News @ M-Media

Author: Ko Lay

  • ခြစားမှု ပြဿနာပြီးနောက် ဘရာဇီးလ်သမ္မတ အပြောင်းအလဲဖြစ်

    ခြစားမှု ပြဿနာပြီးနောက် ဘရာဇီးလ်သမ္မတ အပြောင်းအလဲဖြစ်

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    brazil

    – ဘရာဇီးလ်လွှတ်တော်က သမ္မတဟောင်း ဒီလ်မာ ရူးဆက်ဖ်ကို ယမန်နေ့တွင် ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယခင်ဒုတိယသမ္မတဖြစ်သော မီရှယ် တီမာရ်က သမ္မတသစ်အဖြစ် ကျမ်းကျိန်ခဲ့သည်ဟု သိရသည်။

    အသက် ၇၅ နှစ်အရွယ်ရှိ တီမာရ်မှာ လာမည့် ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီအထိ တာဝန်ယူရမည်ဖြစ်ပြီး၊ ၎င်းကမူ ဘရာဇီးလ်အစိုးရအတွက် ခေတ်သစ်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။

    “ဒီနေ့ ကျွန်တော်တို့ဟာ သက်တမ်း ၂ နှစ်နဲ့ ၄ လရှိမယ့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်” ဟု ရုပ်မြင်သံကြားဖြင့် ပြုလုပ်ခဲ့သည့် ကတ်ဘိနတ်အစည်းအဝေးတွင် တီမာရ်က ပြောကြားခဲ့သည်။

    ခြစားမှုပြဿနာများနှင့် တရားရင်ဆိုင်နေရပြီး ရာထူးမှ ချထားခံရသည့် သမ္မတဟောင်း ရူးဆက်ဖ်ကို ယမန်နေ့မနက်ပိုင်းက လွှတ်တော်အမတ်များက ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၆၁ မဲဖြင့် ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

    ဘရာဇီးလ်နိုင်ငံမှာ လက်ရှိတွင် ဘဏ္ဍာရေးလိုငွေပြမှု ကန်ဒေါ်လာ ဘီလီယံ ၆၀ အထိ ရှိနေပြီး၊ စီးပွားရေး ကျဆင်းနေကာ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ဖြစ်မှု စသည့် ပြဿနာများစွာနှင့် ရင်ဆိုင်နေရသည်။

    Ref: Aljazeera

  • မလေးရှားတွင် ဇီကာကူးစက်သူ တွေ့ရှိ၊ အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်စရာဖြစ်လာ

    မလေးရှားတွင် ဇီကာကူးစက်သူ တွေ့ရှိ၊ အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်စရာဖြစ်လာ

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    malay

    – မိမိတို့နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူကို ပထမဆုံး တွေ့ရှိခဲ့ရသည်ဟု မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်တွင် အတည်ပြုလိုက်ပြီး၊ အဆိုပါ အမျိုးသမီးမှာ ဇီကာဗိုင်းရပ်စ် ပြန့်နှံ့ရာ စင်ကာပူနိုင်ငံမှ မကြာသေးမီက ပြန်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ကူးစက်သူအမျိုးသမီးမှာ အသက် ၅၈ နှစ်အရွယ် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးဖြစ်ပြီး ဆီလန်ဂေါပြည်နယ် ကီလာနာ ဂျာယာတွင် အလုပ်လုပ်နေသူဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က စင်ကာပူနိုင်ငံမှ ကလန်းသို့ ပြန်ရောက်လာပြီးနောက် ဇီကာဗိုင်းရပ်စ်ကူးစက်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရပြီး လက်ရှိတွင် ထိုအမျိုးသမီးမှာ ဆွန်ဂိုင်းပူလိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

    မလေးရှား ကျန်းမာရေးဝန်ကြီး ဆူဘရာမာနီယမ် ဆာသာဆီဗမ်က ၎င်း၏ သမီးဖြစ်ပြီး စင်ကာပူရှိ Paya Lebar တွင်နေထိုင်သူမှာလည်း ဇီကာဗိုင်းရပ်စ်ကူးစက်နေသည်ဟု ပြောကြားခဲ့သည်။ ၎င်းမှာ စင်ကာပူတွင် အလုပ်လုပ်နေပြီး ဇီကာဗိုင်းရပ်စ်ကူးစက်နေသူ မလေးရှားနိုင်ငံသား ၅ ဦးမှ တစ်ဦးလည်းဖြစ်သည်။

