News @ M-Media
Author: Ko Lay
  • အစ္စရေးစစ်လေယာဉ်များကို ဆီးရီးယား ပစ်ချ
    အစ္စရေးစစ်လေယာဉ်များကို ဆီးရီးယား ပစ်ချ
    စက်တင်ဘာ ၁၃၊ ၂၀၁၆
    M-Media
    syria-4
    – နိုင်ငံတောင်ပိုင်းရှိ မိမိတို့၏ စစ်ဖက်ဆိုင်ရာ နေရာများကို တိုက်ခိုက်ခဲ့သည့် အစ္စရေး တိုက်လေယာဉ်နှင့် ဒရုန်းလေယာဉ်တို့ကို ပစ်ချခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ယနေ့တွင် ကြေငြာလိုက်သည်။
    အဆိုပါ အစ္စရေးလေယာဉ်များမှာ နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ဆီးရီးယား၏ စစ်ဖက်ဆိုင်ရာ နေရာများကို တိုက်ခိုက်စဉ်အတွင်း နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်က သိရှိခဲ့ပြီးနောက် ပစ်ခတ်ချေမှုန်းခဲ့ခြင်းဟု နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။
    တိုက်လေယာဉ်ကို Quneitra ဟူသည့်အရပ်တွင် ပစ်ချခဲ့ခြင်းဖြစ်ပြီး ဒရုနုးလေယာဉ်ကိုမူ Sasa ဆိုသည့် နေရာတွင် ပစ်ချခဲ့ခြင်းဖြစ်သည်။ အစ္စရေးမှာ ယနေ့မနက်ပိုင်းက Quneitra ရှိ ဆီးရီးယာ၏ အမြှောက်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။
    အစ္စရေးစစ်တပ်ကမူ ဆီးရီးယားက ၎င်းတို့၏ လေယာဉ်များ ပစ်ချသည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဒုံးကျည်များပစ်ခတ်ခဲ့သော်လည်း ထိမှန်ခြင်းမရှိဟု ပြောကြားခဲ့သည်။
    အစ္စရေးမှာ ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းဒေသကို ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲက သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏ ပိုင်နက်အဖြစ် သွတ်သွင်းခဲ့ကာ နိုင်ငံတကာအ၀ိုင်းအ၀ိုင်းက အစ္စရေး၏ ထိုလုပ်ရပ်အား ရှုတ်ချထားသည်။
    Ref: PressTV
  • မွတ်စလင်တို့၏ ကုရ်ဘာနီအီးဒ်နေ့အတွက် စင်ကာပူဝန်ကြီးချုပ် နှုတ်ခွန်းဆက်သ
    မွတ်စလင်တို့၏ ကုရ်ဘာနီအီးဒ်နေ့အတွက် စင်ကာပူဝန်ကြီးချုပ် နှုတ်ခွန်းဆက်သ
    စက်တင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    lee
    – စင်ကာပူနိုင်ငံမှာ ယနေ့ (စက်တင်ဘာ ၁၂ ရက်နေ့) ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အီဒွလ်အသွဟာနေ့ (ကုရ်ဘာနီအီးဒ်နေ့) အတွက် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နှုတ်ခွန်းဆက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
    “ဒီနှစ်မှာ ကျွန်တော်တို့နိုင်ငံသား ၆၈၀ ဟာ သူတို့ရဲ့ ဟဂ်ျတာဝန်ကို ထမ်းဆောင်ဖို့အတွက် သွားခဲ့ကြပါတယ်။ ဟဂ်ျပြုခြင်းဆိုတာ အစ္စလာမ်သာသာနာရဲ့ ပဉ္စမမြောက်မဏ္ဍိုင်ပါ။ နှစ်တိုင်းမှာ သန်းပေါင်းများစွာသော မွတ်စလင်တွေဟာ ဒီ ဟဂ်ျတာဝန်ကို ထမ်းဆောင်ဖို့ ဆော်ဒီအာရေဗျကို သွားရောက်ကြပါတယ်။ ကျွန်တော်တို့တိုင်းပြည်က ဟဂ်ျပြုသူတွေအနေနဲ့လည်း ဘေးအန္တရာယ်ကင်းရှင်းပြီး၊ ရည်မှန်းချက်ပြည့်ဝတဲ့ ခရီးစဉ် ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်”
    နောက်ပြီး မွတ်စလင်တွေရဲ့ အသားဝတ္ထု စွန့်လှူဒါနပြုမှု ရည်ရွယ်ချက်ကိုလည်း လီရှန်လွန်းက ဖော်ပြခဲ့ပြီး အဲဒီစွန့်လှူဒါနပြုဖို့အတွက် သားကောင်တွေကို စင်ကာပူအစိုးရက တင်သွင်းရာမှာ သေဆုံးမှုအချို့ ရှိခဲ့တဲ့အတွက်လည်း တောင်းပန်ခဲ့ပါတယ်။
