News @ M-Media

Author: Ko Lay

  • အီဗရာဟီမိုဗစ် မန်ယူတွင် အောင်မြင်မည်ဟု မော်ရင်ဟို ပြော

    အီဗရာဟီမိုဗစ် မန်ယူတွင် အောင်မြင်မည်ဟု မော်ရင်ဟို ပြော

    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media

    movic

    – တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ်မှာ အကောင်းဆုံးအနေအထား ရှိနေပြီး မန်ယူအသင်း၌ အောင်မြင်မည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    မော်ရင်ဟိုရောက်လာပြီးနောက်ပိုင်း အီဗရာဟီမိုဗစ်မှာ ပီအက်စ်ဂျီအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဗစ်မှာ ဟော်လန်အဆင့်မြင့်တန်း (Eredivisie)၊ စီးရီးအေနှင့် ပြင်သစ်လီဂူးတို့တွင် အောင်မြင်ခဲ့သူ ဖြစ်သည်။

    မော်ရင်ဟိုကမူ မိုဗစ်မှာ တက်ကြွမှုရှိပြီး စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန် အကောင်းဆုံးအနေအထား ရှိနေသည်ဟု ဆိုသည်။

    “ရိုးရိုးသားသားပြောရရင် အီဗရာဟီမိုဗစ်ဟာ ပြောစရာမရှိတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ ကစားသမားဘ၀ တစ်လျှောက်လုံး ငွေဝင်လမ်းဖြောင့်ခဲ့တယ်။ ဆုတံဆိပ်တော်တော်များများကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လုပ်နိုင်တယ်လို့ ထင်လို့သာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးလိဂ်ကို သူ ရောက်လာတာပေါ့ဗျာ။ မလုပ်နိုင်ဘူးလို့ထင်ရင် သူ အမေရိက၊ တရုတ်ကို သွားမယ်၊ ဒါမှမဟုတ်ရင် ပြင်သစ်လီဂူးမှာပဲ နောက်တစ်ရာသီ ဆက်နေမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref : Goal

  • ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များ၏လှူဒါန်းမှု ပေါင် သန်း ၁၀၀ နီးပါးရှိ

    ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များ၏လှူဒါန်းမှု ပေါင် သန်း ၁၀၀ နီးပါးရှိ

    ဇွန် ၂၂၊ ၂၀၁၆
    M-Media

    – ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များမှာ ပရဟိတအဖွဲ့များသို့ စတာလင်ပေါင်း သန်း ၁၀၀ ၀န်းကျင်ခန့် လှူဒါန်းခဲ့ကြသည်ဟု မွတ်စလင်ပရဟိတအဖွဲ့တစ်ခုဖြစ်သော Muslim Charities Forum (MCF) က ပြောကြားလိုက်သည်။

    “ဒီနှစ် ရမ်ဇာန်လမြတ်မှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေဟာ အလှူငွေ ပေါင် ၄၅ သန်း ရရှိအောင် ကောက်ခံနိုင်ခဲ့ပြီး ဒါတွေကို ကမ္ဘာတစ်ဝှမ်းက ထိခိုက်ခံစားရဆုံးသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဗြိတိန်တစ်ခုလုံး တွက်ကြည့်မယ်ဆိုရင်တော့ စုစုပေါင်း ပေါင် သန်း ၁၀၀ လောက် ရခဲ့ပြီး တစ်စက္ကန့်ကို အလှူငွေ ၃၈ ပေါင်နှုန်းနဲ့ မယုံနိုင်စရာ လှူဒါန်းမှုပါပဲ” ဟု MCF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ဗြိတိန်မွတ်စလင်များ၏ ထိုကဲ့သို့ ရက်ရောစွာလှူဒါန်းမှုက မိမိတို့အဖွဲ့နှင့် မွတ်စလင်ပရဟိတကဏ္ဍအနေဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၊ စားနပ်ရိက္ခာရှားပါးရာ ဒေသများနှင့် အကူအညီများကို အလွန်အမင်းလိုအပ်နေသော အခြားနေရာများတွင် နေထိုင်နေသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်နိုင်မည်ဖြစ်သောကြာင့် မိမိတို့ MCF က ထိုကဲ့သို့ လှူဒါန်းမှုအတွက် အလွန်အမင်း ဂုဏ်ယူမိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်က MCF မှာ ဗြိတိန်မွတ်စလင်များထံမှ လှူဒါန်းငွေ ပေါင် သန်း ၆၀ ရခဲ့သော်လည်း ယခုနှစ်တွင် လိုအပ်နေသည့် နေရာများကို ကူညီရန် ရည်ရွယ်တည်ထောင်သည့် မွတ်စလင်ပရဟိတအဖွဲ့များ များလာသောကြောင့် လှူဒါန်မှုများမှာ ပြန့်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

