News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းသတင်းစာမျက်နှာနှင့် ဂျာနယ်လစ်အကောင့်အများကို Facebook က ပိတ်ပင်လာ

    ပါလက်စတိုင်းသတင်းစာမျက်နှာနှင့် ဂျာနယ်လစ်အကောင့်အများကို Facebook က ပိတ်ပင်လာ

    စက်တင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    palestine

    – ပါလက်စတိုင်ပိုင် နောက်ဖက်ကမ်းတွင် အခြေစိုက်သည့် သတင်းမီဒီယာ နှစ်ခုမှ အယ်ဒီတာများက Facebook မှာ ၎င်းတို့၏ အကောင့်များကို ပြီးခဲ့သည့်တစ်ပတ်က ပိတ်ပစ်လိုက်ပြီး မည်သည့်အကြောင်းပြချက်မှ ပေးခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

    အပိတ်ခံရသည့် အကောင့်များမှာ Facebook တွင် ပရိတ်သတ် ၆.၃ သန်းရှိသည့် Sehab News Agency မှ အယ်ဒီတာ ၄ ဦးနှင့် ပရိတ်သတ် ၅.၁ သန်းရှိသည့် Quds News Network သတင်းဌာနမှ အမှုဆောင် ၃ ဦးတို့၏ အကောင့်များ ဖြစ်ကြသည်။ အဆိုပါ သတင်းအေဂျင်စီ နှစ်ခုစလုံးမှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များမှ နေ့စဉ်သတင်းများကို လွှင့်တင်ပေးနေသော ဌာနများဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များ ကျူးကျော်သိမ်းပိုက်ခံရခြင်း၊ ပါလက်စတိုင်းပြည်သူများ ငြှင်းပမ်းနှိပ်စက်ခံရခြင်း စသည့် သတင်းများ လွှင့်တင်မှုကို အစ္စရေးက လှုံ့ဆော်မှုဟု ကင်ပွန်းတပ်ထားပြီး ထို သတင်းလွှင့်တင်မှုများကို တားဆီးရန် ရည်ရွယ်သည်ဟုဆိုကာ Facebook အကောင့်များကို ထိန်းချုပ်ရန် အစ္စရေးအစိုးရနှင့် Facebook တို့အကြား မကြာသေးမီက သဘောတူညီချက်ရရှိခဲ့သည်။

    ယခု သတင်းဌာန ၂ ခုမှ အယ်ဒီတာများကမူ ထိုသဘောတူညီချက်ကြောင့် ၎င်းတို့၏ အကောင့်များ ဖယ်ရှားခံရခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    Quds News Network မှ ဘာသာပြန်နှင့် ဂျာနယ်လစ်တစ်ဦးဖြစ်သူ နစ္စရင် အလ်-ခါတစ်ဘ်ကမူ မိမိတို့သတင်းဌာနမှာ နိုင်ငံရေးမပါဘဲ ဖျော်ဖြေရေးနှင့် နိုင်ငံတကာသတင်းများကိုသာ အဓိကထား လွှင့်တင်ခြင်းဖြစ်သော်လည်း Facebook ၏ ပိတ်ပင်ခြင်းကို ခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည်ဝင်ရောက်၍ ရခဲ့သည်ဟု ဆိုသည်။

    “ကျွန်မတို့ဟာ Facebook ရဲ့ စံသတ်မှတ်ချက်တွေကို ချိုးဖောက်တာမျိုး၊ အစိုးရတွေကို စိတ်အနှောက်အယှက် ဖြစ်စေတာမျိုးတွေကို မတင်ပါဘူး။ ဒါပေမယ့်လည်း ကျွန်မတို့ ပစ်မှတ်ထား ခံခဲ့ရပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ထို့ပြင် အဘယ်ကြောင့် ထိုကဲ့သို့ ၀င်ရောက်ခွင့်ပိတ်ပင်သလဲဆိုသည်ကို Facebook ထံ ဖြေရှင်းချက်တောင်းခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်မှ မဟုတ်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ခါတစ်ဘ်ကဆိုသည်။ သို့သော်လည်း စနေနေ့က Facebook မှ ပြန်လည်တောင်းပန်ခဲ့ပြီး မတော်တဆ ပိတ်မိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Quds News Newtork သတင်းအေဂျင်စီမှ ဂျာနယ်လစ် ၃ ဦး၏ အကောင့်များကိုမူ ယခုအချိန်အထိ ၀င်ရောက်ခွင့်မပေးသေးဟု သူမက ဆိုသည်။

