News @ M-Media
Author: Ko Lay
  • ရန်ကုန်ရှိ ဘာသာရေးအဆောက်အဦးတွင် ဘာသာရေးတရားဟောမှုကြောင့် ပါကစ္စတန်နိုင်ငံသား ၂ ဦး ဖမ်းဆီး ခံရ
    ရန်ကုန်ရှိ ဘာသာရေးအဆောက်အဦးတွင် ဘာသာရေးတရားဟောမှုကြောင့် ပါကစ္စတန်နိုင်ငံသား ၂ ဦး ဖမ်းဆီး ခံရ
    သြဂုတ် ၁၊ ၂၀၁၆
    M-Media
    paki
    – တည်ဆဲဥပဒေအရ ဘာသာရေးဆိုင်ရာနေရာများတွင် ခွင့်မပြုချက်မလိုဘဲ တရားဟောနိုင်သော်လည်း ရန်ကုန်မြို့ရှိ ဗလီဝတ်ကျောင်းတော်များ တွင် တရားဟောကြားသည့် ပါကစ္စတန်နိုင်ငံသား ၂ ဦးကို မြန်မာအာဏာပိုင်များက ထိန်းသိမ်းထားသည်ဟု သိရသည်။
    .
    အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်ရှိသူများကမူ အဆိုပါ ပါကစ္စတန်နိုင်ငံသား ၂ ဦးမှာ ဗလီဝတ်ကျောင်းတော် အနည်းငယ်ကို သွားရောက်ကာ တရားဟောကြားခဲ့ခြင်းသာဖြစ်ပြီး အစိုးရ၏ ယခုလုပ်ရပ်မှာ လွတ်လပ်စွာ ၀တ်ပြုဆုတောင်းခွင့်ကို ဖိနှိပ်ချုပ်ချယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    .
    ရန်ကုန်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ထိန်းသိမ်းခံထားရသူများမှာ အသက် ၆၃ နှစ်အရွယ်ရှိ အဟ်မဒ် ဇူလ်ဖီကာရ်နှင့် ၎င်း၏သား အသက် ၂၉ နှစ်အရွယ် အဟ်မဒ် ဆိုက်ဖွလ္လာဟ်တို့ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့က ရောက်ရှိလာပြီးနောက် ပန်းပဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်များရှိ ဗလီဝတ်ကျောင်းတော်များတွင် အာဏာပိုင်များထံမှ ခွင့်ပြုချက်မတောင်းဘဲ တရားဟောကြားမှု ပြုလုပ် ခဲ့ခြင်းကြောင့် ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။
    .
    “သူတို့က နိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့ လာရောက်တာပါ။ ဗီဇာရဲ့ စည်းမျဉ်းဥပဒေတွေအရ တရားဟောခွင့်မရှိပါဘူး။ စစ်ဆေးဖို့အတွက် သူတို့ကို မြို့နယ်ရဲစခန်းမှာ စနေနေ့က ထိန်းသိမ်းထားပါတယ်” ဟု မီဒီယာသို့ ပြောရေးဆိုခွင့်မရှိသောကြောင့် အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
    .
    ထို့ပြင် ၎င်းတို့ ၂ ဦးမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်သည့်အတွက်ကြောင့် ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ကြောင်း၊ သို့သော်လည်း ရန်ကုန်ရှိ ပါကစ္စတန်သံရုံးနှင့် ညှိနှိုင်းဆွေးမှုပြီးနောက် ပြည်နှင် ဒဏ်ပေးခံရဖွယ် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
    .
    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ ဖမ်းဆီးခံရသူ ၂ ဦးတွင် တစ်ဦးမှာ အစ္စလာမ်ဓမ္မပညာရှင် တစ်ဦးဖြစ်ပြီး ရန်ကုန်ရှိ ဗလီဝတ်ကျောင်းတော်များကို သွားရောက်ခဲ့ခြင်းဖြစ်ကာ မည်သည့်အမှားမှ မကျူးလွန်ခဲ့ဟု ဆိုသည်။
    .