    ယူကေ ပရဟိတရေးရာ ကော်မရှင်မှ မန်နေဂျာဖြစ်သူ နစ်က် ဒေါ်နယ်ဆန်ကမူ ပါလက်စတိုင်း၊ ပါကစ္စတန်၊ ဟေတီနှင့် ကမ္ဘာတစ်ဝှမ်း အခြားဒေသများမှ အတိဒုက္ခရောက်နေသူများကို ထောက်ပံ့ပေးသည့် စီမံကိန်းများအပါအ၀င် ထိုလှူဒါန်းမှုများကြောင့် အထောက်အကူဖြစ်မည့် စီမံကိန်းများမှာ အလွန်များပြားသည်ဟု ပြောကြားခဲ့သည်။

    ယခင်လေ့လာမှုများအရ ဗြိတိန်မွတ်စလင်များမှာ ဗြိတိန်ရှိ လူ့အဖွဲ့အစည်းများတွက် ရက်ရောက်မှုအရှိဆုံး လူ့အဖွဲအစည်းဖြစ်သည်ကို တွေ့ရှိခဲ့ရပြီး ဗြိတိန်မွတ်စလင်တစ်ဦးလျှင် ပျမ်းမှ ၃၇၁ ပေါင် လှူဒါန်းသည်ဟု စာရင်းဇယားများက ဖော်ပြနေသည်။

    Ref: buzzfeed

  • တရုတ်နိုင်ငံရှိ မြို့များ၏ ၃၀ ရာခိုင်နှုန်းတွင် လေထုညစ်ညမ်းမှု ဖြစ်နေ

    တရုတ်နိုင်ငံရှိ မြို့များ၏ ၃၀ ရာခိုင်နှုန်းတွင် လေထုညစ်ညမ်းမှု ဖြစ်နေ

    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media

    pollutine

    – အခုနှစ် ဒုတိယ ၃ လပတ် စောင့်ကြည့်လေ့လာမှုများအရ တရုတ်နိုင်ငံရှိ မြို့များအနက် သုံးပုံတစ်ပုံခန့်ဟာ လေထုညစ်ညမ်းမှုအဆင့် မြင့်တက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားရေး အဖွဲ့တစ်ခုဖြစ်တဲ့ Greenpeace က ပြောဆိုလိုက်ပါတယ်။

    တရုတ်နိုင်ငံကမြို့တွေဟာ ဓာတ်အားပေးစက်ရုံကြီးတွေ၊ စက်မှုလုပ်ငန်းကြီးတွေ တည်ရှိမှုနဲ့ မော်တော်ကားအသုံးပြုမှုတွေကြောင့် လေထုညစ်ညမ်းမှုဒဏ် အပြင်းအထန်ခံစားနေရတာ ဖြစ်ပြီး ဒါဟာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ အဓိက မနှစ်မြို့ဖွယ်ရာ ပြဿနာတစ်ခု ဖြစ်လာပါတယ်။

    ဧပြီလကနေ ဇွန်လအထိ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ မြို့ပေါင်း ၁၀၃ မြို့ရဲ့ လေထုအရည်အသွေးဟာ နှစ်အလိုက်ကြည့်မယ်ဆိုရင် ပိုပြီး ဆိုးရွားတာကို တွေ့ခဲ့ရပြီး ဒီအရေအတွက်ဟာ စောင့်ကြည့်မှုစာရင်းမှာ ပါဝင်နေတဲ့ မြို့တွေရဲ့ ၃၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    အချက်အလက်တွေကို တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ရယူထာတာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အချက်အလက်များသာဖြစ်ကာ အရင်အချက်အလက်တွေနဲ့ နှိုင်းယှဉ် ထုတ်ပြန်ထားတာမျိုးတော့ မဟုတ်ပါဘူး။

    တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းမှာ လေထုညစ်ညမ်းမှုအဆင့် PM2.5 ဟာ ၂၀၁၅ ခုနှစ် ဒုတိယ ၃ လပတ်နဲ့ နှိုင်းယှဉ်ရင် ၆.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ဘေဂျင်းမှာတော့ ၆.၉ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ PM2.5 အဆင့်ဟာ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အဆင့်မျိုးဖြစ်ပြီး၊ ပန်းနာရင်ကျပ်နဲ့ နှလုံးရောဂါလို ရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

    တရုတ်အစိုးရကတော့ ‘လေထုညစ်ညမ်းမှု တိုက်ပွဲ’ ဆင်နွှဲနေတယ်လို့ ကြေငြာထားပြီး ကျောက်မီးသွေးနဲ့ ရုပ်ကြွင်းလောင်စာကထွက်တဲ့ စွမ်းအင်အချိုးကို လျှော့ချပစ်မယ်လို့ ကတိပြုထားပါတယ်။ ဒါပေမယ့် လေ့လာသူတွေကတော့ အစိုးရရဲ့ ဆောင်ရွက်မှုဟာ မျှော်လင့်ထားသလောက် ဖြစ်မလာဘူးလို့ ဆိုပါတယ်။

    Ref : channelnewsasia

  • အာဏာသိမ်းရန်ကြိုးပမ်းမှု နောက်ဆက်တွဲအဖြစ် တူရကီက အရေးပေါ်အခြေအနေ ကြေငြာ

    အာဏာသိမ်းရန်ကြိုးပမ်းမှု နောက်ဆက်တွဲအဖြစ် တူရကီက အရေးပေါ်အခြေအနေ ကြေငြာ

    ဇူလိုင် ၂၁၊ ၂၀၁၆
    M-Media

    erdogan

    – မအောင်မြင်သည့် အာဏာသိမ်းမှုအား တုန့်ပြန်သည့်အနေဖြင့် တူရကီသမ္မတ အာဒိုဂန်က တိုင်းပြည်အား အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ၃ လတာ ကြာမြင့်မည်ဟု သိရသည်။

    ယမန်နေ့က ရုပ်မြင်သံကြားမှ ပြုလုပ်သည့်မိန့်ခွန်းတွင် အာဒိုဂန်က အမျိုးသားလုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်ပြီးနောက် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းရန် ကြိုးပမ်းမှုအတွင်း ပါဝင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းမှ အစိတ်အပိုင်းအားလုံးကို အလျင်အမြန် ဖယ်ရှားရန်အတွက် ထိုကဲ့သို့ အရေးပေါ် အခြေအနေ လိုအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “အရေးပေါ်အခြေအနေ ကြေငြာတာဟာ အကြမ်းဖက်တွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့တိုင်းပြည်အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို ပြုလုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု အာဒိုဂန်က ဆိုပြီး စစ်တပ်အတွင်းရှိ ပိုးမွှားများကိုလည်း ရှင်းလင်းပြီးဖြစ်သည်ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

    ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အလ်ဂျာဇီးရားနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် အာဒိုဂန်က အာဏာသိမ်းရန်ကြိုးပမ်းမှု လုံးဝ ပြီးဆုံးသွားပြီလားဆိုသည်နှင့်ပတ်သက်၍ သံသယရှိနေသည်ဟု ဖြေကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သည့် အဆိုပါ မအောင်မြင်သော အာဏာသိမ်းမှုနောက်ကွယ်၌ အမေရိကန်အခြေစိုက် တူရကီ ပညာရှင် ဖီသူလာ ဂူလန် ရှိနေသည်ဟု အာဒိုဂန်က စွပ်စွဲပြောကြားထားပြီး၊ လေ့လာသူများကမူ နိုင်ငံရေးတွင် ၎င်း၏သြဇာ ပိုမိုကြီးထွားလာရန် အာဒိုဂန်၏ လုပ်ကြံမှုဖြစ်သည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    Ref: Aljazeera