    “မွတ်စလင်တွေဟာ ဒီနေ့မှာ စွန့်လှူဒါနပြုမှုတွေ ပြုလုပ်ကြပြီး ချို့တဲ့သူတွေ၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဝေငှလှူဒါန်းကြပါတယ်။ ကံမကောင်းတာက စင်ကာပူကို လေယာဉ်နဲ့သယ်လာတဲ့ သိုးတစ်ချို့ဟာ သေဆုံးသွားခဲ့ပြီး၊ ဘာ့ကြောင့် ဒီလိုဖြစ်တာလဲဆိုတာကိုလည်း ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
    နောက်ဆုံးမှာတော့ ကုရ်ဘာနီ စွန့်လှူဒါနပြုမှုကို သတ်မှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း လုပ်ဆောင်နေကြပြီး၊ အဲဒီလို လုပ်နိုင်ဖို့အတွက် နေ့မအားညမနား ဆောင်ရွက်ပေးခဲ့သူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: Facebook of Hsien Loong
  • ဖိလစ်ပိုင်၏ မူးယစ်နှိမ်နင်းရေး အောင်မြင်သည်ဟု အစိုးရတာဝန်ရှိသူ ပြော
    ဖိလစ်ပိုင်၏ မူးယစ်နှိမ်နင်းရေး အောင်မြင်သည်ဟု အစိုးရတာဝန်ရှိသူ ပြော
    စက်တင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    phili-3
    – နှစ်လအတွင်း လူ့အသက်ပေါင်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ရသည့် ဖိလစ်ပိုင်၏ မူးယစ်နှိမ်နင်းရေး ဆောင်ရွက်မှုမှာ အောင်မြင်သည်ဟု သမ္မတ ရော်ဒရီဂို ဒူတာတီ၏ ပြောရေးဆိုခွင့်ရှိသူ မာတင် အန်ဒါနာက ပြောကြားလိုက်သည်။
    ဖိလစ်ပိုင်၏ ထိုကဲ့သို့ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှုကို လူ့အခွင့်အရေးအဖွဲ့များနှင့် အနောက်နိုင်ငံများက ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး အန်ဒါနာကမူ သေဆုံးသွားသူများမှာ ဝေဖန်သူများ စွပ်စွဲသလို အစိုးရတပ်ဖွဲ့ဝင်များ၏ နှိမ်နှင်းမှုကြောင့် မဟုတ်ဘဲ လူဆိုးဂိုးဏ်များအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် သေဆုံးရခြင်းဟု ဆိုသည်။
    သမ္မတဒူတာတီမှာ ရာဇ၀တ်ကောင်များကို သုတ်သင်ပစ်မည်ဟူသည့် ကတိဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရလာခဲ့ပြီးနောက် ၎င်း၏ ကတိကို အကောင်အထည်ဖော်နေသည်။
    “ရဲတပ်ဖွဲ့စစ်ဆင်ရေးတွေဟာ အောင်မြင်ပါတယ်။ ဒါပေမယ့် ဂိုးဏ်တွေအချင်းချင်း တိုက်ပွဲတွေဖြစ်နေပြီး တစ်ယောက်ကိုတစ်ယောက် သတ်နေကြတာပါ” ဟု အန်ဒါနာက ဆိုပြီး ထိုသတ်ဖြတ်မှုများကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သမ္မတ ဒူတာတီ၏ ရာဇ၀တ်မှုဆန့်ကျင်ရေး စတင်သည့်အချိန်ကတည်းက တစ်နေ့လျှင် လူပေါင်း ၄၁ ဦး သေဆုံးနေသည်ဟု ဖော်ပြနေသည်။
    ကုလသမဂ္ဂ တာဝန်ရှိသူများ၊ လူ့အခွင့်အရေးအုပ်စုများ၊ ဖိလစ်ပိုင်ပြည်တွင်းမှ ကတ်သလစ်ဘုရားကျောင်းခေါင်းဆောင်များနှင့် အချို့ဥပဒေပညာရှင်များက ဒူတာတီ၏ ကြမ်းတမ်းရက်စက်သော ထိုစစ်ဆင်ရေးကို ဝေဖန်ခဲ့ကြပြီး ယင်းအပြုအမူမှာ ဖိလစ်ပိုင်နိုင်ငံရှိ တရားဥပဒေစိုးမိုးမှုကို ပျက်စီးသွားစေမည်ဟု ပြောကြားခဲ့သည်။
    Ref : Bangkokpost
  • ဘန်ကောက်တွင် ဇီကာကူးစက်သူ ၂၁ ဦး ထပ်မံတွေ့ရှိ
    ဘန်ကောက်တွင် ဇီကာကူးစက်သူ ၂၁ ဦး ထပ်မံတွေ့ရှိ
    စက်တင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    zik-5
    – ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ စီးပွားရေးအချက်အချာ နေရာတစ်ခုတွင် ဇီကာဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်မှု ၂၁ ခုကို တွေ့ရှိခဲ့ရသည်ဟု အာဏာပိုင်မျာက ကြေငြာခဲ့သည်။