    Shehab News သတင်းဌာန၏ မန်နေဂျာဖြစ်သူ ရီမာဟ် မူဘာရက်ကမူ မိမိတို့ မန်နေဂျာ ၄ ဦး၏ အကောင့်များမှ တစ်ခုမှာ ၀င်ရောက်၍မရဘဲ မည်သည့်သတိပေးချက်မှလည်း ပေးပို့ခြင်းမရှိသလို ယခုအချိန်အထိလည်း ပြန်ဖွင့်ပေးခြင်း မရှိသေးဟု ဖွင့်ဟခဲ့သည်။

    အဆိုပါ သတင်းအေဂျင်စီမှာ အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်နှင့် အစ္စရေးနိုင်ငံအတွင်းမှ သတင်းများကို ဖော်ပြနေသည့် သတင်းဌာနတစ်ခုလည်းဖြစ်သည်။ ထို့ကဲ့သို့ ပါလက်စတိုင်းသတင်းဌာနများကို Facebook မှ ပိတ်ပင်ခြင်းမှာ ယခုအချိန်သည် ပထမဆုံးအကြိမ် မဟုတ်ဟု အလ်-ခါတစ်ဘ်က ပြောကြားခဲ့သည်။

    “အခြားသော ပါလက်စတိုင်းသတင်းကွန်ယက် အေဂျင်စီတွေကိုလည်း Facebook ဘာအကြောင်းပြချက်မှ မပေးဘဲနဲ့ ပိတ်ပစ်ခဲ့တာတွေ ရှိပါတယ်။ ၅ ခုလောက်ရှိပြီး အဲဒီထဲက Gaza 24 လည်း ပါဝင်ပါတယ်”

    ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးက သတင်းမီဒီယာလုပ်ငန်းများကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားသောကြောင့် ယခင်က ပါလက်စတိုင်းများအပေါ် အစ္စရေး၏ ကျူးလွန်မှုများကို ကမ္ဘာကြီးက မသိရှိခဲ့ရပေ။

    သို့သော်လည်း နောက်ပိုင်း ဆိုရှယ်မီဒီယာများ ကျယ်ပြန့်လာသည့်အခါတွင် အစ္စရေး၏ နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေး ချိုးဖောက်သော လုပ်ရပ်များကို ကမ္ဘာ့ ပြည်သူလူထုက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးနောက် ယခုကဲ့သို့ သတင်းကွန်ယက်များကို အစ္စရေးက ပစ်မှတ်ထားလာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ငလျင်ဒဏ်သင့် အီတလီပြည်သူများအတွက် ရောမဗလီကြီးက ရန်ပုံငွေ ရှာဖွေပေး

    ငလျင်ဒဏ်သင့် အီတလီပြည်သူများအတွက် ရောမဗလီကြီးက ရန်ပုံငွေ ရှာဖွေပေး

    စက်တင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    rome
    Great Mosque of Rome

    – ပြီးခဲ့တဲ့လက အီတလီနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အိုးအိမ် ဆုံးရှုံးသွားသူတွေအတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ်တစ်ခုကို ရောမမြို့ ဂျာမေဗလီဝတ်ကျောင်းတော်ကြီး (Great Mosque of Rome) က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ပြင်းအား ၆.၅ မဂ္ဂနီကျုရှိခဲ့တဲ့ အဲဒီငလျင်ကြောင့် လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ပြီး အဆောက်အဦးများစွာလည်း ပြိုကျပျက်ဆီးခဲ့ပါတယ်။

