News @ M-Media

အီရန်က ကိုယ်ပိုင်အကြွေးဝယ်ကဒ်ကို မိတ်ဆက်

စက်တင်ဘာ ၂၆၊ ၂၀၁၆
M-Media

credit

– အီရန်နိုင်ငံမှာ ပြည်သူများ ငွေကြေးသုံးစွဲရာတွင် လွယ်ကူစေရန်အတွက် နိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်အကြွေးဝယ်ကဒ်ကို မိတ်ဆက်လိုက်သည်ဟု သိရသည်။

မူရာဘာဟာ အစ္စလာမ့်ဘဏ္ဍာရေးသတ်မှတ်ချက်နှင့် ကိုက်ညီအောင် ဆေင်ရွက်ထားသည့် အဆိုပါ အကြွေးဝယ်ကဒ်များကို ရီယဲလ် သန်း၁၀၀ (ကန်ဒေါ်လာ ၃၀၀၀)၊ ရီယဲလ် သန်း ၃၀၀ (ကန်ဒေါ်လာ ၁၀၀၀၀)၊ ယီယဲလ် သန်း ၅၀၀ (ကန်ဒေါ်လာ ၁၅၀၀၀) အသီးသီး သတ်မှတ်ထားပြီး ဈေးဆိုင်များ၊ အွန်လိုင်းဝယ်ယူမှုများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

မူရာဘာဟာဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုကို ဘဏ်က ၀ယ်ယူပြီး ဈေးဝယ်သူအား အမြတ်တင်ကာ အရစ်ကျစနစ်ဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်သည်။ ယခု မိတ်ဆက်လိုက်သည့် အကြွေးဝယ်ကဒ်များအတွက် အမြတ်ငွေကို အီရန်ဗဟိုဘဏ်က ၁၈ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

အကြွေးဝယ်ကဒ်ကို အသုံးပြုသူများအနေဖြင့် ၃၆ လ အရစ်ကျဖြင့် ပြန်ဆပ်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုအကြွေးဝယ်ကဒ်ကို Bank Melli Iran ဘဏ်နှင့် Ayandeh Bank ဘဏ်တို့မှတစ်ဆင့် အသုံးပြုနိုင်မည်ဖြစ်ပြီး စတင်မိတ်ဆက်သည့် ပထမတစ်နေ့တည်းမှာပင် Ayandeh Bank ဘဏ်တွင် လာရောက်လျှောက်ထားသူ ၁၂၀၀၀ ရှိခဲ့သည်ဟု IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီး မဟ်မူဒ် ဗေဇီက မိမိတို့အနေဖြင့် MasterCard ၏ အကြွေးဝယ်ကဒ်စနစ်၊ JBC၊ CUP တို့ကဲ့သို့ အာရှနိုင်ငံများရှိ ဘဏ်များမှ ထုတ်ပေးသော အကြွေးဝယ်ကဒ်များ စသည်တို့ကို နိုင်ငံ အတွင်း မိတ်ဆက်ပေးမည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။

Ref : PressTV

Comments

Leave a Reply