News @ M-Media
Author: Ko Lay
  • အမေရိကန် ဒရုန်းလက်ချက်ကြောင့် အာဖဂန်တွင် စစ်သား ၂၂ ဦး သေဆုံး
    အမေရိကန် ဒရုန်းလက်ချက်ကြောင့် အာဖဂန်တွင် စစ်သား ၂၂ ဦး သေဆုံး
    သြဂုတ် ၂၈၊ ၂၀၁၆
    M-Media
    drone
    – အာဖဂန်နစ္စတန်တောင်ပိုင်း ဟဲလ်မန်းပြည်နယ်တွင် အမေရိကန်က ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွများ ဖမ်းဆီးထားသည့် အာဖဂန်စစ်သား ၂၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    သေဆုံးမှုစာရင်းကို ပြည်နယ်အာဏာပိုင်များ ယမန်နေ့တွင် ကြေငြာခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း နာဒေအလီခရိုင်တွင် တာလီဘန်အဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း တာလီဘန်က အတည်ပြုခဲ့သည်။
    ဟဲလ်မန်းပြည်နယ်မှာ အာဖဂန်အစိုးရနှင့် တာလီဘန်စစ်သွေးကြွများအတွက်ပါ မဟာဗျူဟာမြောက် အရေးပါသည့် ပြည်နယ်ဖြစ်ပြီး တာလီဘန်များက ဘိန်းပေါသည့် ယင်းဒေသရှိ ခရိုင် ၁၄ ခုအနက် ၁၀ ခုကို ထိန်းချုပ်ထားဆဲဖြစ်သည်။
    ယမန်နေ့ကလည်း တာလီဘန်များမှာ နိုင်ငံအရှေ့ပိုင်း ပက်တီယာပြည်နယ်ရှိ မဟာဗျူဟာကျသော ခရိုင်တစ်ခုကို သိမ်းပိုက်ခဲ့ပြီး အခြားသော ပြည်နယ်များကိုလည်း ဆက်လက်သိမ်းပိုက်သွားရန် အစီအစဉ်ရှိနေသည်။ ခရိုင် ၈ ခု လမ်းဆုံတွင် တည်ရှိသည့် ဂျနီးခဲလ်ခရိုင်ကို ငါးရက်တာဝိုင်းထားပြီးနောက် စစ်သွေးကြွများက သိမ်းဆည်းရာတွင် ရဲနှင့် စစ်သားများစွာ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    တာလီဘန်များမှာ ခေါင်းဆောင်ဟောင်း မွလ္လာ အခ်တာရန် မန်ဆူရ် သေဆုံးခဲ့ပြီးနောက် ခေါင်းဆောင်သစ်လက်အောက်တွင် ပြန်လည်စုစည်းကာ အာဖဂန်နစ္စတန်တစ်ဝှမ်း တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။
    ကုလသမဂ္ဂ၏ အာဖဂန်နစ္စတန် ကူညီရေးအဖွဲ့ UNAMA က ယခုနှစ်အစမှ နှစ်ဝက်အထိ အာဖဂန်တွင် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သားအရေအတွက်မှာ ၁၆၀၁ ဦးရှိနေပြီး ဒဏ်ရာရရှိသူ ၃၅၆၅ ဦး ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
    Ref : Presstv
  • ပေါ့ဘာက မန်ယူအားရွေးချယ်မှုအကြောင်းအရင်းကို အေးဂျင့် ဖွင့်ဟ
    ပေါ့ဘာက မန်ယူအားရွေးချယ်မှုအကြောင်းအရင်းကို အေးဂျင့် ဖွင့်ဟ
    သြဂုတ် ၂၈၊ ၂၀၁၆
    M-Media
    pogba
    – ဂျူဗီတိုက်စစ်မှူး ပေါ့ဘာအနေဖြင့် ရီးယဲလ်မက်ဒရစ်၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး မန်ယူအား ရွေးချယ်ခဲ့မှုမှာ အိမ်ပြန်လိုသည့် စိတ်ဆန္ဒကြောင့်ဖြစ်သည်ဟု ၎င်း၏ အေးဂျင် မီနို ရိုင်အိုလာက ပြောကြားလိုက်သည်။
    အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာမှာ ရီးယဲလ်မက်ဒရစ်သို့ ရောက်ရှိမည်ဟု စောစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ဆုံး မန်ယူသို့ရောက်ရှိခဲ့သည်။ ရိုင်အိုလာကမူ ရီးယဲလ်မက်ဒရစ်အပါအ၀င် အခြားသော ကလပ်အသင်း ၅ သင်း၊ ၆ သင်းခန့်က ပေါ့ဘာအား ကမ်းလှမ်းခဲ့သည်ဟု အတည်ပြုခဲ့သည်။
    သို့သော်လည်း ပေါ့ဘာကမူ ၂၀၁၂ ခုနှစ်က လူငယ်အသင်းမှနေ၍ ထွက်ခွာခဲ့ရသည့် မန်ယူအသင်းသို့ ပြန်သွားချင်သည့် စိတ်ဆန္ဒ ပြင်းပြနေခဲ့သည်ဟုလည်း ဆိုသည်။
    “သူဘာလိုချင်လဲဆိုတာ ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ မန်ယူက သူ့အတွက် ဌာနေပါပဲ။ မိုင်ယာမီမှာ ဖြစ်ခဲ့တာအားလုံးနဲ့ပတ်သက်ပြီး သူ့ကို မခြွင်းမချန် ကျွန်တော် အသိပေးခဲ့တယ်။ ဇီဒိန်းကလည်း သူ့ကိုလိုချင်ပြီး နောက်ထပ် လိုချင်တဲ့အသင်း ၅ သင်း ၆ သင်းလောက်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။
    ထို့ပြင် မော်ရင်ဟိုမှာ ချယ်ဆီးအား ကိုင်တွယ်စဉ်အခါကတည်းက ပေါ့ဘာကို ခေါ်ယူချင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • အာဖရိကတွင် ဂျပန်က ကန်ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြှုပ်နှံမည်
    အာဖရိကတွင် ဂျပန်က ကန်ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြှုပ်နှံမည်
    သြဂုတ် ၂၈၊ ၂၀၁၆
    M-Media
    afric
    – အာဖရိကနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့် ၃ နှစ်အတွင်း ဂျပန်နိုင်ငံက ကန်ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကင်ညာတွင်ပြုလုပ်ခဲ့သည့် အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး တိုကျိုနိုင်ငံတကာညီလာခံ TICAD တွင် ပြောကြားလိုက်သည်။
    ယခုနှစ်မှစတင်ကာ ဂျပန်နိုင်ငံမှာ အာဖရိကတိုက်ရှိ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားရရှိရေး၊ မြို့ပြ သယ်ယူပို့ဆောင်ရေး၊ လမ်းနှင့် ဆိပ်ကမ်းများ စသည့် ကဏ္ဍများတွင် ဖြစ်သည်။
    ကျန်ရှိသည့် ဘီလီယံ ၂၀ ကိုမူ ဂျပန်နိုင်ငံ၏ ၃ နှစ်အတွင်း ဂျပန်နိုင်ငံ၏ ပုဂ္ဂလိက လုပ်ငန်းများမှတစ်ဆင့် အာဖရိကတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်ဟု အာဘေးက ထပ်လောင်းပြောကြားခဲ့သည်။
    ဂျပန်-အာဖရိက စီးပွားရေးဖိုရမ် ကျင်းပရေးနှင့် ဂျပန်အစိုးရ တာဝန်ရှိသူများ၊ စီးပွားရေးခေါင်းဆောင်များက အာဖရိကသို့ ၃ နှစ်လျှင်တစ်ကြိမ် လည်ပတ်မည့် အစီအစဉ်တို့ကိုလည်း အာဘေးက ကြေငြာခဲ့သည်။