    အသက်ရှင်ကျန်ရစ်သူတွေအတွက် လိုအပ်တဲ့အဆောက်အဦးတွေ ပြန်လည် ဆောက်လုပ်နိုင်ရေး ရန်ပုံငွေ ရှာဖွေတဲ့ ဒီအစီအစဉ်ကို လူတိုင်းအတွက် တံခါးဖွင့်ပေးထားပြီး တက်ရောက်တဲ့သူတွေကိုလည်း ဗလီဝတ်ကျောင်းတော်က ငလျင်လှုပ်ခတ်စဉ်အတွင်း အထိနာဆုံးဖြစ်ခဲ့တဲ့ လာမာသရီချေးမြို့က နာမည်ကြီး ခေါက်ဆွဲနဲ့ တည့်ခင်း ဧည့်ခံခဲ့ပါတယ်။

    “ကျွန်တော်တို့တွေဟာ ရောင်းရင်းမိတ်ဆွေတွေပါ။ ကျွန်တော်တို့ ဒီမှာ ငြိမ်းချမ်းစွာနေထိုင်ပြီး ငလျင်ဒဏ်ခံစားရသူတွေနဲ့အတူ အနီးကပ် ရပ်တည်ပေးနေပါတယ်။ ကောင်းမွန်တဲ့ အခြေအနေမှာဖြစ်စေ၊ ဆိုးရွားတဲ့ အခြေအနေမှာဖြစ်စေ သူတို့ကို ကျွန်တော်တို့ အမြဲတမ်း ပံ့ပိုးကူညီသွားမှာပါ” လို့ ဗလီဝတ်ကျောင်းတော်ကြီးတဲ့ တာဝန်ရှိသူ ဆာလာဟ် ရာမာဒန် အဲလ်ဆာယဒ်က ပြောကြားခဲ့ပါတယ်။

    အဲဒီရန်ပုံငွေရှာဖွေပွဲကို ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

    “ဒီနေ့လို အခမ်းအနားမျိုးတွေက မတူညီတဲ့ ဘာသာတရားတွေကို ထဲထဲဝင်ဝင်လေ့လာနိုင်ဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဗလီဝတ်ကျောင်းတော်တွေက တံးခါးတွေပိတ်ထားတယ်ဆိုတာ မမှန်ကန်ပါဘူး။ တံခါးတွေ ဖွင့်ထားပါတယ်” လို့ ရောမမြို့ ဘာသာပေါင်းစုံချစ်ကျည်ရေးဘုတ်အဖွဲ့က တာဝန်ရှိသူ ပါအိုလာ ဂါဘရီယဲလီက ပြောကြားခဲ့ပါတယ်။

    ငလျင်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ လူပေါင်း ၃၀၀၀ အနက် ၂၅၀၀ လောက်ဟာ အလွန်အေးခဲတဲ့ ရာသီဥတုကို အန်တုကာ ယာယီတဲတွေမှာ နေထိုင်နေရပြီး၊ အခြေခံလိုအပ်ချက်တွေရရှိဖို့နဲ့ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်ဖို့ လိုအပ်နေတယ်လို့ အီတလီအစိုးရက ထုတ်ပြန်ထားပါတယ်။

    Ref: PressTV

  • အီရန်က ကိုယ်ပိုင်အကြွေးဝယ်ကဒ်ကို မိတ်ဆက်

    အီရန်က ကိုယ်ပိုင်အကြွေးဝယ်ကဒ်ကို မိတ်ဆက်

    စက်တင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    credit

    – အီရန်နိုင်ငံမှာ ပြည်သူများ ငွေကြေးသုံးစွဲရာတွင် လွယ်ကူစေရန်အတွက် နိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်အကြွေးဝယ်ကဒ်ကို မိတ်ဆက်လိုက်သည်ဟု သိရသည်။