    “သူတို့က အစ္စလာမ်ဘာသာဝင်တွေပါ။ ဒါ့ကြောင့် ဗလီကိုသူတို့သွားတယ်။ မြန်မာမွတ်စလင်တွေနဲ့ အတူတူဝတ်ပြုတယ်။ ၀တ်ပြုသူတွေက တောင်းဆိုတာကြောင့် တရားနည်းနည်းပါးပါးဟောပါတယ်” ဟု မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီမှ အတွင်းရေးမှူးဖြစ်သူ ဦးတင်မောင်သန်းက ပြောကြားခဲ့သည်။
    .
    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မြို့နယ်အဆင့် တာဝန်ရှိသူများကမူ ၎င်းတို့ ၂ ဦး ဗလီဝတ်ကျောင်းတော်သို့ သွားရောက်မှုများကို တားဆီးပေးရန် ကောင်စီအား တောင်းဆိုခဲ့သည်ဟု ဦးတင်မောင်သန်းက ထည့်သွင်းပြောဆိုခဲ့သည်။
    .
    “တရားဟောဖို့အတွက် အာဏာပိုင်ဆီက သီးသန့်ခွင့်ပြုချက်မလိုပါဘူး။ ဗလီဝတ်ကျောင်းတော်တွေမှာဝတ်ပြုတာ၊ တရားဟောတာတွေဟာ မွတ်စလင်တွေရဲ့ အခွင့်အရေးလေဗျာ” ဟု ဆိုပြီး ယခုကဲ့သို့ တောင်းဆိုမှုမှာ ဘာသာရေးဖိနှိပ်မှု ပုံစံတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    .
    Ref: Anadolu Agency
  • အစ္စလာမ်မှာ အကြမ်းဖက်ဝါဒမဟုတ်ဘဲ ဘာသာတိုင်းတွင် အစွန်းရောက်အုပ်စုများရှိသည်ဟု ပုပ်ရဟန်မင်းကြီးပြော
    အစ္စလာမ်မှာ အကြမ်းဖက်ဝါဒမဟုတ်ဘဲ ဘာသာတိုင်းတွင် အစွန်းရောက်အုပ်စုများရှိသည်ဟု ပုပ်ရဟန်မင်းကြီးပြော
    သြဂုတ် ၁၊ ၂၀၁၆
    M-Media
    pope
    – အစ္စလာမ်သာသနာမှာ အကြမ်းဖက်ဝါဒမဟုတ်ဘဲ ဘာသာတရားတိုင်းတွင် အခြေခံဝါဒီ အစွန်းရောက်အုပ်စုများရှိသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပြီး၊ ဥရောပနိုင်ငံများအနေဖြင့် လူငယ်များကို အစွန်းရောက်များ၏လက်တွင်းသို့ တွန်းပို့နေသည်ဟုလည်း သတိပေးခဲ့သည်။
    “အစ္စလာမ်သာသနာကို အကြမ်းဖက်ဝါဒလို့ပြောတာ မမှန်ကန်သလို၊ ယုတ္တိလည်းမရှိပါဘူး။ အကြမ်းဖက်လုပ်ငန်းတွေကို အစ္စလာမ်ခေါင်းစဉ်အောက် သွားထည့်တာကလည်း ရိုးသားတဲ့လုပ်ရပ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ယမန်နေ့က ပိုလန်နိုင်ငံမှ မပြန်ခင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ဘာသာတရားတိုင်းတွင် အစွန်းရောက်အုပ်စုများရှိသည်ဟုလည်း ၎င်းက ဆိုသည်။
    “ဘာသာတရားအားလုံးနီးပါးလောက်မှာ အခြေခံဝါဒီ အစွန်းရောက်အုပ်စု လက်တစ်ဆုပ်စာလောက်တော့ ရှိပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်မှာလည်း ဒီလိုအုပ်စု ရှိပါတယ်”
    ပုပ်ရဟန်းမင်းကြီးမှာ ပိုလန်နိုင်ငံ၌ ပြုလုပ်သော ကက်သလစ်လူငယ်ပွဲတော်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ခံမောင်းနှင်အားမှာ ဘာသာတရားကြောင့်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ဓားနဲ့သတ်မှ လူသတ်တာမဟုတ်ပါဘူး။ အရိုးမရှိတဲ့လျှာနဲ့လည်း လူသတ်လို့ရပါတယ်” ဟု လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက်ရောဂါများမြင့်တက်ကာ အမုန်းစကားပြောဆိုမှုများကို ရည်ညွှန်း၍ ဖရန်စစ်က ထပ်လောင်းပြောကြားခဲ့သည်။