    “Sathorn ဧရိယာတစ်တစ်ဝိုက် လူနာ ၂၁ ဦးအနက် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကတော့ ပြန်လည်ကောင်းမွန်လာပြီး အောင်မြင်စွာ မီးဖွားနိုင်ခဲ့ပါတယ်” ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ကိုယ်ဝန်ဆောင်စဉ် ဇီကာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မွေးကင်းစကလေးများတွင် ဦးနှောက်ပုံပျက်ယွင်းမှု ဖြစ်ပေါ်နိုင်သည်။ ဇီကာဗိုင်းရပ်စ်ကို ထိုင်းနိုင်ငံ၌ ၂၀၁၂ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့ပြီး ယင်းအချိန်မှစ၍ ဘန်ကောက်မြို့ပြ အာဏာပိုင်အဖွဲ့က မြို့နေပြည်သူများကို ပုံမှန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
    ယခုနှစ် ဇန်န၀ါရီလမှစ၍ ထိုင်းနိုင်ငံ ပြည်နယ် ၇၆ ခုအနက် ၁၆ ပြည်နယ်တွင် ဇီကာဗိုင်းရပ်စ် ကူးစက်သူများကို အတည်ပြုခဲ့နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
    သို့သော်လည်း အဆိုပါဗိုင်းရပ်စ်ပိုးကြောင့် မွေးရာပါ ဦးနှောက်ချို့ယွင်းမှု သို့မဟုတ် သေဆုံးမှုကို တွေ့ရခြင်း မရှိသေးပေ။ ကျန်းမာရေးဝန်ကြီးဌာန၏ ယခုထုတ်ပြန်ချက်အတွက် မစိုးရိမ်ကြရန်လည်း ပြည်သူများအား တိုက်တွန်းထားသည်။
    Ref : Presstv
  • တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှား ရေတပ်အင်အား ပြမည်
    တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှား ရေတပ်အင်အား ပြမည်
    စက်တင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    scs
    – တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကမ်းလွန်ဒေသရှိ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ရုရှားတို့ပူးပေါင်း၍ ရေတပ် စစ်ရေးလေ့ကျင်မှုကို ယနေ့တွင် စတင်မည်ဟု တရုတ်ရေတပ်က ကြေငြာလိုက်သည်။
    ဇူလိုင်လတွင် The Hague ရှိ နိုင်ငံတကာ ခုံသမာဓိရုံးက တရုတ်နိုင်ငံအနေဖြင် ပိုင်ဆိုင်းမှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ပြင်ကို သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာချိန်တွင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။
    တရုတ်ကမူ နိုင်ငံတကာ ခုံသမာဓိရုံး၏ အဆိုပါဆုံးဖြတ်ချက်ကို ပယ်ချထားပြီး ထိုကိစ္စတွင် ပါဝင်ရန်လည်း ငြင်းဆိုထားသည်။
    ယနေ့စတင်မည့် ရေတပ်စစ်ရေးလေ့ကျင်မှုကို Joint Sea-2016 ဟု အမည်ပေးထားပြီး လျှပ်ပြေးသင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း တရုတ်ရေတပ်က ၎င်းတို့၏ တရားဝင် ဘလော့ဂ်စာမျက်နှာတွင် တနင်္ဂနွေနေ့က ကြေငြာခဲ့သည်။
    ၈ ရက်တာကြာမြင့်မည့် အဆိုပါလေ့ကျင့်မှုတွင် နှစ်နိုင်ငံပူးပေါင်း၍ ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး၊ ကျွန်းပိတ်ဆို့ဝန်းရံမှု လေ့ကျင့်ခန်းများပြင် အခြားသော စစ်ရေးလေ့ကျင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
    ထို့ပြင် မရိန်းတပ်ဖွဲ့များကလည်း လက်နက်အစစ်များဖြင့် ပစ်ခတ်ခြင်း၊ ကျွန်းကာကွယ်ရေး၊ ကမ်းတက်စစ်ဆင်ရေးတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး တရုတ်နှင့် ရုရှားတို့၏ နှစ်နိုင်ငံ ရေတပ်စစ်ရေးလေ့ကျင်မှုတွင် အကြီးမားဆုံး ဖြစ်လာမည်ဖြစ်သည်။
    တရုတ်နှင့် ရုရှားတို့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ အသုံးပြုခွင့်ရထားသည့် နိုင်ငံများဖြစ်ပြီး ဆီးရီးပြဿနာကဲ့သို့ ကိစ္စရပ်များတွင် ရပ်တည်ချက်တူကာ တစ်ခါတစ်ရံတွင် အမေရိကန်၊ အနောက်အုပ်စုများနှင့် သဘောထား မတိုက်ဆိုင်မှုများ ဖြစ်တတ်သည်။
    Ref : Channelnewsasia