    မူရာဘာဟာ အစ္စလာမ့်ဘဏ္ဍာရေးသတ်မှတ်ချက်နှင့် ကိုက်ညီအောင် ဆေင်ရွက်ထားသည့် အဆိုပါ အကြွေးဝယ်ကဒ်များကို ရီယဲလ် သန်း၁၀၀ (ကန်ဒေါ်လာ ၃၀၀၀)၊ ရီယဲလ် သန်း ၃၀၀ (ကန်ဒေါ်လာ ၁၀၀၀၀)၊ ယီယဲလ် သန်း ၅၀၀ (ကန်ဒေါ်လာ ၁၅၀၀၀) အသီးသီး သတ်မှတ်ထားပြီး ဈေးဆိုင်များ၊ အွန်လိုင်းဝယ်ယူမှုများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

    မူရာဘာဟာဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုကို ဘဏ်က ၀ယ်ယူပြီး ဈေးဝယ်သူအား အမြတ်တင်ကာ အရစ်ကျစနစ်ဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်သည်။ ယခု မိတ်ဆက်လိုက်သည့် အကြွေးဝယ်ကဒ်များအတွက် အမြတ်ငွေကို အီရန်ဗဟိုဘဏ်က ၁၈ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

    အကြွေးဝယ်ကဒ်ကို အသုံးပြုသူများအနေဖြင့် ၃၆ လ အရစ်ကျဖြင့် ပြန်ဆပ်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုအကြွေးဝယ်ကဒ်ကို Bank Melli Iran ဘဏ်နှင့် Ayandeh Bank ဘဏ်တို့မှတစ်ဆင့် အသုံးပြုနိုင်မည်ဖြစ်ပြီး စတင်မိတ်ဆက်သည့် ပထမတစ်နေ့တည်းမှာပင် Ayandeh Bank ဘဏ်တွင် လာရောက်လျှောက်ထားသူ ၁၂၀၀၀ ရှိခဲ့သည်ဟု IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

    အီရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီး မဟ်မူဒ် ဗေဇီက မိမိတို့အနေဖြင့် MasterCard ၏ အကြွေးဝယ်ကဒ်စနစ်၊ JBC၊ CUP တို့ကဲ့သို့ အာရှနိုင်ငံများရှိ ဘဏ်များမှ ထုတ်ပေးသော အကြွေးဝယ်ကဒ်များ စသည်တို့ကို နိုင်ငံ အတွင်း မိတ်ဆက်ပေးမည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။

    Ref : PressTV

  • အင်ဒိုနီးရှားသို့ မြန်မာက ဆန်တန်ချိန် ၅ သိန်း တင်ပို့မည်

    အင်ဒိုနီးရှားသို့ မြန်မာက ဆန်တန်ချိန် ၅ သိန်း တင်ပို့မည်

    စက်တင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    rice

    – မြန်မာနိုင်ငံမှာ အင်ဒိုနီးရှားသို့ ၂၀၁၉ ခုနှစ်အထိ ဆန်တန်ချိန် ၅ သိန်း တင်ပို့ရန်အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးတော့မည်ဟု ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။

    “အင်ဒိုနီးရှား ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအသစ်က အချိန်အကန့်အသစ်တစ်ခုမှာ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။ ကျွန်တော်တို့ ဒီလအတွင်းသွားပြီး သဘောတူညီချက် လက်မှတ်ထိုးဖို့ စီစဉ်ထားပါတယ်” ဟု ၀န်ကြီးဌာနမှ တာဝန်ရှိသူ ဦးခင်မောင်လွင်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ ဆန်စပါးတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းမှာ တရုတ်ပြည်သို့ သွားရောက်နေသော်လည်း ဆန်စပါးအသင်းကမူ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံများသို့ ပိုမိုတင်ပို့ရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားအစိုးရမှာ မြန်မာနိုင်ငံမှ ဆန်တင်ပို့ရန် အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့်ဆန်များ ဈေးကွက်တွင် မလုံလောက်ပါက ဒေသတွင်း ဈေးကွက်တည်ငြိမ်စေရန် အရန်အဖြစ် ထားရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။

