News @ M-Media

Author: Ko Lay

  • ပြင်သစ်အစိုးရ၏ ဘုရ်ကီနီပိတ်ပင်မှုကို အဆင့်မြင်တရားရုံးက ယာယီပယ်ဖျက်

    ပြင်သစ်အစိုးရ၏ ဘုရ်ကီနီပိတ်ပင်မှုကို အဆင့်မြင်တရားရုံးက ယာယီပယ်ဖျက်

    သြဂုတ် ၂၇၊ ၂၀၁၆
    M-Media

    france

    – ကမ်းခြေများတွင် အပန်းဖြေသည့် မွတ်စလင်အမျိုးသမီးများ ၀င်ဆင်လေ့ရှိသော ‘ဘုရ်ကီနီ’ (Burkini) ရေကူးဝတ်စုံအား ပြင်သစ်အစိုးရက အငြင်းပွားဖွယ် ပိတ်ပင်ထားမှုကို ပြင်သစ်၏ အမြင့်ဆုံး အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးဖြစ်သော State Council က ယာယီ ပယ်ဖျက်ပေးလိုက်ပြီး၊ တိကျသေချာသည့် ဆုံးဖြတ်ချက်မျိုး ထွက်လာသည့်အချိန်အထိ အကျုံးဝင်မည်ဟု သိရသည်။

    လူ့အခွင့်အရေးအဖွဲ့ League of Human Rights က မြေထဲပင်လယ်မြို့တစ်မြို့ဖြစ်သော Villeneuve-Loubet တွင် အဆိုပါ ဘုရ်ကီနီဝတ်ဆင်မှု ပိတ်ပင်ထားခြင်းမှာ နိုင်ငံသားများ လွတ်လပ်မှုအခွင့်အရေးနှင့် ဆန့်ကျင်နေသောကြောင့် ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ယမန်နေ့တွင် State Council က ယခုကဲ့သို့ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။

    တရားရုံး၏ ကြေငြာချက်တွင် ထိုသို့ တားမြစ်ပိတ်ပင်မှုမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ လွတ်လပ်မှု စသည်တို့ကို ပြင်းပြင်းထန် ချိုးဖောက်ခြင်းဖြစ်ကာ၊ တရားမ၀င်သည့်လုပ်ရပ် ဖြစ်သည်မှာလည်း ထင်ရှားနေကြောင်း ဖော်ပြထားသည်။

    ပြင်သစ်၏ တရားရေးစနစ်အရ ထိုကဲ့သို့ ယာယီထုတ်ပြန်သည့်အမိန့်များကို အကြောင်းအရာ၏ တရားဝင်ဖြစ်မှုအား အထောက်အထားခိုင်ခိုင်လုံလုံပြကာ ပြန်လည် ရုပ်သိမ်းနိုင်ခွင့် ရှိနေသည်။

    ပြင်သစ်အစိုးရမှာ အဆိုပါ ဘုရ်ကီနီဝတ်ဆင်မှုအား မြို့ပေါင်း ၃၀ ခန့်တွင် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ အပန်းဖြေကမ်းခြေများရှိရာ ကမ်းရိုးတန်းမြို့များ ဖြစ်သည်။

    State Council ၏ ထိုဆုံးဖြတ်ချက်ကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International က ကြိုဆိုခဲ့ပြီး၊ ပြင်သစ်ရှိ အစ္စလာမ်သာသနာရေးကောင်စီကလည်း ချီးကျူးခဲ့သည်။

    အစ္စလာမ်သာသနာတွင် အမျိုးသမီးများမှာ လုံလုံခြုံခြုံနှင့် ကာအိနြေ္ဒရှိစွာ ၀တ်စားဆင်ယင်ရမည်ဟု ပြဌာန်းသတ်မှတ်ထားခြင်းကြောင့် မွတ်စလင်အမျိုးသမီးများမှာ ရေကူးရာတွင် ခန္ဓာကိုယ်တစ်ခလုံး လုံခြုံစေသည့် ဘုရ်ကီနီကို ၀တ်ဆင်ခြင်းဖြစ်သည်။

    Ref: Aljazeera

  • အီကွေဒေါ ပြန်လည်တည်ဆောက်ရေး အီရန်က ဒေါ်လာ သန်း ၁၀၀ ချေးမည်

    အီကွေဒေါ ပြန်လည်တည်ဆောက်ရေး အီရန်က ဒေါ်လာ သန်း ၁၀၀ ချေးမည်

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    – ယခုနှစ်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်ဆီးသွားသည့် ဒေသများအား ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အီရန်နိုင်ငံက အီကွေဒေါ်အား ကန်ဒေါ်လာ သန်း ၁၀၀ ချေးရန် သဘောတူညီခဲ့သည်ဟု သိရသည်။