    ထိုအမျိုးသီးနေထိုင်ရာ ကလန်းဒေသ၌ လက်ရှိတွင် အခြားကူးစက်မှုများ ရှိ၊ ရှိကို ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း၊ ထိုအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့မှာ ကားဖြင့် စင်ကာပူသို့ သွားရောက်ခဲ့ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်လာသည့် ကားများအားလုံးကို ခြင်ဆေးဖြန်းရန် ကျန်းမာရေးဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုမှာ ပြီးခဲ့သည့် သီတင်းပတ်က ပေါ်ထွက်လာခဲ့ပြီး လက်ရှိတွင် ကူးစက်သူ စုစုပေါင်း ၁၁၅ ဦးအထိ ရှိလာပြီဖြစ်သည်။

    Ref: straitstimes,channelnewsasia

  • ဟဂ်ျရာသီအတွင်း ကျန်းမာရေးနှင့် အစားအသောက် စောင့်ကြည့်မည့် အစီအစဉ် မက္ကာဟ်စတင်

    ဟဂ်ျရာသီအတွင်း ကျန်းမာရေးနှင့် အစားအသောက် စောင့်ကြည့်မည့် အစီအစဉ် မက္ကာဟ်စတင်

    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media

    holy

    – ဟဂ်ျရာသီအတွင်း မြို့အတွင်းရှိ ဈေးများ၊ စူပါမားကတ်များ၊ မုန့်ဖုတ်စင်တာများ၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်များကို စောင့်ကြည့်ရန် အစီအစဉ်၊ လူထုကျန်းမာရေးနှင့် ဆက်စပ်သည့် စောင့်ရှောက်မှုပေးမည့် အစီအစဉ်များကို မက္ကာဟ်မြို့တော် စည်ပင်သာယာရေးအဖွဲ့က ကြေငြာလိုက်သည်။

    ယခုဆောင်ရွက်မှုများမှာ မက္ကာဟ်သို့လာရောက်သည့် ဘုရားဖူးများနှင့် ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် လူစည်ကားသည့် ဟဂ်ျရာသီအတွင်း ဈေးကွက်များ အန္တရာယ်ကင်းရှင်းရေးကို သေချာစေရန် ဆောင်ရွက်မှုလည်းဖြစ်သည်။

    ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးဌာန၏ အထွေထွေညွှန်ကြားရေးမှူးက ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် မီးဖိုဆောင်များကို စောင့်ကြည့်ရေးနှင့် ဈေးကွက်အတွင်း မကောင်းသောအမူအကျင့်များကို အရေးယူနိုင်ရေးအတွက် ကော်မတီအများအပြားကို ဖွဲ့စည်းခဲ့သည်။

    အစိုးရအာဏာပိုင်အဖွဲ့များ၊ စောင့်ကြည့်ရေးကော်မတီများဖြစ်သော စတိုးဆိုင် ဖြန့်ချီရေးကော်မတီ၊ စားသောက်ကုန် အဟာရတန်ဖိုး ဆန်းစစ်ရေးကော်မတီ၊ အစားအဆိပ်သင့်မှုဆိုင်ရာ ကော်မတီ၊ စားသောက်ကုန်ဈေးနှုန်းဆိုင်ရာကော်မတီ၊ ရေတိုင်ကီများ ပိုးသတ်ရေးဆိုင်ရာကော်မတီ၊ လုံခြုံရေးကော်မတီတို့ဖြင့် ထိုလှုပ်ရှားမှုကို ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။

    ယခု စီမံချက်မှာ ဟဂ်ျဘုရားဖူးလာရောက်ကြသူများအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရေး ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ပေးနိုင်ရေး၊ ကောင်မွန်သော ပြည်သူ့ကျန်းမာရေးစနစ်မျိုး ရရှိခံစားနိုင်ရေး ရည်ရွယ်ခြင်းဖြစ်သည်။

    Ref : IINA

  • ယူအေအီး ပညာရှင်တစ်ဦး နိုင်ငံတကာ တီထွင်မှုပြိုင်ပွဲတွင် ဆုတံဆိပ် အများအပြား ရရှိ

    ယူအေအီး ပညာရှင်တစ်ဦး နိုင်ငံတကာ တီထွင်မှုပြိုင်ပွဲတွင် ဆုတံဆိပ် အများအပြား ရရှိ

    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media

    UAE 2

    – အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ ပညာရှင်တစ်ဦးဖြစ်သူ အဟ်မဒ် အဗ္ဗဒူလာ မာဂျန်မှာ ‘ကနေဒါ နိုင်ငံတကာတီထွင်ကွန့်မြူးနိုင်စွမ်းပြိုင်ပွဲ’ (iCAN 2016) ၌ ရွှေတံဆိပ်ဆု သုံးခုနှင့် ငွေတံဆိပ်ဆုနှစ်ခုတို့ ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါ ပြိုင်ပွဲကို စီစဉ်ခဲ့သည့် တိုရွန်တို နိုင်ငံတကာ တီထွင်ဖန်တီးရေးနှင့် အဆင့်မြင့်ကျွမ်းကျင်မှု အတတ်ပညာအဖွဲ့အစည်း (TISIAS) ကလည်း အရှေ့အလယ်ပိုင်းဒေသမှ အကောင်းဆုံးတီထွင်နိုင်သူအဖြစ် မာဂျန်ကို ဆုဖလားချီးမြှင့်ခဲ့ပြီး၊ ပြိုင်ပွဲအတွက် အကောင်းဆုံးတီထွင်မှု ဆုတံဆိပ်ကိုလည်း ချီးမြှင့်ခဲ့သည်။

    အဆိုပါပြိုင်ပွဲ၌ မာဂျန်မှာ တစ်ဦးချင်း တီထွင်ယှဉ်ပြိုင်သူအနေဖြင့် ဆုတံဆိပ်အမြောက်အများကို ဆွတ်ခူးခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြု တီထွင်မှု ၃၄ ခုကို ပြုလုပ်နိုင်ခဲ့သည်။

    နိုင်ငံတကာ တီထွင်ဖန်တီးသူများအသင်း အဖွဲ့ချုပ် (IFIA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မာဂျန်မှာ ၎င်း၏ မော်ကွန်းတင်အောင်မြင်မှု ရရှိနိုင်ရေး တီထွင်မှု၊ ဖန်တီးမှုနှင့် သိပ္ပံဆိုင်ရာ တိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့ပေးသည့် သမ္မတ ရှိခ် ခလီဖာဘင် ဇေယဒ် အလ်-နဟ်ယန်၊ UAE အစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

    မာဂျန်မှာ စမတ်နည်းပညာသုံး ဆိုင်ကယ်စီးဦးထုပ်၊ စမတ်နည်းပညာသုံး မြင်းကုန်းနှီး၊ နေရောင်ခြည်စွမ်းအင်သုံး တိရစ္ဆာန် ထောက်လှမ်းရေးကိရိယာ စသည်တို့ တီထွင်မှုအတွက် ရွှေတံဆိပ် သုံးခု ရရှိခဲ့သည်။ ဆိုင်ကယ်စီးဦထုပ်မှာမူ အရှေ့အလယ်ပိုင်း၏ အကောင်းဆုံး တီထွင်မှုဆုကိုလည်း ရရှိခဲ့သည်။

    နေရာင်ခြည်စွမ်းအင်သုံး စက်ဘီးထောက်လှမ်းရေးကိရိယာနှင့် သက်ကြီးရွယ်အိုများအတွက် စမတ်နည်းပညာသုံး တုတ်ချောင်း စသည်တို့အတွက် ငွေတံဆိပ်ဆုနှစ်ခု ချီးမြှင့်ခံခဲ့ရသည်။

    Ref : IINA

  • မြန်မာနိုင်ငံအပေါ် တရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ဖို့ အိန္ဒိယ ကြိုးစားလာ

    မြန်မာနိုင်ငံအပေါ် တရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ဖို့ အိန္ဒိယ ကြိုးစားလာ

    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media

    india 4

    – အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီးခြေလှမ်းတိုင်းတွင် မိတ်ဖက်အဖြစ် မားမားမတ်မတ် ရပ်တည်ပေးသွားမည်ဟု အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီက တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အရေးကြီးမှုကို အချက်ပြလိုက်ခြင်းလည်းဖြစ်သည်။

    နှစ်နိုင်ငံစလုံးက ၎င်းတို့၏ လုံခြုံရေးအကျိုးစီးပွားမှာ တစ်ဦးအပေါ်တစ်ဦး မှီခိုနေသည်ကို အသိအမှတ်ပြုသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရ အာဏာရပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံတော်အဆင့် လည်ပတ်မှုအဖြစ် မြန်မာသမ္မတ ဦးထင်ကျော်၏ အိန္ဒိယနိုင်ငံသို့ လ်ာရောက်မှုတွင် လုံခြုံရေးနှင့် ဖွံ့ဖြိုးကိစ္စများအား ဆောင်ရွက်ရာ၌ အိန္ဒိယမှာ မြန်မာနိုင်ငံ၏ စိတ်ချယုံကြည်ရသော မိတ်ဖက်အဖြစ် ဆက်ရှိနေမည်ဟု မိုဒီက ကတိပြုခဲ့သည်။

    လက်နက်ကိုင်အုပ်စုများ ၎င်းတို့၏မြေကို အသုံးပြုကာ တိုက်ခိုက်မှု ပြုလုပ်ခြင်းကို ခွင့်မပြုဟုလည်း နှစ်ဖက်စလုံးက အပြန်အလှန် ကတိပြုခဲ့ကြသည်။ လက်နက်ကိုင်အုပ်စုများမှာ ယခင်က မြန်မာနိုင်ငံနယ်နမိတ်ကို ခြေကုပ်ယူကာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံက မကြာသေးခင်ကမှ နှိမ်နင်းခဲ့သည်။

    “၂၁ ရာစု ပင်လုံညီလာခံ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အိန္ဒိယက အပြည့်အ၀ ထောက်ခံကြောင်း ပြောကြားလိုပါတယ်” ဟူသည့် မိုဒီ၏မှတ်ချက်ကလည်း အရေးပါသည်။ အဆိုပါ ပင်လုံညီလာခံကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အကူအညီဖြင့် လက်နက်ကိုင်အုပ်စု ၃ ခုလည်း ထိုစားပွဲဝိုင်းသို့ ရောက်လာခဲ့သည်။

    ထိုအုပ်စု ၃ ခုအား ညီလာခံသို့ တက်ရောက်ရေး တွန်းအားပေးရာတွင် တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ဒေါ်အောင်စုကြည်နှင့် အပြန်အလှန်နားလည်မှုရရေး ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း တရုတ်၏ ထိုဆောင်ရွက်မှု၏ အဓိကမောင်နှင်အားမှာ မှောင်ခိုလုပ်ငန်းများအပေါ် စိုးရိမ်မှုနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လမ်းများ၊ ရထားလမ်းများ တည်ဆောက်ရေး အခွင့်အလမ်းကို ရရှိရန် ကြိုးပမ်းမှုတို့ ဖြစ်သည်။

    လက်နက်ကိုင်အဖွဲ့များနှင့် စီးပွားရေးအင်အား တောင့်သူများကို တရုတ်က လက်ဝါးရိုက်ထားနိုင်မှုအတွက် မြန်မာနိုင်ငံက မဖြစ်မနေ သတိထားရမည့် အချက်ကို လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးနယ်ပယ်များတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းမှ အမြတ်ထွက်မည့် အိန္ဒိယကလည်း သိရှိထားပြီး မိမိတို့နိုင်ငံမှာ မြန်မာနိုင်ငံ၏ မဟာမိတ်ဖြစ်ကြောင်း ပြသချင်နေသည်။

    မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံ စလုံးမှာ ပဲအမျိုးမျိုးကုန်သွယ်ရေးအတွက် ရေရှည်တည်တံ့ပြီး နှစ်ဖက်အကျိုးရှိမည့် ပုံမှန်ဆောင်ရွက်မှုများကို ပြုလုပ်ရန် သဘောတူခဲ့သည်။

    မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံကို ပဲပမာဏများစွာ တင်ပို့နိုင်သည့် အခြေအနေမျိုးရှိသော နိုင်ငံအနည်းငယ်မှ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံနှင့် နက်ရှိုင်းသောဆက်ဆံရေး တည်ဆောက်ခြင်းကလည်း အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ပထ၀ီနိုင်ငံရေးကဏ္ဍ ယှဉ်ပြိုင်ရာ နယ်ပယ်ဖြစ်နေသည်။

    မိုဒီက မိမိတို့နိုင်ငံမှာ မြန်မာနိုင်ငံအား လျှပ်စစ်စွမ်းအား တိုးမြှင့်ထောက်ပံ့ပေးရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့ပြီး ကုလားတန်စီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း နိုင်ငံချင်းဆက် အဝေးပြေးကားလမ်း၊ အိုင်တီနယ်ပယ်တို့ကဲ့သို့ သီးသန့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ လယ်ယာစိုက်ပျိုးရေး အဆင့်မြင့် သုတေသနစင်တာတစ်ခု တည်ဆောက်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်ထုတ်လုပ်မှု လေ့ကျင့်သင်ကြားပေးရေး ကဏ္ဍများတွင် အစီအစဉ်အသစ်များ ဆောင်ရွက်ရန်အတွက်လည်း ပြောကြားခဲ့သည်။

    အိန္ဒိယနှင့် မြန်မာတို့မှာ ဆက်သွယ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် ပြန်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတို့တွင်လည်း နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။ တံတား ၇၀ နီးပါးနှင့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြန်းလမ်း၏ ကလေးဝ-ယာဂီ လမ်းပိုင်း အဆင့်မြှင့်တင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန်လည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

    Ref: Times of India