    ၂၀၁၆ ခုနှစ်မေလတွင် အင်ဒိုနီးရှား လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၅၀၀၀ တင်သွင်းခဲ့သော်လည်း အနောက်ဂျာဗား ဆူရာဘာယာရှိ တန်ဂျုံပဲရက် ဆိပ်ကမ်းတွင် သောင်တင်သွားခဲ့ပြီး ထိုစဉ်က ကုန်သွယ်ရေးဝန်ကြီး သောမတ်စ် လမ်ဘွန်က ထိုကိစ္စနောက်ကွယ်မှ အကြောင်းအရင်းကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့လေသည်။

    Ref : thejakartapost

  • အိန္ဒိယမွတ်စလင် ဗိုလ်ချုပ်ကြီးတစ်ဦး အရေးပါသည့် စစ်ဌာနချုပ်တွင် တပ်မမှူးအဖြစ် ခန့်အပ်ခံရ

    အိန္ဒိယမွတ်စလင် ဗိုလ်ချုပ်ကြီးတစ်ဦး အရေးပါသည့် စစ်ဌာနချုပ်တွင် တပ်မမှူးအဖြစ် ခန့်အပ်ခံရ

    စက်တင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    hariz-2
    သူရဲကောင်းဗိမာန်တွင် သွားရောက်ဂါရပြုနေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဟာရစ်ဇ်

    သူရဲကောင်းဗိမာန်သို့ သွားရောက်ဂါရ၀ါပြုနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ဟာရစ်ဇ်- အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှ ရွာလေးတစ်ရွာတွင် ရွာသားမျာမှာ အုံးအုံးကျွက်ကျွက်နှင့် အလုပ်ရှုပ်နေကြပြီး အကြောင်းကတော့ ၎င်းတို့ရွာသား မွတ်စလင် ဗိုလ်ချုပ်ကြီးတစ်ဦးမှာ ပထ၀ီအနေအထားရ အရေးပါသည့် တောင်ပိုင်း စစ်ဌာနချုပ် တပ်မှူးအဖြစ် ခန့်အပ်ခံရမှုအတွက် ဂုဏ်ပြုပွဲလုပ်ရန် စီစဉ်နေသောကြာင့် ဖြစ်သည်။

    တပ်မမှူးအဖြစ် ခန့်အပ်ခံရသူမှာ ဒုတိယဗိုလ်ချုပ်ကြီး ပီ အမ် ဟာရစ်ဇ်ဖြစ်ပြီး တပ်မမှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်က ဒုတိယ စစ်ဦးစီးအရာရှိချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် ဗိုလ်ချုပ်ကြီး ဟာရစ်ဇ်ကို တပ်မမှူးနေရာတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

    ပြည်နယ်မြိုတော် ကိုဇီကိုဒီ၏ ၁၆ ကီလိုမီတာအကွာ ချီရုပ္ပတာမြို့ရှိ ကူတီကာဒါဗူရွာကလေးကမှ ဗိုလ်ချုပ်ကြီး၏ ဆွေမျိုးများ ရွာသားများကတော့ ၎င်းတို့၏ ရွာသားတစ်ဦးက ကမ္ဘာ့အင်အားအတောင့်တင်းဆုံး စစ်တပ်များမှ တစ်ခုဖြစ်သည့် အိန္ဒိယတပ်မတော်တွင် ထိုကဲ့သို့ အကြီးတန်းရာထူး ရရှိခဲ့သည့်အတွက် အလွန်ပျော်ရွှင် စိတ်လှုပ်ရှားမိကာ ဂုဏ်ယူသည်ဟု ပြောကြားခဲ့သည်။