    ထိုသဘောတူညီချက်ကို အီကွေဒေါနိုင်ငံသို့ ရောက်ရှိသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဇာရစ်ဖ်နှင့် အီကွေဒေါ နိုင်ငံခြားရေ၀န်ကြီး ဂူလာယူမီ လောင်းတို့ ယမန်နေ့က ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

    အီကွေဒေါနိုင်ငံတွင် ဧပြီလက ရစ်ခ်ျတာစကေး ၇.၈ ပြင်းအားရှိသည့် အင်အားကြီးငလျင်တစ်ခုလှုပ်ခတ်သွားပြီး လူ ၃၀၀ နီးပါး သေဆုံးခဲ့သည်။

    ဇာရစ်ဖ်ကမူ အဆိုပါချေးငွေကို သိပ္ပံ၊ နည်းပညာနှင့် သုတေသနနယ်ပယ်များတွင် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပြီး အီကွေဒေါနိုင်ငံခြားရေးဝန်ကြီးကလည်း အီရန်နိုင်ငံ၏ နည်းပညာ၊ သိပ္ပံနှင့် ဇီဝနည်းပညာနယ်ပယ်များတွင် တိုးတက်မှုများကို လေးစားအားကျမိသည်ဟု ဖွင့်ဟခဲ့သည်။

    အီကွေဒေါနှင့် အီရန်တို့မှာ ဘဏ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၂ ခု ရရှိခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့ ပြည်သူ့ရေးရာနဲ့ ပြည်သူ့ဝန်ဆောင်မှု အပိုင်းတွေနဲ့အတူ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးကဏ္ဍတွေနဲ့ပက်သက်လို့ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်” ဟု ဇာရစ်ဖ်က ပြောကြားခဲ့သည်။

    Ref : IINA

  • နီပေါတွင် ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျ လူ ၂၀ ကျော်သေဆုံး

    နီပေါတွင် ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျ လူ ၂၀ ကျော်သေဆုံး

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    nepal

    – နီပေါနိုင်ငံတွင် လူအပြည့်တင်ဆောင်လာသော ဘတ်စ်ကားတစ်စင်းမှာ ယနေ့မနက်ပိုင်းက မြစ်ထဲသို့ ထိုးကျမှု ဖြစ်ပွားခဲ့သောကြောင့် လူ ၂၁ ဦး သေဆုံးခဲ့သည်ဟု အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    နိုင်ငံအလယ်ပိုင်း ချန်ပီ ဘန်ဂ်ျယန်ရွာမှ အဝေးပြေးလမ်းမ တစ်ဖက်တစ်ချက်ရှိ ထရီရှူလီမြစ်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူများ၏ ရုပ်အလောင်များနှင့် ဒဏ်ရာရသူများအား ဆယ်ယူရန် ကယ်ဆယ်ရေးသမားများမှာ ရုန်းကန်နေရသည်။

    “လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်” ဟု ခရိုင်အကြီးအကဲ ပရာကက်ရှ် ဆင်းက ပြောကြားခဲ့ပြီး လက်ရှိတွင် ဘတ်စ်ကားမြုပ်ရာတစ်ဝိုက်တွင် ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    အဆိုပါ ဘတ်စ်ကားမှာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ပေါ့ဟာရာမြို့မှ နိုင်ငံတောင်ပိုင်းရှိ ရာတာဟတ်ခရိုင်သို့ ဦးတည်မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။

    လမ်းများဆိုးရွားမှု၊ ကားများကို ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းတို့ကြောင့် နီပေါနိုင်ငံတွင် ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့်တစ်ပတ်ကလည်း လူအပြည့်တင်လာသည့် ဘတ်စ်ကားတစ်စီးမှာ ကာဗာရီခရိုင်ရှိ တောင်ပေါ်လမ်းတွင် ချောက်ထဲသို့ ထိုးကျသွားသောကြာင့် အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့သည်။

    Ref : Aljazeera

  • မတည်ငြိမ်မှုနှင့် သဘာဝဘေးကြောင့် နိုက်ဂျီးရီးယားကလေးငယ်များ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရ

    မတည်ငြိမ်မှုနှင့် သဘာဝဘေးကြောင့် နိုက်ဂျီးရီးယားကလေးငယ်များ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရ

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    Nigerea 1

    – ပဋိပက္ခများဖြစ်ပွားနေသော နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်းရှိ ကလေးငယ် ၄၉၀၀၀ ခန့်မှာ လူသားချင်း စာနောထာက်ထားမှုဆိုင်ရာ အကူအညီများ မရရှိပါက အာဟာချို့တဲ့မှုကြောင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF) က ပြောကြားလိုက်သည်။

    ကြာသပတေးနေ့က ယူနီဆက်ဖ်မှ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ချက်ဒ်ကန် (Lake of Chad) တစ်ဝိုက်၌ နေထိုင်သော ကလေးငယ် ၄၇၅,၀၀၀ ခန့်မှာ မိုးခေါင်ရေရှားမှု၊ နိုင်ဂျီးရီးယားအရှေ့မြောက်ခြမ်းရှိ IS အဖွဲ့ခွဲ ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့၏ ခုနှစ်နှစ်ကြာ တိုက်ခိုက်မှုများကြောင့် ပြင်းထန်သည့် အာဟာရချို့တဲ့မှုဒဏ်ကို ရင်ဆိုင်နေရသည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    ဘိုကိုဟရမ်အကြမ်းက်အဖွဲ့ ကြီးစိုးရာ ဘော်နိုပြည်နယ်တွင်လည်း နိုက်ဂျီးရီးယား ကလးငယ် သန်းဝက်ခန့်မှာ အန္တရာယ်ရှိနေပြီး ဆေးကုသမှုနှင့် စားနပ်ရိက္ခာများ မရရှိပါက ယခုနှစ်နှောင်းပိုင်းတွင် အသက်သေဆုံးရဖွယ်ရှိသည်ဟုလည်း ယူနီဆက်ဖ်က သတိပေးခဲ့သည်။

    နိုက်ဂျီးရီးယားအပါအ၀င် ပတ်ဝန်းကျင်နိုင်ငံ ၄ နိုင်ငံတွင် ဖြစ်ပွားနေသော ထိုအကြပ်အတည်းများကို ဖြေရှင်းရန်အတွက် ကန်ဒေါ်လာ ၃၀၈ သန်းလိုအပ်ပြီး လက်ရှိတွင် ယူနီဆက်ဖ်က ၁၃ ရာခိုင်နှုန်းဖြစ်သော ၄၁ သန်းသာ ရရှိထားသည်။

    Ref : Presstv

  • အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု ၀င်းဂါး အတည်ပြု

    အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု ၀င်းဂါး အတည်ပြု

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    winger

    – အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မိမိတို့အသင်း ကစားသမားသစ် ၀ယ်ယူရန်မှာ ၉၉ ရာခိုင်နှုန်း သေချာသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    လက်ရှိတွင် အာဆင်နယ်မှာ ဗလင်စီယာနောက်ခံလူ ဆခိုဒရန် မွတ်စ်တာဖီနှင့် ဒီပို့တီဗို တိုက်စစ်မှူး လူးကက်စ် ပီရက်ဇ်တို့ကို စုစုပေါင်း ပေါင် သန်း ၅၀ ဖြင့် ၀ယ်ယူရန် သဘောတူညီခဲ့ပြီး ၎င်းတို့နှစ်ဦးမှာလည်း လန်ဒန်သို့ ဆေးစစ်မှုခံယူရန် လာရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    အာဆင်နယ်မှာ ယခင်က ထိုကဲ့သို့ သတင်းများထွက်ပေါ်သော်လည်း အမှန်တကယ် ခေါ်ယူနိုင်ခြင်းမရှိသောကြောင့် ယခုတစ်ကြိမ်တွင်လည်း ကောလဟာလသာ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသည်။ သို့သော် ၀င်းဂါးကမူ အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု အတည်ပြုခဲ့သည်။

    “သဘောတူညီချက်အတွက် လုပ်ဆောင်နေပြီး ဒီနေ့ကြေငြာရလောက်အောင်တော့ မသေချာသေးပါဘူး။ အပြောင်းအရွှေ့ကာလ မကုန်ခင် တစ်ယောက်ယောက်တော့ ကျွန်တော်တို့ ခေါ်သွားမှာပါ။ ဒါကတော့ ၉၉ ရာခိုင်နှုန်း သေချာပါတယ်” ဟု ၀င်းဂါးက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ၀င်းဂါးက အပြောင်းအရွှေ့ဈေးကွက်ကို ပို၍ လွယ်ကူမည်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်တွင် ပို၍ခက်ခဲလာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal