်န၀ါရီ ၉ ရက်နေ့တွင် ဇူးရစ်မြို့ရှိ ဖီဖာရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    Ref: Goal, fifa.com

  • ခင်ပွန်းကို အရွဲ့တိုက်ထီထိုးရာမှ အမေရိကန်အမျိုးသမီးတစ်ဦး ဒေါ်လာ ၁ သန်းပေါက်

    ခင်ပွန်းကို အရွဲ့တိုက်ထီထိုးရာမှ အမေရိကန်အမျိုးသမီးတစ်ဦး ဒေါ်လာ ၁ သန်းပေါက်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    lottery

    – ထီအရမ်းထိုးလွန်းတဲ့ ခင်ပွန်းသည်ကို အရွဲ့တိုက်ချင်တဲ့စိတ်နဲ့ ဈေးကြီးကြီးထီတစ်စောင်ထိုးခဲ့တဲ့ ဇနီးသည်တစ်ဦးဟာ ကံကောင်းထောက်မစွာပဲ ဒေါ်လာ တစ်သန်းဆုကြီးပေါက်ခဲ့တဲ့ အံ့သြဖွယ်အဖြစ်အပျက်တစ်ခု အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်။

    မြောက်ကယ်ရိုလိုင်းနားက ဂလန်ဒါ ဘလက်ဝဲလ်ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက ထီတွေထိုး ပိုက်ဆံဖြုန်းတီးနေတာကို လုံးဝ မနှစ်မြို့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့တစ်ပတ် စနေနေ့မှာတော့ သူမ အပြင်သွားကာနီး ခင်ပွန်းဖြစ်သူက ထီထိုးဖို့ မှာပါတယ်။ ဘလက်ဝဲလ်ကလည်း စိတ်ပေါက်ပေါက်နဲ့ ခါတိုင်းထက် တန်ဖိုးများတဲ့ ဒေါ်လာ ၁၀ တန် ကာရိုလိုင်းနား ခဲခြစ်သန်းထီကို ၀ယ်လာခဲ့ပါတော့တယ်။

    “ကျွန်မ တော်တော် စိတ်တိုသွားပြီး ဘာထိုးထိုး ပေါက်မှာမဟုတ်ဘူးဆိုတာကိုပြဖို့ ခဲခြစ်ထီလက်မှတ်ကို ၀ယ်လာခဲ့ပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်မ စိတ်ပေါက်ပေါက်နဲ့ ‘ရှင် ပိုက်ဆံတွေ ဖြုန်းနေတာပဲ’ လို့ ဆူစောင့်ပါတယ်” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

    ဒါပေမယ့် သူဝယ်လာတဲ့ ဒီခဲခြစ်ထီလက်မှတ်က ကံကောင်းထောက်မစွာနဲ့ပဲ ဒေါ်လာ ၁ သန်းဆုကြီး ပေါက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကို ထီထိုးတဲ့အတွက် ထပ်ပြီး ကြိမ်းမောင်းအုံးမလားဆိုတဲ့အခါ သူမက

    “ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရတော့မှာပေါ့ရှင်။ ဒါပေမယ့် ၀င်ရကျိုးနပ်ပါတယ်” လို့ အပြုံးတစ်ပိုင်းနဲ့ ဘလက်ဝဲလ်က ပြောကြားခဲ့ပါတယ်။

    သူမက ဒီငွေတွေနဲ့ အိမ်တွေ၊ မြေတွေဝယ်ဖို့စိတ်ကူးထားပြီး မြေးနှစ်ယောက် ကောလိပ်တက်ဖို့နဲ့ သမီးဖြစ်သူကို ကူညီဖို့ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

    Ref : CNN

  • ဂျပန်က ၅ နှစ်အတွင်း မြန်မာနိုင်ငံကို ကန် ၇ ဘီလီယံကျော် ကူညီမည်

    ဂျပန်က ၅ နှစ်အတွင်း မြန်မာနိုင်ငံကို ကန် ၇ ဘီလီယံကျော် ကူညီမည်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    – မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် ၅ နှစ်အတွင်း ယန်းငွေ ဘီလီယံ ၈၀၀ (ကန်ဒေါ်လာ ၇.၇၃ ဘီလီယံ) ထောက်ပံ့ကူညီပေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

    အစိုးရနှင့် ပုဂ္ဂလိကတို့မှ ပေးအပ်မည့် အဆိုပါအကူအညီမှ ယန်း ၄၀ ဘီလီယံကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူနည်းစုများအား တိုက်ရိုက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

    “ဒီအကူအညီက ငြိမ်းချမ်းမှုတည်ဆောက်ရေး အသီးအပွင့်တွေကို မြန်မာနိုင်ငံက ဒေသအသီးသီးကို ပြန့်နှံ့စေဖို့နဲ့ ရှေ့ဆက်ရှောက်လှမ်းသွားဖို့ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်” ဟု မြို့တော်တိုကျို၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့တွင်ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်အာဘေးက ပြောကြားခဲ့သည်။

    ထိုအကူအညီမှ ကျန်ငွေများကို လေယာဉ်ကွင်းနှင့် လျှစ်ဓာတ်အားစီမံကိန်းများကဲ့သို့ နယ်ပယ်များတွင် သုံးစွဲရမည်ဟု ဂျပန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေးအတွက် အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

    မြန်မာနိုင်ငံက ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသို့ အကူအညီပေးမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

    Ref: Reuters