    ရွာထဲသို့ ၀င်လိုက်သည်နှင့် ဗိုလ်ချုပ်ကြီး ဟာရစ်ကို ဂုဏ်ပြုထားသည့် ဗီနိုင်း ချိတ်ဆွဲထားသည်ကို တွေ့မြင်ရသည်။ ဗိုလ်ချုပ်ကြီး ဟာရစ်ဇ်မှာ ၎င်း၏မိသားစုတွင် အကြီးဆုံးသားဖြစ်သည်။ ဖခင်ဖြစ်သူ မိုဟာမက် အလီမှာ တမီလ်နန်ဒူးပြည်နယ် Trichy လေဆိပ်တွင် ဆက်သွယ်ရေးအရာအရှိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ မိခင်ဖြစ်သူက ကျောင်းဆရာမဖြစ်ပြီး ၁၉၆၂ ခုနှစ် အစောပိုင်းမှာပင် ကွယ်လွန်ခဲ့သည်။

    hariz-3

    ဗိုလ်ချုပ်ကြီးတွင် ညီအစ်ကိုမောင်နှမ ၂ ဦးရှိပြီး ညီမဖြစ်သူ ရှမင်းက တရားလွှတ်တော်ရှေ့နေတစ်ဦးအဖြစ် မွမ်ဘိုင်း တရားရေးလောကတွင် နှစ်ပေါင်း ၃၀ ကြာ ကျင်လည်ခဲ့သူဖြစ်သည်။ ညီအငယ်ဆုံး အာရစ်ဖ်ကလည်း အိန္ဒိယတပ်မတော်တွင် တပ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင် Crimson Energy Experts Pvt. Ltd တွင် အကြီးတန်း အင်ဂျင်နီယာ အကြံပေးအဖြစ် ဆောင်ရွက်နေလေသည်။

    ညီမဖြစ်သူ ရှမင်းက ၎င်း၏ အစ်ကို ထိုကဲ့သို့ ခန့်အပ်ခံရခြင်းအတွက် မိမိတို့ မိသားစုတစ်ခုလုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားမိပြီး ဂုဏ်ယူမိသည်ဟု ပြောကြားခဲ့သည်။

    “အစ်ကိုကြီးက ကျွန်မတို့မိသားစုရဲ့ စံထားရတဲ့ပုဂ္ဂိုလ်ပါ။ အစ်ကိုကြီးရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခုက ကိုယ်ရည်ကိုယ်သွေေးကာင်းမွန်ပြီး မိသားစုဝင်တွေနဲ့ ထဲထဲဝင်ဝင် ဆက်ဆံတက်တာပါ။ နောက်ပြီး အစ်ကိုကြီးဟာ ပရော်ဖက်ရှင်နယ်ပီသတယ်၊ အလုပ်ကြိုးစားတယ်၊ စိတ်နှစ်မြုပ်မှုရှိတယ်၊ ရိုးသားတယ်၊ ဇွဲရှိတယ်၊ တိုင်းပြည်ချစ်စိတ်ပြင်းထန်တယ်။ ဒါတွေက သူ့အတွက် အောင်မြင်မှုဆီသွားဖို့ လှေကားထစ်တွေ ဖြစ်ခဲ့ပါတယ်။ အောင်မြင်ပေမယ့် သူက ရိုးသားတယ်၊ တစ်ပါးသူတွေကို စာနာတတ်တယ်။ ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ ခင်ခင်မင်မင်နေတတ်ပါတယ်”

    ဇာတိရွာတွင် ဗိုလ်ချုပ်ကြီးအား ဂုဏ်ပြုချိတ်ဆွဲထားသည့် ဗီနိုင်းတစ်ခုတောင်ပိုင်းစစ်ဌာနချုပ်၏ တပ်မမှူးအဖြစ် ခန့်အပ်ခံရပြီးနောက် ဒုတိယ ဗိုလ်ချုပ်ကြီး ဟာရစ်ဇ်မှာ ပူနေးရှိ သူရဲကောင်းဗိမာန် (National War Memorial) သို့ သွားရောက်ခဲ့ပြီး တိုင်းပြည်အတွက် အသက်ပေးသူများကို ဂါရ၀ပြုခဲ့သည်။ ထို့နောက် ၎င်းမှာ Guard of Honor ဘွဲ့ကို လက်ခံရယူခဲ့လေသည်။ ယခုကဲ့သို့ စစ်ဌာနချုပ်၏ တပ်မမှူး မဖြစ်ခင်က ဗိုလ်ချုပ်ကြီး ဟာရစ်ဇ်မှာ ရှင်မလာရှိ ကြည်းတပ်လေ့ကျင့်ရေးဌာနချုပ်တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    ငယ်စဉ်က တမီလ်နန်းဒူးပြည်နယ် အမ်ရာဝတီနာဂါတွင် ပညာဆည်းပူးခဲ့ပြီး၊ ခါဒက်ဝက်စလာရှိ အမျိုးသားကာကွယ်ရေး အကယ်ဒမီတွင်လည်း တက်ရောက်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဒဲဟ်ရာဒွန်းရှိ အိန္ဒိယစစ်အကယ်ဒမီမှ အခြေခံ စစ်ပညာများကို သင်ယူပြီးနောက် အမှတ် ၁၂ ခြေလျှင်အင်ဂျင်နီယာတပ်သို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အမှတ် ၁၉ ခြေလျင်အင်ဂျင်နီယာတပ်တွင် တပ်မှူးဖြစ်ခဲ့သည်။ ထို့နောက် ဟာရစ်ဇ်မှာ ယူကေတွင် အဆင့်မြင် စစ်ဖက်ဆိုင်ရာ ၀န်ထမ်းသင်တန်း၊ ဒေလီမြို့ရှိ အမျိုးသားကာကွယ်ရေးကောလိပ်တွင် အဆင့်မြင့်တပ်မှူးဆိုင်ရာ သင်တန်းတို့အပါအ၀င် စစ်ဖက်ဆိုင်ရာ သင်တန်းများအားလုံးကို တက်ရောက်ခဲ့သည်။

    စစ်တပ်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး ဟာရစ်ဇ်မှာ အဆင့်မြင့်ဝန်ထမ်းအဖြစ်လည်းကောင်း၊ ကွပ်ကဲရေးဝန်ထမ်းအဖြစ်လည်းကောင်း အတွေ့အကြုံပေါင်းများစွာကို ရရှိခဲ့ပြီး ကုလသမဂ္ဂတာဝန်ဖြင့် အန်ဂိုလာတွင် စစ်ဖက်ရေးရာ လေ့လာဆန်းစစ်သူ၊ ကိုယ်ရေးအရာရှိနှင့် ဒေသဆိုင်ရာ တပ်မှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရသည်။

    hariz
    ၎င်း၏ဇာတိရွာတွင် ဂုဏ်ပြုချိတ်ဆွဲထားသော ဗီနိုင်း

    ထို့ပြင် အမ်ဟောင်မြို့ရှိ ခြေလျင်တပ် သင်တန်းကျောင်း(Infantry School) နှင့် ၀ဲလင်တန်ရှိ ကာကွယ်ရေးဝန်ထမ်းများ ကောလိပ် ( Defense Services Staff College) တို့တွင်လည်း နည်းပြအဖြစ်လည်းကောင်း၊ နယူဒေလီရှိ ကြည်းတပ်ဌာနချုပ်တွင် ရာထူးအမျိုးမျိုးဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

    ထို့ပြင် အိန္ဒိယတွင် စစ်ဖက်ဝန်ထမ်းကောင်း၊ ရဲစွမ်းသတ္တရှိသူ၊ နိုင်ငံ့ဝမ်ထမ်းကောင်းတို့အတွက် ချီးမြှင့်သည့် Ati Vishisht Seva Medal၊ Sena Medal နှင့် Vishisht Seva Medal စသည့် ဆုတံဆိပ်များကိုလည်း ရရှိခဲ့သည်။

    Ref: Saudigazeete