  • ရှမ်းပြည်နယ်တွင် ရွာသား ၅ ဦးအားသတ်ဖြတ်မှု မြန်မာစစ်တပ် ၀န်ခံ

    ရှမ်းပြည်နယ်တွင် ရွာသား ၅ ဦးအားသတ်ဖြတ်မှု မြန်မာစစ်တပ် ၀န်ခံ

    ဇူလိုင် ၂၁၊ ၂၀၁၆
    M-Media

    mya
    စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်မြထွန်းဦး

    – ရှမ်းပြည်နယ်တွင် ပြီးခဲ့သည့်လက စစ်ကြောမှုပြုလုပ်စဉ်အတွင်း မိမိတို့တပ်သားများမှာ ရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့သည်ဟု မြန်မာအစိုးရစစ်တပ်မှ ၀န်ခံပြောကြားလိုက်ပြီး လက်ရှိအချိန်အထိ နိုင်ငံရေးတွင် အာဏာရှိနေသော စစ်တပ်၏ မြင်ရခဲသော ၀န်ခံမှုလည်းဖြစ်သည်။

    ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်တပ်မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ထိုကဲ့သို့ ၀န်ခံခဲ့ခြင်းဖြစ်ပြီး စစ်ခုံရုံးမှာ လက်ရှိတွင် လိုအပ်သည့် ဆောင်ရွက်မှုများကို ပြုလုပ်နေကာ အမိန့်ချမှတ်မှုကို အများပြည်သူသိအောင် ထုတ်ပြန်သွားမည်ဟု ဆိုသည်။ ထို့ပြင် သေဆုံးသွားခဲ့သူများ၏ မိသားစုများအား ကူညီသွားမည်ဟုလည်း ကတိပြုခဲ့သည်။

    “စစ်သားတွေဟာ ဥပဒေချိုးဖောက်ကာ အချို့သော လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာတာကြောင့် စစ်ကြောမေးမြန်းမှုအတွင်း သေဆုံးမှုအထိ ဖြစ်သွားတယ်ဆိုတာ စစ်ခုံရုံးက တွေ့ရှိခဲ့ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ဖြစ်ပြီး စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ မြထွန်းဦးက ပြောကြားခဲ့သည်။

    မြန်မာအစိုးရစစ်တပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ၁၀ စုနှစ်များစွာ ကြာမြင့်ခဲ့သည့် ပဋိပက္ခအတွင်း ကျူးလွန်မှုများ ပြုလုပ်သည်ဟု နိုင်ငံတကာလူ့အခွင့်အရးအဖွဲ့များနှင့် အနောက်နိုင်ငံအစိုးရများ၏ စွပ်စွဲမှုကို ခံထားရသည်။

    ထိုကဲ့သို့ ကျူးလွန်မှုများအတွက် တရားဥပေဒအရ အရေးမယူမှု၊ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးမှုတို့ကို စစ်တပ်က ပြုလုပ်သည်မှာလည်း အလွန်ရှားပါးသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnesty International က ပြောကြားခဲ့သည်။

    ယခုအဖြစ်အပျက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းယောရွာ၌ အစိုးရတပ်မှ စစ်သားများက ဒါဇင်နှင့်ချီသော ရွာသားများကို ဇွန်လ ၂၅ ရက်နေ့က ၀ိုင်းခဲ့ပြီးနောက် ထိုအထဲမှ ၅ ဦးအား ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ထို့နောက် ရက်အနည်းငယ်အကြာတွင် ထိုရွာသွား ၅ ဦးရုပ်အလောင်းများအား ပြန်လည်တွေ့ရှိခဲ့သည်။

    အစိုးရစစ်တပ်၏ ယခုကဲ့သို့ တုန့်ပြန်မှုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ၎င်းတို့မှာ အရေးပါသော မိတ်ဖက်ဖြစ်သည်ဟု ဖော်ပြရေး ကြိုးစားရာတွင် စစ်တပ် ပုံရိပ်နှင့်ပတ်သက်၍ အထိအခိုက်မခံမှုကို ပြသရာလည်းရောက်နေသည်။

    “တပ်မတော်အနေနဲ့ ထိခိုက်ခံစားရသူတွေရဲ့ မိသားစုကို အကောင်းဆုံး စောင့်ရှောက်မှုနဲ့ ထောက်ပံ့မှု ပြုလုပ်သွားမှာပါ” ဟု မြထွန်းဦးက ထည့်သွင်းပြောကြားခဲ့သည်။

    ရှမ်းပြည်နယ်ရှိ သီးခြားအဖြစ်အပျက်တစ်ခုအတွင်း ရွာသား ၂ ဦးသေဆုံးမှုအတွက်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    Ref: Channelnewsasia