    ဥရောပနိုင်ငံများအနေဖြင့် ဒေသတွင်းအခြေအနေများကို ပြန်လည်သုံးသပ်ရန်လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပြီး ‘ငွေကြေးကို ဘုရားအဖြစ်သတ်မှတ်သည့် ဒေသများတွင် အကြမ်းဖက်ဝါဒ ကြီးထွားလာကာ’ ‘ထိုဒေသတွင် ငွေမှလွဲ၍ အခြားရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်’ ဟု သတိပေးခဲ့သည်။
    “မျှော်လင့်ချက်ပန်းတိုင်မရှိ၊ အလုပ်မရှိတာကြောင့် မူးယစ်ဆေးစွဲသွားတဲ့၊ အရက်စွဲသွားတဲ့ အစွန်းရောက်အုပ်တွေဆီရောက်သွားတဲ့ ဥရောပလူငယ်တွေ ဘယ်လောက်များများ ရှိနေပြီလဲ”
    Ref: Channelnewsasia
  • စစ်မှန်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာရန် ပါလက်စတိုင်းသမ္မတ တောင်းဆို
    စစ်မှန်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာရန် ပါလက်စတိုင်းသမ္မတ တောင်းဆို
    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media
    – အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ပါက ရှင်းလင်းသည့် အချိန်ကာလ သတ်မှတ်ချက်နှင့် နိုင်ငံတကာမှကြီးကြပ်မှု ပါဝင်ရမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    ပဲရစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံတည်ရှိရေး ရည်ရွယ်ချက် အောင်မြင်ရန်အတွက်လည်း ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး ဂျန် မာ့ခ် အေရော့တ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
    ပါလက်စတိုင်းအစိုးရ၏ အကြီးတန်းတာဝန်ရှိသူ ဆအစ်ဘ် အီရာကသ်ကမူ ထိုဆွေးနွေးမှုနှစ်ခုစလုံးမှာ အပြုသဘောဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    ၂၀၁၄ ခုနှစ်က ပျက်ပြယ်ခဲ့သော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်စတင်နိုင်ရန်အတွက် ပြင်သစ်မှာ လုပ်ငန်းစဉ်တစ်ခုကို အဆိုပြုထားပြီး ပါလက်စတိုင်းများက ထိုအစီအစဉ်ကို ကြိုဆိုသော်လည်း အစ္စရေးက သဘောကျခြင်း မရှိချေ။
    အဘတ်စ်ကလည်း ပါလက်စတိုင်းကိစ္စအတွက် ယခုနှစ်နှောင်းပိုင်းတွင် နိုင်ငံတကာညီလာခံတစ်ခု ကျင်းပရေး ပြင်သစ်၏ ထိုအဆိုပြုချက်ကို အပြည့်အ၀ထောက်ခံသည်ဟု ယမန်နေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။
    “ဒီအားထုတ်မှုတွေက ၁၉၆၇ ခုနှစ် နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ သတ်မှတ်ပေးထားတဲ့ နယ်နမိတ်တွေအတိုင်း နှစ်နိုင်ငံတည်ရှိရေးအဖြေတစ်ခု ထုတ်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းရေး ရည်ရွယ်တာဖြစ်ပါတယ်” ဟု အဘတ်စ်က ဆိုသည်။
    နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ထိုကဲ့သို့ နှစ်နိုင်ငံနယ်နမိတ်များ သတ်မှတ်ပေးထားသော်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များကို ၁၉၆၇ ခုနှစ်ကတည်းက ယနေ့အထိ တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့သည်။
    Ref: alarabiya
  • ရန်ကုန်တွင် မိုးပျံရထားလမ်း ဖောက်လုပ်ရန် လျာထား
    ရန်ကုန်တွင် မိုးပျံရထားလမ်း ဖောက်လုပ်ရန် လျာထား
    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media
    yangon
    ဘန်ကောက်မှ မိုးပျံရထားလမ်း မြင်ကွင်း
    – ရန်ကုန်မြို့တွင်း ကားကြပ်သည့်ပြဿနာကို ဖြေရှင်းရေး ကြိုးစားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှာ မိုးပျံရထားလမ်းကို တည်ဆောက်ရန် စဉ်စားနေသည်ဟု နိုင်ငံပိုင်သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။
    Global New Light of Myanmar တွင် ဖော်ပြခဲ့ခြင်ဖြစ်ပြီး စီမံကိန်းအသေးစိတ် မပါရှိပေ။ အဆိုပါ မိုးပျံမြို့ပတ်ရထားလမ်းမှာ မြေပြင်မှ အမြင့်ပေ ၆၀ တွင် ရှိမည်ဖြစ်ပြီး အချို့ရထားဘူတာများမှာ ဈေးဝယ်စင်တာများ ပါဝင်သည်အထိ ကြီးမားမည်ဟု ပို့ဆောင်ရေးမှ တာဝန်ရှိသူ ဦးမင်းဇော်က ပြောကြားခဲ့သည်။
    ထို့သော်လည်း ထိုစီမံကိန်းမှာ လျာထားဆဲအဆင့်သာဖြစ်ပြီး အမှန်တကယ်ဖြစ်ပေါ်လာမည်လာဆိုသည့်မှာ မသေချာသေးပေ။
    Ref: yangon.coconuts
  • IS ကို အမြတ်ဖြုတ်မည့် ထိုးစစ်တစ်ခုကို အီရတ်စစ်တပ် ဆင်နွှဲတော့မည်
    IS ကို အမြတ်ဖြုတ်မည့် ထိုးစစ်တစ်ခုကို အီရတ်စစ်တပ် ဆင်နွှဲတော့မည်
    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media
    iraq
    – မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး အီရတ်စစ်တပ်နှင့် မဟာမိတ်များက အင်အားမြှင့် ဆောင်ရွက်လာသည့်အချိန်တွင် ထိုမြို့ရှိ IS တပ်မှူးများမှာ တိမ်းရှောင်သွားကြပြီဟု အီရတ်ကာကွယ်ရေးဝန်ကြီး ခါလစ် အလ်-အိုဗေဒီက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    အီရတ်နိုင်ငံတွင် IS အကြမ်းဖက်အဖွဲ့က ထိန်းချုပ်ထားသည့် တစ်ခုတည်းသောမြို့ဖြစ်သော မူဆိုးလ်မြို့ လွတ်မြောက်ရေးအတွက် အီရတ်စစ်တပ်မှာ ပြီးခဲ့သည့် လအနည်းငယ်ကတည်းက ပြင်ဆင်လာခဲ့ပြီး မကြာမီ ထိုးစစ်ကြီးတစ်ခု ဆင်နွှဲမည့် အလားအလာ ရှိနေသည်။
    အီရတ်စစ်တပ်မှာ မြို့တော်ဘဂ္ဂဒတ် အနောက်ဘက်ရှိ ဖာလူဂျာမြို့ကို ပြီးခဲ့သည့်လတွင် IS လက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
    Ref: Press TV