    စနေ၊ တနင်္ဂနွေ ၂ ရက် ကျင်းပခဲ့သည့် အဆိုပါညီလာခံတွင် အာဖရိကနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင် ၃၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ သဘောတူညီချက် ၇၀ ခန့် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ TICAD ညီလာခံကို ၆ ကြိမ်ကျင်းပခဲ့ပြီး ယခုတစ်ကြိမ်မှာ အာဖရိကမြေတွင် ပထမဆုံး ကျင်းပခြင်းဖြစ်သည်။
    ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ဂျပန်တို့ ပူးပေါင်းပြုလုပ်သည့် အဆိုပါ ညီလာခံ၏ ရည်ရွယ်ချက်မှာ အာဖရိကဒေသတွင် ကုန်သွယ်ရေးနှင့် အကူအညီများ တိုးမြှင့်ပေးရန်နှင့် ဒေသအတွင်း ဂျပန်နိုင်ငံ၏ သြဇာလွှမ်းမိုးရန်ဖြစ်သည်။
    Ref : Aljazeera
  • အစ္စလာမ်၏ စစ်မှန်သည့်သွန်သင်မှုများကို ပြန့်နှံ့စေမည့် ဒိန်းမတ်မှ အမျိုးသမီး ဗလီဝတ်ကျောင်းတော်
    အစ္စလာမ်၏ စစ်မှန်သည့်သွန်သင်မှုများကို ပြန့်နှံ့စေမည့် ဒိန်းမတ်မှ အမျိုးသမီး ဗလီဝတ်ကျောင်းတော်
    သြဂုတ် ၂၈၊ ၂၀၁၆
    M-Media
    women mosuqe
    – ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်ရှိ ‘မာရီယမ် ဗလီဝတ်ကျောင်းတော်’ မှ အာဇန်သံ (၀တ်ပြုရန် ဖိတ်ခေါ်သံ) တစ်ခုထွက်ပေါ်လာခဲ့ပြီး အမျိုးသမီးတစ်ဦးက ဟစ်ကြွေးသည့် ထိုအာဇန်သံမှာ သမိုင်းဝင်အာဇန်သံ ဖြစ်လေသည်။
    ထိုဗလီဝတ်ကျောင်းတော်မှာ ဒိန်းမတ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဦးဆောင်ဝတ်ပြုသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး တရုတ်နိုင်ငံအပြင်ဘက်တွင် အမျိုးသမီးက ဦးဆောင်ဝတ်ပြုသည့် လက်တစ်ဆုတ်စာ ဗလီဝတ်ကျောင်းတော်များအနက်မှ တစ်ခုလည်း ဖြစ်သည်။
    ရှာရင် ခန်ကန်နှင့် ဆာလေဟာ မာရီ ဖာတာဟုခေါ်သည့် ရှေ့ဆောင်အီမာမ်နှစ်ဦးက ဦးဆောင်သည့် ဗလီဝတ်ကျောင်းတော်၏ ယခုတစ်ပတ် သောကြာနေ့ဝတ်ပြုမှု အစီအစဉ်သို့ အမျိုးသမီး ၆၀ ကျော် လာရောက်ခဲ့လေသည်။
    သောကြာနေ့ ခွသ်ဗာတရားဒေသနာကို မာရီ ဖာတာက မိန့်ကြားပြီး ခေါင်းစဉ်က ‘ခေတ်သစ်ကမ္ဘာရှိ အစ္စလာမ်နှင့် အမျိုးသမီး’ ဖြစ်သည်။
    ဗလီဝတ်ကျောင်းတော်အတွင်း ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်များကို ရေးထိုးထားသော စာပန်းချီ ကားချပ်များ၊ ပန်းများ၊ မီးတိုင်များဖြင့် အလှဆင်ထားပြီး ဖွင့်ပွဲအခမ်းအနားကို ၀တ်ပြုမှုမတိုင်ခင် ပြုလုပ်ခဲ့သည်။ အာဇန်ဟစ်ကြွေးသူက ခန်ကန်ဖြစ်ပြီး ဖွင့်ပွဲအမှာစကားကိုလည်း ၎င်းကပင် ပြောကြားခဲ့သည်။
    တရားဒေသနာဟောကြာပြီးနောက် ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ကြလေသည်။ ဖွင့်ပွဲအခမ်းအနားသို့ အခြားလူ့အဖွဲ့အစည်းများမှ အမျိုးသမီးများကိုလည်း ဖိတ်ကြားခဲ့ပြီး ၎င်းတို့မှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ၏ ၀တ်ပြုဆုတောင်းမှုတွင် ပါဝင်ခဲ့ကာ ဦးညွှတ်ခြင်း၊ ဦးချခြင်း၊ ဆိတ်ငြိမ်စွာ ထိုင်ခြင်း စသည်တို့ကို လိုက်လံ လုပ်ဆောင်ခဲ့မှုက ထူးခြားသည့်မြင်ကွင်းတစ်ခုလည်း ဖြစ်ခဲ့သည်။
    အစ္စလာမ်သာသနာက သတ်မှတ်ထားသည့် ဗလီဝတ်ကျောင်းတော်ဆိုသည်မှာ အမျိုးသမီး၊ အမျိုးသား လာရောက်ဝတ်ပြုရာနေရာတင်မကဘဲ ပညာဆည်းပူးရာ၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာ စင်တာမျိုးဖြစ်သည်။
    မွတ်စလင်အများစုရှိရာ နိုင်ငံများရှိ ဗလီဝတ်ကျောင်းတော်များတွင် အမျိုးသမီးများအတွက် သီးသန့်နေရာများ သတ်မှတ်ပေးထားသော်လည်း လူနည်းစုအဖြစ်နေထိုင်ရသည့် နိုင်ငံများတွင် နေရာအခက်အခဲရှိသဖြင့် ထိုကဲ့သို့ မစီစဉ်ပေးနိုင်မှုကြောင့် အမျိုးသမီးများအနေဖြင့် မိမိတို့၏ နေအိမ်တွင်သာ ၀တ်ပြုကြရန် အစ္စလာမ့်ဓမ္မပညာရှင်များက ညွှန်ကြားထားလေသည်။
    ကိုပင်ဟေဂင်မှ ယခု မာရီယမ် ဗလီဝတ်ကျောင်းတော်တွင် ဖေဖော်ဝါရီလကတည်းက ၀တ်ပြုမှုများကို စတင်လုပ်ဆောင်ခဲ့သော်လည်း ၆ လကြာပြီးနောက် ယခုတစ်ပတ် သောကြာနေ့တွင်မှ တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
    “ကျွန်မတို့ သင်ယူလေ့နေဆဲအဆင့်သာ ရှိပါသေးတယ်။ ကျွန်မတို့ အခုမှ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာဖြစ်ပြီး ခရီးအရှည်ကြီး နှင်ရအုံးမှာပါ” ဟု ခန်ကန်က ပြောကြားခဲ့သည်။
    အဆိုပါဗလီဝတ်ကျောင်းတော်တွင် မင်္ဂလာပွဲများကိုလည်း ကျင်းပပေးပြီး ပြီးခဲ့သည့်လများအတွင်း လက်ထပ်ပွဲ ၅ ခုကို စီစဉ်ပေးခဲ့ပြီး ဖြစ်လေသည်။
    ရည်ရွယ်ချက်
    ခန်ကန်ကတော့ မိမိတို့ ဗလီဝတ်ကျောင်းတော်၏ အဓိကရည်ရွယ်ချက်များမှ တစ်ခုမှာ ဘာသာရေးအသင်းအဖွဲ့များတွင် မဟာဖိုဝါဒ ကြီးစိုးနေမှုကို ရင်ဆိုင်ရန်ဖြစ်သည်ဟု ဆိုသည်။
    “အစ္စလာမ်မှာ မဟာဖိုဝါဒ ကြီးစိုးတာမျိုး ဖြစ်နေတယ်။ ခရစ်ယာန်ကက်သလစ်နဲ့ ဂျူးဘာသာမှာလည်း အမျိုးသမီးတွေဟာ တန်းတူ ဆက်ဆံခြင်း မခံရပါဘူး”
    ထို့ပြင် အစ္စလာမ်ကြောက်ရောဂါအား တိုက်ဖျက်ရေးနှင့် အစ္စလာမ်သာသနာ၏ စစ်မှန်သောတန်ဖိုးများအား မြှင့်တင်ရေးတို့မှာလည်း မိမိတို့ဗလီဝတ်ကျောင်းတော်၏ ရည်ရွယ်ချက်များတွင် ပါဝင်သည်ဟု ခန်ကန်က ထပ်လောင်းပြောကြားခဲ့လေသည်။
    ဒိန်းမတ်နိုင်ငံအတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအရေအတွက်မှာ ၃.၈ ရာခိုင်နှုန်းရှိပြီး အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်မှုအရေအတွက်မှာလည်း တစ်ဖြည်းဖြည်း မြင့်တက်လျက်ရှိနေသည်။
    Ref : The Guardian, Telegraph
  • အီတလီငလျင်မှ ရင်ကိုထိမှန်စေသော စာ
    အီတလီငလျင်မှ ရင်ကိုထိမှန်စေသော စာ
    သြဂုတ် ၂၈၊ ၂၀၁၆
    M-Media
    guilla
    ညီမငယ်ကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသည့် ဂူလီယာ
    – အခုတစ်ပတ်အတွင်း အီတလီနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်လှုပ်ခတ်မှုမှာ သေဆုံးသွားသူတွေထဲက အချို့ကို မနေ့က နိုင်ငံတော်အခမ်းအနားနဲ့ သဂြိင်္ုဟ်ခဲ့ပါတယ်။
    လူပေါင်း ၂၉၀ လောက်သေဆုံးခဲ့တဲ့ အဲဒီ ဖြစ်ရပ်ဆိုးကြီးမှာ မနေ့က ၃၄ ဦးကို သင်္ဂြိုဟ်ခဲ့ပြီး၊ အသက် ၁၀ နှစ်အရွယ် သမီးငယ် ဂူလီယာ ရီနာလ်ဒိုလေးရဲ့ အခေါင်းဖြူဖြူလေးမှာ တင်ထားတဲ့ မီးသတ်သမားတစ်ဦးရဲ့ စာကတော့ အီတလီနိုင်ငံသားတွေရဲ့ရင်ကို ထိမှန်စေခဲ့ပါတယ်။
    ဂူလီယာလေးရဲ့အလောင်းကို ငလျင်လှုပ်ပြီး ၁၆ နာရီအကြာမှာ Pescara del Tronto မြို့က အပျက်အဆီးတွေအောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သူမရဲ့ ညီမငယ်လေးဖြစ်သူ ဂျော်ဂျီယာကို အုတ်ကျိုးအုတ်ပဲ့တွေ မပိဖို့ ကာကွယ်ပေးရင်း အသက်ဆုံး ရှုံးခဲ့ရတာဖြစ်ပါတယ်။ ဂျော်ဂျီယာလေးကတော့ အသက်ရှင်ခဲ့ပါတယ်။
    မနေ့က ဂူလီယာလေးရဲ့အခေါင်းမှာ တင်ထားခဲ့တဲ့စာဟာ မီးသတ်သမားတစ်ဦးက ရေးထားတာဖြစ်ပြီး နာမည်ကိုတော့ အန်ဒရီယာလို့သာ ရေးထိုးထားပါတယ်။
    စာအပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    “သမီးလေးရ- အုတ်ပုံတွေကြားထဲကနေ သမီးကို ကယ်ထုတ်ဖို့ ဦးလေး မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဦးလေးတို့ လာတာ သိပ်နောက်ကျသွားတယ်ဆိုရင် ခွင့်လွှတ်ပါနော်။ ဦးတို့ရောက်တဲ့အချိန်မှာ သမီးလေး အသက်မရှိတော့ပေမယ့် ဦးလေးက သမီးလေးကို ကယ်ထုတ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတာကိုတော့ သမီးကို သိစေချင်ပါတယ်ကွယ်။ l’Aquila က ဦးအိမ်ကို ပြန်တဲ့အချိန်မှာ ကောင်းကင်တမန်က ဦးကိုကြည့်နေမယ်ဆိုတာ ဦးသိတယ်”
    “သမီးလေးဟာ ညဘက်ကောင်းကင်ယံမှာ တောက်ပတဲ့ကြယ်လေးတစ်လုံး ဖြစ်မှာပါ။ နှုတ်ဆက်ပါတယ် ဂူလီယာ – သမီးလေးက ဦးလေးကို မသိပေမယ့် ဦးလေးကတော့ သမီးလေးကို ချစ်မြတ်နိုးနေမှာပါ”
    guilla 2
    စာရဲ့အဆုံးမှာတော့ အသဲနှလုံးပုံလေးကို လက်မှတ်အဖြစ် ရေးထိုးထားပါတယ်။
    ဘုန်းတော်ကြီး ဂျီယိုဗာနီ ဒီ အာရ်ကိုးလ်က ဂျော်ဂျီယာလေး အသက်ရှင်သန်မှုကိုအတွက် အခုလို တင်စား ပြောကြားခဲ့ပါ
    တယ်။
    “ဂျော်ဂျီယာလေးအတွက် သေခြင်းနဲ့ ရှင်ခြင်းက ဒွန်တွဲလာခဲ့ပြီး အသက်ရှင်သန်မှုက အနိုင်ရရှိခဲ့တာပါ”
    Ref: BBC